iPad ကိုသာ သဲသဲမဲမဲရှိနေသည့် ကလေးငယ်တဦး
October 15 2013 Tuesday
ရှေ့ဆက် ဘာတွေဖြစ်လာမလဲ
By မင်းစိုးစံ
ဘယ်လိုတွေဖြစ်လာမလဲဆိုတာ စဉ်းစားမိပါတယ်။ ဟုတ်ပါတယ်။ ဘယ်လိုတွေဖြစ်လာမလဲပေါ့။
ဒီနေ့ခေတ်ကြီးမှာ လူတွေဟာ လူနေမှုအဆင့်မြင့်လာတယ်လို့ပြောကြတယ်။ လူနေမှုအဆင့်အတန်းမြင့်လာ
တာမကောင်းဘူးလားလို့ လူ၁၀၀ကိုမေးလိုက်လျင် ၉၉ယောက်က ကောင်းတယ်လို့ပြောပြီး တစ်ယောက်က
တော့ ဘာမျှပြောမှာမဟုတ်ဘူး။ သူက စွံ့အ နားမကြား ဖြစ်နေလို့ပါ။
လူတွေဘယ်လောက်အထိ အဆင့်အတန်းမြင့်လာကြသလဲ ဆိုတာကို လူတွေရဲ့အသက်ရှင်ရပ်တည်တဲ့ ပုံစံ
ကို ကြည့်ပြီးပြောလို့ ရနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်နေမိပါတယ်။ ဒါကြောင့်လာမည့် ဆယ်စုနှစ် ၂ခု၊ ဒါ
မှမဟုတ် ၃ခုလောက်မှာ ဘာတွေဖြစ်လာမလဲဆိုပြီး စဉ်းစားနေမိတာပါ။
ကျုပ်တို့ငယ်ငယ်တုန်းက ကလေးဘ၀နဲ့ ကျုပ်မြေးရဲ့ဘ၀ကို နှိုင်းယှဉ်ချိန်ထိုးကြည့်မိတယ်။ ကျုပ်တို့ငယ်ငယ်
တုန်းက ကျုပ်အဖေရဲ့တစ်လကို ၈၂ကျပ်ဆိုတဲ့လစာနဲ့ မိသားစုလေးယောက် အဆင်ပြေပြေစားသောက်နိုင်
တဲ့အပြင် ရွှေစ ငွေစလေးတွေပါ စုဆောင်းနိုင်ခဲ့ပေမယ့် ကျုပ်မြေးတွေခေတ်မှာတော့ အင်မတိအင်မတန် ကိုခက်ခဲနေတယ်ဆိုတာကို သတင်းတွေထဲမှာ ကြားနေရမြင်နေရတာမို့ အသည်းထိတ်မိတာအမှန်ပါ။
ကရင်စကားပုံတခုတော့ရှိတယ် ကြားရုံလေးနဲ့ မယုံပါနဲ့ မျက်မြင်တွေ့လျင် နည်းနည်းယုံ ဆိုတဲ့စကားပုံပါ။
ဗမာပြည်မှာ လက်လုပ်လက်စားသမားအချို့ ထမင်းနပ်မမှန်ဘူး ဆိုတဲ့စကားဟာ အင်မတန်ကိုပုံပြင်ဆန်
ပါတယ်။ ကြားလည်းမကြားချင်ပါဘူး။
သို့သော်လွန်ခဲ့တဲ့ ၁၉၉၆လောက်က သင်တန်းတခုမှာ မြစ်ဝကျွန်းပေါ်ဘက်က သင်တန်းသားတယောက် သူ့ဒေသအခြေအနေကို တင်ပြဆွေးနွေးရာမှာ တချိန်တုန်းက စပါးကျီတွေနဲ့ ၀မ်းစာထားခဲ့ကြတဲ့အဖြစ်က
နေ ကျွတ်ကျွတ်အိပ်ကလေးနဲ့ ၀ယ်စားနေကြရတဲ့အဖြစ်ကိုပြောပြပြီး ထမင်းဟင်းချက်ဘို့ လောင်စာဆီ
အတွက် ခက်ခဲလာရပုံတွေကိုပြောပြပါတယ်။
အဲဒီတော့ ကောသလမင်းကြီးအိမ်မက် ၁၆ချက်ထဲက တချက်ဖြစ်တဲ့
ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်၊ ကမ်းဘက်ကြည်ပြန်။
မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်။
ဆိုတဲ့အတိုင်းနယ်စပ်တွေကို ထုနဲ့ထည်နဲ့ ပြောင်းပြီးဝမ်းစာရှာစားကြတဲ့သူတွေ ပေါများလာတာဟာဖြင့် စား
ဝတ်နေရေးအခက်အခဲကြောင့်ဆိုတာ သိသာလှပါတယ်။
အခု ငြိမ်းချမ်းရေးတွေဘာတွေဖြစ်လာပြီဆိုတော့ ကောသလမင်းကြီးရဲ့အိမ်မက်က မှန်ချင်မှမှန်ပါ့တော့မ
လားမသိ။ ဘာကြောင့်လည်းဆိုတော့ မြို့ပေါ်ကအကြီးအကဲတွေ နယ်စပ်ကိုဥဒဟို ၀င်ထွက်သွားလာနိုင်တဲ့
နောက်တော့ မြို့ပေါ်မှာ အခွန်အတုတ်တွေများလို့ နယ်စပ်ပြေးလာတဲ့လူတွေ မင်းဘယ်ပြေးမလဲ မိချိုသဲ
ဖြစ်ကုန်လေမလားပေါ့လေ။
တချို့ သူတပါးနိုင်ငံမှာဖွင့်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ၊ တချို့ကျ သူတပါးနိုင်ငံရဲ့ မြို့ကြီးတွေမှာ တချို့က နယ်စပ်မြို့တွေမှာ ရပ်တည်နေထိုင်နေကြရ ရှာဖွေစားသောက်နေကြရပါတယ်။
အဲဒီလိုရှာဖွေစားသောက်ကြရာမှာလည်း အခက်အခဲမျိုးစုံ အကြတ်အတည်းမျိုးစုံ အနိုင်ကျင့်မှု ခေါင်းပုံဖြတ်
မှုမျိုးစုံနဲ့ တ၀မ်းတခါးအတွက် လုပ်ကိုင်စားသောက်နေကြရပေမယ့် ပျော်ရာမှာမနေရ တော်ရာမှာနေကြရ
တဲ့ ဘ၀မျိုးနဲ့ရပ်တည်နေကြရတာမို့ မခန့်မှန်းနိုင်တဲ့ စိတ်ဖိစီးမှုတွေနဲ့အသက်ရှင်နေကြရတဲ့သူတွေ ဒုနဲ့ဒေး
ရှိနေမှာပါ။
ဒုက္ခသည်စခန်းတွေကနေတဆင့် နိုင်ငံခြားကိုထွက်ခွင့်ရတဲ့လူတွေအတွက် ကံကောင်းတဲ့အခြေအနေတခု
လို့ ထင်မြင်ကြပေမယ့် တကယ်တော့ ဘယ်အရာကိုမျှ ရော့အင့်ဆိုပြီးဘယ်သူမျှ အလကားမပေးပါဘူး။
သူတို့နိုင်ငံရဲ့ တိုးတက်နေတဲ့စီးပွါးရေးကို ပိုပြီးတိုးတက်စေဘို့၊ ကျဆင်းနေတဲ့ စီးပွါးရေးဖြစ်နေလျင် ပြန်ပြီး နာလန်ထူနိုင်အောင် လူသားအရင်းအမြစ်ကို ဖြည့်ဆည်းနေကြတာလို့ပဲ မြင်မိပါတယ်။
ကိုယ်လုပ်နိုင်သလောက် ကိုယ်ရတယ်၊ လွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်တယ်၊ သူတို့နိုင်ငံက ချမှတ်ထားတဲ့
