ကျောင်းပိတ်ရက်မှာ ဆုံကြစို့
August 26, 2014
Tuesday
By မင်းစိုးစံ
ဘယ်လိုလဲသူငယ်ချင်း ဟိုနေ့ကမင်းကိုပြောပြတဲ့ လူပျိုကြီးဒုံးကို မြင်ချင် တွေ့ချင် ကြားချင်နေပြီမဟုတ်လား။
မင်းကိုမေးမယ် ငါတို့ကရင့်ဒုံးမှာ အမျိုးအစားဘယ်နှမျိုးလောက်ရှိမယ် ထင်လဲ။
လူပျိုကြီးဒုံးရှိသလို အပျိုကြီးဒုံးဆိုတာရှိသလား။
ဒုံး ဆိုတဲ့အမည်နာမဆိုတာကို ဘယ်သူတွေက ဘယ်လိုကြောင့် မှည့်ပေးလိုက်တာလဲ။
ဒုံးတွေရဲ့မူလအစပထမ ဖြစ်လာပုံကိုမင်းသိလား။
ဒုံးတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေက ဘာလဲ။
ဒုံးရဲ့အမျိုးအစားကို ဘယ်အပေါ်မှာအခြေခံပြီး ခွဲခြားထားသလဲ။
ပြိုင်ပွဲဝင်တဲ့ဒုံးတွေကို ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပြီး ပထမဆု ဒုတိယဆု တတိယဆု နဲ့ နှစ်
သိမ့်ဆု ဆိုပြီး ပေးကြသလဲ။
သိချင်လွန်လွန်းလို့သာ မေးလိုက်တာ ငါ လုံးဝ,မသိဘူးသူငယ်ချင်း။
အေး မင်းသိလျင်တော့ ငါ့ကိုပြောပြ။ ဟုတ်လား။
ခြည်ဖြူဖွဲ့ပွဲအခမ်းအနားမှာ က,သွားတဲ့ဒုံးကို သူတို့အဖွဲ့ခေါင်းