• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, July 28, 2014

ခြည်ဖြူဖွဲ့ပွဲမှာ ဆုံချင်တယ်


စုပေါင်း ရဟန်းခံ ရှင်ပြုပွဲ မှတ်တမ်းဓါတ်ပုံ ရိုက်နေကြစဉ်

ခြည်ဖြူဖွဲ့ပွဲမှာ ဆုံချင်တယ်

July 28, 2014
Monday

By မင်းစိုးစံ

သူငယ်ချင်း မမျှော်လင့်ဘူး။ ထင်မထားဘူး။ လုံးဝကို မထင်ဘူး။ ပြန်ဆုံရမယ်ဆိုတာကို။ အိမ်မက်မဟုတ်
ဘူးဆိုတာသိပေမယ့် အိမ်မက်မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိတယ်။
မင်းနဲ့ ပြန်ဆုံတာကိုပြောတာပါ။
မင်းရဲ့မျက်စိ မှုံနေတယ်လို့ မင်းကပြောလို့ငါသိရပေမယ့်၊ ငါ့နားတွေ ထိုင်းနေတယ်ဆိုတာ မင်းကို ငါမပြော
လိုက်မိဘူး။
ဒါကြောင့်မို့ မင်းနဲ့ ပြန်ဆုံရတာကို အိမ်မက်မဟုတ်ပါစေနဲ့လို့ ဆုတောင်းလိုက်တာ။

ဆုမတောင်းလို့ ရမလားသူငယ်ချင်းရယ်၊ မင်းနဲ့ငါ ကွဲနေတာ(အရက်မူးခြင်းကို ဆိုလိုခြင်းမဟုတ်ပါ) နှစ်
ပေါင်း ၃၅နှစ်လေ။ ငါတို့ စကားပြောဖြစ်တာက ၃၅ မိနစ်တောင်မပြည့်ဘူး။
မင်းနဲ့ငါ ဆုံတာ ၂နာရီနီးပါးကျမှ တယောက်နဲ့တယောက် ပြန်မှတ်မိကြတာလေ။
ဘယ်မှတ်မိမလဲကွာ၊ မင်းကလည်း မျက်စိမှုံ ငါကလည်းနားမကြားဆိုတော့။

ငါတို့နှစ်ယောက် ထမင်းစားခုံရှည်ပေါ်မှာ ဘေးချင်းယှဉ်ပြီးထမင်းစားနေကြတာလေ။
မင်းကလည်း အသားဟင်းကို ၀ါးရတာခက်နေ၊ ငါကလည်း အသားဟင်းကို မကိုက်နိုင်လို့ ကိုက်လို့ရမယ့်
ဟင်းတွေကို လိုက်ရှာနေတဲ့အချိန်။ တို့နှစ်ယောက်ဆုံတာက ဓမ္မသုခကျောင်းက စုပေါင်းရဟန်းခံရှင်ပြုမှာ။
လူတွေကလည်းများ ထမင်းဝိုင်းကလည်း အမြဲတမ်းလူတွေပြည့်နေတော့ နောက်မှစားတဲ့တို့နှစ်ယောက်ရဲ့
ထမင်းစားခုံပေါ်မှာ သိပ်တော့စိုစိုပြေပြေမရှိဘူးပေါ့။
ပြီးတော့ မင်းလည်းလူငယ်လေးတွေလို သစ်ပင်ရိပ်အောက်မှာ ဖြစ်သလိုထိုင်စားဘို့ မတတ်နိုင်တော့သလို
ငါ့မှာလည်း ထိုင်ချလိုက်ပြီဆိုလျင် ပြန်ထ,ဘို့ဆိုတာခက်နေလေတော့ တို့နှစ်ယောက်လူနည်းနည်းကျဲတဲ့အ
ခါကျမှ ၀င်စားတော့ ဟင်းတွေဘာတွေဆိုတာ လက်ကျန်တွေလေ။
ကိစ္စမရှိပါဘူး။
ရွာမှာနေတုန်းကလည်း ငါတို့နှစ်ယောက် ဒီလိုပဲစားနေကျမဟုတ်လား။ အခုလိုစားနေရတာကိုက ငါတို့ရွာရဲ့
ဟန်ဆောင်မှုကင်းတဲ့ ဂုဏ်ပကာသန,ကင်းတဲ့ ဓလေ့ကို ပိုပြီးမှတ်မိနေစေသလိုပဲ။
ငါတို့က တောထဲမှာ ဖြစ်သလိုနေ ဖြစ် သလိုစား ဖြစ်သလိုအိပ်လာကြတာ၊ ပြီးတော့ ဒီပွဲက လူဖြူတွေ လူ
မည်းတွေ တခြားလူမျိုးတွေ လုပ်တဲ့ပွဲမဟုတ်ဘူး၊ ကိုယ့်ပွဲနဲ့ကိုယ် ဘယ်သူ့မျှဂရုမစိုက်ဘူး။

