Source Photo from
http://karenwantpeace.blogspot.com/2011/01/saint-paul-minnesota.html
ကရင်အမျိုးသားနှစ်သစ်နေ့ကူးကို ကြိုဆိုခြင်း
(သို့မဟုတ်)
အမုန်းခံ၍ရေးသော စာလုံးများ
By မင်းစိုးစံ
January 2. 2013
Wednesday
မင်္ဂလာအပေါင်းနဲ့ ခ,ညောင်းနိုင်ကြပါစေဗျား။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုခဲ့တာကတော့ နှစ်စဉ်လိုလိုပါပဲ။ လူမှန်းသိတတ်စ,အရွယ်ကတည်းကစ,ပြီး ဒီနေ့နှစ်သစ်ကူးတဲ့အထိပေါ့ဗျာ။
နုနုငယ်ငယ်နဲ့ စိတ်ကူးယဉ်တတ်တဲ့အရွယ်တုန်းကတော့ တစ်ယောက်သောသူလေးနဲ့ကပ်ထိုင်ရင်း လူကြီး
တွေပြောတာကို နားထောင်ရ,တာ။ ပိန်းဥ၊ မျှစ်ချဉ် နဲ့ ခရုတွေကို ရောချက်ထားတဲ့ဟင်းနဲ့ ပွဲတော်အတွင်းမှာ
ပဲ လက်ဆုံနဲ့ထောင်းထားတဲ့ လုံးတီးဆန်ကိုချက်ပြီး ဒေါင်းလန်းထဲရောထည့်ပြီး နှစ်ယောက်သား လူတွေအ များကြီးရှေ့မှာ အတူတူနှိုက်စားရ,တဲ့အရ,သာ။ ဒုံးအတူတွဲက,ရ,တဲ့ကြည်နူးမှုတွေနဲ့ဆိုတော့ နှစ်သစ်ကူးကို
မကြိုဆိုပဲ ဘယ်နေနိုင်မှာလဲဗျာ။ ဟုတ်ဘူးလား။
မန်းထိန်ဝင်းစိန် ပြောလိုက်တော့မှ ကျုပ်ဟာ ကရင်နှစ်သစ်ကူးနေ့ကိုကြိုဆိုဘို့သာသိပြီး၊ သမိုင်းကြောင်းကို ဘာမျှမသိခဲ့တဲ့ လူတစ်ယောက်ဖြစ်မှန်းမသိဖြစ်နေတာကို သတိထားမိတယ်။
ကျုပ်တို့ကရင်နှစ်သစ်ကူးက အင်္ဂလိပ်တွေပေးတဲ့ ကျွန်နှစ်သစ်ကူးဆိုပါလား။ ကျွန်နှစ်သစ်ကူးလို့ ပြောရ,တာဘာကြောင့်လဲ?။ အဲဒါကိုကျုပ်မသိ။
နောက်ပြီးတော့ နှစ်သစ်ကူးနေ့အမှားကြီး တရားဝင်ဖြစ်သွားရ,တာဟာ ရှေးကရင်လူကြီးတွေ အသုံးမကျ
လို့တဲ့။ အဲဒါကိုလည်း ကျုပ်ဘာမျှမချေပ,နိုင်ပြန်ဘူး။ ကျုပ်မှမသိတာ ဘယ်လိုပြန်ပြောရ,မှာတုန်း။
ကရင်လူကြီးတွေအသုံးမကျဘူးဆိုတာကို ငြင်းချက်ထုတ်မယ်ဆိုလျင် ငြင်းတဲ့လူမှာ အထောက်အထား
တွေ ရှိရမယ်လေ။
မျက်စေ့ပိတ်ပြီးတော့ ကရင်လူကြီးတွေကို စော်ကားတဲ့ကောင် ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုပြီးရမ်းသမ်း
ပြောလို့မရ,ဘူး။
