• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, December 27, 2012

ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန်သုံးသပ်ခြင်း


ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုအား

 ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး

 အခြေခံများမှ ဝေဘန်သုံးသပ်ခြင်း

အပိုင်း (၂)

By အောင်ထူး (ရှေ့နေ)
ဒီဇင်္ဘာလ (၂၇) ရက် ၂၀၁၂ ခုနှစ်

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် လှုပ်ရှားဆောင်ရွက်နိုင်သူအဖြစ် အသိအ
မှတ်ပြုကာ နိုဗယ်ဆုရ,ထားခြင်းဖြစ်သည်။ ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌလည်း ဖြစ်သည်။
ဥပဒေစိုးမိုးရေးမရှိလျှင် မည်သည့်အခါတွင်မျှ ပြည်တွင်းငြိမ်းချမ်းရေးမရ,နိုင်ကြောင်း သူမ,အသိဆုံးပင်။ သို့ပါလျှက်သိန်းနှင့်ချီသည့်ကချင်လူထုများ စစ်ပြေးဒုက္ခသည်ဖြစ်နေသည်အထိ မီးဟုန်းဟုန်းတောက်နေ
သည့်ကချင်ပြည်တွင်းစစ်ကို ဥပဒေစိုးမိုးရေးရှုဒေါင့်မှနေ၍ ချဉ်းကပ်ဆောင်ရွက်ခြင်း မရှိသေးသည်မှာ ၀မ်း
နည်းဘွယ်ဖြစ်သည်။

လက်ရှိ ကချင်ပြည်တွင်းစစ်ကို အရေးယူဆောင်ရွက်ရင်း တပြည်လုံးငြိမ်းချမ်းရေးအတွက် ဖေါ်ဆောင်နိုင်
မည့် အခွင့်အလန်းရှိနေပါလျှက် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်လူထုခေါင်းဆောင်သည် အဘယ်ကြောင့် လုံးဝ,
ပင် ငြိမ်သက်တိတ်ဆိတ်နေသည်ကို နားမလည်ပါ။ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာအား ဥပဒေစိုးမိုးရေးနှင့် ဆက်စပ်ဆွေးနွေးပါမည်။
ဥပဒေ၏ သဘောအခြေခံမှ စ,တင် တင်ပြပါမည်။

လူ့အဖွဲ့အစည်း၊ လူမှုဗေဒ,နှင့် ဥပဒေ

ဥပဒေသည် လူ့အဖွဲ့အစည်းအတွင်းရှိ အရာကိစ္စတိုင်းကို မလွှမ်းခြုံပါ။
နေရာတကာတွင် ဥပဒေနှင့် ဖြေရှင်း၍မရ၊ ဖြေလည်းမဖြေရှင်းသင့်ပါ။
သို့ရာတွင် ဥပဒေအား လူ့အဖွဲ့အစည်းက မွေးထုတ်ပေးလိုက်သဖြင့် ဥပဒေပြဿနာများ[i] အား စဉ်းစားသုံး
သပ်ရာတွင် လူ့အဖွဲ့အစည်း[ii]နှင့် ကင်းကွာ၍မရပါ။
ဥပဒေသည် လူ့အဖွဲ့အစည်း၏ အစိပ်အပိုင်းတရပ်မျှသာ ဖြစ်သည်။

လူ့အဖွဲ့အစည်းက ဥပဒေကို လွှမ်းမိုးသည်။ တချိန်တည်းမှာပင် လူ့အဖွဲ့အစည်းက ဥပဒေအပေါ်မှီလည်း မှီ
ခိုရသည်။ သို့ဖြစ်၍ လူ့အဖွဲ့အစည်းနှင့် ဥပဒေသည် နီးကပ်သည့် ဆက်ဆံရေး[iii] ရှိသည်။ လူ့အဖွဲ့အစည်းအကြောင်းကိုလေ့လာသည့် လူမှုဗေဒ,ပညာ[iv]နှင့် ဥပဒေ[v]သည် ဆက်စပ်လျှက်ရှိသည်။
တချိန်တည်းမှာပင် ယင်းနှစ်ခုသည် သီးခြားစီလည်း ဖြစ်သည်။ လူမှုဗေဒ,ပညာက ကျယ်ပြန့်၍ ယျေဘုယျ
ဆန်သည်။ လူ့အဖွဲ့အစည်းတခုလုံးကို လေ့လာသည်။

ဥပဒေက ကျဉ်းမြောင်း၍တိကျသည်။ လူ့အဖွဲ့အစည်း၏ လူမှုနိုင်ငံရေးရှုဒေါင့်များ[vi]မှသာ လေ့လာသည်။ ဥပဒေက အခိုင်အမာအချက်အလက်ရှိသော ဖြစ်ရပ်များကိုသာ စူးစိုက်သည်။ အခိုင်အမာအချက်အလက်
မရှိသည့် ဖြစ်ရပ်များကို မစူးစိုက်။
လူမှုဗေဒ,ပညာက နှစ်ခုလုံး[vii]ကို စူးစိုက်သည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားအရေးကို လူမှုဗေဒ,နှင့် ဥပဒေ အခြေခံများမှ
မည်သို့ချည်းကပ်မည်နည်း။

ပြည်ထောင်စု တည်ဆောက်ခြင်း၊ ပြည်ထောင်စု တည်ဆောက်ရာမှာ ပါဝင်ခြင်း၊ ညီညွတ်ခြင်း၊ ပြိုကွဲခြင်း၊
ပေါင်းစည်းလိုစိတ်ရှိခြင်း၊ ခွဲထွက်လိုစိတ်ရှိခြင်း စသည်တို့အား လူ့အဖွဲ့အစည်းတခုလုံးတည်ရှိနေသည့် အ
နေအထားများအပေါ်တွင်အခြေပြု၍ လူမှု ဗေဒ,ပညာက လေ့လာသည်။
အင်္ဂလိပ်နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေစဉ် ဗိုလ်ချုပ်အောင်ဆန်း၏ ဦး
ဆောင်စည်းရုံးမှုအရ,လူများစုဖြစ်သည့်မြန်မာများနှင့် အတူတကွလွတ်လပ်ရေး အရ,ယူရန် ရှမ်း၊ ကချင်၊ ချင်း စသည့် တိုင်းရင်းသားများက ဆုံးဖြတ်ခဲ့ကြသည်။
ဤအခြေအနေကြီးတရပ်လုံးမှာ လူမှုဗေဒ,နှင့် ဆိုင်သည်။ ဥပဒေ နှင့် အကြုံးမ၀င်သေးပါ။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို စုပေါင်း လက်မှတ်ရေးထိုးလိုက်ကြ သောအခါ ယင်းစာချုပ်သည် လူမှုဗေဒ,
အရ, လူ့အဖွဲ့အစည်း၏ အဆင့်အမြင့်ဆုံး သဘောတူညီချက် ဖြစ်သွားခဲ့သည်။
ဤအဆင့်အထိလည်း ဥပဒေ၏ အခန်းကဏ္ဍ မပါသေးပါ။

ပင်လုံစာချုပ်ကို လက်တွေ့အရ,မည်သို့အကောင်အထည်ဖေါ်မည်နည်း ဟူရာတွင်မူ ဥပဒေကိစ္စဖြစ်လာ
သည်။ လူ့အဖွဲ့အစည်း၏ အဆင့်အမြင့်ဆုံးသဘောတူညီချက်ကို စနစ်တကျဖေါ်ဆောင်ရေးအတွက် ဥပ
ဒေ၏အခန်းကဏ္ဍ လိုအပ်လာသည်။
ပင်လုံစာချုပ်ကိုဖေါ်ဆောင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်နှင့် အခြားလိုအပ်သော ဥပဒေ တစုံလုံးကို အတည်ပြုကျင့်သုံးရ,ပါမည်။
ယင်းသို့အတည်ပြုပြီးသော ဥပဒေများကို ပြန်လည်မှီခိုကာ လူ့အဖွဲ့အစည်းတရပ်လုံး လည်ပတ်စေရပါမည်။ ဤသည်မှာ မြန်မာနိုင်ငံလက်တွေ့အရ,လူ့အဖွဲ့အစည်းနှင့် ဥပဒေဆက်စပ်လည်ပတ်မှု ဖြစ်သည်။
လူမှုဗေဒ,သဘောအရ ပြည်ထောင်စုတခုလုံးတည်ဆောက်မှု၏ အခြေခံသည် ပင်လုံစာချုပ်ဖြစ်သည်။
ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်တွေ့အကောင်အထည်ဖေရမည့် ဥပဒေများသည် ယင်းစာ
ချုပ်၏ အခြေခံကိုဆန့်ကျင်၍ မရပါ။

