ဒေါနတောင်ခြေမှ အညတြများအကြောင်း
by မင်းစိုးစံ
ဤတောင်ပေါ်လမ်းကြောင်းတလျှောက် ထမင်းဆိုင်များ ရေဒီယိုပြင်ဆိုင် နာရီပြင်ဆိုင် အချိုရည်မျိုးစုံဆိုင် ငရုပ်
ကြက်သွန် အာလူး စသောကုန်စုံဆိုင်များအပြင် ခရမ်းချဉ်သီးမှအစရှောက်ရွက်အထိ အမျိုးမျိုးသောဆိုင်များဖြင့်
အထူးစည်ကားလှသည်။ ကျုံပိုင်း ကြာအင်းစုကျေးရွာမှ ကော်မူးရာစခန်းကြားအစည်ကားဆုံးစခန်းမှာ ယနေ့လက်
ရှိ ကေအင်န်ယူကေအင်န်အယ်လ်အေပီစီ အဖွဲ့စခန်းချနေထိုင်သော ထော့ကိုကိုးစခန်းပင်ဖြစ်သည်။
တောင်ပေါ်လမ်းကြောင်းတလျှောက် စခန်းပေါင်းများစွာအနက် ရုပ်ရှင်ရုံ(မြင်ကွင်းကျယ် ပိတ်ကား)ရှိသော တစ်ခု
တည်းသောစခန်းလည်းဖြစ်သည်။
ထေါ့ကိုကိုးစခန်းမှ ထွက်လာလျှင် တောင်ခြေ၌ နတ်ကွန်းငယ်လေးတစ်ခုရှိပြီးအမွှေးတိုင်များထွန်းညှိသူကထွန်း
ကွမ်းယာထုပ်လေးများဖြင့် ပူဇော်သူကပူဇော် မယုံကြည်ကြသူများကလည်း တချက်စောင်းငဲ့ကြည့်ပြီး နှာခေါင်း
ရှုံ့သွားကြသည်လည်းရှိ၏။ ထိုနတ်ကွန်းလေးမှ ကျော်လွန်လာသည့်အခါ မြယာစခန်း(စောဘဦးကြီးစခန်း)ရှိ၏။
မြယာစခန်းတွင် ဈေးဆိုင်မရှိသလောက်ပင်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ထေါ့ကိုကိုးစခန်းနှင့်အနည်းငယ်
နီးကပ်နေသဖြင့် ကြာကြာနားမည့်သူမရှိသည့်အပြင် စားသောက်မည့်သူမရှိသောကြောင့် ဈေးဆိုင်နည်းနေခြင်း
ဖြစ်မည်ထင်ပါ၏။ သို့သော် ဆိုင်ခန်းခပ်များများဖြင့် အစားအသောက်စုံစုံလင်လင်ဖွင့်ထားနိုင်မည်ဆိုလျှင်မူ အဆင်
ပြေနိုင်မည်ဟု ကိုအောင်မြင့်ထင်မိသည်။
အဘယ်ကြောင့်ဆိုသော် မြယာပင်များဖြင့် ၀န်းရံနေပြီး ညီညာသည့်မြေအနေအထားနှင့်အတူတောင်ကျချောင်းအ
ကွေ့လေးသည် အလွန်သာယာသည့်အတွက်ဖြစ်သည်။ ကရင့်အမျိုးသားခေါင်းခေါင်းဆောင် စောဘဦးကြီးနှင့် တော်လှန်ရေးခေါင်းဆောင်များစခန်းချခဲ့ရာ ဂုဏ်ယူဘွယ်ရာ
သမိုင်းဝင်နေရာဖြစ်သဖြင့် ပို၍သဘောကျမိ၏။
ထိုမှတဆင့် တောင်ကြားလမ်းလေးအတိုင်းတက်လာသော် ကျောက်ဖျာလေးစခန်းသို့ရောက်၏။
ကျောက်ဖျာလေးစခန်းတွင် ထမင်းဆိုင်ငယ်လေးများ အနည်းငယ်သာရှိသည် အထူးသဖြင့် ၀က်သားဆန်ပြုတ်နှင့်
ဝက်သားသုတ်များသာရောင်းချလေ့ရှိသော စခန်းဖြစ်သည်။
သို့သော် ၀က်ကုန်သည်များ တထောက်နားရာဖြစ်၍ ၀က်စာချက်ပြုတ်ထားသော ကျောက်တုံးလေးများဖြင့်ပြုလုပ်