မန်းထိန်ဝင်းစိန်ပြောတာ မှန်တယ်။ ကျွန်နှစ်သစ်ကူးဆိုတာ သေခြာတယ်။
ဒါဆိုလျင် ကျုပ်က,ဘယ် လိုသက်သေ သက္ကာယ,တွေနဲ့ ထောက်ပြမှာလဲ?။ ဟုတ်တာပေါ့ ရှေးကရင်လူကြီးတွေ အသုံးမကျလို့ ငါတို့နှစ်သစ်ကူးနေ့အမှားကြီး တရားဝင်ဖြစ်သွားရ,တာ
လို့ပြောတာကို ထောက်ခံမယ်ဆိုလျင်လဲ ဘယ်မှာလဲအထောက်အထား။
နာ့ဟူး ပွါတဲ လုပ်လို့မရဘူး။
ပြစမ်းပါ။ သက်သေပြလိုက်စမ်းပါ။
ခိုင်လုံရ,မယ် တိကျရ,မယ်။ ဒါမှအဖြေမှန်ရ,မှာ။
ကြာတာကတော့ တော်တော်လေးကိုကြာခဲ့တာတော့အမှန်ပါ။
ကျုပ်တို့ကရင်ခေါင်းဆောင်တွေအနေနဲ့ ကရင်နှစ်သစ်ကူးရ,ယူခဲ့ကြပုံတွေကို နောက်ပေါက်ကလေးတွေ
နားလည်အောင် သိအောင် ကရင်နှစ်သစ်ကူးအခမ်းအနားတွေမှာ ပြောပြခဲ့ဘူးကြပါသလား?။
မန်းထိန်ဝင်းစိန်အပါအ၀င် ကရင်အကြီးအကဲတွေဖြစ်ကြတဲ့ ပြည်တွင်းပြည်ပ,ကရင် ဗမာစစ်အစိုးရထဲက,
ကရင် တော်လှန်ရေးထဲက,ကရင် အားလုံးသော ကရင်လူကြီးတွေကို ပြောနေတာပါ။
ကရင်နှစ်သစ်ကူးရ,ဘို့လုပ်ရတဲ့အကြောင်းရင်း၊ ရ,ခဲ့ရတဲ့ ရ,လဒ်။ သဘောထားတွေ ဘယ်လိုကွဲလွဲခဲ့လို့
ဘယ်လိုညှိနှိုင်းခဲ့ကြရ,တယ် စသည်ဖြင့်ပေါ့လေ။
ကျုပ်သိသလောက်က,တော့ ကျုပ်တို့ငယ်ငယ်လေးကတည်းက ကရင်လူမျိုးတွေဆင်းသက်လာပုံကို
ဗမာလို၊ စကောကရင်လို၊ အရှေ့ပိုးကရင်လို၊ အနောက်ပိုးကရင် လို အဲဒါကိုပဲ နှစ်တိုင်းကြားနေရ,တယ်။
ဒီနေ့အထိလည်း ကြားနေရ,တုန်း။
အခုတော့ ကရင်နှစ်သစ်ကူးရဲ့ နောက်ခံသမိုင်းကြောင်းအစစ်အမှန်တွေကို မသိခဲ့ကြရ သိအောင်ကြိုးစား
ဘို့ မရှိခဲ့ကြလေတော့၊ အခုအချိန်အခါမှာသို့လောသို့လောဖြစ်ကုန်ကြရ,တာလို့ပြောလျင်ရ,မလားတော့
မသိဘူး။
ဒါဆိုလျင် အခုစာရေးနေတဲ့ကျုပ်ကို ခင်ဗျားက,ကရင်အမျိုး သားနှစ်သစ်ကူးနေ့နဲ့ပတ်သက်တာကို ဘယ်
လောက်သိနေလို့ ဒီလိုရေးရ,တာတုန်း လို့မေးလာလျင်တော့ ရိုးရိုးသားသားနဲ့ အမှန်အတိုင်းပြောပါရစေ။
မသိပါဘူး။ လုံးဝ,ကိုမသိပါဘူး။ ကြားဘူးနားဝ,လောက်ပဲရှိတာပါ။
ဒါပေမယ့် ကျုပ်သိနေတာ တခုတော့ရှိနေတယ်လို့ထင်တယ်။ အဲဒါကတော့ ရန်သူဟာ ကျုပ်တို့ကို စစ်ရေး
