• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, August 12, 2014

ပြောချင်လွန်းလို့မဟုတ်ဘူး သူငယ်ချင်း

Source photo from http://www.facebook.com
August 12, 2014
Tuesday

 ပြောချင်လွန်းလို့မဟုတ်ဘူး သူငယ်ချင်း

By မင်းစိုးစံ

သူငယ်ချင်းရေ ခြည်ဖြူဖွဲ့ပွဲကို မင်းလာမယ်ဆိုလို့ ငါမျှော်နေတာ မင်းမလာဘူး။
မင်းမေ့ထားတဲ့အင်္ကျီနဲ့ ခေါင်းပေါင်းကို လာယူမယ် ပြီးတော့မင်းရဲ့ အထက်အရာရှိတယောက်နဲ့ မိတ်ဆက်
ပေးမယ်ပြောလို့ ငါမင်းကိုစောင့်နေတာ။
မင်း အရက်မူးနေတယ်လို့ မင်းရဲ့သမီးကပြောတယ်။
အဲဒါ မင်းရဲ့ခေါင်းပေါင်းနဲ့အင်္ကျီကို မင်းရဲ့သမီးနဲ့ထည့်ပေးလိုက်တယ်။
မင်းမလာဖြစ်တော့ ခြည်ဖြူဖွဲ့ပွဲကအကြောင်းတွေ မင်းကိုဖေါက်သည်ချချင်တယ်သူငယ်ချင်း။
ပွဲတော်ကျင်းပ တဲ့နေရာကို မင်းသိပြီးသားမို့လို့မပြောတော့ပါဘူး။
ပွဲခင်းထဲကအကြောင်းကိုတော့ ပြောပြမယ်။
အခမ်းအနားအပြင်အဆင်က သိပ်တော့မသားနားပေမယ့် အစားအသောက်ကတော့ အလျှံပယ်ပဲ။

ဒါပေမယ့် ငါတို့စီစဉ်ထားသ လိုတော့မဟုတ်ဘူးကွ။ အစည်းအဝေးမှာဆုံးဖြတ်ထားတာက တအိမ်ကိုထ
မင်းတစ်အိုး ဟင်းတစ်အိုးစီ၊ တကယ့်တကယ်ကျတော့ ငါ့အိမ်နဲ့ အခြားအိမ် ပေါင်းနှစ်အိမ်ပဲ ထမင်းတအိုးစီ
ဟင်းတအိုးစီပါတယ်၊ ကျန်တဲ့လူတွေက ခေါက်ဆွဲကြော်တွေ ကြော်လာကြတယ်။
ခေါက်ဆွဲကြော်ဆိုလို့ ဆိုင်မှာကြော်သလိုမဟုတ်ဘူး။ ကိုယ့်စိတ်ကြိုက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်တတ်
သလို ကြော်ကြတာ။
သိပ်တော့ အထာမကျဘူး။
ခေါက်ဆွဲကြော်ဆိုတဲ့အတိုင်း ခေါက်ဆွဲကြော် သီးသန့်ပဲကြော်တာ အချဉ်သုတ် နဲ့ ဆာလားဝါးလားတွေ မပါ
တော့ စားရတာခြောက်တောက်တောက်နိုင်လိုက်ပါဘိ။

တကယ်လို့များ အစည်းအဝေးမှာဆုံးဖြတ်ထားတဲ့အတိုင်း တအိမ်ဟင်းတမျိုးစီသာဆိုလျင် ဟင်းအမယ်တွေ
စုံလိုက်မယ့်ဖြစ်ခြင်း။
အဲဒါကအစားအသောက်နဲ့ ပတ်သက်ပြီးပြောတာ။
အသောက်ဆိုလို့ အစောပိုင်းမှာ သောက်ရေသန့်တမျိုးပဲ၊ နောက်ပိုင်းကျမှ ရေခဲထည့်ထားတဲ့ အချိုရည်တမျိုး
ရောက်လာတာ။
အခမ်းအနားအစီအစဉ်ကတော့ ထုံးစံအတိုင်းပေါ၊့ဘာမသိညာမသိလူကြီးမင်းများဆိုလား သဘာပတိလူ
ကြီးမင်း များဆိုလား အဲဒီလူတွေကို စကားပြောခိုင်းတာ။
အဲဒါ ငါလည်း ဘာမသိညာမသိအထဲ ပါသွားတယ်။