စည်းကမ်းဥပဒေတွေကို မချိုးဖေါက်သမျှ ဘာမျှစိုးရိမ်စရာမရှိတဲ့အတွက်ကြောင့်လည်း အင်မတန်ပျော်ရွှင် စရာကောင်းတဲ့ နေချင်စရာကောင်းတဲ့ နိုင်ငံလို့ထင်နိုင်စရာရှိပေမယ့် တကယ်တော့ နတ်ဗိဗ္မာန်မဟုတ်ပါ
ဘူး၊ ဗမာပြည်ထက် သာတဲ့နေရာဌာနလို့သာ နားလည်မိပါတယ်။
ကိုယ်ပိုင်အိမ်နဲ့ နေချင်လား။ ကားအသစ်စီးမလား။ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက် အိမ်ထောင်ပရိဘောဂ
အားလုံးကို အကြွေးနဲ့ရောင်းပေးတယ်၊ အရစ်ကျစနစ်နဲ့ ဆပ်ရမယ်။ အဲဒီတော့မှ အဆင့်အတန်းမြင့်တယ် မှီ
တယ်လို့ထင်သူတွေ အလုပ်ကိုပိုလုပ်လာရတယ်။ ဒီတော့ သူတို့နိုင်ငံမှာ လူတွေဟာ ခေါင်းထဲမှာ အလုပ်နဲ့ အိမ် အိမ်နဲ့အလုပ် ဖြစ်လာရတာဟာ အကြွေးယူ အရစ်ကျဆပ် ဆိုတဲ့စနစ်ကလည်း တနည်းတလမ်းတွန်းပို့
ပေးနေလေသလားလို့ တွေးနေမိပါတယ်။
လူနေမှုအဆင့်အတန်းမြင့်မြင့်နေနေတဲ့ ကျုပ်တူမလေးက သူ့ခင်ပွန်းသည် အလုပ်သွားရမှာမို့ ကလေးထိန်း
ဘို့အကူအညီတောင်းလာပါတယ်။ ကျုပ်ရဲ့မြေးတွေပေါ့။
အငယ်ကောင်ကို မနက် ၉း၀၀နာရီမှာတကြိမ်၊ နေ့လည် ၁၁းနာရီနဲ့ မွန်းလွဲ၁း၀၀ နာရီ တကြိမ်စီနို့တိုက်ပေး
ပါ။ သူက ပူလျင်မသောက်ပါဘူး။ အေးလျင်လည်းမသောက်ပါဘူး။ ရေပိုက်ထဲက ရေနွေးနဲ့ နွှေးပြီးတိုက်ပါ။
အကြီးမကတော့ သူ့အတွက် ခေါက်ဆွဲပြုတ်ပေးပါ။ ပြီးတော့ ကန်ဇွန်းဥနဲ့လုပ်ထားတဲ့ ရေခဲမုန့်ကို ဒီဇွန်းနဲ့ သုံးဇွန်းလောက်ကော်ပြီး ပန်းကန်ထဲထည့်ကျွေးပါ။ နို့ကို ရေခဲသေတ္တာထဲမှာထည့်ထားပါတယ်။ ၁း၃၀ နာရီ
မှာ သမီးပြန်လာပါ့မယ်။
အဲဒါတွေကတော့ ကျုပ်တူမလေးက ကျုပ်နဲ့သူ့အဒေါ်ကိုမှာနေတာပါ။ မပြေးယုံတမယ် ကားမောင်းထွက်ဘို့
ပြင်နေတာမို့ ကားဖြည်းဖြည်းမောင်းဟေ့ ဆိုပြီးသတိပေးလိုက်ရပါသေးတယ်။ ကျုပ်တူမလေး ကားမောင်း
ပြီး အလုပ်သွားတဲ့နောက်ပိုင်းမှာ ကျုပ်ရယ် ကျုပ်ဇနီးရယ် မြေးနှစ်ယောက်နဲ့ဇာတ်လမ်းစပါပြီ။
အငယ်ကောင်ကို ၉း၀၀နာရီတိတိတွင် နို့တိုက်သည်။ မသောက်ပါ။ ဂျီကျနေသည်။ ချော့တိုက်သည် မရပါ။
အကြီးမကို ခေါက်ဆွဲပြုတ်ကျွေးပါသည်။ မစားပါ။ ချော့ကျွေးသည် မရပါ။ iPad မှမျက်လုံးကိုမခွါပဲနေနေ
