လူယုတ်မာရဲ့ စေတနာ
Tuesday
by မင်းစိုးစံ
တခါတလေ ရေးစရာတွေက အများကြီးပေါ်လာလို့ ဘာအကြောင်းကို ဘယ်ကနေ ဘယ်လိုစရေးရမှန်းမသိသလို
တခါတလေကျပြန်တော့ ရေးချင်ပါသော်လည်း ရေးစရာတွေကို အစရှာမရတာနဲ့ ဘာတွေရေးရမှန်းမသိနိုင်တာနဲ့
သူများရေးထားတာတွေကို ကူးချပြီး ပြန်တင်တာကိုပဲ ကြေနပ်နေရတယ်။
သူများရေးပြီးသားကို ပြန်ကူးချတာလောက် လွယ်တဲ့အလုပ်မရှိပါဘူး။ ဒါပေမယ့် ကောင်းတဲ့အလုပ်မဟုတ်ဘူးလို့
မပြောနိုင်သလို မကောင်းတဲ့အလုပ်လားဆိုတော့လည်း တိတိကျကျမပြောနိုင်ပါဘူး။
အကောင်းဆုံးကတော့ ကိုယ်တင်ပြချင်တဲ့အကြောင်းအရာကို ကိုယ်ပိုင်ဟန်ကိုယ်ပိုင်အရေးအသားနဲ့ ရေးတာက ပို
ပြီးစိတ်ထဲမှာ သန့်ရှင်းသလိုခံစားမိပါတယ်။
ဒါဆိုလျင် သူများရေးပြီးသားကို ကူးမချပဲနေပါလား ဆိုတော့လည်း ကိုယ့်ဘလော့ဂ်ထဲလာလည်သူတွေအတွက်
အသစ်ဘတ်စေချင်တဲ့ ဆန္ဒကလည်းမဖျောက်နိုင်လေတော့ ကူးချရင်းကူးချနေမိတာ ဒီကနေ့အထိပါပဲ။
ဒါကြောင့် လူယုတ်မာဆိုတာ ဘာလဲ ဆိုတာကို တွေးတောသုံးသပ်မိပါတယ်။
လူဆိုး၊ လူမိုက်၊ လူယုတ်မာ၊ ဆိုတဲ့အထဲက ဘာကြောင့် လူယုတ်မာဆိုတာကို နောက်ဆုံးမှထားရသလဲဆိုတာ စဉ်းစားကြည့်လိုက်တဲ့အခါ သူကအဓိက ကျလို့များလားပေါ့လေ။ ဘာကြောင့်လဲ ဆိုတော့ ငါးပါးသီလထဲမှာ သုရာ
မေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ဆိုတဲ့အပိုဒ်ကို နောက်ဆုံးထားရခြင်းက အဲဒီသေရည်
သေရက်ကို သောက်သုံးမိပြီဆိုတာနဲ့ ကျန်တဲ့လေးပါးသောကံ အမှုကို ကျူးလွန်ဘို့အလွန်နီးစပ်သွားစေတတ်တာမို့
နောက်ဆုံးမှာ ထားတာလို့နားလည်မိပါတယ်။
သူယုတ်မာဆိုတဲ့ပုဂ္ဂိုလ်တွေအတွက် ဆေးမရှိဘူးလို့ဆိုပါတယ်။
သူယုတ်မာ ကုရန် ဆေးမရှိ
မြွေသည် ကြမ်းကြုတ်၏၊ သူယုတ်မာသည်လည်း ကြမ်းကြုတ်၏။
မြွေထက်သူယုတ်မာက ပို၍ကြမ်းကြုတ်၏။
မြွေကို ဆေးဝါးမန္တရားတို့ဖြင့် ငြိမ်းအေးနိုင်၏၊
သူယုတ်မာကို အဘယ်မည်သောဆေးဝါးမန္တရားဖြင့် ငြိမ်းအေးနိုင်အံ့နည်း၊ ငြိမ်းအေးနိုင်သောဆေးမရှိ။
(လောကနီတိ ၆၇)
လူဆိုးလူမိုက်ဆိုတာ မသိလို့ မိုက်တာ၊ မသိလို့ ဆိုးတာကို လူဆိုးလူမိုက်လို့ခေါ်ပေမယ့် လူယုတ်မာဆိုတာက မ
ကောင်းတာကို မကောင်းမှန်းသိသိကြီးနဲ့ ဆက်လုပ်နေတာကို လူယုတ်မာလို့သတ်မှတ်တယ်လို့ မှတ်သားရဘူးပါ