ထားသည့်မီးဖိုများကို နေရာအနှံ့တွေ့ရသည်။
ထိုသို့ဝက်စာကိုချက်ပြုတ်ရင်း ၀က်မောင်းလာသူတို့က မိမိတို့စားနပ်ရိက္ခာများဖြင့်သာ ချက်ပြုတ်စားသောက်ကြ
သဖြင့် ထိုစခန်း၌ ထမင်းဆိုင်များမရှိခြင်းဖြစ်ပေမည်။
အဘယ်ကြောင့်ဝက်သားဆန်ပြုတ်နှင့် ၀က်သားသုပ်ဆိုင်ဖွင့်ထားရသနည်းဆိုသော် ငှက်ဖျားဒါဏ်ကြောင့်အထုပ်မ
ထမ်းနိုင်သည့် အထမ်းသမားများ ခေတ္တနားခိုရာနေရာဖြစ်သည့်အပြင် ခြေထောက်နာသောဝက်များ အစာမစားနိုင်
သည့်ဝက်များကို ၀က်ပိုင်ရှင်များက ဈေးပေါပေါဖြင့်ရောင်းချသည့်အတွက်ဖြစ်ပါ၏။
ကျောက်ဖျာလေးမှလွန်သော် ကျောက်ဖျာစခန်းသို့ရောက်၏။
ကျောက်ဖျာစခန်းတွင် မည်သည့်အရောင်းဆိုင်မျှမရှိချေ။ ရေစီးရေလာကောင်းသည့်တောင်ကျချောင်းရေများ အ
နက် နေရာအနည်းငယ်ကျယ်ပြီး ရေချိုးရန်အလွန်သင့်တော်သောနေရာတစ်ခုဖြစ်သည်ဟု ကိုမြင့်အောင်မှတ်ချက်
ချမိ၏။
ကျွဲ၊ နွားများတထောက်နားရာနေရာ ဖြစ်သောကြောင့် ကောက်ရိုးမျှင်များ နောက်ချေးအတော်များများကနေရာယူ
ထားပြီး ရာယီတဲ(သစ်ကိုင်းနှစ်ကိုင်းကို ကျောက်တောင်စွန်းတခုတွင်တင်ပြီး မြေကြီးပေါ်ချလျှက် မိုးကာဖြင့်မိုးထား
သည့် လူတကိုယ်စာအိပ်ယာ)များဖြင့် တမျိုးအမြင်ဆန်းနေပါသည်။ ထိုနေရာများသည် နွားကုန်သည်များနှင့် နွား အငှားမောင်းသောသူများ ခိုနားအိပ်စက်ရာနေရာဖြစ်၏။
ကျောက်ဖျာမှလွန်သော် ကျောက်လုံးကြီးစခန်းသို့ရောက်၏။
ကျောက်လုံးကြီးစခန်းတွင် ထမင်းဆိုင်အများအပြားရှိသည်။ တောင်ပေါ်လမ်းတလျှောက် ထမင်းဆိုင်တိုင်းဟင်း
မျိုးစုံရသော်လည်း ကျောက်လုံးကြီးစခန်းတွင် လိပ်သား မျောက်ညိုချေးခါး မြွေသား များလည်းရလေ့ရှိပြီး ရေချိုး
ဆိပ်လည်းအဆင်ပြေသည့်အပြင် ခြေပေါ့လက်ပေါ့များကိုလည်း ရနိုင်သည့် စခန်းတစ်ခုဖြစ်သည်။
ကိုအောင်မြင့်အနေဖြင့် တောတွင်းမှရသောအသားများကို စားသောက်လေ့မရှိသည့်အတွက် ထိုစခန်း၌ ညအိပ်
ညနေခြင်း မပြုဟုဆုံးဖြတ်ခဲ့သော်လည်း တခုသောည၌မူ မအိပ်လျင်မဖြစ်တော့သည့်အခြေအနေသို့ ဆိုက်ရောက်
ရပါလေတော့သည်။
ထိုင်းနယ်စပ် ကော်မူးရာစခန်းမှအပြန်ခရီးဖြစ်သည်။
မိုးကသည်းသည်းထန်ထန်ရွာနေသဖြင့်ကျောက်ဖျာစခန်း နှင့် ကျောက်ဖျာလေးစခန်းကို ဖြတ်ဆောက်ထားသည့်တံ
