• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, October 4, 2013

ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းခဲ့ခြင်း


ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းခဲ့ခြင်း

October 05, 2013
Saturday

By မင်းစိုးစံ

အရာဝတ္ထုအားလုံးဟာ ငြိမ်နေတယ်လို့ထင်ခဲ့တယ်။ လှုပ်ရှားမှုမရှိဘူး၊ ပြောင်းလွဲမှုမရှိဘူး။ သက်မဲ့ တွေကို
ပြောနေတာပါ။ တခါတလေကျပြန်တော့ လှုပ်ရှားနေတဲ့သက်ရှိတွေလည်းငြိမ်နေတာကို တွေ့ရပြန်ပါတယ်။
နောက်ဆုံးတော့ သက်ရှိပဲဖြစ်ဖြစ် သက်မဲ့ပဲဖြစ်ဖြစ် ဘယ်အရာမဆို အားလုံးဟာ တစ်ခုမျှငြိမ်သက်ခြင်းမရှိ
သလို တည်ငြိမ်ခြင်းမရှိပဲ ပြောင်းလဲနေတယ်ဆိုတာ နားလည်လာတယ်။

ကားလမ်းမပေါ်ကိုကြည့်လိုက်တယ်။ ကားလမ်းဆိုတာ သက်မဲ့ပစ္စည်းဖြစ်တယ်။ ကားဆိုတာကလည်း သက်
မဲ့ ပစ္စည်းဖြစ်တယ်။ သက်မဲ့ပစ္စည်းတွေဖြစ်တဲ့ကားလမ်းပေါ်ကို ကားတွေက သွားချီလာချီလုပ်နေတဲ့အတွက်
ကားလမ်းခမျာ တချို့နေရာတွေမှာချိုင့်ခွက်ဖြစ်လိုဖြစ်၊ တခြားနေရာတွေမှာ ကွဲလိုကွဲ အက်လိုအက်နဲ့။ ကားတွေကျပြန်တော့ ဘီးတွေပွန်း၊ မှန်တွေကွဲ။ ဆိုလိုချင်တာက သက်မဲ့ပစ္စည်းတွေတောင်မှ နဂိုလ်မူလ အ
နေအထားမျိုးမှာ ကြာကြာရပ်တည်နိုင်ခြင်းမရှိပါပဲ လှုပ်ရှားပြောင်းလွဲနေရရှာတယ်ဆိုတာကိုပါ။

သစ်ရွက်တွေကို သတိထားကြည့်ပြန်တော့ ငြိမ်မလိုလိုနဲ့ လေတိုက်တိုင်း လေပြင်းလျင်ပြင်းတဲ့အလျှောက်
သူတို့ခမျာ လှုပ်ရမ်းနေရရှာတယ်။ လေငြိမ်လျင် ငြိမ်နေလိုက် လေလာလျင် လှုပ်ရှားလိုက်နဲ့ အချိန်ကာလ
တွေနဲ့အတူ စိမ်းနေတဲ့သစ်ရွက်တွေဟာ တဖြည်းဖြည်းနဲ့ တချို့ဝါလာတယ်။ တချို့နီလာပြီး တချို့ပန်းရာင်အ
ဖြစ်ပြောင်းသွားသလို အချို့ကျတော့လိမ္မော်ရောင်ဖြစ်ကုန်တယ်။
မကြာမတင်လေးမှာပဲ အားလုံးလိုလို လူသွားလမ်းနံဘေးနဲ့ မြက်ခင်းတွေပေါ်ကို ကြွကျကုန်တယ်။ သစ်ရွက်
တွေကြွေကုန်ပြီဆိုတာနဲ့ အရွက်တွေနဲ့ ဝေေ၀ဆာဆာရှိနေတဲ့သစ်ပင်တွေဟာ ရိုးတံပြိုင်းပြိုင်းနဲ့ ကျန်ရစ်ခဲ့
ရတော့တာပဲမဟုတ်ပါလား။

သက်ရှိဖြစ်တဲ့ရှဥ့်ကလေးတွေကို ကြည့်လိုက်ပြန်တော့၊ သူတို့တတွေဟာ ကားလမ်းရဲ့ ဟိုမှာဘက်ကနေ ဒီ
မှာဘက်ကိုကူးလာလိုက်၊ သည်မှာဘက်ဆီကနေ ဟိုမှာဘက်ကိုကူးသွားလိုက်နဲ့ အငြိမ်ကိုမနေတဲ့ရှဥ့်လေး
တွေလို့ ထင်နေတာ၊ တချက်တချက်ငြိမ်နေတာကို တွေ့ရပြန်တယ်။ အကြာကြီးလားဆိုတော့ မဟုတ်ပြန်
ဘူး။ တခဏအတွင်းမှာပဲ ဟိုဘက်ပြေးသွားလိုက် သည်ဘက်ပြေးလာလိုက်လုပ်နေပြန်တယ်။
သစ်ပင်ပေါ် ကနေ တမျိုး ကားလမ်းပေါ်ကနေ တဖုံ လူးလာခေါက်တုန့် လုပ်နေကြပုံများ အသည်းအေးစရာ
ကောင်းလိုက်ပါဘိသနဲ့။

