• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, May 13, 2014

ထမင်းရည်ပူ လျှာလွှဲ

Source photo from http://www.google.com/images

May 12, 2014

ထမင်းရည်ပူ လျှာလွှဲ

By မင်းစိုးစံ

ထမင်းရည်ပူလျှာလွှဲ ဆိုတဲ့ စကားပုံကိုကြားဘူးကြမှာပါ။ မဆန်းတော့တဲ့ ဗမာ့အသုံးအနှုန်းပါ။
ကရင်မှာကျတော့ ထမင်းရည်ပူလျှာလွှဲ ဆိုတဲ့ ဗမာစကားပုံနဲ့ ခပ်ဆင်ဆင်စကားပုံတခုရှိပါတယ်။
အဲဒါကဘာလဲဆိုတော့ ထဲုး မင်ယှူးလင် မေ၀်ထီ့ ဆိုတဲ့စကားပုံပါ။
အဓိပ္ပါယ်က ထမင်းရည်အေးအောင် ခွေးဝိုင်းဟောင် ဆိုတဲ့စကားပုံပါ။

ဗမာစစ်အစိုးရ(မြမ္မာအစိုးရ)ရဲ့ တိုင်းရင်းသားတွေအပေါ် ဆက်ဆံပုံဆက်ဆံနည်းဟာ အပေါ်မှာကျုပ်ရေးပြခဲ့တဲ့ စကားပုံအ
တိုင်းပါပဲ။
ဗမာစကားပုံအရ ထမင်းရည်ပူလျှာလွှဲဆိုတာကို ကြည့်ရအောင်။ ထမင်းရည်ပူတာ လျှာရဲ့အပြစ်မဟုတ်ပါဘူး။
အဲဒီလို မဆိုင်တာတွေ ပြောပြောနေတတ်တဲ့ ဗမာစစ်အစိုးရရဲ့ အကျင့်က အခုမှမဟုတ်ပါဘူး။
ဗမာစစ်အစိုးရအဆက်ဆက် တလျှောက်သုံးခဲ့တဲ့ သုံးနေကျ စကားလုံးပါ။
ဗမာပြည်ရဲ့ စီးပွါးရေးဆုတ်ယုတ်ကျဆင်းရတာဟာ သောင်းကျန်းသူတွေကြောင့်ပါလို့ မဆလတွေ ပြောခဲ့သလို အခုလည်း
တိုက်ပွဲတွေဖြစ်ရတာဟာ တိုင်းရင်းသားတွေရဲ့ကတိမတည်မှု၊ နယ်မြေချဲ့ထွင်မှုတွေကြောင့် ဖြစ်ရတာဆိုပြီး လက်ရှိဗမာ
စစ်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့အဆင့်မြင့်အရာရှိတယောက်က ထုတ်ပြန်ပြောဆိုတဲ့အကြောင်း၊ တိုင်းရင်းသားတွေ
အဲဒီလိုလုပ်လို့ တပ်မတော်ဘက်က ပစ်ခတ်ထိန်းသိမ်းဘို့တာဝန်ရှိတဲ့အတွက် ဆောင်ရွက်ရတာပါလို့ ဆက်လက်ပြောဆို
သွားတဲ့အကြောင်း မေလ ၅ရက်နေ့ထုတ် ဒီမိုကရေစီတူဒေးသတင်းစာထဲ ပြောထားတာတွေ့ရတဲ့အကြောင်း 05/07/2014
ရက်စွဲနဲ့ burma.irrawaddy.org မှာ ဆောင်းပါးရှင်ထက်ဇော်နိုင် ရေးထားတာကိုဘတ်လိုက်ရတဲ့အတွက် ထမင်းရည်ပူလျှာ
လွှဲလုပ်နေတဲ့ ဗမာစစ်အစိုးရရဲ့အကြံအစည်တွေဟာ ဘယ်လိုခြေလှမ်းမျိုးလှမ်းနေပြီလဲဆိုတာကို သိနိုင်ကြမယ်လို့ ထင်ပါ
တယ်။

