Source Photo from http://www.google.com/images
October 05, 2013
Saturday
တိမ်တွေနမ်းတဲ့ ခြေတစုံ
လူဆိုတဲ့သတ္တ၀ါဟာ အင်မတန်အတ္တကြီးမားလွန်းတဲ့ သတ္တ၀ါတမျိုးဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ အသိ
ဉာဏ်အမြင့်ဆုံး သတ္တ၀ါအဖြစ် ယုံကြည်လက်ခံလိုက်တာကိုက အတ္တကြီးမားတယ်ဆိုတာ သက်သေပြနေ
တာပဲမဟုတ်ပါလား။ လူတိုင်းလူတိုင်းဟာ ကိုယ့်အကျိုးစီးပွါးကို ထိခိုက်လာမယ် ဆုတ်ယုတ်စေမယ်ဆိုလျင်
ဘယ်လိုလူစားကမျှ သည်းခံမှာမဟုတ်ဘူးဆိုတာ အမှန်ပါ။ အဲဒီတော့ မတရားတာတွေ၊ မမှန်တာတွေ၊ မ
ကောင်းတာတွေကို တရားမှုရှိအောင် မှန်ကန်မှုရှိအောင် ကောင်းလာအောင် ဆိုပြီးတော့ ကိုယ့်နည်းကိုယ့်
ဟန်နဲ့ စွမ်းဆောင်ကြတယ်။ တားဆီးကြတယ်။ ကာကွယ်ကြတယ်။
အစိုးရဆိုတဲ့လူတွေကလည်း သူတို့ရထားတဲ့ အကျိုးစီးပွါးကို နဂိုလ်ရှိရင်းစွဲထက်ပိုရလာအောင်၊ ကြိုးစားကြ
သလို သူတို့မှာရှိနေတဲ့ အာဏာတွေကို ပိုတိုးလာအောင် ပိုခိုင်အာင် လုပ်ကြပါတယ်။ အဲဒီလိုလုပ်ဆောင်
ကြရာမှာတော့ ဖြစ်နိုင်တဲ့နည်း ရနိုင်တဲ့နည်းမှန်သမျှ အတ္တကြီးမားတဲ့လူသတ္တ၀ါတွေပီပီ တရားတာမတရား
တာကိုထည့်မတွက်တော့ပဲ အားထုတ်ကြိုးပမ်းကြပါတော့တယ်။ စစ်အာဏာရှင်တွေ ကြီးစိုးလွှမ်းမိုးထားတဲ့
တိုင်းပြည်တိုင်းလိုလိုပါ။
အစပထမပိုင်းမှာတော့ အခွင့်အရေးဆုံးရှုံးနေတာကို မသိလိုက်မသိဘာသာနေကြပေမယ့် ကောင်းမှန်းသိ
သာအိတစိုစို ဆိုသလို အာဏာရှင်တွေရဲ့လောဘဇောကြောင့် တိုင်းသူပြည်သားတွေ ငတ်ပြတ်လာတဲ့အခါ
မှာတော့ ဆူပူအုံကြွမှုတွေလို့ပဲပြောပြော တော်လှန်ရေးလို့ပဲဆိုဆို ပြုပြင်ပြောင်းလွဲရေးလို့ပဲ သမုတ်ချင်သ
မုတ် အဲဒီလိုအကြောင်းအချင်းအရာတွေကြောင့် ငြိမ်သက်အေးချမ်းမှုတွေ နည်းပါးလာတာနဲ့အတူ အာဏာ
ရှင်တွေကလည်း ငြိမ် ၀ပ် ပိ ပြား အောင် လုပ်လာကြပါတော့တယ်။
ဒီလိုနဲ့ပဲ ဖိနှိပ်မှုကြောင့် ရုန်းထမှုတွေဖြစ်လာပြီး နောက်ဆုံးတော့ ဒေါနတောင်တန်းကြီးရဲ့ အနောက်ဘက်က