တချို့မှာတော့ လာမည့်ဆောင်းရာသီအတွက် အစာလေးတွေ ကိုက်ချီပြီး ကားလမ်းကိုကူးချီသန်းချီလုပ်ရင်း
ကားကြိတ်ခံရလို့ ပြားတဲ့အကောင်ကပြား ရှပ်ထိတဲ့အကောင်ကျတော့ မသေမရှင်နဲ့ ဦးတည်ရာကိုပြေးလွှား
နေကြတဲ့အကောင်တွေက ပြေး။ လူ့ဘ၀ ဆိုတာလည်း ဒီအတိုင်းပဲ နေမှာပါလေ။

ကျုပ်စာရေးနေပါတယ်၊ ကားလမ်းပေါ်ကိုကြည့်ပြီး စာရေးနေတာပါ။ အရင့်အရင်တုန်းကတော့ Computer
ထဲ တိုက်ရိုက်ရေးထည့်လိုက်တာဖြစ်ပါတယ်။ အခုတော့ သက်မဲ့ပစ္စည်းဖြစ်တဲ့ Computer ကိုသက်မဲ့ပစ္စည်း
ဖြစ်တဲ့ Virus က ၀င်ပြီးသမ,လိုက်တဲ့အတွက် အခုလိုစာရွက်ပေါ်မှာ ရေးချနေရတာဖြစ်ပါတယ်။ သစ်ရွက်တွေကိုကြည့်လိုက် ကားလမ်းကိုဖြတ်ပြေးနေတဲ့ ရှဥ့်လေးတွေကိုကြည့်လိုက် ကားလမ်းပေါ်မှာ မျိုး
စုံနေတဲ့အကြောင်းကိစ္စတွေနဲ့ အရောင်အသွေးစုံ ပုံစံစုံ အမျိုးမျိုးသောစက်ရုံတွေက ကားပေါင်းစုံတွေ သွား
လာနေတာကို ကြည့်ရင်း စာရေးရင်းနဲ့ အချိန်တွေ မသိမသာကုန်လွန်နေတာကို သတိထားမိတယ်။

ဟုတ်ပါတယ်၊ ဒီနေရာမှာ စ,ထိုင်တုန်းက မနက်၉း၀၀နာရီ၊ အခုတော့နေ့လည် ၁၂း၀၀နာရီထိုးနေပြီ။
မနေ့တုန်းက ဒီနေရာလေးမှာထိုင်ပြီး စာရေးမယ်ဆိုတဲ့ အတွေးမျိုး မစဉ်းစားမိခဲ့ပါဘူး၊ အခုတော့ ဘယ်တုန်း
ကမျှ မစဉ်းစားခဲ့တဲ့နေရာမှာ ဘယ်သောအခါကမျှမတွေးထားတဲ့အကြောင်းအရာကို ရေးနေမိတယ်။

ဒီလိုအဖြစ်မျိုး လုပ်ရပ်မျိုး ကျုပ်ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါလုပ်ခဲ့မိသလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်။
ပထမဆုံး လွန်ခဲ့တဲ့ တစ်ပတ်တုန်းက ဒီလိုအဖြစ်မျိုးကြုံခဲ့ဘူးလေသလားပေါ့လေ။
နောက် လွန်ခဲ့တဲ့တလမှာ ကြုံဘူးလား၊ ဖြစ်ဘူးလား။
ဒါဆိုခြောက်လ၊ တနှစ်၊ သုံးနှစ်မျိုး။ ဆယ်နှစ်မျိုး။ ဆယ့်ငါးနှစ်။ နှစ်သုံးဆယ်။ မမှတ်မိ။
မှတ်မိတာတခုတော့ရှိတယ်။
နှစ်အတိအကျ မမှတ်မိပေမယ့် မမေ့နိုင်တာတော့အမှန်ပါ။ မစဉ်းစားမဆုံးဖြတ်ခဲ့ပဲ လုပ်ခဲ့မိတဲ့အ လုပ်တခု
ကို မမျှော်လင့်ပဲလုပ်ခဲ့ပါတယ်။ အဓိပ္ပါယ်မဲ့ပြီး အကျိုးမရှိတဲ့အလုပ်ကို လုပ်ခဲ့တာကိုတွေးမိလို့ တယောက်
ထဲပြုံးလိုက်ရင်း အသံထွက်အောင်ရယ်(ရီ)လိုက်မိတယ်။
ဉာဏ်တထွာတမိုက်လေးနဲ့ ဗမာပြည်ကြီးတခုလုံးကို အလုံးစုံပြောင်းပစ်မယ်ဆိုပြီး လုပ်ခဲ့တာကိုး။
ပထမဆုံး ကိုယ့်ကိုယ်ကို ပြုပြင်တယ်ပေါ့ဗျာ။

