ကရင့်ဘ၀အမှန်ကို ဖေါ်ကျူးသော ကရင့်တေး
May 16, 2013 Thursday
By မင်းစိုးစံ
တေးသီချင်းရေးသားစပ်ဆိုကြသူအများစုသည် လူမှုဘ၀ကို ရေးသားစပ်ဆိုဖေါ်ကျူးလေ့ရှိကြသည်။
ထိုသို့ရေးသားကြရာ၌ ခေတ်စနစ်နှင့်လိုက်လျှောညီထွေမှုဖြစ်စေရန် အထူးသတိပြုရေးသားစပ်ဆိုကြရပါ
သည်။
အထူးသဖြင့် အဖိနှိပ်ခံကရင့်ဘ၀ကို အလေးထားဖေါ်ကျူးရေးသားသည့်တေးသီချင်းများစွာအနက် ထိုင်း
နိုင်ငံတွင်းသို့ အကြောင်းအမျိုးမျိုး နည်းလမ်းအဖုံဖုံဖြင့် ရောက်ရှိနေထိုင်လျှက်ရှိကြသော ကရင့်ဘ၀ကိုရေး
သားစပ်ဆိုမှုများမှာ လွန်စွာထိမိလှပေသည်။
မိဘနှင့် ချစ်သူရည်းစားများကို ခွဲခွါပြီး လူကုန်ကူးသူတို့၏ အစီအစဉ်အရ အကြွေးတ၀က် လက်ငင်းတ၀က်
ငွေခြေကာ ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေစဉ် အကြွေးမကြေသေးပဲ ထိုင်းရဲ၏ဘမ်းဆီးအရေးယူခြင်းခံရပုံ။
မိဘထံ ငွေမပို့နိုင်ပဲ ထိုင်းနိုင်ငံအတွင်း မူးယဇ်ဆေးများစွဲနေပုံ။
မိဘ၏ အဆင်ခြင်ကင်းမဲ့မှုကြောင့် အိမ်ယာ ခြံမြေများ ဆုံးရှုံးပြီး အကြွေးပူမိသဖြင့် ထိုင်းနိုင်ငံတွင်အလုပ်
လုပ်နေစဉ် ကွယ်လွန်သွားရပုံ။
ချစ်သူကို ပေးထားသည့်ဂတိအတိုင်း ယခုနှစ်တွင် ရွာမပြန်နိုင်သေးသဖြင့် နောက်တနှစ်ထပ်စောင့်ရန် မှာ
ကြားပုံ။
သူတပါးနိုင်ငံတွင် အိမ်ဖေါ်အလုပ်ကို လုပ်နေရသော်လည်း လူငယ်တို့ဘာသာဘာဝ အသည်းပူဆာမနေ
သာသဖြင့် ရည်းစားထားမိရာမှချစ်သူစိတ်ကောက်သည်ကို ချော့မော့ပြောဆိုနေရပုံ။
အထိုထိုသော အကြောင်းများအပြင် စစ်ကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရသူတို့အတွင်း UNHCR ၏အ
စီစဉ်အရ တတိယနိုင်ငံသို့ ထွက်ခွါသွားကြရသူနှင့် ဒုက္ခသည်စခန်းအတွင်းကျန်ရစ်ခဲ့ကြသူတို့၏ တစ်ဦးနှင့်
တစ်ဦးညိ တွယ်နေသော သံယောဇဉ်များအကြောင်း ဖေါ်ကျူးသည့်တေးများ။
စသည်ဖြင့်အမျိုးမျိုးအဖုံဖုံ ရှိသည့်အနက် မိဘမဲ့တကောင်ကြွက် တစ်ယောက်၏ အဖေငတ်သောဘ၀ကို
ဖေါ်ကျူးထားသည့်တေးမှာ လက်ရှိကရင့်အမျိုးသားထုဘ၀အခြေအနေအား မီးမောင်းထိုးပြသကယ့်သို့ရှိ
သည်ဟု ယူဆမိပါသည်။
လွန်ခဲ့သည့် ၁၃နှစ်ကျော်မှ တေးရေးစပ်သီဆိုခဲ့သူသည် အတွေးရိုးရိုး အမြင်ရိုးရိုးဖြင့် မိဘမဲ့တစ်ကောင်
ကြွက် တစ်ယောက်၏အဖြစ်အပျက်ကို ရေးစပ်သီကုံးခဲ့မည်ဖြစ်သော်လည်း စာရေးသူမိမိအနေဖြင့် မိမိတို့
၏ကရင့်ဘ၀နှင့် နှိုင်းယှဉ်ထိုးချိန်မိပါသည်။
ယနေ့လက်ရှိကရင်လူထု၏အခြေအနေသည် မိမိတွေးထင်တားသည့် စိုးရိမ်စိတ်များထက် မပိုသည့်