တခြားလူတွေလုပ်တဲ့ပွဲမှာ စောစောတုန်းကပြောခဲ့တဲ့ လူကြီးလူကောင်းဆိုလား ဂုဏ်သရေရှိလူကြီးမင်းဆို
လား ကျကျနန ခင်းကျင်းပြီးကျွေးတဲ့ ထမင်းဝိုင်းတွေဆိုတာ ငါတို့အခုစားနေတဲ့ ထမင်းဝိုင်းလို မသန့်ရှင်းပါ
ဘူးကွာ။
သူတို့ခင်းကျင်းကျွေးမွေးတဲ့ ထမင်းဝိုင်းမျိုးကို မသတီစရာကောင်းတဲ့ ဟန်ဆောင်မှုတွေ ဂုဏ်ပကာသန,အနံ့
အသက်တွေ တထောင်းထောင်းထွက်နေတယ်လို့ ခံစားရလို့ပါ။

ဆွမ်းကြီးလောင်းရန် စောင့်ဆိုင်းနေကြစဉ်

ဒေါက်တာ၊ အင်္ဂျင်နီယာ၊ ရှေ့နေ၊ ဟိုအရာရှိ၊ သည်အရာရှိ၊ ဟိုဥက္ကဌ၊ ဒီဥက္ကဌ၊ ဟိုအတွင်းရေမှူး၊ သည်အ
တွင်းရေးမှူး အဲဒါမျိုးမှ ကြွပါရှင် ထိုင်ပါခင်ဗျားဆိုပြီး ပြောဆိုဆက်ဆံကြတာ။
ငါတို့လိုလူမျိုးဆိုလျင် တောထဲက ဘာဆိုဘာမျှ နားမလည်တဲ့အကောင်တွေ ဆိုပြီး နှာခေါင်းရှုံ့ကြတာ။

ကဲ မင်းနဲ့ငါ။ မင်းကငါ့ကို မမှတ်မိဘူး၊ မျက်လုံးက အလုပ်မှမလုပ်တာ၊ ငါကလည်း မင်းကိုမမှတ်မိဘူး၊ နားမှ
မကြားတာ။ နေတာကလည်း ဘေးတိုက်အနေအထား။
ငါတို့ထမင်းစားနေတုန်း အမျိုးသမီးငယ်လေးက မောင်ကျော် ကြက်သားဟင်းရှိတယ်ဆိုပြီး ဘူးသီးနဲ့ကြက်
သား ဆီပျံရေကျန်ချက် တခွက်နဲ့အတူ အသားလုံးနဲ့ ကြာဇံသုပ် လက်ကျန်တပန်းကန်ပါယူလာလို့ တော်
တော်လေး အဆင်ပြေသွားတယ်။
နောက်တော့ တခြားဝိုင်းတွေက လက်ကျန်ဟင်းတွေသိမ်းပြီး ငါတို့နှစ်ယောက်စားပွဲပေါ်ကို လာချတော့မှ
စောစောပိုင်းက အမျိုးသမီးငယ်လေးယူလာပေးတဲ့ ကြက်သားနဲ့ဘူးသီးဟင်းပန်းကန်လေး နားရတော့တယ်၊
ငါတို့နှစ်ယောက်က နူးအိနေတဲ့ဘူးသီးနဲ့ ပျော့အိနေတဲ့ကြက်သားကို သဲကြီးမဲကြီးပွဲတော်တည်နေကြတာ
ကိုး။ (သွားမကောင်းဘူးလေ)