ပင်လုံစာချုပ်ကို ဘက်နှစ်ဘက်မှ ရှုမြင်ဘို့လိုသည်။
တဘက်တွင် ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် ပါဝင်သည့် ပြည်နယ်များ၏တာဝန်ဖြစ်သည်။
ပြည်ထောင်စု အဖွဲ့ဝင်အဖြစ်ပါဝင်ရန် သဘောတူလိုက်သည့်အချိန်တွင် လွတ်လပ်သည့် သီးခြားနိုင်ငံတည်
ထောင်ခွင့်ကို လက်လွှတ်လိုက်ရသည်။
အခြားတဘက်တွင် ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များ၏ အခွင့်အရေး ဖြစ်သည်။ စာချုပ်အရ,ပြည်နယ်တခုစီအတွင်းတွင် ဒီမိုကရေစီအခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေး နှစ်
ရပ် ပေးရသည်။ ဤနှစ်ခုလုံးကို တပြိုင်နက်ထိမ်းသိမ်းနိုင်မှသာ ပင်လုံစာချုပ်ကို ဖေါ်ဆောင်ခြင်းဖြစ်ပါမည်။

လက်ရှိအချိန်တွင် မည်သည့်တိုင်းရင်းသားအင်အားစုမျှ လွတ်လပ်သည့်သီးခြားနိုင်ငံတည်ထောင်ရန် တိုက်
ပွဲဝင်နေခြင်းမရှိပါ။ တိုင်းရင်းသားများသည် ပင်လုံစာချုပ်၏ ဘက်တဘက်ကို လိုက်နာနေပြီး ဖြစ်သည်။

ပြဿနာမှာ တန်းတူရေးအပေါ်အခြေခံသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် နိုင်ငံရေးအခွင့်အ
ရေးများအား တိုင်းရင်းသားများ မရ,ရှိသေးခြင်းဖြစ်သည်။ တိုင်းရင်းသားများအနေဖြင့် ယင်းအခွင့်အရေး
များ မရ,မခြင်း ပြည်တွင်းစစ်မီးကို ငြိမ်းနိုင်မည်မဟုတ်ပါ။

တိုင်းရင်းသားများအတွက် နိုင်ငံရေးအခွင့်အရေးရ,ရှိရေးနှင့်
အပစ်ရပ်ရေး ဘယ်ဟာအရေးကြီးသလဲ။ 
အပစ်ရပ်လိုက်ရုံမျှ နှင့် ပြည်တွင်းငြိမ်းချမ်းရေးရ,မည်လား။

လူထုအများစု၏ နားလည်မှုမှာ အပစ်ရပ်လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရ,မည်ကဲ့သို့ ဖြစ်နေသည်။
“အပစ်အခတ် ချက်ခြင်းရပ်” ဟူသည့် ဆန္ဒပြတောင်းဆိုမှုအချို့ကို တွေ့ရသည်။
တိုက်ပွဲများမဖြစ်စေလိုသည့်အတွက် စေတနာကောင်းနှင့် တောင်းဆိုသူလူထုများ၏ဆန္ဒကို လေးစားရ,ပါ
မည်။ သို့ရာတွင် တိုင်းရင်းသားများတောင်းဆိုနေသော နိုင်ငံရေးအခွင့်အရေးကို ပထမဦးစွာ ပေးအပ်ဘို့လို
သည်။ အပစ်ရပ်ရေးမှာ ဒုတိယ ဦးစားပေးသာ ဖြစ်သင့်သည်။

ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို) သည် ၁၇နှစ်တာ အပစ်ရပ်ခဲ့သည်။ သို့ရာတွင် မည်
သည့် နိုင်ငံရေးအခွင့်အရေးမျှ မရခဲ့ပါ။ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်ဖြစ်လာခဲ့ပြီးနောက် ကေ
အိုင်အို အနေဖြင့် ပင်လုံစာချုပ်ကိုကိုးကားလျှက် ကချင်အမျိုးသားများအပါအ၀င် တိုင်းရင်းသားများရ,သင့်
သည့် နိုင်ငံရေးအခွင့်အရေးများရ,ရှိရေးအတွက်အဓိက,ဆွေးနွေးရန် တောင်းဆိုလာခဲ့သည်။ စာရေးသူသည် ကချင် လူမျိုးမဟုတ်၊ မြန်မာတဦးသာ ဖြစ်သည်။ စာရေးသူအနေဖြင့်မူ ကေအိုင်အို၏တောင်းဆိုချက် လမ်းမှန်သည်ဟု ယူဆ,သည်။ တနှစ်ခွဲကြာသွားခဲ့ပြီဖြစ်သော်လည်း ဦးသိန်းစိန်ဦးဆောင်သည့်အစိုးရ,သည် ကေအိုင်အို က,တောင်းဆို
သည့် နိုင်ငံရေးဆွေးနွေးမှုကို တိတိကျကျ မလုပ်၊ တရားဝင် မလုပ်။
ဟိုလိုလို သည်လိုလိုနှင့် အချိန်ဆွဲလာခဲ့သည်။ အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆွေး
နွေးမှုများမှာလည်း အလားတူပင်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း က အလွတ်သဘော တွေ့ဆုံမှုများဖြင့်သာ ချွေးသိပ်ထားခဲ့သည်။ မည်သည့်အဖွဲ့၏ တောင်းဆိုချက်ကိုလက်ခံပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ထည့်သွင်းကာ ဥပဒေပါ
အခွင့်အရေးအဖြစ် ပြဌာန်းပေးလိုက်သည် ဟူ၍ တကြိမ်တခါမျှမရှိ။

၂၀၀၈ ဖွဲ့စည်းပုံကိုမထိမခိုက်ထားရှိပြီး ယင်းအောက်ကိုသာ တနည်းမဟုတ်တနည်းနှင့်ဆွဲသွင်းရန် အစိုးရ
က တဘက်က,ကြိုးစားလာခဲ့သည်။ အခြားတဘက်က, အပစ်အခတ်ရပ်စဲရေးကိုသာ ဖိအားပေးခဲ့သည်။
 ကေအိုင်အိုကို တိုက်နေသောစစ်တွင် ဦးသိန်းစိန်အစိုးရ၏ နည်းဗျူဟာရည်မှန်းချက်မှာ အပစ်အခတ် ရပ်
စဲရေး လက်မှတ်ထိုးရေးအတွက် စစ်ရေးအရ,ဖိအားပေးရန်ဖြစ်သည်။
မဟာဗြူဟာရည်မှန်းချက်မှာ ကချင်ပြည်နယ်အတွင်းရှိမြေယာကို ထင်သလိုစီမံခန့်ခွဲခွင့်ရ,ရန်၊ အဓိက,အား
ဖြင့် ဖားကန့်ကျောက်စိမ်းမြေကို ပြန်လည်ထိမ်းချုပ် အမြတ်ထုတ်ရန်ဖြစ်သည်။ 