တိုင် လျှော့နည်းလိမ့်မည်မဟုတ်ဟုလည်း ယုံကြည်နေပါသည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိဖြစ်ပျက်နေသည့် ကရင်ပြည်နယ်အတွင်းရှိ အခင်းအကျင်းများသည်
မုန်တိုင်းမကျမီ ငြိမ်သက်နေသော ပင်လယ်ပြင်နှင့် အသွင်တူနေပါသည်။
သေနတ်သံများ တိတ်ဆိတ်နေပြီး လက်နက်ကြီးပေါက်ကွဲသံများ မကြားရခြင်း။
ဗမာစစ်အစိုးရ၏ ကရင်လူထုအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှု သတင်းများမမြင်ရခြင်း။ မကြားရတော့ခြင်း။
များသည် အမှန်တကယ်ပင် ကရင်အမျိုးသားထုတရပ်လုံး လိုလားတောင့်တနေသည့် ငြိမ်းချမ်းရေးတရပ်
ပေါ်ပေါက်နေပြီလောဟု ထင်မြင်ယူဆစရာဖြစ်နေသောကြောင့်ဖြစ်ပါသည်။
ထိုသို့ဖြစ်နေရခြင်းအကြောင်းရင်းကို သေခြာတိကျစွာလေ့လာနိုင်ခြင်းမရှိသော်လည်း မီးခဲပြာဖုံးအခြေအ
နေမျိုးသာဖြစ်မည်ဆိုပါက ရှေ့ဆက်မည့်အနာဂါတ်ရေးအတွက် ကောင်းသောရလဒ်တခုဖြစ်နိုင်စရာမရှိမည်
မှာ အထူးပြောနေစရာလိုမည်မထင်ချေ။
ဗမာအစိုးရနှင့် ထိပ်တိုက်တိုးခြင်း မရှိသော်လည်း ကရင်အချင်းချင်း ကတောက်ကဆ ဖြစ်နေမှုသည် ကရင်
ပြည်နယ်ငြိမ်းချမ်းရေးအတွက် ကောင်းသည့်အလားအလာမဟုတ်ပဲ ပိုမိုဆိုးရွားသည့်ဘက်သို့ ဦးတည်နေ
သည်ဟု စာရေးသူအနေဖြင့် ထင်မြင်ပါသည်။
ထို့အပြင်စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်သည့်သတင်းများ တိမ်မြုပ်နေချိန်တွင် ကရင့်လက်နက်ကိုင်
တပ်တို့၏ လူ့အခွင့်အရေးချိုးဖေါက်မှုသတင်းများကြောင့်လည်း ငြိမ်းချမ်းရေးအရိပ်အရောင်သည် မှိန်ပျပျ
အခြေအနေမှ လျော့ဆင်းသွားနိုင်စရာရှိနေပေသည်။
ဗမာစစ်အစိုးရမှ ကရင့်မြေယာများကို အတင်းအဓမ္မသိမ်းဆည်းထားခြင်းအပေါ် ငြိမ်းချမ်းရေးရယူထားသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများမှ တစုံတရာအရေးယူကာကွယ်ပေးနိုင်ခြင်းမရှိမှုသည်လည်း ကရင်
ပြည်သူလူထုဘက်မှကြည့်လျင် ကြေနပ်အားရဘွယ်မရှိမည်မှာ အမှန်ပင်ဖြစ်သည်။
ထိုထိုဤဤ တို့ကြောင့် တေးပြုဆရာမှ ရေးစပ်သီဆိုထားသည့် မိဘမဲ့ ဘခင်ငတ်နေသူတစ်ဦး၏ အဖြစ်အ
ပျက်ကို စာရေးသူမိမိအနေဖြင့် ကရင့်လက်ရှိဘ၀အခြေအနေနှင့် ချိန်ထိုးနားလည်ခံစားမိပါသောကြောင့်
အဆိုပါတေးအား စာရှုသူများ ခံစားနိုင်စေရန်ရည်ရွယ်၍ တင်ပြပေးလိုက်ရပါသည်။
ကျေးဇူးအထူးတင်ပါသည်။
မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)





