• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, October 27, 2013

စိုးစိတ်

Source Photo from http://www.google.com/images

စိုးစိတ်

October 27, 2013
Sunday
By မင်းစိုးစံ

စိုးရိမ်စိတ်နဲ့ပတ်သက်လို့ စကားပုံတွေ အများအပြားရှိတာကို သိကြမှာပါ။
ထိုင်နေတော့အကောင်းသား ထသွား မှ ကျိုးမှန်းသိ ဖြစ်နေပါဦးမယ်။
သေချင်တဲ့ကျား တောပြောင်း ဖြစ်ကုန်မှဖြင့်။
ကြမ်းကျွံလျင် နှုတ်လို့ရတယ် နှုတ်ကျွံလျင်နှုတ်လို့မရဘူး ဆိုတဲ့ သတိပေးစကားမျိုးတွေ။
နေ့ပြောနောက်ကြည့် ညပြောအောက်ကြည့် ဆိုတာမျိုး တွေက ကျုပ်တို့လူမျိုးတွေအတွက် စိုးရိမ်စိတ်တပွေ့တ
ပိုက်ကြီးနဲ့ နေထိုင်နေရတဲ့လူနေမှုစနစ်ကို ဖေါ်ပြနေရတယ်လို့ ယူဆစရာဖြစ်နေပါတယ်။

အဲဒီလိုယဉ်ကျေးမှုစနစ်ကို မကောင်းတဲ့စနစ်လို့ဆိုလိုတာမဟုတ်ပေမယ့် အဲဒီစနစ်ကြောင့် မပြောရဲမဆိုရဲဖြစ်လာ
ရာကနေ မပွင့်မလင်းတွေဖြစ်ကုန်ပြီး မဖြစ်သင့်မဖြစ်ထိုက်တာတွေဖြစ်ရတာမျိုးတွေ ဖြစ်ရ/ မဆုံးရှုံးမပျက်ဆီးသင့်
တာတွေ နစ်နာဆုံးရှုံးရတာမျိုးတွေ ကြုံရတတ်ပါတယ်။
ဥပမာပေါ့နော် သူငယ်ချင်းတယောက်ရဲ့ အသက်မပြည့်သေးတဲ့ သမီးလေးတယောက် မယားရှိတဲ့လူတယောက်နဲ့
ပါသွားတယ်ဆိုပါစို့ အဲဒီအကြောင်း ကျုပ် သိနေတာကြာပြီဗျ ခင်ဗျားကို ပြောမလို့ပဲ တော်ကြာ ကျုပ်ကို တမျိုးထင်
ကုန်မှာစိုးလို့ မပြောတာ။ ဆိုတဲ့စကားမျိုး အဖြစ်မျိုးက မဖြစ်သင့်မဖြစ်ထိုက်တဲ့အဖြစ်မျိုး ဖြစ်ရတာမဟုတ်ပါလား။

စိုးရိမ်စိတ်ဆိုတာ လူတိုင်းမှာအနည်းနဲ့အများကိုယ်စီရှိကြမှာပါ။ စိုးရိမ်ပုံတွေကတော့ မတူနိုင်ကြပါဘူး။ စားစရာမရှိ
လို့ ပူနေရတဲ့စိုးရိမ်စိတ်ရှိတဲ့လူတွေရှိနိုင်သလို ထားစရာမရှိလို့ ပူနေရတဲ့လူတွေလည်း ရှိနိုင်ပါတယ်။ အဲဒါနဲ့ ဆက်
စပ်ပြီးတော့မှ လောကမှာ သေရမှာကို ကြောက်တဲ့လူနဲ့ သေရမှာကို မကြောက်တဲ့လူဆိုပြီးတော့ နှစ်မျိုးရှိတယ်လို့
ဆိုပါတယ်။
အဲဒီနှစ်မျိုးထဲကမှ သေရမှာကိုကြောက်တဲ့လူက နှစ်စား၊ မကြောက်တဲ့လူက နှစ်စားရှိတယ်လို့လည်း ဆိုပါတယ်။ တနည်းအားဖြင့် စိုးရိမ်စိတ်နဲ့ပတ်သက်လို့ နှစ်မျိုးနှစ်စားရှိတယ်ဆိုတာကို နားလည်မိပါတယ်။
သေမှာကြောက်တဲ့လူနှစ်မျိုးထဲက ပထမတမျိုးက မိမိရရှိပိုင်ဆိုင်ထားတဲ့အရာမှန်သမျှကို ခုံမင်တွယ်တာစွဲလန်းပြီး
သေရမှာကိုကြောက်နေတဲ့လူနဲ့ လူ့လောကကောင်းကျိုးအတွက် အများအကျိုးအတွက် ဘာတခုမျှ မလုပ်ရသေး
ပါလားဆိုပြီး တွေးရင်း အဲဒီအလုပ်တွေ မပြီးပြတ်သေးခင်မှာ သေသွားမှာကို စိုးရိမ်တဲ့လူဆိုပြီးရှိတယ်လို့ ပြောပါ
တယ်။