နေ အရှေ့ဘက်ဆီကို ဒေသပေါင်းစုံက ဘ၀မျိုးများစွာနဲ့လူတွေဟာ အလျှိုလျှို ဖြတ်ကျော်ရောက်လာခဲ့ကြ
ရပါတော့တယ်။
တချို့က လက်နက်ကိုင်တော်လှန်ရေး၊ တချို့ကျ စစ်ပြေးဒုက္ခသည်၊ တချို့ နိုင်ငံရေးဒုက္ခသည်၊ တချို့မှာက စီး
ပွါးရေးဒုက္ခ၊ တချို့ ကိုယ်ပိုင်လယ်တွေခြံတွေ စစ်တပ်သိမ်းတာခံရလို့၊ တချို့ကျောင်းဆရာ၊ တပြားမရှိတပည့်
မရှား ပီတိကိုစား အားမရှိနိုင်တဲ့ တကယ့်စေတနာရှင်ကျောင်းဆရာတွေ။ အဲဒီလူတွေဟာ ဒေါနတောင်တန်း
ရဲ့အရှေ့ဘက်ကို ရောက်လာကြပြီး မိမိကြင်လည်ရာကိုယ်စီဘ၀နဲ့ဆိုင်တဲ့ ပြောင်းလဲရေးအတွက်ပြောင်းလဲ
မှုတွေ လုပ်ကြပါတယ်။
ပြောင်းလဲလာတာတွေကတော့ ဗမာစစ်အစိုးရက ဗမာပြည်မှာ ဒုက္ခသည်မရှိဘူးဆိုပြီး နှစ်ပေါင်း ၂၀ကျော်
လောက်ကမ္ဘာကိုပြောင်ပြောင်ကြီး လိမ်ခဲ့ညာခဲ့ငြင်းခဲ့သမျှကို ဒုက္ခသည်စခန်းတွေနဲ့ သက်သေပြခဲ့ကြလို့ ဗ
မာစစ်အစိုးရတသိုက် အခုတော့ဝန်ခံသွားရပြီ။
ဗမာပြည်မှာ ပြည်တွင်းစစ်ဖြစ်တာဟာ သောင်းကျန်းသူတွေရဲ့ အကြမ်းဖက်ဆူပူမှုကြောင့်လို့ တချိန်လုံးလို
လို တဖက်သပ်ပြောနေတဲ့စစ်အစိုးရ အခုတော့ သူတို့ကြောင့်ဖြစ်ရတာပါလို့ မပြောရုံတမယ် အရင့်အရင်
တုန်းက ဗမာစစ်ဗိုလ်တွေရဲ့ မလိမ်မိုးမလိမ်မာမှုကြောင့်ပါဆိုပြီး ပြောလာရပြီ။
ပြည်သူတွေရဲ့ လယ်မြေတွေကို ခိုးယူလုယက်ဓါးပြတိုက်ခဲ့တာတွေဟာ အမှန်ပါဆိုတာကို လယ်ဧကပေါင်း
တသိန်းကျော်ကို အထောက်အထားပြနိုင်လျင် ပြန်ပေးမယ်ဆိုပြီး ပြောလာရပြီ။
ပြည်သူတွေရဲ့ငွေ အမေရိကန်ဒေါ်လာသန်းပေါင်း ထောင်နဲ့ချီပြီးခိုးယူခဲ့တာကို ဖွင့်ပြောရပြီ။
အခုလိုဖြစ်လာရတာဟာ ဒေါနအရှေ့ခြမ်းနဲ့ အနောက်ခြမ်းက ဘ၀တူပြည်သူလူထုတွေရဲ့ ပေးဆပ်မှုကြောင့်
သတ္တိကြောင့် စွန့်လွှတ်စွန့်စားကြိုးပမ်းမှုတွေကြောင့်ဆိုတာ သိသာထင်ရှားလှပါတယ်။
ဒေါနတောင်တန်းကြီးကို ဖြတ်ကျော်လာခဲ့ကြစဉ်မှာ အချို့သောခြေထောက်တွေကို တိမ်တွေနမ်းခဲ့ပါတယ်။
တချို့ခြေထောက်တွေကတော့ တိမ်တွေကိုနင်းမိခဲ့ကြပါတယ်။ သတိထားမိတဲ့သူ မရှိပါဘူး။ တိမ်တွေနမ်း