Source photo from http://www.facebook.com

စင်ပေါ်ကို ရောက်သွားတော့ အပေါ်ကနေကြည့်လိုက်တာ ဟား သူငယ်ချင်းရေ ခြည်ဖြူဖွဲ့ပွဲတော်ကိုအားပေး
ကြွရောက်လာကြတဲ့ရွှေကရင်တွေ မျက်နှာချင်းဆိုင်ပြီးစကားပြောတဲ့လူပြော၊ မတ်မတ်ရပ် အားပါးတရရယ်
မောရင်းပြောတဲ့လူကပြောရင်း ပြောနေလိုက်ကြတာများ နှစ်ပေါင်းနှစ်ဆယ် အစိတ်လောက်မတွေ့ရတဲ့ အ
မျိုးရင်းတွေ ပြန်တွေ့တာကျနေတာပဲ။

ငါတခု အကြံရတယ်ကွ အဲဒါဘာလဲဆိုတော့ စုပေါင်းစကားပြောပွဲအစီအစဉ် ဆိုတဲ့ခေါင်းစဉ်နဲ့ လူစုပြီးစကား
ပြောတဲ့ အခမ်းအနားတခု လုပ်ပေးလိုက်လျင်ကောင်းမလားလို့ ဘာကြောင့်လဲဆိုတော့ အခမ်းအနားတိုင်း
လိုလိုမှာအဲဒီလိုချည်း တွေ့နေရမြင်နေရတာတွေ နည်းနည်းလျော့သွားမလားပေါ့နော်။

အပေါ်က ဘာမသိညာမသိလူကြီးတွေကလည်း သာကူသိုးတဲ့ဘုန်းကြီးပုံပြင်ထဲကဘုန်းကြီးလို လေရှည်နေ
လိုက်ကြတာများကွာ စကားလုံးတွေကထပ် အကြောင်းအရာတွေကထပ်နဲ့ အောက်ကလူတွေကို အားနာရ
ကောင်းမှန်းမသိ ပြောနေဟောနေလိုက်တာ မဆလ ခေတ်က မတက်မနေရအစည်းအဝေးအတိုင်းပဲ။
ဒါကြောင့်များလားတော့မသိဘူး အောက်ကဧည့်သည်တော်တွေခမျာ အပေါ်ကလူတွေပြောပြီးပြီးချင်း တီး
လိုက်ကြတဲ့လက်ခုပ်သံ ညံနေတာပဲ။
တချို့ဆို အချင်းချင်းမျက်နှာချင်းဆိုင်စကားပြောနေရာကနေ ကမန်းကတန်း လှည့်ပြီးလက်ခုပ်တီးကြတာ။

ငါထင်တယ်ကွ အပေါ်က ဘာတွေပြောလို့ပြောမှန်းမသိပဲနဲ့လက်ခုပ်တီးတယ် ဆိုကတည်းက တခုခုတော့
တခုခုပဲ။
အဲဒီတခုခုထဲက တခုခုဆိုတာ နားညည်းသက်သာအောင် မြန်မြန်ပြောပြီးသွားကြပါစေ ဆိုတဲ့ တခုခုပဲဖြစ်
လိမ့်မယ်။
Texas State က ကရင်ဗုဒ္ဓဘာသာအဖွဲ့က တာဝန်ခံနဲ့ South Dakota State က ကရင်ဗုဒ္ဓဘာသာအဖွဲ့က
တာဝန်ခံတွေလည်း အားပေးစကားတွေ သြ၀ါဒတွေ ပြောသွားကြတယ်၊

