October 06, 2013
Sunday
သုံးသပ်ပေးပါ
By မင်းစိုးစံ
ရွှေနတ်တောင် အထက်တန်းကျောင်းသည် မော်လမြိုင်မြို့နှင့် မုဒုံမြို့သွား ကားလမ်းမကြီး၏ နံဘေးတနေရာ တွင်တည်ရှိပြီး မော်လမြိုင်မြို့မှမုဒုံမြို့သို့လာမည်ဆိုပါက လက်ျာဘက်တွင် တည်ရှိပါသည်။ ကားလမ်းမ၏ လက်ဝဲဘက် အထက်တန်းကျောင်း၏ မျက်နှာခြင်းဆိုင်တည့်တည့်ခန့်တွင် ထောက်ပံ့နှင့် ထောက်ပို့တပ် ရှိ
ပါသည်။ ထိုကျောင်းသို့ တပ်ဝင်းအတွင်းရှိ ကလေးသူငယ်များနှင့် အနီးအနားရှိကျေးရွာများမှ ကလေးသူ
ငယ်များ လာရောက်စာသင်ကြားကြသည်။
ကိုက္ကိုလ်ပင်အိုကြီးများသည် ထိုကားလမ်းတလျှောက် ဘေးတဘက်တချက်တွင် ပေါက်ရောက်လျှက်ရှိပြီး၊ စိန်ပန်းပင်ကြီးများက ကျောင်းရှေ့ကို အလှဆင်နေပါသည်။ လမ်းဘေးဝဲယာ တစ်လျှောက် စစ်တပ်မှသိမ်း
ယူထားသည့် မြေများကို တပ်ပိုင်မြေ မကျူးကျော်ရ ဟူသောဆိုင်းဘုတ်များဖြင့် သံဆူးကြိုးဝင်းအတွင်း ထီး
ထီးမားမားကြီးစိုက်ထူ သိမ်းဆည်းထားသည်ကို တွေ့ရပါသည်။
အထက်တန်းကျောင်းအလွန် အတန်ငယ်စည်ကားသည့် ဈေးတန်းကို တပ်ဈေး ဟုအမည်ပေးထားသော် လည်း အရပ်သားများက ရခိုင်ကုန်းဈေး ဟုသာ သိထားကြသည့်ဈေးဆိုင်ခန်းအနည်းအကျဉ်းသာရှိသော
ဈေးတန်းသည် မနက်ခင်းများ၌ ဈေးရောင်းဈေးဝယ်များဖြင့်ဆူညံနေလေ့ရှိပါသည်။
မော်လမြိုင်မှ မုဒုံသို့ပြေးဆွဲသည့်ကားများအနက် အမှတ်(၃)ကားသည် မုဒုံမြို့နယ် ခရွန်းကျေးရွာ၌ ဂိတ်ဆုံး
ပါသည်။ ထိုစဉ်အချိန်က အကျွန်ုပ်သည် ခရွန်းကျေးရွာနှင့် ကြာအင်းကျေးရွာကြား၌ရှိသည့် မော်လမြိုင် စက်မှုလက်မှုအထက်တန်းကျောင်းဝင်းအတွင်းမှ ရွှေနတ်တောင်အထက်တန်းကျောင်းသို့ ကျောင်းတက်နေ
သည့် အလယ်တန်းကျောင်းသားဖြစ်ပါသည်။
တနေ့သောအခါသမယ၌ အကျွန်ုပ်တို့၏ ဆရာဖြစ်သူသည် ဒုတိယအစမ်းစာမေးပွဲ နီးကပ်လာပြီ ဟုဆိုကာ
၎င်းသင်ကြားပို့ချသည့် ဘာသာရပ်နှင့်ဆိုင်သည့်မှတ်စုစာအုပ်များကို ထုတ်ယူစေလျှက် အလွတ်ကျက်မှတ်
ရန် ပြောဆိုပါသည်။ ထိုသို့ကျက်မှတ်ခိုင်းရာ၌ မှတ်စုတအုပ်လုံးနီးပါးခန့်ဖြစ်နေသဖြင့် အကျွန်ုပ်တို့၏ အ
တန်းသားတဦးမှ ဆရာဖြစ်သူကို ဤသို့ဆိုပါသည်။
ဆရာ... ဆရာကျက်ခိုင်းတာတွေက များလိုက်တာဆရာရာရယ်၊ ပေးထားတဲ့အချိန်အတွင်း ရအောင် အ
ကုန်ကျက်ဘို့ မလွယ်ပါဘူး။ နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလားဆရာ....။
အကျွန်ုပ်တို့၏ဆရာသည် ထိုကျောင်းသားပြောဆိုသမျှကို နားစိုက်ထောင်ပြီးနောက် ဤသို့ဆိုပါသည်။
သေသေခြာနားထောင်၊ လူတစ်ယောက်ကို ထမင်းနည်းနည်းကလေးကျွေးလို့ ဗိုက်မ၀နိုင်ဘူး။ ဒီလူ ၀၀လင်
လင်စားနိုင်အောင် ထမင်းများများကျွေးမှ ဖြစ်မယ်။ ထမင်းဝမှ အဲဒီလူဟာ အလုပ်ကောင်းကောင်းလုပ်နိုင်