သေမှာမကြောက်တဲ့လူနှစ်မျိုးကတော့ ငါဟာ လူ့လောကကောင်းကျိုးကို ဆောင်ရွက်နိုင်သလောက်၊ ဆောင်ရွက်
ချင်သလောက် ဆောင်ရွက်ပြီးခဲ့ပြီ၊ ဒီတော့ ငါသေပျော်ပြီဆိုတဲ့လူမျိုးနဲ့ လောကမှာလူဖြစ်လာတယ်ဆိုတာ လူ့လော
ကစီးဇိမ်ကိုအပြည့်အ၀ခံစားနိုင်ဘို့ အရေးအကြီးဆုံးပဲ တနေ့လူတိုင်းသေရမှာ ကောင်းတာလုပ်လည်းမထူးဘူး၊ မ
ကောင်းတာလုပ်လည်း ဘာမျှမဖြစ်ဘူး ဆိုပြီး သေရမှာကိုမကြောက်တာမျိုးလို့ သိရပါတယ်။

နွားကျောင်းသားသည် နှင်တံဖြင့် နွားတို့ကို ကျက်စားရာမြက်ခင်းသို့နှင်သကဲ့သို့၊ အိုခြင်း သေခြင်းသည် သတ္တ၀ါ တို့၏အသက်ကို သေမင်းနိုင်ငံသို့ ပို့နှင်၏။ ဆိုသလို ၃၁ဘုံအတွင်းမှာ လူလာဖြစ်နေရပြီး အသက်အရွယ် အိုမင်း
မစွမ်းဖြစ်လာနေတဲ့ စစ်အာဏာရှင် ဦးသန်းရွှေတယောက် ဗမာ့နိုင်ငံရေးကို ရတက်မအေးဖြစ်နေတယ်ဆိုပြီး ဦး
သန်းရွှေမိသားစုကို သွားကန်တော့တဲ့ သူရဦးရွှေမန်းပြောတာကို အားလုံးသိကြမှာပါ။
ဒီကနေ့ ဗမာနိုင်ငံရဲ့ လက် ရှိနိုင်ငံရေးအပေါ် စစ်အာဏာရှင်ကြီးတွေထဲကတဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ
စိုးရိမ်နေရတာဘာကြောင့်လဲ ဘာအတွက်လဲ ဆိုတာစမ်းစစ်ကြည့်လိုက်တဲ့အခါမှာ ကျုပ်မြင်တာကတော့ ကောင်း
တဲ့အလားအလာမျိုးဖြစ်စရာ အကြောင်းမရှိပါဘူး။
ဗမာပြည်ရဲ့အနာဂါတ်အခြေအနေဟာ ကောင်းလာစရာမရှိတဲ့အပြင် ဆိုးရွားတဲ့ခြေအနေမျိုးရောက်ဘို့ရှိနေလေမ
လားလို့ တွေးမိပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှည်လည်းဖြစ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်ရဲ့
ဥက္ကဌလည်းဖြစ်တဲ့ ဦးသိန်းညွန့်က နိုင်ငံရေးခေါင်းဆောင်တွေဟာ မိမိကိုယ်ကို မိမိဝေဘန်ဘို့ပဲလိုတယ်၊ ငါလုပ်
လို့ရှိလျင် ပြောင်းလဲလာမလား၊ သူ့ကြောင့်လွှတ်တော်ကိုတက်ပြီး အခုလိုအခြေအနေမျိုးလုပ်နိုင်သလား၊ ဘယ်
လိုဖိအားပေးပါ ညာလိုဖိအားပေးပါ ဆိုတဲ့အသံကြောင့် လမ်းပြမြေပုံ ၇ချက်ချမှတ်ခဲ့တဲ့ ဦးသန်းရွှေအနေနဲ့ စိုးရိမ်
မယ်ဆိုတာ သဘာဝကျပါတယ်။ ဆိုပြီး သူ့အမြင်ကိုပြောသွားတာကြားလိုက်ရပါတယ်။