ကျုပ်တို့ငယ်ငယ်တုန်းက ကျောင်းတွေမှာ မနက်တိုင်းညနေတိုင်း တကျောင်းလုံးဆိုခဲ့ဘူးတဲ့ သီချင်းရှိတယ်
မဟုတ်လား။
မိမိကိုယ်ကို ကောင်းအောင်ကျိုးစားမည်။
မိမိအတန်းကို ကောင်းအောင်ကျိုးစားမည်။
မိမိကျောင်းကို ကောင်းအောင်ကျိုးစားမည်။
မိမိတိုင်းပြည်နဲ့လူမျိုးအတွက် ကောင်းအောင်ကျိုးစားမည်။
ဂတိလေးချက်ကိုမူတည် ဖွဲ့စည်းခဲ့တဲ့ကျောင်းကောင်စီ၊ အသင်းလေးသင်းဖွဲ့ကာအတည် ကျန်စစ်သားနဲ့
ဘုရင့်နောင် အလောင်းဘုရားနဲ့ ဗန္ဓုလ တဲ့အညီ။ ဆိုလား ဘာလား။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဘို့ဆိုတာ ပညာရေးကအဓိကဖြစ်တယ်။ ပညာရေးက စပြီးပြောင်းမှ တကယ်ပြောင်း
လဲမယ်ဆိုပြီးတော့ အခြေခံလူထုတွေကို စ,ပြီးစည်းရုံးမယ်။ အဲဒီလိုစည်းရုံးရာမှာ ကိုယ်တတ်ထားတဲ့ပညာ
ကဘာလဲ။ ဆရာဝန်လား။ ပန်းချီဆရာလား။ တံငါသည်လား။ မုဆိုးလား။ ကားဒရိုင်ဘာလား။ စသည်ဖြင့်
ပေါ့။
ဆရာဝန်ဆိုလျင်လည်း ဆေးကုရင်း လူထုကြားထဲဝင်စည်းရုံး။ ပန်းချီဆရာ၊ တံငါသည်၊ မုဆိုး၊ ဒရိုင်ဘာ
အားလုံးအားလုံးတို့ဟာ ကိုယ့်နဲ့ဆက်စပ်နေတဲ့ အသိုင်းအ၀ိုင်းကြားထဲဝင်ပြီး ပြောဆိုဆွေးနွေးအကြံဉာဏ်
ယူ အဲဒီက ရတဲ့စိတ်ကူးစိတ်သန်းတွေနဲ့ အကောင်အထည်ဖေါ်။ အဲဒီလိုတွေမြင်ပြီး သက်ကြီးစာမတတ်သူ
ပ,ပျောက်ရေးနှင့်အခြခံလူထုစည်းရုံးရေး သင်တန်း ဆိုတာကို စ,လုပ်ခဲ့ပါလေရော။

 အဲဒီအချိန်တုန်းကတော့ စီမံကိန်းတွေဘာတွေ ချလို့ပေါ့ဗျာ။ ဒီ ၄၅ရက်အတွင်းမှာ သင်တန်းသား(လူထု) ၁၀ယောက်ထဲက ၄ယောက်လောက် နားလည်းလက်ခံသွားပြီဆိုလျှင် အဲဒီလေးယောက်က နောက်ထပ် ၄၅
ရက်အတွင်းမှာ တယောက်ကို ၄ယောက်နှုန်းနဲ့ဆို ၁၆ယောက်ဖြစ်သွားမယ်။ ဒီလိုနဲ့ ၄၅ရက်ကနေ၊ တနှစ်ဆို
တဲ့ ကာလ၊ ၁၀နှစ်ကာလ၊ ၁၅နှစ်ကာလ၊ နှစ်ပေါင်း ၃၀ကြာလာလျင် ဗမာပြည်ရဲ့ပညာရေးစနစ်ပြောင်းလဲ
ပစ်နိုင်ဘို့အတွက် လူထုအတွင်းမှာ လိုအပ်နေတဲ့အတွေးအခေါ်တွေ ရလာတာနဲ့အတူ အောင်မြင်မှာအသေ
အခြာပဲ ဆိုတဲ့ စိတ်ကူး။
ဘယ်လောက်ရယ်(ရီ)စရာကောင်းလိုက်လဲ။