အဲဒီလို စားလို့ကောင်းတုန်း တရားနာဘို့အချိန်က ရောက်လာရော၊ ငါတို့လည်း စားနေတဲ့နေရာကနေထ,ပြီး မုန့်တွေ သစ်သီးတွေထားတဲ့ဘက်ကို ကူးကြတော့မှ မျက်နှာချင်းဆိုင် ထိုင်ဖြစ်တယ်။
အဲဒီတော့မှ မင်းကိုငါက စ,ပြီး မင်းနာမည်၊ မင်းညီလေး ညီမလေးတွေနာမည်၊ မင်းတို့မာတာမိခင်ရဲ့နာမည်
အဲဒါတွေကို ငါပြောတော့ မင်းက ငါ့ကို ထူးဆန်းတဲ့ သတ္တ၀ါတကောင်လိုကြည့်ပြီး မင်းဘယ်သူလဲ ဆိုပြီး
မေးတယ်၊ ငါ့ငယ်နာမည်ကိုလည်း ပြောလိုက်ရော မင်းကိုက်ထားတဲ့ ဖရဲသီးစိပ်လေး ကျသွားတဲ့အထိ အံ့သြ
သွားတယ်မဟုတ်လား။

ငါ့ကိုမင်းက မှတ်မိပြီဟေ့ မင်း တော်တော်ဝလာတာပဲ၊ဆိုပြီး ရွာအကြောင်း၊ သူငယ်ချင်းတွေအကြောင်း ရွာ
က ဆွေမျိုးတွေအကြောင်း၊ စီးပွါးရေး ပညာရေး လူမှုရေး သွားရေးလာရေး နေထိုင်စားသောက်ရေး စ,တာ
တွေပြောဖြစ်တယ်။
မင်းက ဒီကိုမလာခင် ရွာပြန်ဖြစ်တော့ သူငယ်ချင်းတွေထဲက သေတဲ့လူတွေသေ၊ သူဌေးဖြစ်တဲ့ လူတွေဖြစ်၊
လယ်အသိမ်းခံရလို့ ကိုယ့်လည်ပင်းကို ကိုယ်တိုင်ကြိုးဆွဲချ သေသွားရှာတဲ့ ဦးလေးခင်မောင်အကြောင်း စ,
တဲ့အကြောင်း အစုံပြောပြနိုင်တာပေါ့ကွာ။
ရွာကထွက်သွားရကဲ့မင်းအကြောင်းကိုတော့ ငါ့ကိုမပြောလည်း ငါသိပြီးသားပါ။
အဲဒီတုန်းက မင်းဟာ တော်လှန်ရေးရဲဘော်တယောက်၊ မင်းကို ငါလေးစားခင်မင်တာက မင်းဟာ ငါတွေ့ဘူး
တဲ့ ကရင်စစ်သားတွေနဲ့မတူလို့ပဲ၊ ငါတို့နေတဲ့ရွာကိုရောက်လာတဲ့ ကရင်စစ်သားတွေထဲက အချို့ဟာ သူတို့
တပ်မှူးတပ်ဗိုလ် လစ်လျင် လစ်သလို အရက်တောင်းသောက်တယ်၊ အရက်တင်မဟုတ်ပဲ သူကြီမရှိလျင် ရွာ
ဆူတယ်၊ အမြည်းမရှိလျင် အာပူတယ်ဆိုပြီး အမြည်းတောင်း၊ မူးလာပြီဆိုလျင် သေနတ်တွေဖေါက်၊ သူတို့
ပစ်ဖေါက်တဲ့ ကျည်ဆံအတွက် ငွေဘယ်ကရသလဲ။

မင်းကတော့ အဲဒီလိုလုပ်တာမရှိဘူး၊ အရက်သောက်ချင်လျင် အမေရောင်းဘို့ချက်ထားတဲ့အရက်တွေကို
ခိုးသောက်၊ အမေဆူလျင် အထုပ်လိုက်ထမ်း။
လမ်းမှာ ကိုယ့်ရဲဘော်ရဲဘက်တွေ၊ ဆရာတွေ ဗိုလ်တွေနဲ့မတိုးအောင် ရှောင်။
တိုးမိပြီဆိုလျင် အကျိုးအကြောင်းပြော၊ ရတဲ့ထမ်းခ,ကို အရက်ဘိုးလုပ်၊ ဒီလိုရပ်တည်တာ။ ဒါကြောင့်မင်းလိုရဲဘော်မျိုးကို ခင်တယ်၊ လေးစားတယ်။
မင်းအနေနဲ့ ရဲဘော်လုပ်ဘို့ ချုပ်ထားတဲ့စာချုပ်ပြည့်လို့ ထွက်မယ်ဆိုတော့ မရဘူးလေ။ လာလာပြီးခေါ်တဲ့အ
တွက် တပ်မဟာ (၆)ဘက်မှာ ဇာတ်မြှုပ်နေလိုက်တာ ရွာကိုပြန်မလာတော့ဘူး။