ကချင်စစ်ပွဲ 

ဒီဇင်္ဘာလ (၁၄)ရက်နေ့က,ပင် ၁၂၀ နှင့် ၁၀၅ မီလီမီတာ လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များကို သုံး
ကာ အစိုးရ,စစ်တပ်က လိုင်ဇာကိုထိုးစစ်ဆင်ခဲ့သည်။
ခရစ်စမတ် ကာလ,အတွင်းမှာပင် အမြှောက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်းသိရသည်။ အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်ခြင်း၊ မတရားမှုပြုနေခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေးအတွက် နိုဗယ်ဆုရ,ထားသော လူထုခေါင်းဆောင်သည် ဤစစ်ပွဲမှာ သူမ,နှင့်မည်သို့မျှ ပတ်
သက်ခြင်းမရှိဟုများ သဘောထားနေလေရော့သလားဟု မပြောရက်ပါ။ သို့သော်ဤသို့ပြောရ,မလို ဖြစ်နေသည်။ ငြိမ်သက်လွန်းလှသည်။

ကချင်စစ်ပွဲသည် “အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်ခြင်း၊ မတရားမှုပြုခြင်း” ထက်ပိုသော အဓိပ္ပါယ်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဦးဆောင်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်အပေါ်အခြေပြု၍ ကချင်ပြည်နယ်သည် ပြည်ထောင်စု အတွင်းသို့ပါဝင်လာခဲ့သည်။ ပင်လုံစာချုပ်၏ တရားဝင်ခိုင်ကျည်မှုကို ယနေ့အထိ မည်သူမျှမငြင်းနိုင်။
ပင်လုံစာချုပ်အရ ကချင်တို့သည် မိမိတို့ပြည်နယ်ကို မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည်။ မိမိတို့ပြည်နယ်အစိုးရ,ကို မိမိတို့ရွေးချယ်တင်မြှောက်ခွင့်ရှိသည်။
မိမိတို့မြေယာကို မိမိတို့စီမံခန့်ခွဲခွင့်ရှိသည်။

ပြည်ထောင်စု အစိုးရ,အနေဖြင့် ကချင်ပြည်နယ်အတွင်းမှ မြေပေါ် မြေအောက် သယံဇာတ,များကို တူးဖေါ်
ထုတ်လုပ်ရောင်းချလိုသည်ဆိုလျှင် ကချင်လူထုထံမှ သဘောတူညီချက်ယူရမည်။ ကချင်ခေါင်းဆောင်များနှင့် ညှိရမည်။

ကချင်ပြည်နယ်အပါအ၀င် တိုင်းရင်းသားပြည်နယ်များ ပြည်ထောင်စုအဖွဲ့ဝင်ဖြစ်လာခြင်းမှာ မိမိတို့ပြည်
နယ်အတွင်းရှိ မြေယာများအား ပြည်ထောင်စုအစိုးရ,က ထင်သလိုစီမံခန့်ခွဲပါဟု ၀,ကွက်အပ်နှံလိုက်ခြင်း မဟုတ်။
မိမိတို့ပြည်နယ်အား မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံများကိုမပျက်စေဘဲ ပြည်
ထောင်စုအတွင်းသို့ဝင်ရောက်လာခြင်းဖြစ်သည်။ ဤသဘောတရားသည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်
များအားလုံးကို လွှမ်းခြုံသည်။
မည်သည့် ပြည်ထောင်စုအစိုးရ,တွင်မျှ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအတွင်းရှိ မြေယာအပေါ် ထင်သ
လိုစီမံခန့်ခွဲခွင့်မရှိပါ။ ယခုလက်ရှိ ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရ,သစ်တွင် ပို၍ပင်မရှိပါ။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုအစိုးရ,စစ်စစ် မဟုတ်သောကြောင့်ဖြစ်သည်။

မြေယာအပေါ်စီမံခန့်ခွဲခွင့်ကို လက်ပံတောင်းတောင် နှင့် ဖားကန့်
နှိုင်းယှဉ်ခြင်း 

လက်ပံတောင်းတောင်သည် စစ်ကိုင်းတိုင်းတွင်ရှိသည်။ ဖားကန့်သည် ကချင်ပြည်နယ်တွင်ရှိသည်။
၎င်းဒေသ,နှစ်ခု၏ တူညီချက်နှင့်ကွာခြားချက်တို့ကို နိုင်းယှဉ်ကြည့်ကြရ,အောင်ပါ။ လက်ပံတောင်းတောင်ရှိ လယ်သမားများတွင် လယ်မြေကို တဦးချင်းပိုင်ဆိုင်ခွင့် (လယ်လုပ်သူ လယ်ပိုင်ခွင့်)နှင့် ၎င်း တို့အခြေစိုက်
နေထိုင်လျှက်ရှိသော ကျေးရွာဝန်းကျင်ရှိ မြေယာများအား စုပေါင်းအသုံးချခွင့်ရှိသည်။
ဆိုလိုသည်မှာ လက်ပံတောင်းဒေသ,ခံလူထုတွင် တဦးချင်းအခွင့်အရေး နှင့် စုပေါင်းအခွင့်အရေးများ ဟူ၍ အခွင့်အရေးနှစ်ရပ် ရှိသည်။ ထိုနည်းတူစွာပင် ဖားကန့်ဒေသ,ခံ ကချင်လူထုတွင်လည်း အလားတူ အခွင့်အ
ရေးနှစ်ရပ်ရှိသည်။ ကွာခြားချက်သည် အဘယ်နည်း။ စစ်ကိုင်းတိုင်းသည် ပြည်နယ်မဟုတ်ပါ။ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်သည် အဆင့်အတန်းခြင်းမတူပါ။

ကချင်ပြည်နယ်သည် ပင်လုံစာချုပ်အခြေခံတွင် ပြည်ထောင်စုဖွဲ့စည်းရာမှာ ပါဝင်လာသော အဖွဲ့ဝင်ယူနစ်
ကြီး[viii] တခု ဖြစ်သည်။ စစ်ကိုင်းတိုင်းသည် ယင်းသို့မဟုတ်ပါ။ စစ်ကိုင်းတိုင်းသည် စာရေးသူကဲ့သို့သော
 မြန်မာလူမျိုးအများစုနေထိုင်ရာ ဒေသ,ကြီး တနည်းအားဖြင့် (ပြည်ထောင်စု အဖွဲ့ဝင်ယူနစ်ကြီး) ၏ အစိပ်
အပိုင်းတရပ်သာ ဖြစ်သည်။
စစ်ကိုင်းတိုင်းတခုတည်းက ပြည်ထောင်စုဖွဲ့စည်းရာမှာပါဝင်သည့် အဖွဲ့ဝင်ယူနစ်ကြီးတခုမဟုတ်ပါ။ သို့ဖြစ်၍ ပြည်နယ်ဟု မခေါ်ဘဲ တိုင်းဟုသာ ခေါ်ထားခြင်းဖြစ်သည်။

ပြည်နယ်အတွင်းနေထိုင်သောလူထုက တိုင်းအတွင်းနေထိုင်သောလူထုထက် သာလွန်သည့် အခွင့်အရေး
တရပ်ရှိသည်။ ယင်းမှာ မြေယာအပေါ် ပြည်နယ်များအလိုက် စီမံခန့်ခွဲခွင့်ဖြစ်သည်။ တိုင်းများသည်လည်း ယင်းအခွင့်အရေးကိုလိုချင်လျှင် တိုင်းများအားလုံးကိုစုပေါင်း၍ ပြည်နယ်တခုအဖြစ်ပြန်လည် ဖွဲ့စည်းရ,ပါ
မည်။ ပြည်ထောင်စုအဖွဲ့ဝင် ယူနစ်တခုအဖြစ် အသွင်ပြောင်းရပါမည်။

မြေယာအပေါ်စီမံခန့်ခွဲခွင့်သည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအပေါ် အခြေ
ခံသည့် လုပ်ပိုင်ခွင့်အာဏာအတွင်းတွင်ပါဝင်သည်။ ဤသည်ကို “နိုင်ငံတော် ” ဟူသောစကား၏ အဓိပ္ပါယ်
နှင့် ဆက်စပ်လျှက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ တွင် အောက်ပါရှင်းလင်း ဖွင့်ဆိုချက်တွင်
လေ့လာနိုင်သည်။

“နိုင်ငံတော် ” ဟူသောစကားမှာ ပြည်ထောင်စုနိုင်ငံ၏ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်၏ အုပ်ချုပ်မှု အခွင့်အာဏာကို သော်လည်းကောင်း၊ ဥပဒေပြုမှု အခွင့်အာဏာကိုသော်လည်းကောင်း ဆိုလိုသည်။

၎င်းအရ “နိုင်ငံတော် ”ဟူသောစကားလုံးကို ပြည်ထောင်စုတခုတည်းက ကိုယ်စားပြုသုံးစွဲခွင့် ရှိသည်မ
ဟုတ်။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များလည်း ကျင့်သုံးခွင့် ရှိသည်။ လက်တွေ့အရ မြေယာအပေါ်စီမံခန့်ခွဲခွင့်ကို ပြည်ထောင်စု နှင့် ပြည်နယ် ပူးတွဲ၍ကျင့်သုံးခွင့်ရှိသည်ဟု မှတ်ယူရပါမည်။ ယင်းမှာ ပြည်ထောင်စု၏ ပူးပေါင်းစုစည်းမှု သဘောကို လည်းပြ၊ ပြည်ထောင်စု အဖွဲ့
အဖွဲ့ဝင် ပြည်နယ်တခုခြင်းစီ၏ စီမံခန့်ခွဲခွင့်ကိုလည်း အသိအမှတ်ပြုရာရောက်သည်။ အဖွဲ့ဝင် ပြည်နယ်တခု၏ ဓန,ချမ်းသာအား လိုအပ်ပါက ပြည်ထောင်စုအဖွဲ့ဝင် အခြားပြည်နယ်များ၏ အ
ကျိုးစီးပွားအတွက် မျှဝေခံစားခွင့်ရကြစေရန် ဦးတည်သည်။
ဤသည်မှာ ပင်လုံစာချုပ်၏ အခြေခံနှင့်ကိုက်ညီကြောင်းတွေ့ရ,ပါမည်။

ပြည်ထောင်စုတခုလုံး၌ လက်ရှိဖြစ်ပေါ်နေသောပြဿနာမှာ ၂၀၀၈ဖွဲ့စည်းပုံကိုကိုးကားလျှက် “နိုင်ငံတော် ” ဟူ သည်ကို ဦးသိန်းစိန်အစိုးရ,တခုတည်းက ကိုယ်စားပြုသုံးစွဲကာ ကချင်ပြည်နယ်အပါအ၀င် ပြည်ထောင်
စုအဖွဲ့ဝင် ပြည်နယ်များအတွင်းရှိ မြေယာများအပေါ် အစိုးရ,အနေဖြင့် ထင်သလိုစီမံခန့်ခွဲနေခြင်းဖြစ်သည်။ တိုင်းရင်းသား ပြည်နယ်တိုင်းနီးပါး၌ ဒေသ,ခံပြည်နယ်လူထု၏ စီမံခန့်ခွဲခွင့်နှင့် အကျိုးစီးပွားမှာ ပျောက်ဆုံး
လျှက်ရှိနေသည်။

ဖားကန့်ကျောက်စိမ်းမြေကို စီမံခန့်ခွဲမှု ပြဿနာ

ဦးသိန်းစိန်အစိုးရ,သည် ပြည်ထောင်စုအဖွဲ့ဝင် ကချင်ပြည်နယ်အတွင်းရှိ ကချင်လူထုရ,သင့်သည့် နိုင်ငံရေး အခွင့်အရေးမပေးဘဲ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရန်သာ ကေအိုင်အို အား ဖိအားပေးကာ ထိုးစစ်
များဆင်နွှဲလျှက်နေသည်။

“သမ္မတဦးသိန်းစိန်က အပစ်ရပ်ဘို့သူ့တပ်ကို အမိန့်ပေးထားတယ်လို့တဘက်က ပြောနေပေမယ့် အခြား တဘက်က,တော့ လက်နက်ကြီးတွေ စစ်ရဟတ်ယဉ်တွေပါသုံးပြီး ကေအိုင်အို ကို ထိုးစစ်ဆင်နေတယ်။” ဟု ထောက်ပြသူများ ရှိလာသည်။ လက်တွေ့အရ ယင်းထောက်ပြချက်များမှန်ကန်ကြောင်း မည်သူမျှမငြင်း
နိုင်ပါ။
“စစ်တပ်က သမ္မတအမိန့်ကိုမနာခံလို့ဘဲ” ဟု ဝေဘန်သူများရှိလာသည်။ ယင်းဝေဘန်ချက်နှင့်စပ်လျှဉ်း၍မူ လက်ခံသည့် အပိုင်းရှိသလို ဖြည့်စွက်ခြင်သည့် အပိုင်းလည်းရှိသည်။
လက်ခံရခြင်းမှာ သမ္မတအနေဖြင့် စစ်ခေါင်းဆောင်သစ်များ ကြီးစိုးထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ)ကို အမိန့်မပေးနိုင်ခြင်းကြောင့်ဖြစ်သည်။
ကာလုံက,ပေးလိုက်သည့် ညွှန်ကြားချက်ကိုသာ ဦးသိန်းစိန်က,လိုက်နာနေရ,ခြင်းကြောင့် ဖြစ်သည်။ စစ်ခေါင်းဆောင်ဟောင်းဖြစ်သော ဦးသိန်းစိန်သည် စစ်ခေါင်းဆောင်သစ်များဖြစ်သည့် ကာကွယ်ရေးဦးစီး
ချုပ် နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တို့ကို အမိန့်ပေးနိုင်သူ မဟုတ်၍ဖြစ်သည်။

ဤသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ၏ လက်တွေ့ဖြစ်သည့်အပြင် ဤဖွဲ့စည်းပုံတည်ရှိနေသမျှ လူထုတရပ်လုံး ရင်
ဆိုင်ရမည့် ပြဿနာကြီးလည်း ဖြစ်သည်။

ဖြည့်စွက်ချင်သည့်အပိုင်းမှာ ကေအိုင်အို ကို ထိုးစစ်များပြန်လည်ဆင်နွှဲနေခြင်းမှာ သမ္မတနှင့် စစ်ခေါင်း
ဆောင်များအကြားတွင် သဘောထားကွဲလွဲ၍ မဟုတ်ပါ။ သဘောထားကွဲချင်ယောင်ပြု၍ ထိုးစစ်ဆင်နေ
ခြင်းသာဖြစ်သည်။ အဘယ်ကြောင့်နည်း။ စီးပွားရေး အကျိုးအမြတ်ကြောင့် ဖြစ်သည်။ ဖားကန့်ကျောက်စိမ်းဒေသကို ပြန်လည်လွှမ်းမိုးအမြတ်ထုတ်လိုခြင်း နှင့် ကေအိုင်အို က လိုင်ဇာမှ တဆင့်
ထိမ်းချုပ်ထားသည့် တရုတ်နှင့် ကုန်သွယ်ရေးလမ်းကြောင်းကို စိုးမိုးလိုခြင်းတို့ကြောင့် ဖြစ်သည်။

ဖားကန့်ဒေသ,၏ အခြေအနေကို အကြမ်းဖျင်းလေ့လာကြည့်ရအောင်ပါ။
ဖားကန့်ဒေသ,မှ ထွက်သောကျောက်စိမ်းများအား ကမ္ဘာ့ဈေးကွက်သို့တင်ပို့ရောင်းချုပြီး နှစ်စဉ်ပင် စစ်အစိုး
ရ,အဆက်ဆက်က,အမေရိကန်ဒေါ်လာ သန်းပေါင်းမြောက်များစွာရ,နေကြောင်း အားလုံးအသိဖြစ်သည်။ ဦးသိန်းစိန်အစိုးရ,တွင် ဘဏ္ဍာရေးအရ အကြပ်အတည်း နှင့် လက်ရှိရင်ဆိုင်ရ,လျှက်ရှိသည်။
ကေအိုင်အို နှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီးနောက်တွင် ဦးသိန်းစိန်အစိုးရ,က ကျောက်စိမ်းတူးဖေါ်
ခွင့် လိုင်စင်ချပေးထားသည့်ကုမ္ပဏီ ကြီးငယ်ပေါင်း ၃၇၀ကျော်မှာ လုပ်ငန်းများရပ်ဆိုင်းထားရသည်။ ၎င်းတို့ရှာဖွေထားသည့် ကျောက်စိမ်းအမြောက်အများမှာ ဖားကန့်ဒေသ,မှအပြင်သို့မထုတ်နိုင်သေးဘဲ ဂို
ဒေါင်များအတွင်း ယခုတိုင်အောင်းလျှက်ရှိနေသည်။