နည်းဗျူဟာတစ်ခုနဲ့ စ,ပြီး တိုက်စစ်ဆင်နေပါပြီဆိုတာပါပဲ။
ကျုပ်အစိုးရိမ်လွန်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
နှစ်သစ်ကူးနေ့ကို ပြာသိုလ,ဆန်းအစား တပို့တွဲလ,ဆန်းကို ပြောင်းဘို့ကြားတယ်ဆိုတာကို ကျုပ်အဖေကို
ပြောပြတော့ ကျုပ်အဖေက, ဖြစ်မှာပေါ့ကွာ နှစ်သစ်ကူးနေ့နဲ့ပတ်သက်ပြီး နေ၀င်းအစိုးရမတက်ခင်ကတည်း
က ကရင်တွေကြားမှာ ပြာသိုနဲ့ တပို့တွဲဆိုပြီးဖြစ်နေတာ။
စောဟံတာသာမွှေး ငြိမ်းချမ်းရေးလုပ်တော့မှ ပြာသိုလ,ဆန်း(၁)ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့ဆိုပြီး တ
နိုင်ငံလုံးအတိုင်းအတာနဲ့ ရုံးတွေ ကျောင်းတွေ ကို တရားဝင် ပိတ်ပေးတာကွ။
အင်္ဂလိပ်တွေလက်ထက်ကတည်းက ကျောင်းတွေ ရုံးတွေကို ပိတ်ပေးခဲ့တာမဟုတ်ဘူးလား? လို့မေးတော့၊
ဖဆပလ ခေတ်မှာ အဲဒါတွေ တိတိကျကျလုပ်မပေးဘူး။
ဘာကြောင့်လဲဆိုတော့ ပြာသိုနဲ့ တပို့တွဲကွဲနေကြတော့ ပြာသိုကိုပိတ်ပေးလျင် တပို့တွဲကို ပိတ်ရ,မယ်ဆို
တာကို အကြောင်းပြပြီး ကရင်နှစ်သစ်ကူးလုပ်ချင်လျင် လျှောက်လွှာတင်ရ,တယ်။
တချို့ရုံးတွေ နားလည်မှုနဲ့ပိတ်တယ်။
အေး ငါအလုပ်လုပ်တဲ့ ရုံးကတော့ မပိတ်ဘူး။
အင်္ဂလိပ်လက်ထက်ကတည်းက အတည်ပြုတယ်ဆိုတာမှန်ပေမယ့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဟာ
ဖဆပလ လက်ထက်က,စ, လို့ တရားဝင်ရုံးပိတ်ရက် အတိအကျမရှိခဲ့ရာက, ဦးနေ၀င်းလက်ထက်အထိ
ဆိုတော့ ကြားကာလ,နှစ်ပေါင်း နှစ်ဆယ်လောက် ကရင်တွေကြား တအုံအုံ တနွေးနွေးဖြစ်နေခဲ့တာပေါ့
ကွာ။
မြစ်ဝ,ကျွန်းပေါ်ဒေသ,က ကရင်တွေက တပို့တွဲမှာလုပ်နေခဲ့ကြတာ။
အဲဒီတော့ စောဟန်တာသာမွှေး ငြိမ်းချမ်းရေးယူပြီးမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ပြာသိုလမှာ ရုံးပိတ်
ရက်အဖြစ်သတ်မှတ်ပေးလိုက်တော့ အချင်းချင်းကြား အထင်တွေလွဲကြပြီး ကွဲကြလေသတည်းပေါ့ကွာ။
ဒါကြောင့် ကျုပ်က ရန်သူဟာ ကျုပ်တို့ကို နောက်ထပ်ဗျူဟာအသစ်တစ်ခု ခင်းလိုက်ပြီလို့ပြောလိုက်ခြင်းပါ။