မင်းအပြောအရဆိုလျင် ရှေ့တန်းထွက်လျင် ရဲဆေးတင်မှ၊ မတင်လျင် သွေးမပူဘူး၊ အဲဒီလိုတွေ သောက်
ရာကနေ အရက်စွဲ၊ လက်တွေတုံ၊ အခုတော့ မင်းကို ဒုက္ခသည်စခန်းဆေးရုံက အရက်ဖြတ်ပေးလိုက်လို့ အ
ရက်ပြတ်သွားပေမယ့်၊ မင်းမျက်လုံးတွေက အလုပ်မလုပ်တော့ဘူး။
ငါနားမကြားတာက ၀မ်းခါဟောင်းဘက်ကို သင်္ဃန်းညီနောင်ဘက်က ပစ်လိုက်တဲ့လက်နက်ကြီးကျည်တွေ ငါခိုနေတဲ့ ဗုံးခိုကျင်းနား အဆက်မပြတ်ကျတော့ နားတွေအူပြီးဘာမျှမကြားတော့ဘူး၊ ဒီကိုရောက်တော့ ဆ
ရာဝန်က နားတွေဘာတွေကြည့်ပြီး အထဲမှာ အနာလေးဖြစ်နေတယ်ဆိုပြီး လိမ်းဆေးအမျိုးမျိုး သောက်ဆေး
အဖုံဖုံ အပြင် နားကြတ်တွေဘာတွေပေးတယ်၊ နောက်တော့ ငါလည်း နားကြတ်ကိုသုံးရတာ အဆင်မပြေ
တာနဲ့မသုံးပဲ နေလိုက်တာ အခုထိပဲ။

အဲဒါကအကြောင်းမဟုတ်ဘူး အကြောင်းကဘာလဲဆိုတော့ ငါ့ကိုယ်ကို အသက်ကြီးလာပြီ အိုမင်းမစွမ်း
ဖြစ်နေပြီ ဆိုတာသိနေပေမယ့် မှန်ထဲမှာကြည့်လိုက်လျင် ငါ့ပုံကခန့်ချောကြီးပဲဆိုပြီး ထင်နေတာ။
မင်းကိုတွေ့တော့ ငါဟာ တော်တော်အိုလာပြီပဲဆိုတာ သတိရလာတယ်။
ငါ့ပတ်ဝန်းကျင်မှာ လူတွေအိုလာတာ သိပ်ပြီးသတိမထားမိဘူး။ ဘာကြောင့်လဲဆိုတော့ မြင်နေကျ တွေ့နေကျလူတွေ အရာဝတ္ထုတွေဆိုတော့ သိပ်မသိသာဘူး။
မင်းကိုမြင်လိုက်တော့မှပဲ  လွန်ခဲ့တဲ့ ၃၅နှစ်က မင်းရဲ့ရုပ်ရည်နဲ့ အခုရုပ်ရည်က အင်မတန်ကွာတာကိုကြည့်
ပြီး ငါ့ကိုယ်ငါ နဂိုလ်အသားအရည်အသက်အရွယ်လောက် မရှိတော့ပေမယ့် သိပ်မအိုသေးဘူးလို့ထင်ထား
ခဲ့သမျှ တရားကျတယ်သူငယ်ချင်း။

