ကရင်အမျိုးသားနှင့် ငြိမ်းချမ်းရေးပြဿနာ
ရင်အမျိုးသားများသည် မိမိတို့ဘာသာဘာဝအလျှောက် ဘာသိဘာသာနှင့် အေးအေးချမ်းချမ်းလုပ်ကိုင်စား
သောက်ကာ နေထိုင်ခြင်းပြုခဲ့ကြသော တိုင်းရင်းသားလူမျိုးစုကြီး တစုဖြစ်လေသည်။
မြန်မာနိုင်ငံတော်၏ သမိုင်းတိုးတက်မှုကိုလေ့လာသောအခါ အခြားသောတိုင်းရင်းသားလူမျိုးစုများ ဖြစ်ကြ
သည့် မွန်၊မြန်မာ၊ရခိုင်နှင့်ရှမ်းတို့ အချင်းချင်း၏ပဋိပက္ခစစ်ပွဲများကိုသာ အများဆုံးတွေ့ရှိရလျှက် ကရင်လူမျိုး
စုနှင့်ပတ်သက်သောပဋိပက္ခစစ်ပွဲများကို မတွေ့ရှိရသလောက်သာလျှင်ဖြစ်ပေသည်။ ပုဂံခေတ်ပထမမြန်မာနိုင်ငံကို ထူထောင်ခြင်းပြုခဲ့ကြသောအချိန်ကာလ ပေါ်ပေါက်ခဲ့သောလူမျိုးရေးဆိုင်ရာ ပဋိပက္ခစစ်ပွဲများကိုလေ့လာသောအခါ မွန်မြန်မာနှင့်ရှမ်းမြန်မာတို့၏ အရေးအခင်းသာဖြစ်သကဲ့သို့ တောင်ငူ
ညောင်ရမ်းခေတ် ဒုတိယမြန်မာနိုင်ငံတော်ကိုမထူထောင်နိုင်မီ ကြားကာလသမိုင်းသည်လည်း ရှမ်းမြန်မာ
နှင့်မွန်ရှမ်းတို့၏အရေးအခင်းများသာ ဖြစ်သည်ကိုတွေ့ရှိရသည်။
တောင်ငူ၊ညောင်ရမ်းခေတ်သည်လည်း ရှမ်းမြန်မာနှင့်မွန်မြန်မာတို့၏အရေးအခင်းသာလျှင် လွှမ်းမိုးများပြား
လျှက် နောက်ဆုံးကုန်းဘောင်ခေတ် တတိယမြန်မာနိုင်ငံတော်အား မွန်မြန်မာနှင့် ရခိုင်မြန်မာတို့၏အရေး
အခင်းများသာဖြစ်ကြောင်း တွေ့ရှိရလေသည်။
ယင်းသို့မြန်မာနိုင်ငံတော်၏ သမိုင်းဖြစ်ပေါ်တိုးတက်မှုတလျှောက်လုံး အခြားမည်သည့်တိုင်းရင်းသား လူမျိုး
စုများနှင့် ပဋိပက္ခသော်လည်းကောင်း၊စစ်မက်သော်လည်းကောင်း ဖြစ်ပွါးခြင်း မရှိပဲ မိမိတို့၌ရှိသမျှကလေး
နှင့်ရောင့်ရဲတင်းတိမ်ကာ အေးအေးချမ်းချမ်းနေထိုင်လာခဲ့ကြသော ကရင်လူမျိုးများသည် ကျွန်ဘဝမှဤ
တိုင်းပြုပည်ပြု၏လွတ်လပ်ရေးကို ပြန်လည်ကြောငြာခြင်းပြုခဲ့သည့် အချိန်မှစ၍ အဘယ့်ကြောင့်မငြိမ်မ
သက်ဖြစ်ကာ အပြင်းအထန်ဆုံးနှိမ်နင်းခြင်းကို ခံနေရသနည်း။
လွတ်လပ်ရေးကြေငြာပြီးကာစက တန်းတူရေးနှင့်ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုခဲ့ကြစဉ်ကလည်း တစ်