သူရဦးရွှေမန်းပြောစကားအရ မဖြစ်သင့်တာတွေ မဖြစ်ရအောင်ဆိုကတည်းကိုက ဒါဟာ သူချမှတ်ခဲ့တဲ့လမ်းပြမြေ
ပုံဆိုတာကို မဖြစ်မနေလုပ်ဘို့ ရာဇသံပေးလိုက်တာမျိုးလို့ ယူဆနိုင်စရာရှိပါတယ်။
ဘာကြောင့်လဲဆိုတော့ ဦးသန်းရွှေမှာ လက်ကိုင်တပ်ရှိတယ်။ အဲဒီတပ်ဟာ လက်ရှိတပ်မတော်မှာ ကိုင်စွဲနေတဲ့
လက်နက်တွေထက် ပိုမိုခေတ်မှီ အစွမ်းထက်တယ်။
နယ်စွန်နယ်ဖျားမှာလုပ်တဲ့ စစ်ဆင်ရေးတွေအတွင်း ရွာတွေမှာ မိဘတွေထွက်ပြေးလို့ ကျန်ရစ်ခဲ့တဲ့ကလေးငယ်
တွေကို ခေါ်ယူခဲ့ပြီးအသေအခြာလေ့ကျင့်သင်ကြားထားတာကြောင့် အမိန့်ကိုနာခံတဲ့နေရာမှာ လက်မရွံ့တပ်သား
တွေဖြစ်တဲ့အတွက် တပ်မတော်ထဲက ကြီးကြီးမာစတာတွေတောင် ကြောက်ရတဲ့အကြောင်း ဆိုက်ဒ် တခုမှာဘတ်
ခဲ့ရဘူးပါတယ်။

တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ သမ္မတဦးသိန်းစိန်က စစ်တပ်ကို တိုက်ပွဲရပ်ထားဘို့ ဘယ်လို ပဲ
ပြောပြော ဘယ်လောက်ပဲအမိန့်ပေးပေး တပ်ကနားမထောင်တာ ဦးသန်းရွှေရဲ့သြဇာအရှိန်အ၀ါကြောင့်များလား ဆို
တာ စဉ်းစားစရာတခုလိုဖြစ်နေပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဦးစိုင်းညွန့်လွင်ပြောတာက တိုင်းပြည်အတွက်လား သူ့အတွက်လား မ ကွဲပြားဘူးဖြစ်နေတယ်၊ တိုင်းပြည်အတွက်ဆိုလျင်တော့ ချီးကျူးရမယ် ကြိုဆိုရမယ်၊ သူ့အတွက်ဆိုလျင်တော့ ဒီ ကိစ္စကို သိပ် စိတ်မ၀င်စားပါဘူး။ သူလုပ်ခဲ့တဲ့အခြေခံဥပဒေက တကယ့်လက်တွေ့မှာသုံးလို့မရဘူး။ တိုင်းပြည် ညီညီညွတ်ညွတ်မဖြစ်ဘူး။ ဆိုတာကို ပြောသွားသံကြားလိုက်ရပါတယ်။

စိတ်မ၀င်စားလို့ မရနိုင်ပါဘူး၊ တိုင်းပြည်အတွက်မဟုတ်သလို သူ့အတွက်လည်းမဟုတ်ဘူးပဲထား ကျန်ရစ်ခဲ့မယ့်
သူ့အသိုင်းအ၀ိုင်းအတွက် စိတ်ချခိုင်လုံတဲ့အနေအထားမျိုးရောက်အောင် ပြင်ဆင်ထားတာတွေကို အပျက်ခံနိုင်
မှာမဟုတ်တဲ့အတွက် ဦးသန်းရွှေစိုးရိမ်တဲ့ကိစ္စကို အမှုမဲ့အမှတ်မဲ့ထားလို့မဖြစ်နိုင်ပါဘူး။
ပြီးတော့ စစ်အာဏာရှင်ဖြစ်သူပီပီ တိုင်းပြည်အတွက်စိုးရိမ်တာပဲဖြစ်ဖြစ် သူ့အတွက်စိုးရိမ်တာပဲဖြစ်ဖြစ် ကောင်းတဲ့
စိုးရိမ်ခြင်းမျိုးတော့ မဖြစ်နိုင်ပါဘူး။
ဒါကြောင့်လည်းပဲ ရှစ်ဆယ့်ရှစ်မျိုးဆက်ငြိမ်းချမ်းရေးနဲ့လူမှုရေးအဖွဲ့အစည်းခေါင်းဆောင် ကိုဂျင်မီက စိုးရိမ်တာကို စိုးရိမ်ပါ အဲဒီ စိုးရိမ်မှုအဆင့်မှာပဲရပ်ပါ အဲဒါထက်ကျော်ပြီး အကောင်အထည်ဖေါ်တာမျိုးတော့ မလုပ်ပါနဲ့ ဆိုပြီး
ပြောသွားတာ ဖြစ်တယ်လို့ ထင်ပါတယ်။