နောက်တခုက မန်းထိန်ဝင်းစိန် ဆိုတာ ၂၀၁၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံး
ညီညွှတ်ရေးပါတီကိုယ်စား အရွေးခံခဲ့တာဆိုတော့ တ,စ,ည, ဆိုတာ မ,ဆ,လ,ပဲမဟုတ်ပါလား။
ဒီလိုဖြစ်ပျက်နေတာကို သိနေလျက်သားနဲ့ သူတို့ခေတ် သူတို့အခါတုန်းက ဘာမျှမပြောပဲ အခုလိုအချိန်မျိုး
ကျမှ ချိန်ကိုက်ပြီး ပွဲဆူအောင် ကရင်လူကြီးတွေ အသုံးမကျလို့ ဆိုတာကိုပြောခြင်းဟာ စေတနာကောင်းနဲ့
ပြောတာမျိုးတော့မဖြစ်နိုင်ဘူး။
ကရင်ဆိုတာ ကရင်စကားပြောရုံ၊ ကရင်အ၀တ် ၀တ်ရုံ၊ ကရင်စာ တတ်ရုံ၊ နံမည်ရှေ့မှာ စော, စ, မန်း,တတ်
လိုက်ရုံလေးနဲ့ ကရင်လို့ပြောလို့ မရ,ပါဘူး။
အဲဒီတော့ ကိုယ့်ကရင်တွေကို အသုံးမကျတဲ့ကရင်တွေ ငတုံး၊ ငအ,၊ ငပွေး၊သုံးယောက်ပေါင်းလို့ ဆယ်တန်း
တောင်မပြည့်တဲ့ကောင်တွေ၊ နိုင်ငံရေးကိုနားမလည်တဲ့ အစွန်းရောက်တွေ စသည်ဖြင့်ပေါ့လေ၊ အဲဒီလိုအ
မျိုးမျိုးပြောတာကိုမှ ရန်သူလို့သတ်မှတ်ရ,မှာမဟုတ်ပါဘူး။
အဆင်းမှာ ဘီးတတ်ပေးတဲ့လူမှန်သမျှ အဲဒါက,မှ ရန်သူအစစ်အမှန်ဆိုတာ ကျုပ်တို့သိထားဘို့လိုပါတယ်။
အဲဒီရန်သူက မမြင်နိုင်သလို အင်မတန်ကိုကြောက်စရာကောင်းတာဆိုတော့ အဲဒါကိုပိုပြီးသတိထားကြရ,
မှာဖြစ်ပါတယ်။
ရန်သူကတော့သူ့အလုပ် သူလုပ်နေမှာပဲ ကျုပ်တို့ဘယ်လို ကာကွယ်မလဲ။ ဒီနေရာမှာ ကျုပ်အမြင်ကိုတင်
ပြချင်ပါတယ်။
ကျုပ်အမြင်ဟာ မှန်ချင်မှမှန်မယ်၊ စာဖတ်သူတွေအနေနဲ့ ကြိုက်ချင်မှလည်းကြိုက်မယ်။
ကျုပ်အဲဒါတွေကို အဓိက,မထားပါဘူး။ ကျုပ်အမြင်အတိုင်းလိုက်လုပ်ဘို့ ရေးပြနေတာမဟုတ်လို့ပါ။
ကရင်အမျိုးသားတွေရဲ့ အခမ်းအနားကို စောပြီးလုပ်ရ,တာကို ဂုဏ်ယူနေတာ မဟာအမှားဖြစ်တယ်။
ကရင်အမျိုးသား အခမ်းအနားတွေကို တိတိကျကျမလုပ်ခြင်းဟာ ရန်သူရဲ့မဟာဗျူဟာမှန်သမျှကို လျှို့ဝှက်
တဲ့နည်းနဲ့ တိုက်ရိုက်ပံ့ပိုးပေးနေတာဖြစ်တယ်။
တနည်းမဟုတ်တနည်းနည်းနဲ့ ထောက်ပံ့ကူညီတဲ့ ပံ့ပိုးမှုလုပ်ရပ်တခုဖြစ်တယ်။