ချက်ထိုးလျှင်နှစ်ချက်ပြန်ထိုးမည်ဟု ခြိမ်းခြောက်ခြင်းခံခဲ့ရပြီးလျှင် နောက်ပိုင်းတွင်မူကား ကရိုင်းများဟူ၍
လည်းကောင်းကရင်ဆိုးများဟူ၍ပင်လည်ကောင်း အမျိုးမျိုးချိုးဖဲ့ပြောဆိုခြင်းကို ခံခဲ့ကြရသည်၊ခံနေကြရတုံး
လည်းဖြစ်သည်။
ကရင်အမျိုးသားများသည် ဤတိုင်းပြည်ကိုလွတ်လပ်ရေးကြေငြာသောအခါ ဤတိုင်းပြည်၌ရာစုနှစ် ပေါင်း
များစွာက နေထိုင်လာခဲ့သောတိုင်းရင်းသားလူမျိုးစုကြီးအနေနှင့် ၎င်းတို့လည်းရသင့်ရထိုက်သော အခွင့်အ
ရေးကို ဒီမိုကရေစီစည်းဝိုင်းကြီးအတွင်း၌နေထိုင်ကာ ဒီမိုကရေစီကျကျတောင်းဆိုခဲ့ကြသည်၊တရားသဖြင့်မ
ဟုတ်သောကိစ္စကိုလည်း ငန်းငန်းတက်မတောင်းဆိုခဲ့ကြချေ။
တိုးတက်ယဉ်ကျေးသောလူမျိုးများပီပီ မိမိတို့၏ကံကြမ္မာမိမိတို့ဘာသာပြဌာန်းခွင့်နှင့် အခြားတိုင်းရင်းသား များနည်းတူ တန်းတူအခွင့်အရေးပေးဘို့သာ တောင်းဆိုခဲ့ခြင်းပြုခဲ့ကြသည်၊သို့ရာတွင် ဤပြည်ထောင်စု တိုင်းရင်းသားများ၏ တရားသဖြင့်နှင့်ဒီမိုကရေစီကျကျတောင်းဆိုချက်ကို ထိုအချိန်ကအာဏာပိုင်များသည် မခန့်မငြားသဘောထားကာ မထိတရိပြုလုပ်နေခဲ့သည်။
၎င်းတို့၏တောင်းဆိုချက်ကို မပေးရုံမျှသာမက မထိတရိနှင့်မခန့်မငြားပြုလုပ်ခြင်းခံလာရသော အခါတွင် ကရင်အမျိုးသားများသည် လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်၊ မယုံမကြည်နှင့်မငြိမ်မသက်ဖြစ်လာကြသည်၊ ယင်းသို့ဖြစ်ပွါးလာသော ကရင်အမျိုးသားများ၏လှုပ်ရှားမှုနှင့်စိုးရိမ်မှုတို့ကို ပြေလည်သွားအောင် မှန်မှန်
ကန်ကန်နှင့်အရေးတယူဖြေရှင်းပေးရမည့်အစား တလွဲဆံပင်ကောင်းနေခဲ့ကြသည်၊ ဤနည်းဖြင့် ကရင်အ
မျိုးသားတို့၏လက်နက်ကိုင်စစ်ပွဲကြီး ပေါက်ကွဲထွက်လာခဲ့ရသည်။
ယင်းသို့ ပြည်ထောင်စုအစိုးရနှင့် ကရင်အမျိုးသားလက်နက်ကိုင်နိုင်ငံရေးအင်အားစုများ ဖြစ်ပွါး လာခဲ့ကြ
သောလက်နက်ကိုင်ပဋိပက္ခသည် ယခုအခါတွင် ၁၃နှစ်ကျော်လွန်ကာ၁၄နှစ်အတွင်းသို့ ချင်းနင်းဝင်ရောက်