အစိုးရနှင့် ကေအိုင်အိုအကြား စစ်ပွဲများပြန်လည်ဖြစ်ပွားလာပြီးနောက်တွင် ဖားကန့်ကျောက်စိမ်းမြေ အများ
စုကို ကေအိုင်အို က ပြန်လည်ထိမ်းချုပ်ထားနိုင်ခဲ့သည်။ ကုမ္ပဏီတခုလျှင် အစောင့်သဘော ငါးဦးမှဆယ်ဦး
အကြားတွင်သာ ဆက်လက်နေထိုင်ခွင့်ပေးပြီး ကျန်သူအားလုံးကို ဖားကန့်မှ ထွက်ခွာခိုင်း၊ တူးဖေါ်ရေးလုပ်
ငန်းများအားလုံးကို ရပ်ဆိုင်းခိုင်းထားလိုက်သည်။
ပုဂ္ဂလိက,ပိုင်ကုမ္ပဏီဟူ၍ အမည်ခံလုပ်ဆောင်နေကြသဖြင့် ၎င်းတို့၏ပစ္စည်းများအား ကေအိုင်အို က ၀င်
ရောက်နှောက်ယှက်ဖျက်ဆီးခြင်းမပြု။ စင်စစ်အားဖြင့်မူ ကျောက်စိမ်းတူးဖေါ်ခွင့်ရထားသည့် ကုမ္ပဏီကြီး
များတွင် အစုရှယ်ယာပါသူအတော်များများမှာ စစ်ခေါင်းဆောင် ဟောင်းသစ်များနှင့်၎င်းတို့၏ ဆွေမျိုးသားချင်းများ၊ ခရိုနီများ ဖြစ်နေကြောင်းကြားရသည်။ ချုပ်၍တင်ပြရ,လျှင် ကျောက်စိမ်းတူးကုမ္ပဏီများ၏ ဂိုဒေါင်ကြီးများတွင် အောင်းနေသော ကျောက်စိမ်းများ
အား အမြန်ဆုံးထုတ်ယူကာ နေပြည်တော်တွင် ၂၀၁၃ခုနှစ် နှစ်ဦးပိုင်း(မတ်လ ဖြစ်မည်ဟု ခန့်မှန်းရသည်။) တွင် ခင်းကျင်းပြသ,မည့် ရတနာပြပွဲတွင်ရောင်းချရန် ဖြစ်သည်။ ထို့ကြောင့် ကေအိုင်အိုကို စစ်ရေးအရ,ဖိ
အားပေးအပစ်ရပ်ခိုင်းပြီး ဖားကန့်ကျောက်စိမ်းဒေသ,ကို ထင်သလိုအမြတ်ထုတ်ရန်မှာ ဦးသိန်းစိန်အစိုးရ နှင့် ကာလုံ၏ ရည်မှန်းချက် ဖြစ်နေသည်။

ကချင်စစ်ပွဲ၏ အနှစ်သာရ,ကို သုံးသပ်ခြင်း

ကချင်ပြည်နယ်ကိုထိမ်းချုပ်နိုင်ရေးအတွက် စစ်အစိုးရ,အဆက်ဆက်က,တပ်ရင်းပေါင်း ၄၀ ခန့်တပ်စွဲထား
ရ,ကြောင်း၊ ကေအိုင်အိုနှင့် စစ်ပွဲများပြန်ဖြစ်လာပြီးနောက် မြန်မာနိုင်ငံတ၀ှမ်းမှ နောက်ထပ်တပ်ရင်းပေါင်း ၄၀ ခန့်အား ထပ်မံခေါ်ယူကာ ကေအိုင်အိုအား ထိုးစစ်ဆင်လျှက်ရှိကြောင်း စစ်ရေးကျွမ်းကျင်သူများက ခန့်
မှန်းကြသည်။
တပ်ရင်း (၈၀)ခန့်အတွက် နေ့စဉ်ကုန်ကျစားရိပ်များ မည်မျှများပြားမည်ကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်သည်။
ပြည်ထောင်စုအတွင်းရှိ လူထုကြီးတရပ်လုံး၏ ပညာရေး၊ ကျမ္မာရေး၊ ဖွံ့ဖြိုးရေးတို့အတွက်သုံးရ,မည့်ငွေများ
အား စစ်တပ်တခုတည်းက အလဟ,သ, ဖြုန်းတီးလျှက်ရှိသည်။
၎င်းတို့ဘာအတွက် စစ်တိုက်နေကြသနည်း။

ငြိမ်းချမ်းရေးအတွက် လေ့လာရေးခရီးအဖြစ် ကိုမင်းကိုနိုင် ကချင်ပြည်နယ် အတွင်းသို့သွားရောက်ခဲ့သည်
ကို တန်ဘိုးထားရပါမည်။ ပြည်တွင်းငြိမ်းချမ်းရေးရစေလိုသော ၎င်း၏စေတနာကို အသိအမှတ်ပြုရပါမည်။ ဖားကန့်ဒေသ,တွင် လက်နက်ကြီးနှင့်ပစ်ခတ်မှုများအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရ,ပြီးနောက် ကိုမင်းကိုနိုင်က “တဘက်နှင့်တဘက် ကျည်ဆန်တလုံးကို ကျပ်သိန်းသုံးဆယ် လောက်တန်တဲ့ လက်နက်ကြီးတွေနဲ့ပစ်နေ
ကြတယ်ဗျာ။ အဲသည်ငွေတွေကို လူထုပညာရေး၊ ကျမ္မာရေးအတွက် သုံးလိုက်ရင် ဘယ်လောက်ကောင်းမ
လဲ။” ဟု ထုတ်ဖေါ်ပြောဆိုခဲ့ကြောင်းကြားရသည်။

စင်စစ်အားဖြင့်မူ တဘက်နှင့်တဘက် လက်နက်ကြီးများနှင့် ပစ်ခတ်နေကြခြင်းမဟုတ်ပါ။ ဖားကန့်ဒေသ,တွင် အခြေပြုလှုပ်ရှားလျှက်ရှိသော ကေအိုင်အေတပ်များတွင် ၁၂၀မီလီမီတာ၊ ၁၀၅ မီလီ
မီတာ အစ,ရှိသော လက်နက်ကြီးများ လုံးဝ,မရှိကြောင်း ဒေသခံလူထုများက ပြောကြပါသည်။ ကိုမင်းကိုနိုင်တို့ ကချင်ပြည်ခရီးထွက်နေစဉ် လက်နက်ကြီးများနှင့်ပစ်ခတ်သူမှာ ဦးသိန်းစိန်အစိုးရ,၏ တပ်
များဖက်က,သာဖြစ်သည်။ လူထုငွေများမဖြုန်းတည်းရေးကိစ္စကို ပြောဆိုကန့်ကွက်ရ,မည်မှာ ဦးသိန်းစိန်အ
စိုးရ,ကို ဖြစ်သည်။ ကာလုံကိုသာ ဖြစ်သည်။
ပို၍ထင်ရှားသည်မှာ ပြီးခဲသည့် ရက်သတ္တသုံးပတ်အတွင်းက ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် ဖြစ်သည်။
ကေအိုင်အိုဌာနချုပ် လိုင်ဇာကို ဒီဇင်္ဘာလ ၁၄ရက်နေ့ တနေ့တည်း ထိုးစစ်ဆင်ခဲ့သည့်အတွက် ဦးသိန်းစိန်
အစိုးရ,၏ စစ်ပွဲကုန်ကျစားရိပ်မှာ ကျပ်သိန်းပေါင်း သိန်းတသောင်းခန့်ရှိမည်ဟု ခန့်မှန်းတွက်ချက်ကြသည်။ ယင်းငွေများအား လူထု၏ ပညာရေး၊ ကျမ္မာရေး၊ ဖွံ့ဖြိုးရေးတို့အတွက်သာ သုံးစွဲသင့်ကြောင်း ဦးသိန်းစိန် အ
စိုးရ,ကို ဖြစ်စေ၊ ကာလုံကို ဖြစ်စေ၊ မည်သူက,မျှ ထိထိရောက်ရောက် ကန့်ကွက်ပြောဆိုသံမကြားရပါ။ တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံးသည် မည်သို့လျှင် ဆင်းရဲတွင်းမှထွက်နိုင်ပါအံနည်း။ ဦးသိန်းစိန်အစိုးရ,၏ စစ်ရေးအသုံးစားရိပ်သည် ဤမျှနှင့်မရပ်သေးပါ။