သူတို့(ဗမာစစ်အစိုးရ)ဟာ ထမင်းရည်ပူ လျှာလွှဲပုံစံကိုပဲရေလဲသုံးပြီး တိုင်းပြည်ကိုနစ်သည်ထက်နစ်အောင် နှစ်နေခြင်းသာ
ဖြစ်ပါတယ်။
ဟိုးအတိတ်ကာလတုန်းကတော့ မူးယဇ်ဆေးဝါးတိုက်ဖျက်ရေးအတွက်ဆိုပြီး နိုင်ငံရပ်ခြားက ရလာတဲ့ရဟတ်ယာဉ်တွေနဲ့
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို နှိပ်ကွပ်သလို အခုလည်းငြိမ်းချမ်းရေးကိုဘန်းပြပြီး နိုင်ငံအချို့
ကရတဲ့ငွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုအပေါ်အမြစ်ဖြုတ်ပစ်ဘို့ လုပ်နေပြန်ပါတယ်။

ဗမာစစ်အစိုးရ ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေးဆိုတာက တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကြား
သွေးခွဲရေးနည်းဗျူဟာကို သုံးနေတယ်ဆိုတာအားလုံးအသိပါ။
မြိုးမြိုးမျက်မျက် အကျိုးအမြတ်ရတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ သွေးခွဲတာမျိုး၊ တဖွဲ့နဲ့တဖွဲ့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်
တာမျိုး၊ ဥပမာ KNUက ဗမာ့သမ္မတကြီး၊ ဗမာ့ကာကွယ်ရေးဦးစီးချုပ်တွေကိုတွေ့စေတာမျိုး အဲလိုမျိုးတွေကြောင့် ကရင်အချင်း
ချင်းကြား သံသယစိတ်တွေ၊ အခြေအတင်အငြင်းပွားစရာတွေဖြစ်လာစေနိုင်တဲ့အထိပါပဲ။

ဘာအကြံအစည်နဲ့လုပ်နေလဲတော့ကျွန်တော်တို့မသိဘူး။
ဒါပေမဲ့ သူတို့တစ်ခုခုတော့ လုပ်နေကြတယ်။
ဒါကြောင့်မို့လည်း မင်းအောင်လှိုင်ကလည်း လာမယ့်လမှာ အပြီးထိုးမယ်ဆိုပြီး သမ္မတကြီးကိုယ်တိုင် ပြောတယ်ဆိုတာ။
သူဘာတွေသွားပြီး ကတိပေးထားလဲမသိဘူး။
အဲဒီလိုမျိုးပုံစံနဲ့ သွားရင်တော့ ဒါ ဗိုလ်ချုပ်မူတူးစေး ဖိုးတို့အဖွဲ့တွေနဲ့ ဓာတ်ပုံရိုက်ထားတဲ့အဖွဲ့တွေနဲ့ ဒါ မင်းအောင်လှိုင်တို့နဲ့
ငြိမ်းချမ်းရေး Cease Fire ထိုးတာပဲ။
ဆိုပြီး ဒေါက်တာသီမိုသီ (နိုင်ငံခြားနှင့်ပြည်သူ့ဆက်ဆံရေးအကြီးအကဲ) KNU/ KNLA ငြိမ်းချမ်းရေးကောင်စီက တွေ့ဆုံမေး
မြန်းခန်းတခုမှာ ပြောသွားတာကိုဘတ်လိုက်ရပါတယ်။