သည်။
အငယ်ကောင်ကို အိပ်ယာတွင်ချသိပ်ပါသည်။ မအိပ်ပါ။ အဘွားဖြစ်သူက ရင်ခွင်တွင်းချော့သိပ်မှအိပ်သည်။
အကြီးမကို ခေါက်ဆွဲပြုတ်မကျွေးတော့ပဲ ရေခဲမုန့်ကျွေးလိုက်သည်။ iPad ကိုကြည့်ရင်းမှ ရေခဲမုန့်ကိုစား
သည်။ ထို့ကြောင့် ခေါက်ဆွဲပြုတ်ကို နွှေးပြီးတလုတ်စီခွန့်ကျွေးလိုက်သည်။ ထိုအခါကျမှ သတ်မှတ်ထား
သည့် အစာများကို ကုန်စင်အောင်စားပါသည်။ နှစ်ယောက်စလုံး အိပ်မောကျကုန်ပါသည်။
အငယ်ကောင်နိုးလာသည်။ ငိုသည်။ သေးစိုသောကြောင့်ဖြစ်သည်။ အနှီးလဲပေးလိုက်သည်။ နို့တိုက်သည်
အနည်းငယ်မျှသာသောက်ပြီးငိုသည်။ မိခင်ဖြစ်သူပြန်ရောက်လာပါ၏။ ကလေးကို ပွေ့ချီရန်အချိန်မရ။
အခန်းထဲတွင် နို့ညှစ်ကရိယာဖြင့် တဘွမ်းဘွမ်းညှစ်နေသည်ကို အခန်းအပြင်ဘက်မှ အတိုင်းသားကြားနေရ
သည်။ ညှစ်ပြီးသွားသည်နှင့် ရေခဲသေတ္တာအတွင်းသို့ ကပြာကယာထည့်ပြီး အလုပ်ရှိရာသို့ သွားသည်။
ငိုနေသောအငယ်ကောင် အငိုမရပ်သဖြင့် ဘွားအေဖြစ်သူ၏ရင်ခွင်ထဲမှ အကျွန်ုပ်၏ရင်ခွင်အတွင်းသို့ ချီပွေ့
လိုက်သောအခါ အငိုတိတ်ပါသည်။(မော၍ဖြစ်မည်) အငယ်ကောင်အငိုတိတ်နေစဉ် အကြီးမနိုးလာသည်။
ဘိုးအေဖြစ်သောအကျွန်ုပ်နှင့် ဘွါးအေဖြစ်သူကို တချက်စီခဏတာမျှစူးစိုက်ကြည့်ပြီး ရုပ်ရှင်ခွေတခွေကိုယူ
လျှက် စက်အတွင်း ထည့်နေသဖြင့် မထည့်ရန်ပြောလိုက်သည်။ မရပါ။ မှုံကုတ်ကုတ်လုပ်နေသည်။
ဘွါးအေက ရေချိုးရန်ခေါ်သည်မလာပါ။ ထို့ကြောင့် ဘွါးအေအား အကြီးမကိုပွေ့ချီထားရန် ပြောလိုက်သည်။
ထိုသို့ပွေ့ချီလိုက်သည်နှင့်တပြိုင်နက် အကြီးမသည်ဝမ်းနည်းပက်လက်ဖြင့် ရှိုက်ကြီးတငင်ငိုကာ ဘွားအေ
ဖြစ်သူအားမလွှတ်စတမ်း ဖက်တွယ်နေလေတော့သတည်း။
ဟုတ်ကဲ့ပါ။ ဘာမျှမထူးဆန်းတာကို ရေးပြလိုက်မိပါတယ်။ ဒီကလေးငယ်လေးတွေရဲ့ အခြေအနေကိုကြည့်
လိုက်တဲ့အခါမှာ ခေတ်ပေါ်ကစားစရာ ပစ္စည်းအစုံအလင်၊ အာဟာရပြည့်ဝတဲ့ အစားအသောက်အပြည့်အ
စုံနဲ့ ကလေးဘ၀ကိုဖြတ်သန်းနေရယုံလေးနဲ့ သူတို့လေးတွေရဲ့ အနာဂါတ် ပြည့်စုံကောင်းမွန်လာနိုင်ပါ့မလား