ကရင်အမျိုးအသားနေ့ထူးနေ့မြတ်တွေကို ပေါင်းပြီးလုပ်ရ,တာကို ဂုဏ်ယူတာကလည်း မဟာအမှားဖြစ်
တယ်။
ကရင်နေ့ထူးနေ့မြတ်တွေကိုပေါင်းလုပ်တာဟာ ရန်သူရဲ့နည်းဗျူဟာမှန်သမျှကို လျှို့ဝှက်တဲ့နည်းနဲ့ တိုက်
ရိုက်ပံ့ပိုးပေးနေတာဖြစ်တယ်။
တနည်းမဟုတ်တနည်းနည်းနဲ့ ထောက်ပံ့ကူညီတဲ့ ပံ့ပိုးမှုလုပ်ရပ်တခုဖြစ်တယ်။
အဲဒါ ကျုပ်ရဲ့အမြင်။
ရန်သူက ကျုပ်တို့ကရင်တမျိုးသားလုံးကို ကျူပင်ခုတ်ကျူငုတ်မကျန်စေနဲ့ဆိုပြီး အမြစ်ဖြုတ်ခဲ့တာ ဖြုတ်နေ
တာ ဖြုတ်ဘို့ ဆိုတာ အားလုံးအသိ။ ကရင်တွေနဲ့ပတ်သက်တဲ့ အထောက်အထားမှန်သမျှမရှိအောင် နည်း
နည်ကလေးမျှ ပြည်ထောင်စု မြန်မာနိုင်ငံလို့ခေါ်တဲ့ မြေပေါ်မှာ မကျန်အောင် နည်းလမ်းပေါင်းစုံနဲ့ (စစ်ရေး
နိုင်ငံရေး စီးပွါးရေး ပညာရေး အားကစား ယဉ်ကျေးမှု လူမှုရေး ဘာသာတရားကိုးကွယ်ယုံကြည်မှု ဘာသာ
စာပေ ဘာသာစကား) နေရာပေါင်းစုံ ဘက်ပေါင်းစုံ အဝေးက,နေတမျိုး အနီးကပ်တဖုံ ရေရှည်ရေတို စီမံ
ကိန်းတွေချပြီး နေရာမရွေး အချိန်မရွေးလုပ်ခဲ့တာ လုပ်နေတာ ဆက်လုပ်မှာ မြင်ကြပါလိမ့်မယ်။
လက်တွေ့ကြုံနေကြရ,မှာလည်းဖြစ်ပါတယ်။
အဲဒီလိုတွေ လုပ်နေတာကိုသိသိကြီးနဲ့ စောစောကပြောခဲ့သလို လွဲမှားတဲ့ဂုဏ်ယူတဲ့ဟာမျိုး တလွဲဆံပင်
ကောင်းနေတဲ့ လုပ်ရပ်မျိုးကတော့ လုံးဝ,မသင့်တော်ပါဘူး။
ဘာကြောင့်လဲဆိုတော့ နောင်မျိုးဆက်သစ်တွေအနေနဲ့ ကိုယ့်ကရင်အမျိုးသားတွေရဲ့ နေ့ထူးနေ့မြတ်တွေ
ကို တန်ဘိုးထားရ,ကောင်းမှန်း အလေးအနက်ထားရ,ကောင်းမှန်းမသိတော့ပဲ ပျော်ပွဲရွှင်ပွဲသာသာလောက်
သာ အမှတ်သညာပြုမှားသွားကြမယ်ဆိုလျင် တချိန်ကျလျင် ရှေးကရင်လူကြီးတွေဖြစ်လာမယ့် ကျုပ်တို့တ
တွေကို လွဲမှားတဲ့အယူအဆ,တွေနဲ့ ပေါက်တတ်ကရ,လုပ်တတ်တဲ့ ကိုယ်ကျိုးရှာအသုံးမကျတဲ့ ရှေးကရင်
လူကြီးတွေကြောင့်လို့ (မန်းထိန်ဝင်းစိန်စွပ်စွဲသလို) ကျုပ်တို့ကလေးတွေက သေခြာပေါက်စွပ်စွဲတာကို မြေ
ကြီးလက်ခတ်မလွဲ ခံကြရမှာဖြစ်ပါတယ်။