အဲဒီလို ထမင်းရည်ပူလျှာလွှဲလုပ်တတ်တဲ့ ဗမာစစ်အစိုးရ(မြမ္မာစစ်အစိုးရ)ရဲ့ အပြောမျိုးကို ခိုင်းနှိုင်းပြောတဲ့စကားပုံကတော့
သူခိုးက လူဟစ် ပါတဲ့ဗျား။
သူခိုးက လူဟစ် ဆိုတဲ့စကားပုံကို နည်းနည်းရှင်းပြချင်ပါတယ်။ သူခိုး က လူလူ ဆိုပြီးအော်နေတာမဟုတ်ပါဘူး။
သူခိုးက သူ့ကိုဆုံးမဘို့လိုက်နေတဲ့နောက်ကလူတွေကို သူခိုးသူခိုးလို့ အော်အော်ပြီး ရှေ့ကပြေးနေတာကို သူခိုးက လူဟစ်
လို့ပြောဆိုတာဖြစ်ပါတယ်။
ကျုပ်ငယ်ငယ်တုန်းက ကျုပ်တို့ရပ်ကွက်ရဲ့ နောက်ဖြေးလမ်းကြားမှာ သူခိုး သူခိုးလို့အော်ပြီး ၀တ်ကောင်းစားလှနဲ့ ပြေးသွား
တဲ့လူတယောက်ကို တွေ့လိုက်ရပြီး မကြာမတင်မှာပဲ တုတ်၊ ဓါးတွေကိုင်ပြီး သူခိုးသူခိုးလို့ အော်ရင်း လူအုပ်ကြီးတအုပ်က
ပြေးလိုက်လာကြတာကိုတွေ့ရပါတယ်။
ဟန်ကျပန်ကျ ၀တ်စားဆင်ယင်ထားတဲ့သူခိုး လွတ်သွားပါတယ်။
အဲဒီလိုနည်းနဲ့ ဗမာစစ်အုပ်စု အာဏာမြဲနေတာပါ။

ဒါကြောင့် ဗမာစစ်အစိုးရဟာ သူ့အာဏာဆက်လက်တည်ဘို့ သူခိုးလူဟစ်အလုပ်ကို မြိန်ရည်ယှုက်ရည်အသုံးပြုနေတာဖြစ်
ပါတယ်။ ရှေ့ဆက်ပြီးအသုံးပြုလို့ရအောင် ၂၀၀၈ ဥပဒေဆိုတာကြီးကို ဘယ်လိုနည်းနဲ့မျှ မတို့မထိနိုင်အောင် မတို့မထိရဲ
အောင် လုပ်နေတာဖြစ်ပါတယ်။

"၂၀၀၈ဖွဲ့စည်းပုံအရ သမ္မတကလည်း ကာကွယ်ရေးဦးစီးချုပ်ကို လွှမ်းမိုးလို့မရဘူး၊ ကာကွယ်ရေးဦးစီးချုပ်ကလည်း သမ္မတ
ကို လွှမ်းမိုးလို့မရဘူး။ နိုင်ငံက ခေါင်းနှစ်လုံးနဲ့မြွေ ဖြစ်နေတယ်။
ဆိုတာကို KNU(ကရင်အမျိုးသားအစည်းအရုံး) ဗဒို စောသမိန်ထွန်းက ၂၀၁၄ မေလ ၆ရက်နေ့မှာ မြောင်းမြမြို့ ရေတွင်းရေ
ကန်ကျေးရွာ မန်းစောဘုကျောင်းခန်းမမှာ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ပြောခဲ့တာကို ကြားလိုက်ကြမှာပါ။
ဝါရင့် ကရင့်တော်လှန်ရေးသမားဟောင်းကြီးလေဗျာ၊ ဗမာစစ်အစိုးရ ဘယ်လိုပြောလိုက်လျင် ခြေလှမ်းက ဘယ်ကိုလှမ်းနေ
ပြီဆိုတာ ကြိုသိပြီးသားလေ။

KNU နဲ့ ကရင်လက်နက်ကိုင်တော်လှန်ရေးအင်အားစုကြား ကရင်ပြည်သူလူထုကြား ထင်ယောင်ထင်မှားနဲ့ သို့လာသို့လော
ဖြစ်စေမယ့် နောက်စကားတခွန်းက
KNU(ကရင်အမျိုးသားအစည်းအရုံး)နဲ့ ဘာကြောင့် တိုက်ပွဲမဖြစ်လဲ၊ KNUက ကတိတည်ပြီး စည်းကမ်းနဲ့အညီနေထိုင်လို့
ဆိုတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆင့်မြင့်အရာရှိတဦးရဲ့စကားပါ။
အဲဒီစကားကို burma.irrawaddy.org မှာ ဆောင်းပါးရှင် ထက်ဇော်နိုင် က သူ့ဆောင်းပါး မှာရေးထားပါတယ်။ ဒါကိုကြည့်လျင် အစဉ်အလာကြီးမားလွန်းလှတဲ့ KNU အပေါ် ကရင်ပြည်သူလူထုနဲ့ အခြား တိုင်းရင်းသား လက်နက်ကိုင်
တော်လှန်ရေးအင်အားစုတွေ ဘယ်လိုမြင်ကြမလဲဆိုတာ တွေးတောချင်စရာဖြစ်စေပါတယ်။