မယ်။ မင်းတို့ကို စာများများကျက်ခိုင်းတာဟာ ဒီအစမ်းစာမေးပွဲမှာ မင်းတို့ကောင်းကောင်းဖြေနိုင်အောင်လို့
ဆိုတာနားလည်ထားလိုက်ပါ။ ဟုတ်တယ်မဟုတ်လားဟေ့။
ဟု ရှင်းလင်းပြောဆိုရင်း မေးလိုက်သောကြောင့် အကျွန်ုပ်တို့အားလုံးသည် ဟုတ်ပါတယ်ဆရာ ဟု သံပြိုင်
ဖြေကြားလိုက်ကြပါသည်။
ဆရာဖြစ်သူကို မေးမြန်းတောင်းပန်မိသော ကျောင်းသားသည် စိတ်မသက်မသာဖြင့် ထိုင်ခုံပေါ်သို့ လေးတွဲ့
စွာထိုင်ချလိုက်ပါတော့သည်။ ထိုခဏအတွင်း၌ပင် ကျောင်းသူတစ်ဦးမှ ဆရာဖြစ်သူကို ဤသို့ပြန်လည်မေး
မြန်းပါတော့သည်။
ဆရာ.....။ အဲဒီလူကို ထမင်းတွေအများကြီးစားခိုင်းလို့ အစာမကြေဖြစ်ပြီး ၀မ်းဖေါဝမ်းရောင် ဖြစ်နေမယ်ဆို
လျင် ကျွေးတဲ့လူက ခံရမှာလား၊ စားတဲ့လူက ခံရမှာလား ဆရာ။
အဆိုပါမေးခွန်းကြောင့် ဆရာဖြစ်သူသည် လူကြီးရှက်လျင် ရယ်(ရီ)သည်၊ ကလေးရှက်လျင် ငိုသည် ဟူ သည့်ရှေးဆိုရိုးစကားအတိုင်း ရယ်ကျဲကျဲလုပ်လျှက် ဤသို့ဆိုပါသည်။
မင်းတို့တတွေဟာ လူပျင်းတွေပဲကွ။ ဒီစာကလေးနည်းနည်းပါးပါးကိုတောင် မကျက်နိုင်ဘူးဆိုလျင် မင်းတို့
ရဲ့ ရှေ့ဘ၀ခရီး ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး။ လျှာမရှည်နဲ့ ရအောင်ကျက်ခဲ့။ ငါ့ဘာသာမှာကျ လို့
ကတော့လား ကြိမ်လုံးစာမိပြီသာမှတ်။
ဟု ပြောဆိုကာ စာကို ဆက်လက်သင်ကြားပြသပါတော့သည်။
စာရှုသူသည် ကျောင်းဆရာတဦးဖြစ်နေမည်ဆိုပါက ကျောင်းသားငယ်လေး၏ ပြောကြားချက်အပေါ် မည်
သို့ ပြန်လည်ပြောကြားပါမည်နည်း။
ထို့နည်းတူ ကျောင်းသူငယ်လေး၏ မေးခွန်းကို မည်သို့ ပြန်လည်ပြောဆိုပါမည်နည်း။
စာရှုသူသည် စာသင်သားတဦးဖြစ်နေပါက ဆရာဖြစ်သူ၏ ပထမဦးဆုံး စာကျက်ခိုင်းသည့်အပေါ် မည်သို့
ပြောဆိုဆွေးနွေးသင့်သည်ဟု ယူဆပါသနည်း။
ဒုတိယအနေဖြင့် ရမှတ်ကောင်း ရရန်စာကျက်ခိုင်းမှုအပေါ် မည်သို့ဆွေးနွေးပြောဆိုပါမည်နည်း။
တတိယအနေဖြင့် နောက်ဆုံးပြောဆိုလိုက်သည့် ဆရာဖြစ်သူ၏ ဆိုဆုံးမမှုအပေါ် မည်သို့ ပြန်လည်ခြေပလို
ပါသနည်း။
စာရှုသူသည် ပညာရေးဌာန၏ တာဝန်အရှိဆုံးသူတဦး ဖြစ်မည်ဆိုပါက ဖေါ်ပြပါပြဿနာကို မည်သို့ကိုင်
တွယ်ဖြေရှင်းပါမည်နည်း။
သို့တည်းမဟုတ် စာရှုသူသည် ကျောင်းသားမိဘ တဦးနေရာမှ ထိုကျောင်းဆရာကို မည်သို့သော အကြံပြု
ပြောဆိုမှုများကို ပြုလုပ်လိုပါသနည်း။
ထင်မြင်သုံးသပ်ချက်များပေးပို့လိုပါက minsoesan09@gmail.com သို့ ပေးပို့နိုင်ပြီး ပေးပို့သူတို့၏ E-mail လိပ်စာကိုဖေါ်ပြခွင့်ပြုသည့်စာ ပါမှသာ ကာယကံရှင်၏ လိပ်စာကိုဖေါ်ပြပေးမည်ဖြစ်ကာ၊ ခွင့်ပြုသည့်စာ မ
ပါရှိပါက လိပ်စာကိုဖေါ်ပြပေးမည် မဟုတ်ပါကြောင်း။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)