Source photo from http://sitagu-mdy.blogspot.com
November 15, 2013
Friday
လှူတဲ့အခါအကျိုးများအောင် ဘယ်လိုစိတ် ထားရမလဲ
အမေး။ ။အရှင်ဘုရား….တပည့်တော် ဒါနကုသိုလ်နဲ့ပတ်သက်ပြီး မရှင်းလင်းသည့်အတွက် မေးလျှောက်ခွင့်ပြု
တော်မူပါဘုရား။
တပည့်တော် မှတ်သားဘူးသည်မှာ တိရိစ္ဆာန်ကိုဒါနပြုဘူးတဲ့သူ ဘ၀ပေါင်း ၁၀၀။ လူမိုက်ကိုဒါနပြုဘူးလျှင် ဘဝ
ပေါင်း၁၀၀၀ စတဲ့ ချမ်းသာကို ခံစားရတယ်လို့ ကြားနာခဲ့ရဘူးပါတယ်ဘုရား။
တပည့်တော်သိချင်တာက ချမ်းသာခံစားရတဲ့အပေါ်မှာ လှူဒါန်းမှုက တစ်နပ်စာလား၊ တစ်ဘ၀စာလား၊ စားမကုန်
လို့ အကြွင်းအကျန်လား ၊ စားဦးစားဖျားလား၊ ဒါမှမဟုတ် ဒါနမပြုခင် ဘယ်လို စိတ်စေတနာအထူးပေါ်မှ အကျိုးခံ
စားရတယ်ဆိုတာကို သိလိုလှပါတယ်ဘုရား။
ဇော်မင်းထိုက်
ဟတ်ယိုင်
(ထိုင်း)
အဖြေ။ ။ဒီအမေးဟာ မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ အလှူဒါနရဲ့ အကျိုးတရားဟာ ချမ်းသာကို ခံစားရတယ်ဆိုတာ မှန်ပါတယ်။ ထိုချမ်းသာ ရဖို့အတွက် အလှူရှင်ဟာ ဘယ်လိုစိတ်မျိုး ထားရမလဲ၊ အဲဒါလေးပြောမယ်။ အလှူရှင်များရဲ့ စိတ်နေစိတ်ထားဟာ (၃) မျိုး ရှိပါတယ်။
(၁) ထင်ရှားကျော်စောလိုတဲ့စိတ်နဲ့ ဒါနပြုတာပါ။
အဲဒါကို ‘ပကာသနာဒါန’ လို့ခေါ်ပါတယ်။ ရှင်းပါဦးမယ်၊ ကိုယ့်ရဲ့နာမည်၊ ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့ကုမ္ပဏီ ထင်ရှား
ကျော်စောချင်လို့ အလှူလုပ်ကြတာလဲ ရှိတယ်။
ဒါဟာ အလှူအမျိုးစားထဲမှာ ယုတ်ညံ့တဲ့အလှူမျိုးဖြစ်တယ်။ မြို့ကြီးတွေမှာဆိုရင် အနုပညာရှင်တစ်ချို့ဟာ မိမိရဲ့နာ
မည် ထင်ရှားကျော်ကြားစေဖို့အတွက် အသိုင်းဝိုင်းများစွာက လူတွေကို ဖိတ်ပြီး ဟော်တယ်တွေမှာ သိန်းပေါင်းများ
စွာ အကုန်အကျခံကာ ကျွေးမွေးကြတယ်။ အဲဒီအလှူမျိုးကို ‘ပကာသနာ’ အလှူ လို့ ခေါ်ပါတယ်။
ဘ၀သမ္ပတ္တိ ဘောဂသမ္ပတ္တိ ဆိုတဲ့ ချမ်းသာကို ရဘို့မလွယ်လှပါဘူး။
(၂) ထင်ရှားကျော်စောလိုတဲ့စိတ် မရှိပေမယ့် ဒါနပြုတဲ့အခါ လောကီအကျိုးမျှော်ကိုးပြီး လှူတာပါ။
ဒီအလှူမျိုးကို ‘ အလယ်အလတ် အလှူ’ လို့ ခေါ်ပါတယ်။
သူက ကုသိုလ်ပြုလျှင် အကျိုးကိုမျှော်ပြီး ပြုတာပါ။ လူချမ်းသာ၊နတ်ချမ်းသာ ရရပါလို၏ လို့ လောကီအကျိုးမျှော်ပြီး
လှူတာ။
အဲဒီအလှူမျိုးဟာ ဘ၀သမ္ပတ္တိ ဘောဂသမ္ပတ္တိ ဆိုတဲ့ လောကီအကျိုးတော့ ခံစားရပါတယ် ၊ နိဗ္ဗာန်ကို ဦးတည်ပြီး
တော့ မလှူတဲ့အတွက် ဒီဒါနဟာ ‘အလယ်အလတ်’ ဒါနမျိုးဖြစ်ပါတယ်။
(၃) အထက်ပါ(၂)မျိုးမပါဘဲ၊ နိဗ္ဗာန် ဦးတည်ပြီးလှူတဲ့ အလှူမျိုးဖြစ်ပါတယ်။
ဒီအလှူမျိုးဟာ မြင့်မြတ်သူတို့ရဲ့ အလှူဒါနလို့ ခေါ်ရပါတယ်။ တနည်း ပါရမီမြောက်တဲ့ ဒါနမျိုးပါ။ ထိုဒါနအတွက် အင်္ဂါ (၃)ချက်ရှိပါတယ်။