တာကို အသိအမှတ်ပြုဘို့ ခြေထောက်ပိုင်ရှင်တွေ တွေးမိခဲ့မှာမဟုတ်ပါဘူး။ တိမ်တွေကို နင်းမိခဲ့ပြီဆိုတာ
ကိုလည်း သိနိုင်ကြမှာမဟုတ်ပါဘူး။ လူအားလုံးဟာ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အရေးနဲ့ကိုယ်လေ။
ကျုပ်ကတော့ ဒေါနတောင်တန်းရဲ့အမြင့်ဆုံးတနေရာမှာ အသေအခြာရပ်ပြီး တိမ်တွေကို လက်နဲ့ဖမ်းဆုပ်ခဲ့
ဘူးပါတယ်။ စိတ်ကူးယဉ်မဟုတ်ပါဘူး။ ရေငွေ့တချို့လက်ဝါးပြင်ပေါ် ကပ်သလိုလိုခံစားခဲ့မိပါတယ်။ အကြိမ်
ပေါင်း မရေမတွက်နိုင်အောင်ပါပဲ။ တောင်ထိပ်ပေါ်မရောက်ခင်တုန်းက စိမ်းညို့ညို့တောင်တန်းပြာကြီးကို မိုး
တိမ်တွေဖုံးအုပ်ထားလို့ မှိုင်းပြပြဖြစ်နေတာကိုကြည့်ရင်း တောင်ထိပ်ပေါ်ကို ရောက်ချင်ခဲ့မိတဲ့အတွက် လူ
ကြီးတွေကို တောင်ထိပ်ပေါ်ရောက်ချင်တယ်လို့ ခဏခဏပြောနေမိပါတယ်။
လူကြီးတွေက ဘာကြောင့်ရောက်ချင်ရတာလဲလို့မေးတဲ့အခါမှာတော့ တိမ်တွေကို ကိုင်ကြည့်ချင်လို့ပါ ဆို
ပြီးရိုးရိုးအေးအေးလေးပဲ ပြန်ဖြေမိပါတယ်။
အခုတော့ ဒေါနတောင်တန်းရဲ့အမြင့်ဆုံးနေရာတွေထဲက တနေရာကိုရောက်ခဲ့ရပါပြီ။ ငယ်စဉ်ကလေးဘဝ
အရွယ်တုန်းက ရှိခဲ့တဲ့ဆန္ဒအတိုင်း တိမ်တွေဟာ ကျုပ်ဆီကိုတိုးဝှေ့လို့လာကြပါပြီ။ ကျုပ်တကိုယ်လုံးကို ပွေ့
ဖက်ကြတယ်။ တချို့ကျုပ်ရဲ့ဆံပင်ကိုနမ်းကြတယ်၊ တချို့တိမ်တွေက ကျုပ်ရဲ့မျက်နှာကိုနမ်းကြတယ်။
တချို့ကကျုပ်ရဲ့ ခြေဖမိုးကိုနမ်းကြတယ်။
ပြီးတော့ စိမ်းစိုနေတဲ့ သစ်ပင်အုပ်ထဲကိုတိုးဝှေ့သွားတယ်။ တိမ်တွေရောက်လာပြီဆိုလျင် ပတ်ဝန်းကျင်တခု
လုံးမှောင်ကုန်တယ်၊ ရေငွေ့တွေလိုမှောင်နေတတ်သလို တခါတလေ တနေကုန်အောင်မှောင်နေတတ်တာ
တွေ့ရတယ်။ ရေငွေ့ဆိုတော့ ပုဇွန်တောင်ချောင်းထဲက မနက်ဝေလီဝေလင်းအချိန်မှာ မှောင်နေတဲ့ရေခိုးရေ
ငွေ့ကိုပြောတာပါ။ ဘယ်သူက ပိုပြီးသိပ်သည်းမှုပိုကဲတယ်ဆိုတာကိုတော့ ကျုပ်မသိပါဘူး။ ကျုပ်အသိထဲမှာ
သိနေတဲ့အသိကတော့ ကျုပ်ရဲ့ခြေထောက်တစုံကို တိမ်တွေနမ်းခဲ့ဘူးတယ်ဆိုတာကိုပါ။