ဆရာတော် ဦးဉာဏိဿရ ဟောကြားခဲ့ဘူးတဲ့ တရားတော်တွေထဲက လိပ်ကလေးလိုနေ ဆိုတဲ့တရားတော်ကို
နာဘူးကြပါလိမ့်မယ်၊ အသံကိုကြားလျင် ကြားတယ်လို့မှတ်၊ ဘာသံလဲ။ ယောက်ျားသံလား။ မိန်းမသံလား။ အဲဒီ
လူက ဘယ်သူလဲ။ ထောက်လှမ်းရေးလား။ အရပ်အမောင်းကဘယ်လိုလဲ။ နိမ့်လား။ မြင့်လား။ ဆက်ပြီးမတွေးနဲ့
တဲ့။

ဦးသန်းရွှေက လိပ်လိုကိုယ့်အတွက်သာမက သားစဉ်မြေးဆက်အတွက် မတရားတဲ့နည်းလမ်းနဲ့ရှာဖွေစုဆောင်း
ထားခဲ့ပြီးသားဆိုတော့ အသံကြားလျင် ကြားတဲ့နေရာမှာ နားထားလို့မဖြစ်နိုင်တော့ပါဘူး။ လေတိုးသံကြားလျင်
ဒီလေတိုးသံဟာ ဘယ်လိုလေတိုးသံလဲ။ သစ်ရွက်တွေကို တိုးဝှေ့ပြီးလာတာလား။ လေချွန်သံလား။ သစ်ရွက်ကို
ပွတ်တိုက်ပြီးလာတဲ့အသံဆိုလျင် ဘယ်နေရာက သစ်ရွက်တွေကို လေတိုးတာလဲ။ အဲဒီသစ်ပင်တွေရဲ့ နောက်မှာ
ဘာတွေရှိလဲ။ လူနေအိမ်လား။ အဆောက်အဦးလား။ အဲဒီလူနေအိမ်နဲ့အဆောက်အဦးတွေမှာ ဘယ်လိုလူတွေ
နေသလဲ။ ဘာတွေလုပ်ကိုင်စားသောက်ကြသလဲ။ ဘယ်လိုအဆက်အသွယ်တွေရှိသလဲ။ လဲပေါင်းများစွာ လား
ပေါင်းများစွာနဲ့ နောက်ဆုံးထွက်သက်ကို စောင့်နေတာဖြစ်လေတော့ လိပ်ကလေးလို ငြိမ်နေမှာမဟုတ်ဘူးဆိုတာ
အသေအခြာပါ။

သတ္တ၀ါတို့သည် ချမ်းသာကို အလိုရှိကုန်၏ ၊ မိမိ၏ချမ်းသာကို ရှာလျက် သူတပါးတို့ကို တုတ်၊ လှံတံဖြင့် ညှင်း ဆဲသောသူသည် တမလွန်ဘ၀၌ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို မရလေ။ ဆိုသလို နောင်ဘ၀ကို ယုံ
သည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည်ဖြစ်စေ၊ မယုံမကြည်မကိုးမကွယ် သည်ဖြစ်
စေ၊ သေရမှာကိုကြောက်သည်ဖြစ်စေ၊ မကြောက်သည်ဖြစ်စေ၊ ကိုဂျင်မီပြောသလို စိုးရိမ်တဲ့နေရာမှာ ရပ်နေသည်
ဖြစ်စေ၊ အကောင်အထည်ဖေါ်သည်ဖြစ်စေ ဦးသန်းရွှေအတွက်ကတော့ ပေါက်တဲ့နဖူး မထူးတော့တဲ့ အခြေအနေ
မျိုးရောက်နေသလို ကျုပ်တို့အခြေခံလူထုတွေကလည်း ဦးသန်းရွှေရဲ့ စိုးရိမ်စိတ်ကိုစောင့်ကြည့်နေရုံ သက်သက်
လုပ်နေရုံမဟုတ်ပဲ ဘယ်လိုကြိုတင်ကာကွယ်ထားကြမလဲဆိုတာကိုပါ ဦးဏှောက်မုန်တိုင်းဆင်ဘို့လိုအပ်နေပြီ ဖြစ်
ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)



ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။