မင်းကို ပြောပြချင်တာတခုက အဲဒီလိုပြော သွားကြတဲ့အထဲမှာ ရိုးရာခြည်ဖြူဖွဲ့ပွဲဆိုတာ ဘာသာရေးနဲ့မဆိုင်
ဘူးဆိုတဲ့အကြောင်း ကရင့်သက္ကရာဇ် ခရစ်သက္ကရာဇ် သာသနာသက္ကရာဇ်တွေနဲ့ သက်သေသာဓကထားပြီး
ပြောသွားတာသတိထားမိတယ်။ ဗုဒ္ဓသက္ကရာဇ်က ဘယ်လောက်လဲ၊ ခရာဇ်သက္ကရာဇ်က ဘယ်လောက်လဲ ကရင့်သက္ကရာဇ်က ဘယ်လောက်လဲ။
ကရင်လူမျိုးတွေ အခုပြည်ထောင်စုဗမာနိုင်ငံ(ပြည်ထောင်စုမြမ္မာနိုင်ငံ) ဆိုတဲ့ဒေသကို အခြေချနေထိုင်လာခဲ့
တာ နှစ်ပေါင်း ၂၇၅၃နှစ် ရှိသွားပြီး၊ အဲဒီအချိန်အခါတုန်းက ခရစ်တော်မပြောနဲ့ ဂေါတမတောင် မမွေးသေး
ဘူးဆိုတဲ့အကြောင်းနဲ့ ကရင်တွေမှာ ဘယ်ဘာသာတရားကိုမှ ကိုးကွယ်ခြင်းမရှိသေးခင်ကတည်းက ကရင်
တွေရဲ့ခြည်ဖြူဖွဲ့ခြင်းဆိုတဲ့အစဉ်အလာ ရှိခဲ့တာကြောင့် ဘာသာရေးနဲ့ပတ်သက်ခြင်းမရှိဘူးဆိုတာ ထင်ရှားတဲ့
သက်သေပဲဆိုပြီး ပြောသွားတယ်ကွ။

အဲဒီလို တယောက်ပြီးတယောက် ပြောသွားလိုက်ကြတာ ငါ့အလှည့်ရောက်တော့ ခေါက်ဆွဲသိုးနေပြီ။
စင်ပေါ်ကနေ စင်အောက်ကိုကြည့်လိုက်တော့ လူငယ်လေးတွေ ခြည်ဖြူဖွဲ့ဘို့ ခုံတွေခင်းဘို့ပြင်နေတာတွေ့ရ
တာမို့ စကားပြောဘို့ ၆မိနစ်စာ ရေးထားတာကို ၃မိနစ်နဲ့အပြတ်ပြောချလိုက်ရတယ်။
ဟား လက်ခုပ်သံတွေဆိုတာများ သူငယ်ချင်းရာ ရှေ့ကလူတွေပြောသွားတာ ထက်ပိုညံကုန်တာပေါ့။
မညံပဲနေမလား နားညည်းသက်သာသွားကြပြီလေ။ ငါက နောက်ပိတ်ဆုံးပြောတဲ့လူ။

အစီအစဉ်ကျေငြာသူက သီချင်းသီဆိုမယ့်အဖွဲ့ကို စင်ပေါ်တက်ဘို့ ကျေငြာလိုက်တဲ့အခါမှာ ငါတို့ဘာမသိ
ညာမသိလူကြီးမင်းတွေ ဘယ်လိုလဲဆိုပြီး တယောက်မျက်နှာတယောက်ကြည့်ပြီး စင်ပေါ်ကပဲ ပြေးဆင်းရ
တော့မလား၊ သဘာပတိခုံပေါ်မှာပဲ အခန့်သားဆက်ထိုင်နေရတော့မလားပေါ့။
သမီးရေ အဘတို့စင်ပေါ်ကဆင်းလို့ရပြီလား လို့ အသံခပ်အုပ်အုပ်နဲ့ မေးလိုက်တော့ ဆင်းကြတော့လေ ဘာကြောင်နေကြတာလဲ ဆိုပြီးအော်ပြောတာခံလိုက်ရသေးတယ်။
အဲဒီတော့ကွာ မရှိတဲ့သိက္ခာတွေကို မငဲ့တော့ပဲ ဖရိုဖရဲနဲ့အမြန်ဆုံးဆင်းလာခဲ့လိုက်တယ်။