သူတို့မစွပ်စွဲဘူးပဲထားပါတော့ ကိုယ့်ရဲ့နေ့ထူးနေ့မြတ်ရက်တွေ အခမ်းအနားတွေကို အတိအကျမရှိတော့တဲ့
နောက် အကြောင်းဇစ်မြစ်ကိုမသိနိုင်ကြတော့လို့ မျိုးဆက်သစ်တွေက ဆက်လက်ထိန်းသိမ်းဘို့ စိတ်ကုန်
သွားတဲ့နေ့ဟာ ရန်သူတွေခင်းထားတဲ့ ကရင်မှန်လျင် အစိပ်သားတောင်မချန်နဲ့ ဆိုတဲ့နည်းဗျူဟာ မုချဧကန်
ပြီးပြည့်စုံတဲ့နေ့ ဖြစ်သွားပါလိမ့်မယ်။
သို့သော် အများစုအားလပ်ရက်ကို ရွေးပြီးလုပ်ရ,တာပါ လို့အကြောင်းပြကောင်းပြလာပါလိမ့်မယ်။
ကိုယ့်အမျိုးသားနေ့ နေ့ထူးနေ့မြတ် ရက်ထူးရက်မြတ်ကို ခင်ဗျားတို့ရဲ့ တနေ့တာလုပ်အားခ,ကိုပေးဆပ်ဘို့ ၀န်လေးနေတာလား?။
တွန့်တို နေကြတာလား?။
ဘာအကြောင်းကြောင့်လဲ?။
စောဘဦးကြီးမူကို ကိုင်စွဲထားရ,မယ်ဆို?။
ဒါကိုတော့ စဉ်းစားကြပေါ့ ဆုံးဖြတ်ကြပေါ့။
တကယ်ဆိုလျင် ဖြစ်သင့်တာက ငါတို့ဟာ ငါတို့ရဲ့ကရင်အမျိုးသားနေ့ နေ့ထူးနေ့မြတ်အတွက် ဒီလိုဒီလိုတွေ
အနစ်နာခံပြီး တို့နေနေတဲ့ နိုင်ငံတွေမှာ တို့ရောက်နေတဲ့ ဒေသ,တွေမှာ အစဉ်အလာမပျက် နေ့ရက်အတိ အကျ ကျင်းပ,နိုင်အောင်လုပ်ခဲ့တာ။
အဲဒီအတွက် ငါတို့ရဲ့ပေးဆပ်ခဲ့ရ,မှုတွေက ဒါတွေဖြစ်တယ် ဆိုတာမျိုးနဲ့ ဂုဏ်ယူသင့်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လာမယ့်ကရင်အမျိုးသားနှစ်သစ်ကူးနေ့မှာတော့ ကရင်နှစ်သစ်ကူးနေ့ မရ,ရ,အောင်
ယူပေးခဲ့ကြရှာတဲ့ ကရင်ခေါင်းဆောင်တွေရဲ့ သမိုင်းကြောင်းကို မျိုးဆက်သစ်လေးတွေနားလည်သဘော
ပေါက်အောင် စင်မြင့်ပေါ်က,နေအာဘောင်အာရင်းသန်သန်နဲ့ ပြောပြနိုင်ဘို့ပြင်ဆင်ထားသင့်ပါပြီ။
ငါတို့ကတော့ စောစောလုပ် ပြီးသွားပြီ၊ ဒါမှမဟုတ် ငါတို့ကတော့ အဆင်သင့်မဖြစ်သေးဘူးကွာ ဆိုလျင်
နောင်လာမယ့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွေမှာ တနှစ်မဟုတ်တနှစ်နှစ်မှာတော့ မဖြစ်မနေပြောဖြစ်
အောင်ကြိုးစားသွားစေချင်ပါကြောင်း တိုက်တွန်းရင်း ကျုပ်ရဲ့ထင် မြင်ချက်တွေကို ရေးသားတင်ပြလိုက်ရ
ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)