တား ချောင်းရေနှင့်အတူမျောသွားသောကြောင့် လူအတော်များများ ကျောက်ဖျာစခန်းတွင် ဖြစ်သလိုအိပ်စက်နေရ
သည့်အကြောင်း ကျောက်ဖျာစခန်းမှတက်လာသူများပြောဆိုသဖြင့် ကျောက်လုံးကြီးစခန်းတွင် ညအိပ်လိုက်ရလေ
တော့သည်။
ကျောက်လုံးကြီးစခန်းရှိ ရှိသမျှသောထမင်းဆိုင်တိုင်းတွင် အတက်လူအဆင်းလူများဖြင့်ပြွတ်သိပ်နေ၏။
စားပြီးသားထမင်းပန်းကန်ကိုပင် မဆေးနိုင်လာက်အောင် ထမင်းရောင်းကောင်းလှ၏။
ထမင်းအရောင်းဆိုင်သည် မြို့ကြီးပြကြီးဆိုင်များကယ့်သို့ ထမင်းသပ်သပ် ဟင်းသပ်သပ် ခွဲ၍ရောင်းချသည့်ပုံစံမျိုး
မဟုတ်ချေ။ ထမင်းနှင့်ဟင်းကို ကုလားပုံပုံ ရောင်းချသောစနစ်ဖြစ်သည်။
သို့သော် ဟင်းအမျိုးစုံပြီး အရသာမှာ မြို့ကြီးပြကြီးမှဆိုင်များထက် မပိုသော်လည်း မလျော့သည်မှာအမှန်ဖြစ်သည်။
ငါးပိရည်ကောင်းကောင်းအပြင် တို့စရာဖေါဖေါသီနှင့် ကင်ပွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မရမ်းသီး စသည်ဖြင့်ချက်ပြုတ်
ထားသောအရည်သောက်မှာလည်း ထမင်းမြိန်စေလှပါ၏။
လူမှာအတော်ပင်ပမ်းနေပြီး ထမင်းလည်းဆာလှသောကြောင့်
"ဟေ့ မိန်းကလေး အဲဒီပန်းကန်မဆေးနဲ့တော့ ဒီအတိုင်းထည့်ပေး။
ဆာလှပြီ မစောင့်နိုင်တော့ဘူး။
ဘာဟင်းရှိလဲ ရှိတဲ့ဟင်းထည့်ကွာ။"
ဟု ပြောပြီးဆာဆာဖြင့် ကိုအောင်မြင့်တစ်ယောက် ခေါင်းမဖေါ်တမ်း စားနေမိသည်။
ဆာနေ၍လားမသိ ဟင်းကအတော်ပင်အရသာထူးလှသည်။
ဆိတ်ကလီစာလား၊ အမဲကလီစာလား၊ တော့မသိ။ တစ်ပန်းကန်သာစားလေ့စားထရှိခဲ့ရာမှ နှစ်ပန်းကန်ကုန်အောင်
စားပစ်လိုက်သည်။
မိုးကလည်းမှောင် လေကလည်းထန် တောင်ကျချောင်းရေစီးသံကလည်းညံ ဆိုင်မှအလင်းရောင်မှိန်ပြပြအောက်
တွင် လူအများစုသည် သူ့ထက်ငါအလုအယက် စားသောက်နေကြရသည့်အတွက် ငွေမြန်မြန်ချေပြီး အိပ်ယာရှိရာ
သို့ ကမန်းကတန်းသွားပြီး အိပ်ရန်ပြင်လိုက်တော့၏။
ဤနေရာ၌ စာရှုသူတို့အား တောင်ပေါ်စခန်းများရှိ ဆိုင်ခန်းများအကြောင်းကို အနည်းငယ်ရှင်းပြလိုပါသည်။
ဆိုင်ခန်းတိုင်းလိုလိုသည် အနည်းဆုံးအရှည်အတောင်၂၀ အကျယ် ၁၅တောင်ခန့်ရှိမည်ထင်ပါသည်။ ဆိုင်ရှေ့ ၌
ထမင်းစားရန်နေရာနှင့် ထမင်းဟင်းများထားရှိသည့်နေရာရှိကာ ဆိုင်တွင်းဝဲယာဘက်၌ အိပ်ရန်နေရာရှိပြီး အလည်
တည့်တည့်တွင်မူ အထုပ်များထားရန်နေရာကို ထားပေးထားပါသည်။