အဲဒီအချိန်မှာငါလည်း ဘိုက်ထဲမှာ အစာလိုနေပြီမို့ အစားအသောက်တွေထားတဲ့ အခန်းဘက်ကိုရောက်တာ
နဲ့ တခါသုံးပန်းကန်ကိုယူပြီး ခေါက်ဆွဲထည့်ဘို့အလုပ် အဘရေ အဲဒီခေါက်ဆွဲကြော်က ချဉ်ဆော်နံနေပြီဆို
လို့ ငါလည်း နောက်ထပ်ပန်းကန်တခုကိုယူ တခြားဘန်းထဲက ခေါက်ဆွဲကြော်ကိုခပ်ထည့် ခရင်းနဲ့တဇွန်း
လောက်ကော်ပြီးအ၀ါး၊ သွားကလည်း အလုပ်မလုပ်တော့ ရေနဲ့မျှောအချ၊ ဟေ့ကောင်ရေ တာဝန်ကျတဲ့ လူ
ငယ်လေးတယောက်က ဦးလေးကို လူတွေစောင့်နေတယ်ဆိုပြီး ငါစားနေတဲ့ခေါက်ဆွဲပန်းကန် အသိမ်းခံ
လိုက်ရတယ်ဟေ့။

ပါးစပ်ကိုစက္ကူနဲ့သုပ်ရင်း စားသောက်ခန်းထဲကနေထွက်တော့ ငယ်လင်ငယ်မယား ခုနစ်တွဲပြည့်ဘို့ငါ့တစ်
ယောက်ပဲကျန်နေတယ်။ အဲဒီတော့ ဇနီးသည်က ဘယ်နေရာသွားပြီးသဝေထိုးနေသလဲဆိုပြီး မျက်စောင်း
ထိုးပါရောကွာ။

အဲဒီလို လင်စုံမယားဘက်တွေနေရာယူအပြီးမှာ ငါက ငါ့ဘေးကစုံတွဲကို ခြည်ဖြူဖွဲ့ပွဲအတွက် သံပြိုင်ရွတ်ဘို့
ရေးထားတဲ့ စာရွက်ကိုဝေတော့ သူတို့ကရင်စာမဘတ်တတ်ဘူးဆိုပြီး မယူဘူး။ မင်းပဲစဉ်းစားကြည့်တော့
ငါတို့လို အရွယ်တွေမှာတောင် ပိုးကရင်စာကိုမဘတ်တတ်တဲ့သူရှိနေမှတော့ ဟေ့ကောင်ရေ ကရင်စာလုံး
သတ်ပုံအမှား တွေရေးနေကြတဲ့ လူငယ်တွေကို အပြစ်ပြောဘို့တော်တော်ခက်ပြီပေါ့။

ဒီကနေ့ ကရင်စာတမ်းထိုးသီချင်းခွေထဲ က စာလုံးတွေမှားနေတာများကွာ ရုပ်ပျက်ဆင်းပျက်ပဲ။
ဒီကြားထဲ ငါတို့စာပေက အမျိုးအစားက ခပ်များများ။
အဲဒါတွေအသာထားလိုက်မယ်၊ နောက်များကျမှပြောကြရအောင်။

အဲဒီလိုနေရာယူပြီး ခြည်ဖြူဖွဲ့ဘို့ ဆုတောင်းပေးတဲ့ စာသားတွေကိုရွတ်ပေးဘို့ အသင့်လည်းဖြစ်ရော အစီ
အစဉ်ကျေငြာတဲ့သူက သီချင်းဆိုဘို့ တေးသံရှင်တယောက်ကို ခေါ်လိုက်တော့ ငါတို့လည်း ဘာလုပ်လို့ဘာ
ကိုင်ရမှန်း မသိဖြစ်ကုန်တာပေါ့။
စင်မြင့်က ငါတို့နောက်မှာလေ၊ အဲဒီတော့နောက်ပြန်တကြည့်ကြည့်ဖြစ်ကုန်ကြပါရော။