(က)နိဗ္ဗာန်ကို ဦးတည်ရမယ်။
(ခ) မိမိအကျိုး မမျှော်ကိုးရဘူး။
(ဂ) သူတစ်ပါးအကျိုး မျှော်ကိုးရမယ်။
ဥပမာ….. အစာငတ်နေတဲ့ ခွေးလေးတစ်ကောင်ကို အစာကျွေးမယ်ဆိုပါစို့၊ အဲဒီမှာ ပေးလှူသူရဲ့စိတ်က ဒီအလှူ
ဟာ နိဗ္ဗာန်အထောက်အပံ့ဖြစ်ပါစေ၊ ခွေးလေးအစာစားပြီး ကျန်းမာစွာအသက်ရှည်နိုင်ပါစေ လို့ သနားကြင်နာတဲ့
စိတ်နဲ့ ကျွေးလိုက်မယ်ဆိုလျင် သူတစ်ပါးအကျိုးလိုလားတဲ့အတွက် ကိုယ်အကျိုးမပါဘူးဆိုတာ သေချာသွားပြီ။
အဲဒီအလှူမျိုးဟာ တိရ စ္ဆာန်ကိုပဲ လှူလှူ၊ လူမိုက်ကိုပဲ လှူလှူ ဒီအလှူနဲ့ ထိုက်တန်တဲ့ အကျိုးတရားက မုချလာမှာ
ဖြစ်ပါတယ်။
ဘ၀သမ္ပတ္တိ၊ ဘောဂသမ္ပတ္တိများစွာရရှိပြီး နိဗ္ဗာန်ကိုဦးတည်တဲ့အတွက် နိဗ္ဗာန်အတွက် အထောက်အပံ့ကောင်းတွေ
အများကြီးရှိလာမှာ ဖြစ်ပါတယ်။
ဒီအလှူ(၃)မျိုးမှာ တတိယအမျိုးဖြစ်ရင်တော့ မေးခွန်းရှင်ရဲ့ ဆန္ဒ ပြည့်ဝပါလိမ့်မယ်။
သို့သော် အရေးကြီးတာက ဒါနပြုလျင် အကျိုးကိုမျှော်ပြီးလှူမယ်ဆိုလျင် မိမိမှာ ရသင့်ရထိုက်တဲ့ အကျိုးတရားများ
ထင်သလောက်မရတော့ဘဲ အကျိုးဆုံးရှုံးရပါလိမ့်မယ်။
ဘာ့ကြောင့်ဆိုရင် အင်းဝခေတ်က အဖြစ်အပျက်တစ်ခုပြောပြပါ့မယ်၊ အဲဒါလဲ ထွက်ခဲ့ပြီးတဲ့စာအုပ်မှာ ပြောခဲ့ပြီးပြီ၊
ဒီနေရာမှာ လိုအပ်နေတဲ့အတွက် ဒီအကြောင်းအရာကို ပြန်ပြောပြရမှာဖြစ်တယ်။
အင်းဝခေတ်တုန်းက နန်းမတော်မယ်နုဆိုတာရှိတယ်၊ သူကိုးကွယ်နေတာက ဆရာတော်ဦးဗုဓ်ပါ။
တစ်နေ့ နန်းမတော်မယ်နုဟာ သူပြုလုပ်ခဲ့တဲ့ကုသိုလ်များကို ဘယ်အကျိုးများရနိုင်ပါလဲ လို့ ဆရာတော်အား မေး
လျှောက်ပါတယ်။
ဆရာတော်က ရေဖလားထဲ ရေအခပ်ခိုင်းပြီး၊ ဖလားထဲကရေတွေကို အပြင်မှာသွားသွန်ခိုင်းပါတယ်။
ရေသွန်ပစ်လိုက်တော့ ဖလားအောက်ခြေမှာ ရေမရှိတော့ စိုနေတာလောက်ပဲကျန်တယ်။
ဆရာတော်က ဖလားကိုပြပြီး
“ကျောင်းအစ်မ ပြုခဲ့တဲ့ကုသိုလ်ရဲ့အကျိုးဟာ ဖလားအောက်ခြေမှာကပ်ပါလာတဲ့ ရေအစိုဓါတ်လေးလောက်သာ ရ
မှာပါ” လို့ အမိန့်ရှိလိုက်ပါတယ်။
ဆရာတော်ရဲ့ ဆိုလိုရင်းက အကျိုးကိုမျှော်ကိုးပြီးလှူလျင် ဖလားဖင်မှာကပ်နေတဲ့ အနည်းငယ်သာရှိသောရေလို မိ
မိမှာ အကျိုးအနည်းငယ်သာရရှိပါမယ့်။
အကျိုးမလိုလားပဲ နိဗ္ဗာန်ဦးတည်ပြီး၊ ကိုယ့်အကျိုးမငှဲ့ သာသနာအကျိုး၊ အများအကျိုးငှဲ့ကာ လှူမယ်ဆိုရင်တော့
အကျိုးအများကြီးရမယ်ဆိုတဲ့ သဘောပါပဲ။
ဒါကြောင့် မေးခွန်းရှင်မေးတဲ့ မေးခွန်းအရ အလှူရှင်ရဲ့စိတ်နေစိတ်ထားဟာ ဖေါ်ပြခဲ့တဲ့ သုံးမျိုးအနက် တတိယအ
မျိုးဖြစ်မယ်ဆိုလျင်အကျိုးထူးတရားများ ခံစားရပါမယ် ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ပါတယ်။
Copy from http://dhamma-admin.blogspot.com/2009/09/blog-post_1978.html