ခရစ်စမတ်နေ့များတ၀ိုက်မှာဘဲ စားရိပ်ကြီးလှသောလက်နက်ကြီးများနှင့် ပစ်ခတ်ပြီး ဆက်လက်ကုန်ကျခံ
ကာ ထိုးစစ်ဆင်ရန်တာစူနေပြန်သည်။ အဘယ်ကြောင့်နည်း။ ကေအိုင်အိုဌာနချုပ်လိုင်ဇာကို စစ်ရေးအရ, တဖက်က,ဖိထားပြီး ဖားကန့်ကို ပြန်သိမ်းနိုင်လျှင် ငွေကြေးအရ,ယခုကုန်ကျထားသည်ထက် အဆ,များစွာ အကျိုးအမြတ်ရ,မည်မှာ သေချာသောကြောင့်ဖြစ်သည်။
သို့ဖြစ်၍ ဦးသိန်းစိန်အစိုးရက ကေအိုင်အိုကို ဆင်နွှဲနေသောစစ်၏ အနှစ်သာရ,မှာ တိုင်းပြည်ငြိမ်းချမ်းမှု တည်ငြိမ်မှုအတွက်မဟုတ်။ စီးပွားရေးအကျိုးအမြတ်ကြောင့်သာ ဖြစ်ကြောင်းထင်ရှားသည်။
သို့ဖြစ်၍ လူထုစီးပွားရေးတိုးတက်စေရေးအတွက် လက်ရှိကချင်စစ်ပွဲကို သာဓက,ပြုလျှက် ပြည်တွင်းငြိမ်း
ချမ်းရေးပြဿနာအား အဖြေရှာရန်လူတိုင်းတွင် တာဝန်ရှိလာသည်။ ကချင်စစ်ပွဲသည် ကချင်များနှင့်သာ သက်ဆိုင်သလိုမျိုး စဉ်းစားနေကြလျှင်မူ ဖျောက်သင့်ပါပြီ။

တိုင်းပြည်အတွင်းရှိသဘာဝ,သယံဇာတ,များအား
ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပေါင်းစုံ 
လူထုကြီးတရပ်လုံး ခံစားခွင့်ရ,ရေးအတွက် 
ဥပဒေရှုဒေါင့်မှ ဘယ်လိုဆောင်ရွက်သင့်သလဲ။ 

(က) ဖွဲ့စည်းပုံအခြေခံဥပဒေ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တော့ အလုပ်မဖြစ်နိုင်ပါ။
၂၀၀၈ ဖွဲ့စည်းပုံအရ,“နိုင်ငံတော်” ဟူသည်ကို ကိုယ်စားပြုကာ ပြည်ထောင်စုအစိုးရ,အမည်ခံ ဦးသိန်းစိန်
အစိုးရ,က ပြည်နယ်များ၏ မြေယာများအပေါ် ထင်သလိုစီမံခန်ခွဲခွင့် ရ,နေသောကြောင့်ဖြစ်သည်။
 ပြည်ထောင်စုက ကျောက်မျက်ရတနာများနှင့်စပ်လျှဉ်း၍ လုပ်ပိုင်ခွင့်အားလုံးကို ရ,ယူထားပြီး ကျောက်စိမ်း
တကယ်ထွက်ရှိသည့် ကချင်ပြည်နယ်အတွက်မူ ကျောက် ဖြတ်တောက်ခြင်း၊ သွေးခြင်းဆိုင်ရာ လုပ်ပိုင်ခွင့် မျှလောက်သာပေးထားသောကြောင့်လည်းဖြစ်သည်။ အခြားပြဌာန်းချက်များလည်း မြောက်များလှစွာ ရှိနေ
ပါသေးသည်။
သို့ဖြစ်၍ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အား နိုင်ငံရေးအရ,အာမ,ခံချက်
ပေးနိုင်မည့် ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် လိုအပ်နေပါသည်။

(ခ) လက်ဝါးကြီးအုပ်မှုမှ ကာကွယ်သည့် ဥပဒေ 

ကုမ္ပဏီ တခုအဖွဲ့အစည်းတခုက ဈေးကွက်ကို လက်ဝါးကြီးမအုပ်နိုင်ရန် လက်ဝါးကြီးအုပ်မှုမှ ကာကွယ်
သည့် ဥပဒေ ( Anti- Trust Law ) တခုကို ပြဌာန်းရ,ပါမည်။
ဂျပန်နိုင်ငံအပါအ၀င် ဈေးကွက်ကို အဓိက,ထားပြီး စီးပွားရေးတိုးတက်မှုရ,အောင်လုပ်ဆောင်နေသည့် ဒီမိုကရေစီ နိုင်ငံကြီးများတွင် အလားတူဥပဒေများ ပြဌာန်းကျင့်သုံးလျှက်ရှိကြသည်။ ဖါးကန့်ကျာက်စိမ်းတူးဖေါ်ရေးလုပ်ငန်းတခုတည်းမှာပင်ကုမ္ပဏီပေါင်း ၃၇၀ ကျော်လုပ်ကိုင်နေကြသည့်
အနက် ကုမ္ပဏီတချို့က,သာ လက်ဝါးကြီးအုပ်ထားကြောင်းနှင့် ဒေသ,ခံ ကချင်လူမျိုးပိုင်သည့်ကုမ္ပဏီမှာ နှစ်ခုသာရှိကြောင်း လေ့လာရသည်။

(ဂ) သတင်းဆိုင်ရာ ဥပဒေ

စီးပွားရေးလုပ်ငန်းကြီးများအပါအ၀င် တိုင်းပြည်မှာဖြစ်ပျက်နေသည့် အခြေအနေအရပ်ရပ်ကို လူထုများ
သိခွင့်[ix] ရှိစေရန် သတင်းဆိုင်ရာဥပဒေ [x] တခုကို ပြဌာန်းရပါမည်။
အိမ်နီးခြင်းနိုင်ငံများဖြစ်သော အိန္ဒိယ နှင့် ထိုင်းနိုင်ငံမှာပင် ယင်း ဥပဒေကို ပြဌာန်းကျင့်သုံးလျှက်ရှိကြောင်း
လေ့လာနိုင်သည်။
သတင်းဆိုင်ရာဥပဒေ၏သဘောမှာ တိုင်းပြည်၏ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားသော ကိစ္စ
ရပ်တချို့မှလွဲ၍ အစိုးရ,၏လုပ်ငန်းဆောင်ရွက်မှု အ၀,၀,အားလုံးအား လူထုတွင် မေးမြန်းခွင့်ရှိကြောင်းနှင့် သက်ဆိုင်ရာအာဏာပိုင်များက ဖြေကြားရမည်ဖြစ်ကြောင်း ပြဌာန်းထားရသည်။
သာဓက,အားဖြင့် ကချင်ပြည်နယ်မှထွက်ရှိသည့် သဘာဝ,သယံဇာတ,ကျောက်စိမ်းမှ နှစ်စဉ်ငွေကြေးမည်
မျှ တိုင်းပြည်က ရ,ရှိနေသနည်း။ မည်သူမျှ အတိအကျမသိရပါ။