အထုပ်ထားသည့်နေရာကို နှစ် ဘက်နှစ်ချက် ထောင်လျှက်သားထားနိုင်ရန် ပြုလုပ်ထားသဖြင့် အထမ်းသမားများ
အတွက် အဆင်ပြေစေလှ၏။
ကိုအောင်မြင့် အိပ်ယာဘေးတွင်သူငယ်ချင်းအထမ်းသမားက နှီးဖျားကိုချိုး၍သွားကြားထိုးနေလျှက်ရှိသည်ကို တွေ့
ရသဖြင့်
"ခင်ဗျားက သွားကြားတွေဘာတွေထိုးလို့ ဘာဟင်းနဲ့စားလို့လဲ"
"ဟေ့ကောင်ရေ ငါကတော့ မျောက်ညိုချေးခါးနဲ့ စားသကွာ။
အဲဒီလိုဟင်းမျိုးက ရခဲတယ်မောင်။
ကံကောင်းလို့စားရတယ်သာမှတ်။"
"ခင်ဗျားကလည်း ကြံကြံဖန်ဖန် ဘယ်လိုလုပ်ပြီး မျောက်ညိုချေးခါးဟင်း လို့ခေါ်ရတာတုန်း။
ဆိတ်ကလီစာဟင်း အမဲကလီစာဟင်း ဆိုတာက အူနုလေးတွေနဲ့ချက်ထားတော့ ခါးသက်သက်လေးနဲ့ အရသာ
ရှိတာကို ပြောတာမဟုတ်လား။"
"ဟ ငါ လည်း သိပါတယ်ကွ၊ အခုဟာက မျောက်ညိုရဲ့အစာအိမ်ကို ချက်ထားတာကွ။
ဆေးဘက်ဝင်တယ်။
မင်းပြောတဲ့ ကလီစာဟင်းမျိုးကတော့ အခန့်မသင့်လျင် ၀မ်းလျှောဝမ်းကိုက်ပြီး အထုပ်မထမ်းနိုင်ဖြစ်သွားမှာပေါ့။"
"ဒါဆို ကျုပ်တို့စားနေ တဲ့ဟင်းက မျောက်ညိုချေးခါးလား"
"သေခြာတာပေါ့ကွာ။
မျောက်ညိုဆိုတာ တခြားမျောက်တွေလို ပေါက်တတ်ကရ စားတာမဟုတ်ဘူး။
သစ်ရွက်တွေစားတာ သူ့အစာအိမ်မှာ အရွက်ပေါင်းစုံပါတယ်။
ဒါကြောင့်ဆေးဘက်ဝင်တယ်လို့ပြောနေတာ။ မင်းသိမှာပေါ့ အရွက်ပေါင်းတစ်ထောင်။
အပွင့်ပေါင်းတစ်ထောင်။ အမြစ်ပေါင်းတစ်ထောင်။ အပင်ပေါင်းတစ်ထောင်ဆိုတာလေ။"
ကိုအောင်မြင့်တစ်ယောက် မအီမလယ်ဖြစ်ချင်လာ၏။
"အဲဒီအရွက်ပေါင်းတစ်ထောင်ဆိုတာ မျောက်ညိုရဲ့အစာအိမ်ကိုပြောတာဗျား။
အေး အမြစ်ပေါင်းတစ်ထောင်ဆိုတာ ပွေးတွေရဲ့အစာအိမ်ကို ပြောတာ။
အပွင့်ပေါင်းတစ်ထောင်ဆိုတာက ပျားရည်။
အပင်ပေါင်းတထောင်ဆိုတာက ပြာ။
အဲဒါ မင်း မသိလျင်မှတ်ထား။"
ဟုတ်မဟုတ် ကိုအောင်မြင့် မဆုံးဖြတ်နိုင်။ အော်ဂလီဆန်လာသည့်အတွက် တဲအပြင်ထွက်ကာ အာခေါင်အတွင်း
သို့လက်ညှိုးဖြင့်နှိုက်ပြီး အံထုတ်လိုက်ပါတော့သည်။
အတော်ကြာကြာအံထုတ်ရသောကြာင့် ခေါင်းပိုင်းတပိုင်းလုံး မိုးရေများရွှဲရွှဲစိုကုန်ပါတော့သည်။
မိုးအေးအေး တောတောင်အငွေ့ကလည်းအေး လေကလည်းတိုက်သောကြောင့် ကိုအောင်မြင့်လည်း အထမ်းသ
မားတိုင်းတွင်ပါသည့် မိုးကာကို သဲပွတ်ပေါ်တွင်ခင်းကာ မောမောဖြင့်အိပ်ချလိုက်လေတော့သည်။