ဆိုတာ တွေးမိပြန်ပါတယ်။
ဒီလိုမိသားစုမျိုးထဲက ဒီလိုကလေးငယ်တွေရဲ့အဖြစ်မျိုး ဒီခေတ်ဒီကာလမှာ ဘယ်လောက်များရှိနေပါပြီလဲ။
ကျုပ်တူမလေးအလုပ်က ပြန်လာပါပြီ။ အကြံပေးလိုက်မိပါတယ်။
သမီးရေ ကလေးတွေကို ရင်ခွင်ထဲပွေ့ချီပေးဘို့ အချိန်လေးဘာလေးထားဦးနော်။
အကြီးမက စကားမပြောတတ်သေးပေမယ့် သူ့မောင်လေးကို ငါချီတာကြိုက်ပုံမရဘူး။
စိတ်ကောက်နေတာကိုသိလို့ သမီးရဲ့အဒေါ်ကိုချီခိုင်းလိုက်တော့ သူလေ သူ့အဘွားကို အတင်းပြန်ဖက်ပြီး
ငိုနေလိုက်တာအကြာကြီးပဲ။
ပိုက်ဆံရှာတာလည်း ရှာတာပေါ့နော်။
ကလေးတွေကို အတတ်နိုင်ဆုံး ဂရုစိုက်ဘို့လည်း သတိရကြဦး။
အဲဒီလိုပြောလိုက်တော့ သူ့သမီးအကြီးမကို စွေ့ကနဲပွေ့ပြီး မျက်ရည်အ၀ဲသားနဲ့ ရွှတ်ကနဲနေအောင် ပါးပြင်
ကို နမ်းလိုက်ပါတော့တယ်။ ပြီးတော့ သူပြောလိုက်တာက မှန်ပါတယ်ဦးလေးရယ်၊ ဒါပေမယ့်လေ ဘခင်မဲ့
ဘ၀နဲ့ မိခင်စွန့်ပစ်ခံရတဲ့ သမီးရဲ့ဘ၀နဲ့စာရင် ဦးလေးရဲ့မြေးက အများကြီးသာပါသေးတယ် တဲ့။
ဟုတ်တာပေါ့၊ သိပ်ဟုတ်တာပေါ့၊ ကျုပ်ညီက ဗမာစစ်တပ်နဲ့ရင်ဆိုင်တိုက်ပွဲတခုမှာ ကျဆုံးတယ်၊ ကျုပ်ရဲ့ခယ်
မ(ကျုပ်ညီရဲ့ဇနီးသည်) ဘန်ကောက်တက်ပြီးငွေရှာလိုက်တာ ကြက်ပျောက်ငှက်ပျောက်။ ကျုပ်တူမလေးခ
မျာ ကျုပ်အဖေနဲ့အမေတို့လက်ပေါ် ကျည်ဆံတွေကြား ငတ်တလှည့်ပြတ်တလှည့်နဲ့ လူလားမြောက်ခဲ့ရရှာ
ပါတယ်။
တိုက်ပွဲတွေမှာ တော်လှန်ရေးတပ်မတော်ဘက်ကချည်း ကျဆုံးရတာမဟုတ်ပါဘူး။ ဗမာ့တပ်မတော်သား
တွေလည်း ကျဆုံးကြတာပါပဲ။ ကျဆုံးသွားကြရသူတို့ရဲ့ ကလေးငယ်တွေ အချိန်တန်အရွယ်ရောက်လာလို့
အိုးသစ်အိမ်သစ်ထူပြီး မျိုးဆက်သစ်တွေကို ပျိုးထောင်ကြရတဲ့အခါ ဒီကနေ့ဖြစ်ပေါ်နေတဲ့ လူတွေဖန်တည်း
လိုက်တဲ့ လူမှုရေးပဋိပက္ခနဲ့ ရုပ်ဝတ္ထုအပေါ် အလွန်အကျွံရှေ့တန်းတင်မှုတွေကြား ဒီအတိုင်းဆက်သွားနေ
ကြရမယ်ဆိုလျင် နောင်လာမည့် ဆယ်စုနှစ် ၃ခုလောက်ဆိုလျင် ဘာတွေဖြစ်လာမလဲဆိုတာ စဉ်းစားနေ
ရင်းနဲ့ပဲ။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)