ကေအဲန်ယူ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က ကေအဲန်ယူနဲ့ အစိုးရအကြား လက်ရှိဖော်ဆောင်နေတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့
ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပန်းတနော်မြို့နယ်က ကရင်ပြည်သူလူထုနဲ့ တွေ့ဆုံ ပွဲမှာ လူထုကို

“လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးမှာ အပစ်ရပ်နဲ့ဆိုင်တဲ့ကျင့်ဝတ်တွေကို နှစ်ဦးနှစ်ဖက်လိုက်နာဖို့လိုပါတယ်။
အစိုးရနဲ့ ၂၀၁၂ခုနှစ်၊ စကားပြောနေချိန်တုံးမှာတင် စစ်တပ်တွေတိုးချတာတွေရှိတယ်။
လူထုတွေ နေရပ်စွန့်ပြေးရတာတွေ ရှိနေတုန်းပဲ။
ဒါ ကြောင့် ကျမတို့ အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုက လုပ်နေဆဲဖြစ်ပါတယ်” 
ဆိုပြီး ရှင်းပြခဲ့တဲ့အကြောင်း ၂၀၁၄ခုနှစ် မေလ ၄ရက်နေ့ Karen Information Center မှာ စဖန်းရှောင်း ရေးသားထား
တာကိုဘတ်ရပါတယ်။

ဒါကိုကြည့်လျင် ကရင်ပြည်နယ်မှာလည်း စစ်ရိပ်စစ်ငွေ့တွေ မကင်းသေးဘူးဆိုတာ ထင်ရှားနေပါတယ်။
ကျုပ်အမြင်မှာတော့ ဗမာပြည်ဟာ မုန်တိုင်းထန်ဘို့ပြင်နေတဲ့ အင်မတန်လှပတဲ့ ပင်လယ်ပြင်ကြီးလိုဖြစ်နေပါတယ်။
ဘာကြောင့်လဲဆိုတော့ လက်ရှိတိုင်းရင်းသားဒေသတွေအတွင်း အစိုးရစစ်တပ်က အကြောင်းအမျိုးမျိုးပြပြီး ထိုး စစ်ဆင်တာ
တွေလုပ်နေတာကြောင့်တိုင်းရင်းသားတွေနဲ့ ရရှိထားပြီးသား အပစ်အခတ်ရပ်စဲရေးတွေ ပျက်ပြယ်သွားနိုင်တဲ့ အဆိုးဆုံးအ
ခြေအနေဖြစ်လာမှာကို စိုးရိမ်မိတဲ့အကြောင်း KNPP ဒု-ဥက္ကဋ္ဌ ခူဦးရယ်က ပြောတာကို မေလ၁၀ရက်နေ့ ရွှေဟင်္သာသတင်း
ဌာနမှာ ဘတ်ရသလို အမေရိကန်ကနေ မကြာခင်ကမှပြန်ရောက်လာတဲ့ ဗိုလ်ချုပ်ဂွမ်မော်ကလည်း
လွတ်လပ်ချင်လို့ စစ်တိုက်ရတာ လို့ ပြောသွားတဲ့အကြောင်း News Eleven.com မှာရေးထားတာဘတ်လိုက်ရလို့ပါ။

ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးလို့ ၁၀နှစ်ကြာလျင် တိုင်းရင်းသားတွေ ခွဲထွက်ချင်တယ်ဆိုလျင် ခွဲထွက်ပိုင်ခွင့်ရှိတယ်။ ခွဲမထွက်ချင်အောင် လုပ်ရမှာက ဗမာတွေရဲ့ တာဝန်ပဲ တဲ့။
ဘယ်မှာကြားမိလဲ ဘယ်ထဲမှာရေးတာလဲ ဘယ်သူရေးတာလဲ ဆိုတာတော့ ကျုပ်လည်းမမှတ်မိဘူး။