လာခဲ့လေပြီ၊ သို့ရာတွင် ထိုလက်နက်ကိုင်ပဋိပက္ခသည် ပြေလည်ပြီးငြိမ်းချမ်းခြင်း မရှိသေးချေ၊ ပြင်းပြင်း
ထန်ထန်ဖြစ်ပွါးလျှက်ရှိနေတုံးသာဖြစ်သည်။
ထို့ကြောင့် ဖက်ဆစ်နှင့်ဒီမိုကရေစီဘယ်သင်းရွေးမလဲ ဟူ၍ မဲခေါ်ကာတက်လာခဲ့သော ပထမအစိုးရသည် ၁၃နှစ်ကျော်ကျော်၁၄နှစ်ခန့်မျှ ကရင်အမျိုးသားများအပေါ်စစ်ပြုနေသော မိမိတို့ ၏လုပ်ငန်းကို ပြန်လည်
စဉ်းစားသင့်
လှပြီဟု တင်ပြလိုသည်။ မြန်မာနိုင်ငံတော်၏သမိုင်းတလျှောက်လုံး မည်သည့်တိုင်းရင်းသားလူမျိုးစုနှင့်မှ ပဋိပက္ခသော်လည်းကောင်း၊ စစ်မက်သော်လည်းကောင်း ဖြစ်ပွါးခဲ့ခြင်းမရှိသောကရင်အမျိုးသားများ၏ပြဿနာကို စစ်ပြု၍ ဖြေရှင်းနေ
ခြင်းသည် ပြည်ထောင်စုကြီးတရပ်လုံး၏အရေးအနေနှင့်သော်လည်းကောင်း၊ မှန်ကန်သည် သို့မဟုတ် မှား
ယွင်းသည်ဆိုသောအချက်ကို လေးလေးနက်နက်စစ်ဆေးတွက်ချက်ဘို့ လိုအပ်လှပြီ ဟုထင်ပေသည်၊ သမိုင်းတလျှောက်လုံး မိမိတို့၌ရှိတတ်သမျှကလေးနှင့် အေးအေးချမ်းချမ်းနေထိုင်ခြင်း ပြုလာခဲ့သောထို
တိုင်းရင်းသားလူမျိုးစုများ၏အရေးကို အဘယ့်အတွက် ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်း၍ မရနိုင်နိုင်မည်
နည်း။
ထို့ကြောင့်နိုင်ငံတော်အစိုးရသည် ကရင်အမျိုးသားများအပေါ်၌ ၁၃နှစ်ကျော်မျှကျင့်သုံး၍ အောင်မြင်ခြင်း လည်းမရသော လက်နက်အားကိုးဝါဒကိုအမြန်ဆုံးရပ်စဲကာ ကရင်အမျိုးသားများ၏ပြဿနာကို မှန်မှန်ကန်
ကန်ဖြေရှင်းခြင်းပြုနိုင်ရန်အတွက် ကရင်အမျိုးသားအကြီးအကဲများ၊ ခေါင်းဆောင်များနှင့် စားပွဲဝိုင်းတွင်ထိုင်
ကာ ပွင့်ပွင့်လင်းလင်းနှင့်ရင်းရင်းနှီးနှီး ဖြေရှင်းသင့်လှသည်ထင်ပေသတည်း။
ဗန်းမော်တင်အောင်
၁၉၆၂ခု ဖေဖေါ်ဝါရီလထုတ် ကရင့်ရှေ့ဆောင်ဂျာနယ်
April လထုတ် OKRSO ၁၀နှစ်မြောက်အထူးထုတ်မဂ္ဂဇင်းမှဖေါ်ပြထားချက်ကို ထပ်ဆင့် တိုက်ရိုက်ကူးယူ
တင်ပြလိုက်ခြင်းဖြစ်ပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
၆၅ကြိမ်မြောက် ကရင်အမျိုးသားနေ့