ခဏလေးနေတော့မှ ခြည်ဖြူဖွဲ့ဆုတောင်းပေးတဲ့အနေနဲ့ လိပ်ပြာခေါ်တဲ့အစီအစဉ်ကိုကျေငြာပေးတယ်။
လူငယ်တွေဆိုတာ နောင်တချိန်မှာ လူကြီးနေရာကိုပေးဘို့ လေ့ကျင့်ပေးတယ်ဆိုတာ အင်မတန်သင့်တင့်
ကောင်းမွန်တဲ့ ရည်ရွယ်ချက်ဖြစ်သလို လိုအပ်တဲ့အကောင်အထည်ဖေါ်ဆောင်မှုတရပ်ဆိုတာ အားလုံးလက်
ခံကြပါတယ်။

သို့သော် ပွဲမ၀င်ခင်အပြင်မှာကျင်းပ,ဆိုတဲ့စကားအတိုင်း သူတို့ကို အခမ်းအနားမစ,ခင် သုံးလေးရက်
လောက်ကတည်းက လေ့ကျင့်ပေးထားမယ်ဆိုလျင်ဖြင့် ပွဲတော်လည်းဂုဏ်ရှိမယ်၊ လူငယ်လေးတွေလည်း အတွေ့အကြုံရင့်ကျက်မယ်၊။
အခုတော့ကွာ အလွဲလွဲအချော်ချော်နဲ့ တော်တော့်ကို အိုးနင်းခွက်နင်းနိုင်လွန်းတယ်၊ အဲဒါက ငါ့အမြင်နော်။
မင်းကရော ဘယ်လိုမြင်တုန်း။

နောက်ဆုံးတခုက စင်ပေါ်တက်ပြီး စကားပြောတဲ့လူကြီးတွေကို အချိန်သတ်မှတ်ပေးသင့်တယ်။
၃မိနစ်ကျော် ၄မိနစ်လောက်၊ ဒါမှမဟုတ်လျင် ၅မိနစ်ကျော်ကျော် ၆မိနစ် ၇မိနစ်လောက်ဆိုတော်လောက်
ပါပြီ။အခုတော့ကွာ သာကူသိုးတဲ့ဘုန်းကြီးပုံပြင်လို ခေါက်ဆွဲသိုးတဲ့ ခြည်ဖြုဖွဲ့ပွဲဖြစ်သွားရပြီ။

Source photo from http://www.facebook.com

အခုလိုမင်းကိုရေးပြရတာဟာ ရှင်းသန့်မြင့်မြတ်တဲ့ ကိုယ့်အမျိုးသားရိုးရာပွဲကို သေးသိမ်စုတ်နုတ်အောင်လုပ်
လိုက်တယ်လို့ မထင်နဲ့ ဟုတ်လား။
ငါတို့အမျိုးသားတွေ ပြုပြင်စရာရှိတာကို ပြုပြင်နိုင်အောင်၊ နောက်နောင် ကရင်တွေကျင်းပပြုလုပ်တဲ့ ဘယ်ပွဲ
မျိုး ဘယ်လိုအခမ်းအနားမျိုးမှာမဆို ချို့ယွင်းအားနည်းချက်တွေ မရှိတာတောင်မှ နည်းနိုင်သမျှနည်းအောင် ဆို
တဲ့ ရည်ရွယ်ချက်နဲ့ရေးပြလိုက်တာပါ။

ခြည်ဖြူဖွဲ့ပွဲတော်မှာ ငါဘာတွေပြောခဲ့သလဲဆိုတာကိုတော့ မင်းကိုရေးပြမနေတော့ပါဘူး။
ကြားချင်လျင်တော့ You tube ထဲမှာသာရှာပေတော့။
ဘယ်လိုပဲပြောပြော ငါတို့ကရင်တွေ အများကြီးလိုသေးတယ်ဟေ့။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)