ယင်းငွေကြေးများအနက် ပြည်ထောင်စုအတွင်းရှိ အခြားပြည်နယ်များအတွက် သုံးလိုက်သည် ဆိုလျှင် မည်
သည့်ပြည်နယ်၊ မည်သည့်လုပ်ငန်းအတွက် မည်မျှသုံးလိုက်ကြောင်း မသိရပါ။
မူရင်းခံစားခွင့်ရှိသည့် ကချင်ပြည်နယ်အတွက် မသုံးတာတော့ သေချာသည်။ ဝေးဝေး မကြည့်ပါနှင့်။ ကချင်ပြည်နယ် ပြည်ထောင်စုအဖွဲ့ဝင်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာခဲ့ပြီ ဖြစ်သော်လည်း
 မြစ်ကြီးနားမှ ဖားကန့်သို့သွားသည့်ကားလမ်းမှာ မြေလမ်းသာသာ အဆင့်သာရှိသေးသည်။ အစိုးရနှင့် ကေအိုင်အိုအကြား လွန်ခဲ့သောတနှစ်ခွဲက စစ်ပွဲပြန်ဖြစ်ပြီးနောက် ကေအိုင်အိုက ချိုးလိုက်သည့် တံတားများအနက် အများစုကြီးမှာ ကေအိုင်အိုက,ပင် ဆောက်ပေးထားခဲ့သော တံတားများဖြစ်ကြောင်း လူ
ထုက, ပြောကြသည်။

ကချင်ပြည်နယ်က,ထွက်သည့် သဘာဝ,သယံဇာတ,များကို အသုံးပြု၍ ကချင်လူထုဘ၀, တိုးတက်ဖွံ့ဖြိုး
ရေးအတွက် နှစ်ပေါင်းငါးဆယ်ကျော် စစ်အစိုးရများ အဆက်ဆက်ဘာတွေ လုပ်ခဲ့ပါသနည်း။
တခုမျှ ရှာမတွေ့ပါ။

ဖားကန့်ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းတွင် ကုမ္ပဏီပေါင်း ၃၇၀ကျော်အား ဦးသိန်းစိန်အစိုးရက လိုင်စင်
များချပေးသည်ဆိုရာတွင် ယင်းကုမ္ပဏီများ၌ အစုရှယ်ယာဝင်များမှာ မည်သူတွေနည်း။ တဦးလျှင် မည်မျှ
အထိ အစုရှယ်ယာထည့်ဝင်ထားကြသနည်း။
၎င်းတို့ထည့်ဝင်ထားကြသည့် အစုရှယ်ယာများအတွက် တိုင်းပြည်ကို တရားဝင် အခွန်ဆောင်ထားပြီးပြီ
လား။ ကျောက်စိမ်းတူးဖေါ်ခွင့်ရ,ရန် မည်သည့်ကုမ္ပဏီက, မည်မျှအခွန်ဆောင်ထားသနည်း။ အခွန်ငွေစု
စုပေါင်းမှာ တနှစ်လျှင်မည်မျှရှိသနည်း။

ပြည်သူလူထုတွင် သိခွင့်ရှိပါသည်။ သတင်းဆိုင်ရာ ဥပဒေပေါ်ထွက်လာလျှင် လူထုသိနိုင်မည့်လမ်းကြောင်း
ပွင့်သွားနိုင်ပါသည်။ လူထုအကျိုးစီးပွားအတွက် သဘာဝ,သယံဇာတ,များကို အသုံးချရန် အကြံပေးခွင့်၊ကြီး
ကြပ်လုပ်ဆောင်ခွင့်များ ရ,လာနိုင်သည်။

ဘယ်ဟာက မတရားတဲ့ကျူးကျော်စစ်လဲ?
ဘယ်ဟာက တရားတဲ့ခုခံစစ်လဲ?

တိုင်းရင်းသားပြည်နယ်များမှထွက်ရှိသည့် သဘာဝ,သယံဇာတ,များမှ ၀င်ငွေများကိုအသုံးပြု၍ စစ်အစိုးရ အဆက်ဆက်၏ ထိပ်သီးဗိုလ်ချုပ်ကြီးများ၊ ၎င်းတို့၏ ဆွေမျိုးသားချင်းများ၊ ခရိုနီများသာကြီးပွားချမ်းသာနေ
ကြသည်။ စစ်အာဏာရှင်စနစ်၏ ဗဟိုချက်မ,အနေဖြင့် နေပြည်တော်ကြီးကို ရွှေပြည်တော်ကြီးဖြစ်အောင် တည်ဆောက်နေကြသည်။ တိုင်းရင်းသားပေါင်းစုံလူထုကြီးမှာ ဆင်းရဲတွင်းနက်သည်ထက် နက်လာသည်။
စစ်အာဏာရှင်များ အာဏာတည်မြဲရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေကြရသော အောက်ခြေတပ်မှုး
များနှင့် ရဲဘော်များမှာ ကချင်ပြည်နယ်အတွင်းတွင် မတရားသောကျူးကျော်စစ်ကို ဆင်နွှဲနေကြရသည်။ ဤသည်ကို ရပ်တန်းက,ရပ်သင့်ပြီ။ ရဲဘော်ထု၏ အသက်များမဆုံးရှုံးစေသင့်တော့။

ပင်လုံစာချုပ်အရ ကချင်ပြည်နယ်ရ,သင့်ရ,ထိုက်သည့် နယ်တွင်းကိုယ်ပိုင်အုပ်ချုပ်ရေးကို အသိအမှတ်ပြု
ပါက စစ်အစိုးရ,၏တပ်များ ကချင်ပြည်နယ်မှ ထွက်ခွာသွားရုံသာရှိသည်။ အပစ်ရပ်သွားပါမည်။
ကေအိုင်အိုအနေဖြင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန်ပင် မလိုပါ။ အဘယ်ကြောင့်ဆိုသော် ကေအိုင်အို
သည် မြေပြန့်ဒေသ,ကိုဆင်းလာပြီး ထိုးစစ်ဆင်မည်မဟုတ်။
နေပြည်တော်ကိုလည်း စစ်ရေးအရ, ခြိမ်းခြောက်မည် မဟုတ်သောကြောင့် ဖြစ်သည်။

ကေအိုင်အိုသည် ကချင်လူထုကို ဖိနှိပ်ဆန့်ကျင်သည့် အဖွဲ့အစည်းဖြစ်လျှင် စစ်ပြေးဒုက္ခသည်ငါးသောင်း
ကျော်သည် အဘယ်ကြောင့် ကေအိုင်အိုထိမ်းချုပ်ထားရာနယ်မြေမှာ သွားရောက်ခိုလှုံနေကြသနည်း။ အပစ်အခတ်ရပ်စဲရေးပျက်ပြီး ကေအိုင်အိုက စစ်အစိုးရ,အား ပြန်လည်တိုက်ပွဲဆင်ခဲ့သည့် လွန်ခဲ့သော တနှစ်ခွဲကစ,ပြီး ကေအိုင်အိုအပေါ် ကချင်လူထု ၉၀%ကျော်က ထောက်ခံလျှက်ရှိနေကြောင်း လေ့လာ
ရသည်။

နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ ပြည်တွင်းစစ်သမိုင်းကို ပြန်ကြည့်ပါ။
စစ်အစိုးရ အဆက်ဆက်သာ ပြောင်းသွားသည်။ မိုးဦးကျတွင် ပေါက်သည့်မှိုများကဲ့သို့ ဗိုလ်ချုပ်ဦးရေ အ
ရေအတွက်အမြောက်အများပေါ်လာသည်။ မည်သည့်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းကြီး တခု
တလေကိုမျှ စစ်ရေးနည်းလမ်းသက်သက်အရ အမြစ်ပြုတ်တိုက်နိုင်ခဲ့သည်မရှိပါ။ ယခုလည်း ငွေကြေးမြောက်များစွာ၊လူအင်အားမြောက်များစွာသုံးနိုင်လျှင် ကေအိုင်အိုဌာနချုပ်လိုင်ဇာကို
သိမ်း၍ ရ,ဖျင်ရ,မည်။ သည်မှာသိမ်းလျှင် ဟိုမှာနောက်တခုပေါ်လာပါဦးမည်။ စစ်ရေးသက်သက်တခုတည်း နှင့် မည်သည့်အခါတွင်မျှ ကေအိုင်အိုကို အမြစ်ပြတ် ချေမှုန်းနိုင်မည် မဟုတ်ကြောင်း စာရေးသူရာနုံးပြည့် အာမ,ခံပြောနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သို့ မြှော်မှန်းချက်

ပြည်တွင်းငြိမ်းချမ်းရေး နှင့် ဥပဒေစိုးမိုးရေးအတွက် ဒေါ်အောင်ဆန်းစုကြည် များစွာစွမ်းဆောင်နိုင်လိမ့်ဦး
မည် ဟု မျှော်လင့်သည်။ စွမ်းဆောင်စေလိုသည့် သဘောနှင့်လည်း တင်ပြနေခြင်းဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်တွင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု၊ ပြည်တွင်းလူထုအများစု၏ ထောက်ခံမှု ရှိနေ
ဆဲ ဖြစ်သဖြင့် ယင်းကို ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးတို့အတွက် ထိထိရောက်ရောက် အသုံးချစေ
ချင် ပါသည်။ ကချင်စစ်ပွဲကို ဒေါ်အောင်ဆန်းစု ကြည် ဥပက္ခာပြုမထားသင့်တော့ပါ။

တပြည်လုံးပြည်တွင်း ငြိမ်းချမ်းရေးအတွက် စ,တင်လှုပ်ရှားရန် အခွင့်အလန်းအနေဖြင့်မှတ်ယူပြီး အမြန်ဆုံး အရေးယူဆောင်ရွက်သင့်ပါသည်။ ဒေါ်အောင်ဆန်းစု ကြည် ဥက္ကဌ တာဝန်ယူထားသော ဥပဒေစိုးမိုးရေး
ကော်မတီကို အသုံးချဆောင်ရွက်ရန် ကြိုးပမ်းနိုင်လျှင်သင့်လျော်ပါမည်။ ဘယ်အလုပ်ကို လုပ်ပါဟု သမ္မတ ဦးသိန်းစိန်က,တာဝန်ပေးမှ ဥပဒေစိုးမိုးရေးကော်မတီအနေဖြင့် အလုပ်လုပ်၍ရ,နိုင်မည် ဟူလျှင်မူ ဥက္ကဌ
နေရာမှ အမြန်ဆုံးထွက်သင့်ပါသည်။ လူထုက,အားကိုးသော ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီးသည် အစိုးရ,
၏ ခိုင်းဖတ်မဖြစ်သင့်ပါ။
မိမိကိုယ်တိုင်၏ လွတ်လပ်သောဦးဆောင်မှုဖြင့် ကမ,ကထ,ပြုဖေါ်ဆောင်ခြင်းသည်သာ အသင့်မြတ်ဆုံး
 ဖြစ်ပါမည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်နိုင်ပါမည်ဟူ၍ မက်လုံးချပေးထားသည် ကို ဟုတ်ယောင်
နိုးနှင့် စစ်ခေါင်းဆောင်များ မနှစ်သက်မှာစိုးရိမ်သဖြင့် တိုင်းပြည်နှင့်လူထုအတွက် လက်တွေ့နှင့် အမြန်ဆုံး
လိုအပ်နေသော ငြိမ်းချမ်းရေးကိစ္စများအား လက်ရှောင်တာမျိုးဖြစ်လျှင် မသင့်တော်ပါ။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် လေ့လာစုံစမ်းရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်မည် ဆို
လျှင် ကေအိုင်အိုဌာနချုပ် လိုင်ဇာမှ ကချင်ခေါင်းဆောင်များသည်လည်းကောင်း၊ ကေအိုင်အို ထိမ်းချုပ်
ထားရာ နယ်မြေအတွင်းရှိ ကချင်ဒုက္ခသည်ပေါင်း ငါးသောင်းကျော်သည်လည်းကောင်း၊ ၀မ်းမြောက်ဝမ်း
သာ ကြိုဆိုကြလိမ့်မည်ဟု စာရေးသူ ယုံကြည်သည်။

စာဖတ်သူများသို့

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ဝေဘန်လျှင် ပြန်လည်တိုက်ခိုက်မှုများ ကျရောက်လာလိမ့်မည်
ဟု မူလ,ကထဲက,မျှော်မှန်းခဲ့ပြီးဖြစ်သည်။ အရေအတွက်အရ,မများလှသော်လည်း ထင်သည့်အတိုင်းပင်
ဖြစ်ပါသည်။ ထိုသူတချို့မှာ စာရေးသူတင်ပြသည့်အကြောင်းအရာအပေါ်တွင် မသုံးသပ်။ ပုဂ္ဂိုလ်ရေးအရ,
ထိုးနှက်မှုများ လုပ်လာပါသည်။

ကမ္ဘာပေါ်တွင် ဝေဘန်မခံရ,သည့် နိုင်ငံရေးခေါင်းဆောင်ဟူ၍ မရှိပါ။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝေဘန်ရေးကိုကြိုဆိုမည့် ခေါင်းဆောင်မျိုးဖြစ်မည်ဟု စာရေးသူမျှော်
လင့်သည်။
ဝေဘန်ရုံမျှနှင့် “ဒေါ်အောင်ဆန်းစုကြည်ကို ဝေဘန်ရ,အောင် ခင်ဗျားကိုယ်တိုင်က,ရော ဘာလုပ်ခဲ့လို့လဲ။” ဟု ပုဂ္ဂိုလ်ရေးတိုက်ခိုက်လာသူများကိုမူ ရိုးသားစွာ ပြန်ကြားပါမည်။
မှန်ပါသည်။ စာရေးသူလည်းများများမလုပ်နိုင်ပါ။ အနည်းအကျဉ်းမျှသာ လုပ်နိုင်ပါသည်။
သို့ရာတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုတိုက်ပွဲသမိုင်း၌ မိမိလုပ်ဆောင်နိုင်ခဲ့သမျှ အနည်းအကျဉ်း
ကလေးသည်ပင် “ခင်ဗျားကရော ဘာလုပ်ခဲ့လို့လဲ။” ဟု မိမိကို စိမ်ခေါ်သည့်ပုဂ္ဂိုလ်အောက်၊ နိမ့်ကျလျော့
နည်းမည်မဟုတ် ဟူသည်ကိုမူ ပြောလိုပါသည်။ မည်သို့မျှ သဘောထားမည်တော့ မဟုတ်ပါ။

ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်းမဟုတ်ဘဲ စာရေးသူတင်ပြသည့် အကြောင်းအရာအပေါ်တွင် မတူသည့်အမြင်
ဖြင့်တုန့်ပြန်ကြသူများ၊ မိမိ၏ တင်ပြချက်ကိုလက်ခံ၍ တဆင့်ဖြန့်ဝေကြသူများ၊ မိမိကိုကျေးဇူးတင်ကြောင်း စာရေးသားကြသူများ အားလုံးကိုအသိအမှတ်ပြုကြောင်း၊ ကျေးဇူးတင်ကြောင်း ပြန်လည်ပြောလိုပါသည်။

အပိုင်း (၃) ကို ဆက်လက်ဖတ်ရှုပါရန်

 အောင်ထူး (ရှေ့နေ)
ဒီဇင်္ဘာလ (၂၇) ရက် ၂၀၁၂ ခုနှစ်

 ရည်ညွှန်းချက်များ

[i] Legal problems
[ii] Society
[iii] Intimate relationship
[iv] Sociology
[v] Law
[vi] Sociology-political aspects
[vii] Conscious and unconscious phenomena of society
[viii] Constituent unit
[ix] The right to know
[x] Information Act