အခုတော့ ကျုပ်လည်း ဒေါနတောင်တန်းကြီးကို အလျင်တုန်းကလိုတက်ဘို့ ကျော်လွှားဘို့ဆိုတာ မဖြစ်နိုင်
တော့ဘူးလေ။ သစ်ရွက်တွေကြွေတာ ကားလမ်းတွေပြောင်းနေတာ ကားတွေသွားလာနေတာ အဲဒါတွေကို
ကြည့်ရင်း စာရေးလာလိုက်တာ အချိန်တွေက ကျုပ်ကိုဝါးမျိုတိုက်စားနေတာကို ပိတုံးရောင်လို မည်းနက်
နေတဲ့ဆံပင်တွေက ကြာဇံအရောင်ပြောင်းပြလိုက်ကြသလို၊ သွားတွေလည်း ပါးစပ်ထဲမှာနေနေရတာ စိတ်
ကုန်လာလို့လားမဆိုနိုင်ဘူး ခဏခဏနှုတ်ပစ်ရတာနဲ့ ကုန်သလောက်ဖြစ်နေပြီ။ အလျင်တုန်းက မတ်နေတဲ့
ဟာလည်း အခုတော့ မထောင်နိုင်တော့ဘူး။(ခါးပြောတာ)

ဟိုးလွန်ခဲ့တဲ့ နှစ်၃၀လောက်က အရာရာတိုင်းကို အစဉ်ပြောင်းလဲတိုးတက်စေရမယ်၊ အစဉ်တိုးတက်ပြောင်း
လဲနေတယ်လို့ နားလည်ခဲ့ ယုံကြည်လက်ခံခဲ့တဲ့အတိုင်း ကိုယ်လုပ်ကိုင်ဆောင်ရွက်လိုက်တဲ့ ဘယ်လိုအလုပ်
မျိုးမဆို တိုးတက်တယ်၊ အကောင်အထည်ပေါ်တယ်ဆိုလျင် ၀မ်းသာပီတိတွေဖြစ်ပြီး ငါဟာလူ့ပတ်ဝန်းကျင်
ကို အကျိုးပြုတဲ့လူတယောက်ပဲလို့ ကိုယ့်ကိုယ်ကိုဂုဏ်ယူနေတတ်သလိုပဲ လွဲချော်သွားတယ်၊ ကျရှုံးတယ်ဆို
လျင်တော့ ဒီလိုဆုံးရှုံးတာဟာ တန်ဘိုးကြီးမားတဲ့ သင်ခန်းစာဖြစ်တယ်၊ ဒါမျိုးဆိုတာက ကျောင်းစာသင်ခန်း
ထဲမှာမရနိုင်ဘူး ဆိုတဲ့ခပ်ညံ့ညံ့အတွေးနဲ့ ကိုယ့်ပေါင်ကို ကိုယ်တိုင်လှန်ထောင်းခဲ့တဲ့ အကြိမ်ပေါင်းကလည်း
မရေမတွက်နိုင်အောင်ပါပဲ။

ပိုဆိုးတာက အလုပ်လုပ်ရင် မှားမှာပဲ၊ မမှားချင်လျင် အလုပ်မလုပ်နဲ့။ အလုပ်များလျင် အမှားများမယ် အမှား
မရှိချင်လျင် အလုပ်မလုပ်နဲ့ဆိုတဲ့ အတွေးတွေနဲ့မှားလာလိုက်တာ အခုစာရေးနေတဲ့အချိန်အထိ မှားပြီးရင်း မှားနေတုန်းပါ။ နောင်တမရနိုင်တဲ့အပြင် ကိုယ့်ကိုယ်ကို ပြန်ဖြေသိမ့်နေတာက ငါ့မှာပညာရေးအဆင့်က နိမ့်
လွန်းတော့ မှားတာမဆန်းပါဘူး၊ သိပ္ပံပညာရှင်တွေတောင်မှ ကမ္ဘာကြီး တနေ့တခြားပိုပိုပြီးပူလာတာဟာ လူ
တွေရဲ့ပယောဂကြောင့်ဆိုတာကို မနေ့တနေ့ကမှ သိတဲ့ဥစ္စာ၊ သူတို့ထက်စာရင် ငါက အများကြီးတော်သေး
တယ် ဆိုတာမျိုး။

အရာရာတိုင်းဟာ တနေ့ထက်တနေ့ တရက်ထက်တရက် နာရီတိုင်း မိနစ်တိုင်း စက္ကန့်တိုင်း တိုးတက်ပျက်
ဆီးနေတယ်ဆိုတာကို လွန်ခဲ့တဲ့ နှစ် ၅၀လောက်က ကျုပ်သာသိထားခဲ့မယ်ဆိုလျင်ဖြင့်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)