လယ်မြေတွေမတရားသိမ်းတာ ဘယ်သူလဲ? တိုင်းရင်းသားတွေကြောင့် သိမ်းရတာပါလို့ပြောမလို့လား?
သတင်းသမားတွေကိုဘမ်းဆီးတာ ဘယ်သူလဲ? တိုင်းရင်းသားတွေကြောင့် ဘမ်းရတာပါလို့ပြောမလို့လား?
ဆန္ဒပြတဲ့လူတွေကိုဘမ်းတာ တိုင်းရင်းသားကြောင့်ဘမ်းရတာပါလို့ ပြောဦးမလို့လား?
ရိုဟင်ဂျာ ကိစ္စတွေဖြစ်ရတာ အဲဒီ ပြည်နယ်ထဲမှာရှိတဲ့ တိုင်းရင်းသားတွေကို လက်ညှိုးထိုးမလို့လား?
အဲဒါကြောင့် သူခိုးက လူဟစ် ဆိုတာအပြင် မဆီမဆိုင် လက်ပံသား ဓါးနဲ့ချိုင်တဲ့ ဗမာစစ်အစိုးရကတော့ ငြိမ်းချမ်းရေးတွေ
ပျက်လို့ စစ်ပွဲတွေဖြစ်လာလျင် တိုင်းရင်းသားကို စွပ်စွဲမယ့်အပြင် ဒီမိုကရေစီစနစ်ဖြစ်မလာဘူးဆိုလျင်လည်း တိုင်းရင်းသား
တွေကိုပဲ တရားခံအ ဖြစ် စွပ်စွဲဘို့ကြိုတင်ပြင်ဆင်နေခြင်းသာဖြစ်ပါတယ်။

ကရင်စကားပုံဖြစ်တဲ့ ထမင်းရည်အေးအောင် ခွေးဝိုင်းဟောင်ဆိုတာကို နည်းနည်းလောက်ရှင်းပြချင်ပါတယ်။
ထမင်းရည်ကို ခွေးဝိုင်းဟောင်တာမျိုး ဒီကနေ့ခေတ်လူငယ်တွေ မြင်ဘူးချင်မှ မြင်ဘူးကြမှာမို့ပါ။
မမြင်ဘူးရတဲ့အကြောင်းတွေကတော့ ထမင်းရည် ငှဲ့ချက်တဲ့နည်းနဲ့ ထမင်းချက်တဲ့ပုံစံမျိုးနည်းပါးလာလို့ရယ် ထမင်းရည်ကို
ဝယ်သောက်နေကြရတာကြောင့်ရယ်ကြောင့် ထမင်းရည်ကို ခွေးဝိုင်းဟောင်တဲ့ မြင်ကွင်းမျိုး မြင်ရဘို့ ခက်သွားရပါပြီ။
စကားစပ်မိလို့ ဒီနေရာမှာ ကျုပ်အဘိုး ကျုပ်ကိုပြောခဲ့ဘူးတဲ့စကားတခွန်းကို ပြန်ပြောပြပါရစေ။
ခွေးချေး(ချီး)ဆန်မပါ ဆိုတဲ့ စကားပါ။
ကျုပ်ကိုတခုခုခိုင်းလိုက်လို့ အဆင်မပြေဖြစ်လာပြီဆိုလျင် အဲဒီလိုအမြဲ ပြောလေ့ရှိပါတယ်။
အလုပ်လုပ်တာ ခွေးချေးလောက်တောင် အသုံးမကျဘူး၊ ခွေးချေးတောင် ဆန်မပါတဲ့ခွေးချေးမျိုးလို့ ဆိုချင်တာပါ။