မင်းနဲ့ပြောစရာတွေ မေးစရာတွေ ရှိနေပေမယ့် အချိန်ကမရှိတော့ လိုလျင် ဆက်သွယ်လို့ရအောင် မင်းဖုံးနံ
ပါတ်ကို ငါကူးရေးလိုက်တယ်၊ နောက်နေ့မှာ မင်းကိုဖုန်းခေါ်မယ်၊ ပြီးတော့ ငါ့အိမ်မှာ August 3 ရက်နေ့
မှာ ခြည်ဖြူဖွဲ့ပွဲလုပ်မှာဆိုတော့ မင်းကို ငါ့မိသားစုနဲ့ မိတ်ဆက်မယ်၊ ငါတို့ သူငယ်ချင်းနှစ်ယောက် အချင်းချင်း
ခြည်ဖြူတွေဖွဲ့ကြမယ် ဆိုပြီးမင်းကိုဖုံးဆက်တော့ သူငယ်ချင်းရေ အဖြူမတယောက်ရဲ့ ဖုံးဖြစ်နေတယ်ကွာ။

စုပေါင်း ရဟန်းခံရှင်ပြုပွဲတော်၌ ကရင်ဝတ်စုံဖြင့် အမေရိကန်သူလေးအား မြင်ရစဉ်

သွားပါပြီ သူငယ်ချင်းရာ။
မင်းကို ငါဘယ်လိုလုပ်ဆက်သွယ်ရမလဲ၊ ငါကူးရေးလိုက်တဲ့ဖုံးနံပါတ်က မှားနေတယ်။
ငါကူးရေးတဲ့ဖုံးနံပါတ် မှားသလားမှန်သလားဆိုတာ မင်းလည်း မျက်လုံးအလုပ်မလုပ်တော့ မသိ။
အခုတော့ ငါတို့နှစ်ယောက်ဆုံခဲ့တဲ့အဖြစ်က အိမ်မက်မဟုတ်ပေမယ့် ငါ့အိမ်မှာလုပ်မယ့်  ခြည်ဖြူ ဖွဲ့ပွဲမှာတွေ့
ကြဘို့ဆိုတာ ဖြစ်မှဖြစ်နိုင်ပါတော့မလား။
နောက်ဆုံးမျှော်လင့်ချက်တခုရှိတာက အခုလ August 10, 2014 ကျရင် မင်းနဲ့ငါ ပြန်ဆုံဖြစ်မယ်ထင်တာပဲ၊ အဲဒီနေ့မှာ Karen Buddhist Society of Minnesota က အဖွဲ့သူအဖွဲ့သားတွေ ဦးဆောင်ပြီး စုပေါင်းခြည်ဖြူ ဖွဲ့ပွဲကို 320 University လမ်းမ,ပေါ်မှာရှိတဲ့ Low family Community of Minnesota အဆောက်အဦးမှာ စည်စည်ကားကားနဲ့ ရိုးရာမပျက်လုပ်ကြမယ်။
အဲဒီတော့ မင်းနဲ့ငါ  ပြန်ဆုံကြတာပေါ့။
ကမ္ဘာကြီးက ကျဉ်းတယ်လို့ပြောကြပေမယ့် မင်းနဲ့ငါ့အတွက် ဒီမြို့သေးသေးလေးဟာ ကမ္ဘာကြီးထက်ပိုကျယ်
နေပြီလား မသိတော့ပါဘူးသူငယ်ချင်းရယ်။

ရိုးသားပွင့်လင်းတဲ့မင်းကို ငါတောင်းပန်ပါတယ်ကွာ။ ပြန်တွေ့လျင်လည်း ကိုယ်တိုင်တောင်းပန်ဦးမှာပါ။
ငါနားထိုင်းနေတာ မင်းကို မပြောမိလို့၊ ပြောဘို့ဝန်လေးနေလို့ အခု ငါတို့နှစ်ယောက် August 3 ရက်နေ့မှာ တပျော်တပါးတွေ့ကြဘို့ စိတ်ကူးထားတာလေး မသေမခြာဖြစ်သွားရပြီ။
တကယ်လို့များ ငါနားထိုင်းနေတယ်ဆိုတာ မင်းကိုပြောပြခဲ့မယ်ဆိုလျင် မင်းကငါ့ကို အထပ်အထပ်အခါခါ
ပြောပြမယ်၊ အဲဒီတော့ ဖုံးနံပါတ်မမှားတဲ့အတွက် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ။
အခုတော့ August 10ရက်အထိ စောင့်ရတော့မှာပေါ့။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)