မိုးလင်းလာပြီဖြစ်သော်လည်း မိုးကအဆက်မပြတ်ရွာနေသည်။
သို့သော်ယမန်နေ့ညကလိုတော့ မသည်းထန်တော့။ အားလုံးလိုလို အိပ်ယာမှနိုးထလာကြပြီး အထုပ်အပိုးများကို
ကိုယ်စီကိုယ်ငှပြင်ဆင်ကြတော့၏။
ပုခုံးကြိုး ခေါင်းကြိုးများကို အသေအခြာပြန်လည်စည်းနှောင်ပြီး အထုပ်ပေါ်သို့ မိမိတို့ကိုယ်ပိုင်အိတ်ကလေးများကို
ပြန်တင်ကာ စည်းနှောင်လိုက်ပြန်သည်။
ကိုယ်ပိုင်အိတ်သည် အိမ်သုံးပစ္စည်းအနည်းငယ်၊ ဆောင်ပါးတထည်၊ လုံခြည်အကျီအပို တစ်စုံ၊ လက်နှိပ်ဓါတ်မီး
တစ်လက်၊ ဓါးအလတ်စားတစ်လက် စသည်တို့ထည့်ထားသော အိတ်ဖြစ်သည်။
အားလုံးအသင့်ဖြစ်သည်နှင့် အထုပ်ပိုင်ရှင်က ထွက်နိုင်ပြီဟုအမိန့်ပေးသံနှင့်အတူ အထုပ်ကိုယ်စီဖြင့် တဦးပြီးတဦး
ဆိုင်ထဲမှထွက်လာကြပါတော့သည်။
ကျောက်လုံးကြီးစခန်းတစ်ခုလုံး မိုးငွေ့ တောင်ငွေ့များဖြင့် မှိုင်းမှိုင်းမှုန်နေပါတော့၏။
မိုးစက်များက ကိုအောင်မြင့်မျက်နှာပေါ်သို့ လွင့်စင်ကျလာသဖြင့် ကိုအောင်မြင့်သည် အထုပ်၌ရှိသည့် နံဘေးတ ဘက်တချက်မှ ပူးချီထားသောခေါင်းကြိုးကို ခေါင်းပေါ်သို့ခါးကိုအနည်းငယ်ဆန့်ထုတ်၍တင်လိုက်သည်။
ထိုအခါခေါင်းကြိုးသည်ပြေမလိုလိုဖြစ်ကာ လျော့ပြီးချောင်သွားသည့်အတွက် မိမိနောက်နားမှ ကပ်လိုက်လာသော
လူတစ်ယောက်အား
"ဒီမှာ ကျုပ်ခေါင်းကြိုးလေးကို ပြန်ပြင်ပေးစမ်းပါ။
နည်းနည်းချောင်သွားလို့။"
"လမ်းကကျဉ်းနေတော့ လမ်းဘေးထွက်ရပ်လိုက်ပါလား။
ငါပြင်ပေးပါ့မယ်။
ဟ မင်းခေါင်းကြိုးက သေးသေးလေးပါလားကွ။
ပစ္စည်းက ဒီလောက်လေးတာ မင်းခေါင်းနာနေမှာပေါ့။"
"ရပါတယ်ဗျာ ရှိပါစေ။
နောက်တခေါက်မှပဲလဲတော့မယ်။"
"မဟုတ်သေးဘူး။
ငါ့မှာ ခေါင်းကြိုးအပိုပါတယ်
ကျောက်ဖျာကျလျင် ခဏလေးနားပြီး လဲတပ်လိုက်ကြတာပေါ့။"
ဘ၀တူအချင်းချင်းကိုယ်ချင်းစာစိတ်များဖြင့် ဤဒေါနတောင်ကြားတစ်လျှောက် အထမ်းသမားဘ၀ဖြင့် မည်မျှကြာ
ရှည်စွာ အသက်မွေးရမည်ကိုတွေးတောရင်း ကိုအောင်မြင့်တစ်ယောက် လေးလံသောအထုပ်အပိုးကြီးအား ခေါင်း
ကိုနာကျင်စေသည့် ပါးလွှာသောခေါင်းကြိုးဖြင့် ကျောက်ဖျာစခန်းရောက်သည်အထိ ထမ်းပိုးသယ်ဆောင်ရန်ကြိုး
စားရင်း ပင့်သက်မောများ အခါခါချနေပါတော့သည်။
ဆက်ရန်
ကျန်းမာချမ်းသာကြပါစေ
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)