ဟိုးအရင်တုန်းက ခွေးတွေရဲ့ မစင်ထဲမှာ ဆန်တွေပါပါတယ်။  အများစုသောခွေးချေး(ချီး)တွေမှာပါ။
ခွေးချေးထဲမှာ ဆန်ပါတယ်ဆိုတာကိုကြည့်လျင် တချိန်တုန်းက ဗမာပြည် ပြည်သူလူထုရဲ့ စားရေးသောက်ရေး ဘယ်လိုရှိ
လိမ့်မလဲဆိုတာ တွေးကြည့်နိုင်ပါတယ်၊ ဆန်တွေကို ခွေးနှိုက်စားနိုင်တဲ့အထိပါ။ ကျုပ်တို့ခေတ်ရောက်တော့ ခွေးတွေရဲ့မစင်မှာ ဆန်မပါတော့ပါဘူး၊ တနည်းပြောမယ်ဆိုလျင် ခွေးတွေရဲ့မစင်မှာ ဆန်ပါတာ
ကို မတွေ့မမြင်ရတော့ပါဘူး။ ရှားပါးလာတဲ့ လက္ခဏာလို့ ပြောလျင် ရမယ်ထင်ပါတယ်။

အခုလည်း ထမင်းရည်ကို ခွေးဝိုင်းဟောင်တာကို ပြောရမယ်ဆိုလျင် ဟိုးအရင့် အရင်တုန်းက ကျုပ်တို့ဘိုးဘွားတွေဟာ ထမင်းကို ရည်ငှဲ့ချက်ကြတာမို့ ထမင်းရည်ကို သင့်တော်ရာခွက်တခွက်ထဲ ငှဲ့ထည့်တတ်ပါတယ်။
အဲဒီထမင်းရည်ကို ခွေးတွေက သောက်ပါတယ်။ ဘယ်သူ့ခွေး ဘယ်ဝါ့ခွေး ဆိုပြီးမခွဲပါဘူး။ တရပ်ကွက်လုံးကခွေးတွေ နီး
စပ်ရာလာပြီးသောက်ကြပါတယ်။
အဲဒီထမင်းရည်ပူကို ချက်ချင်းမသောက်နိုင်တဲ့အတွက် ခွေးတွေဟာ တကောင်ပြီးတကောင် စားခွက်ကိုနမ်းလိုက် မြေကြီး
ကို ကုတ်ခြစ်ပြီးဟောင်လိုက် လုပ်ကြပါတော့တယ်။
အခုလိုရေးသားရှင်းလင်းပြရတာက အကြောင်းအမျိုးမျိုးကြောင့် ထမင်းရည်ကို ခွေးဝိုင်းဟောင်တဲ့ မြင်းကွင်းမျိုး မမြင်ဘူးတဲ့
လူငယ်လေးတွေအတွက် ကွက်ကွက်ကွင်းကွင်း မြင်စေချင်လို့ဖြစ်ပါတယ်။

ဆိုလိုချင်တာက ပူနေတဲ့ထမင်းရည်ကို အေးအောင်မလုပ်တတ်တဲ့ခွေးတွေဟာ မြေကြီးကိုချစ်ပြီးဝိုင်းဟောင်သလို အဓိက
အလုပ်ကိုမလုပ်ပဲ မဟုတ်ကဟုတ်ကတွေလျှောက်လုပ်တဲ့ လူတွေမှန်သမျှ ကရင်တွေကအဲဒီ ထဲုးမင်ယှူးလင်မေ၀်ထီ့ ဆိုတဲ့
စကားပုံနဲ့ ခိုင်းနှိုင်းပြောကြတာဖြစ်ပါတယ်။
အဲဒီတော့ ဒီကနေ့လက်ရှိကြုံတွေ့နေရတဲ့ ဗမာပြည်ရဲ့ အဓိကကျတဲ့ အခက်အခဲပြသနာတွေကို ဖြေရှင်းတာတွေမလုပ်ပဲ ထ
မင်းရည်ပူ လျှာလွှဲ၊ သူခိုးက လူဟစ် မဆီမဆိုင် လက်ပံသား ဓါးနဲ့ချိုင်၊ လုပ်နေတဲ့ အုပ်စုကို ကျုပ်အနေနဲ့ ထဲုးမင်ယှူးလင်မေ၀်
ထီ့ လို့သာ ဆိုလိုက်ချင်တာပါပဲဗျား။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)