အဲဒီလိုတိမ်တွေရဲ့အနမ်းကို ပြန်ပြီးခံစားကြည့်ချင်မိတာ အကြိမ်ကြိမ်ပါ။ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုတာ
အသေအခြာသိလေလေ ဆန္ဒကပိုပြင်းထန်လေဖြစ်နေတယ်။ လက်တွန်းဘီးလေးနဲ့လှုပ်ရှားနေရတဲ့ အခြေ
အနေမျိုးမှာ ဘယ်လိုလုပ်ပြီးတောင်ပေါ်ကိုတက်နိုင်မှာလဲ။ တောင်ပေါ်ကိုမတက်နိုင်ပဲနဲ့ တိမ်တွေကမြေပေါ်
ကိုဆင်းလာပြီး ခြေထောက်ကို နမ်းမှာမှမဟုတ်တာ။
ဘယ်လိုပဲဖြစ်ဖြစ် တိမ်တွေကျုပ်ကိုမျှော်နေမှာပါ။ ပြီးတော့ ဒေါနတောင်တန်းကြီးကလည်း ကျုပ်ကိုပြောပြစ
ရာတွေနဲ့ စောင့်နေမယ်ဆိုတာ ကျုပ်အလိုလိုသိနေတယ်။ ဘာကြောင့်လဲဆိုတော့ ကျုပ်နဲ့သူနဲ့က ကြီးမား
ခိုင်မာတဲ့သံယောဇဉ်တွေ ရှိခဲ့ကြတာလေဗျာ။ ကျောက်လုံးကြီးစခန်းက တောင်ကျစမ်းရေကလည်း ကျုပ်
ကိုကြိုနေတုန်းဖြစ်မှာပါ။ အဲဒီစမ်းရေနဲ့ မျက်နှာအကြိမ်ကြိမ်သစ်၊ အကြိမ်ကြိမ်ခပ်သောက်၊ အကြိမ်ကြိမ် စိမ်
ချိုးခဲ့တာပဲဥစ္စာ။
တကယ်လို့များ ဒေါနတောင်တန်းကြီးနဲ့ဆုံဖြစ်ခဲ့မယ်ဆိုလျင် ကျုပ်ကိုဝမ်းသာအားရ ဆီးကြိုပွေ့ဖက်ရင်း သူ့
ရဲ့ သာယာလှပပြီး စိမ်းလန်းစိုပြည်တဲ့ ပတ်ဝန်းကျင်တွေကို တခုပြီးတခုပြနေမလား။
တိမ်တွေကလည်း အရွက်တွေစည်ဝေနေတဲ့ သစ်ပင်မြင့်မြင့်ကြီးတွေကြားပြေးလွှားရင်း ကျုပ်ရဲ့ တကိုယ်လုံး
ကိုပွေ့ဖက်နမ်းရှုံ့မှာလား။
ကျောက်လုံးကြီးစခန်းက စမ်းရေအေးလေးက သူနဲ့အတူရေစိမ်ချိုးဘို့ အမောပြေသောက်ဘို့လန်းဆန်းသွား
အောင် နားနေဘို့ပြောနေမလား စသည်ဖြင့်ပေါ့လေ။
နောက်တခုစဉ်းစားမိတာက စီးပွါးရေးတိုးတက်နေတဲ့နိုင်ငံက ဒါမှမဟုတ်လျင်လည်း အိမ်နီးချင်းနိုင်ငံ တခု
ခုက ကွန်ပျူတာအဟောင်းအစုတ်တွေ စက်ဘီးအဟောင်းအမျင်းတွေ သက်တမ်းကုန်နေတဲ့ မော်တော်ဆိုင်
ကယ်တွေ ကားအဟောင်းတွေ Plastic နဲ့တည်ထွင်ထုတ်လုပ်ထားတဲ့ လူသုံးကုန်ပစ္စည်းတွေ အဲဒီလိုအရာ
တွေကို ကရင်ပြည်နယ်က တိမ်တွေနမ်းခဲ့တဲ့ခြေထောက်ပိုင်ရှင်တွေ အတားအဆီးမဲ့ တင်သွင်းလာတဲ့အ
တွက် သူ့မှာရှိနေတဲ့ အလှတွေပျက်ဆီးနေရပါပြီ ဆိုတာကိုပြောလေမလား။