တယ်။
ဒါဆို သူများအင်နဲ့အားနဲ့ အသိပညာနဲ့ အချိန်တွေ ငွေတွေပေးပြီး ရေးသားဖေါ်ထုတ်ပြီးသားတွေကို ကူးယူနေတာ
ကောင်းတဲ့အလုပ် လုံးဝမဖြစ်နိုင်ပါဘူး။ သိသိကြီးနဲ့ ကူးယူရေးသားဖေါ်ပြနေတဲ့ ကျုပ်ဟာ လူဆိုးလူမိုက်စာရင်းဝင်
ဖြစ်ရုံမက လူယုတ်မာစာရင်းထဲ ပါနေပြီလို့ ကိုယ့်ကိုယ်ကို လိပ်ပြာမလုံသလိုဖြစ်မိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူတပါးပိုင်ဆိုင်တဲ့ အရာကို ပိုင်ရှင်ခွင့်ပြုမှန်းမသိ ခွင့်မပြုမှန်းမသိ ကိုယ့်ဘလော့ဂ်ထဲ ကူးယူတဲ့
နောက်တော့ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ ဆိုတဲ့ပြစ်မှုကို ကျူးလွန်မိသားဖြစ်နေပြီမဟုတ်ပါလား။
အဲဒီပြစ်မှုကို ကျူးလွန်တာက ကိုယ့်ဘလော့ဂ်ကိုလာလည်သူတွေအတွက် စေတနာထားတာလို့ ပြောမယ်ဆိုလျင်
ဒီစေတနာဟာ လူယုတ်မာရဲ့ စေတနာလို့ ပြောရတော့မလိုဖြစ်နေပါပြီ။
ဒါကတော့ ကျုပ်ရဲ့လုပ်ရပ်အပေါ် ကျုပ်ကိုယ်တိုင်ပြန်ပြီးသုံးသပ်ဝေဘန်တာဖြစ်ပြီး အခြားဘယ်သူ့ကိုမျှရည်ရွယ်ရေး
သားနေတာမဟုတ်ပါဘူး။ အခုလိုသူတပါး ရေးသားပြီးသားတွေကို ၏, သည်,မရွေ့ ကူးယူဖေါ်ပြနေမိတိုင်းမှာ စိတ်
မသိုးမသန့်ဖြစ်နေမိတာကိုက အပူတစ်မျိုးပဲမဟုတ်ပါလား။ အပူဆိုကတည်းကိုက ငြိမ်းချမ်းမှု ငြိမ်းအေးမှုမရှိနိုင်ပါ
ဘူး။ ဒါကြောင့်မို့ လူယုတ်မာတွေအတွက် ငြိမ်းအေးနိုင်တဲ့ဆေး မရှိဘူးလို့အတိအလင်းကို မိန့်ဆိုထားပြီးသားဖြစ်ပါ
တယ်။
ကျုပ် လူကောင်းမဟုတ်ပါဘူး။ ဒါပေမယ့် ငြိမ်းအေးချင်ပါတယ်။ ဒီတော့ ကိုယ့်ဘလော့ဂ်ကို အလည်လာသူတွေ
အတွက် နောက်ပိုင်းမှာ အသစ်ကလေးတွေ တင်နိုင်ဘို့ကိုသာ အဓိကမထားတော့ပဲနဲ့ ကိုယ်ပိုင်အရေးအသားတွေ
နဲ့ ကိုယ်ပိုင်ရေးဟန်တွေကိုသာ တင်ပြပေးနိုင်ဘို့ အတတ်နိုင်ဆုံးကြိုးစားသွားတော့မယ့်အကြောင်း အသိပေးလိုပါ
တယ်။ ဒါနဲ့တဆက်တည်း ပို့စ်အသစ်တွေ မတွေ့တာနဲ့ စိတ်ပျက်မသွားကြဘို့ တောင်းပန်ရင်း ဒီဘလော့ဂ် ပိုင်ရှင်
ဟာ(ရေးနေတဲ့လူ-ပိုင်ရှင်အစစ်မဟုတ်) ရေးစရာရှာမတွေ့သေးလို့ပါ ဆိုတဲ့စိတ်ကလေးနဲ့ သည်းခံနားလည်ပေးကြ
ဘို့ကိုပါ မေတ္တာရပ်ခံလိုက်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)