ပြီးတော့ သစ်ပင်တွေကို မဆင်မခြင်ခုတ်ပစ်တဲ့အတွက် သစ်ပင်မျိုးစိတ်တွေ တုံးကုန်ပြီဆိုတာကို ပြောမ
လား။
ဒါဆိုလျင် မိုးတိမ်တွေ ဘယ်ကိုရောက်ကုန်ပြီလဲ။
သူတို့ ဖြတ်ပြေးနေကျ သစ်ပင်မြင့်မြင့်ကြီးတွေ မရှိတော့တဲ့နောက် သူတို့ဘယ်ကိုရောက်သွားကုန်ကြပြီလဲ။
ဒါလိုဆို ကျောက်လုံးကြီးစခန်းက တောင်ကျစမ်းရေ။
သူ ရှိမှရှိသေးရဲ့လား။
တောင်တွေကို ထိုင်ကြည့်နေလို့ ဘာအကျိုးမျှမရှိဘူး၊ တောင်တွေကိုဖြိုချပြီး တိုင်းပြည်တိုးတက်အောင်လုပ်
ရမယ် ဆိုတဲ့အပြောမျိုးပြောပြီး ဒေါနတောင်တန်းကြီးကို အဘိုးထိန်မောင်တို့စခန်းချနေတဲ့ ထော့ကိုကိုး
ကွင်းပြင်ကြီးနဲ့ တပြေးညီဖြစ်သွားအောင်လုပ်ပစ်လိုက်ကြလေမလား။
ကျုပ်တိမ်တွေကို မကိုင်တော့ပါဘူး။ ကျုပ်ရဲ့မစင်ကြယ်တဲ့ လောဘတွေကြောင့်ညစ်ထေးနေတဲ့ လက်တွေနဲ့
တိမ်ကို မကိုင်တော့ပါဘူး။ မိုက်မဲလှတဲ့ အတွေးနဲ့တိမ်တွေက ခြေထောက်တွေကို လာနမ်းတာမျိုးကို ဂုဏ်
ယူမိတဲ့စိတ်မျိုး မမွေးတော့ပါဘူး။ ဒေါနတောင်တန်းကြီးရဲ့အမြင့်ဆုံးတနေရာက သစ်ပင်မြင့်မြင့်ကြီးတွေကို
တိမ်တွေလွတ်လွတ်လပ်ဖြတ်ပြေးနေတာကိုပဲ မြင်ချင်ပါတယ်။ ကျောက်လုံးကြီးစခန်းက စမ်းရေစီးသံကိုပဲ ကြားချင်ပါတယ်။ ကျုပ်မချိုးရက်တော့ပါဘူး။
ကျုပ်ပြန်လာမှာပါ ဒေါနတောင်တန်းကြီးရယ်။ ကျုပ်လေ ခင်ဗျားရဲ့ အမြင့်ဆုံးတနေရာကို ရောက်အောင်မ
သွားနိုင်တော့ပေမယ့် ခင်ဗျားရဲ့ခြေအစုံကို နမ်းခွင့်ရမယ်ဆိုလျင်ပဲ ကြေနပ်နေမှာပါ။
တိမ်တွေနမ်းတဲ့ ကျုပ်ရဲ့ခြေထောက်တစုံဟာ ဒေါနတောင်တန်းကြီးနဲ့ ဝေးတဲ့အရပ်ကိုသာလျှောက်နေခဲ့တာ
ပါ။ ဒေါနတောင်တန်းကြီး တည်တံ့လှပနေဘို့အတွက် ဘာအကာအကွယ်မှမပေးခဲ့ပါဘူး။
တိမ်တွေနမ်းခဲ့တဲ့ ခြေတစုံရဲ့ အတ္တအတွက် နားလည်ခွင့်လွှတ်ပေးနေတဲ့ ဒေါနတောင်တန်းကြီးကို အဝေးတ
နေရာကနေ ဆုတောင်းပေးလိုက်ပါရစေ။
အဲဒီဆုကတော့ တိမ်တွေနမ်းခဲ့တဲ့ခြေထောက်ပိုင်ရှင်တွေ ဒေါနတောင်တန်းကြီးကို တလှည့်ပြန်ပြီးကာကွယ်
စောင့်ရှောက်ဘို့ အသိတရားတွေရှိကြပါစေလို့။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)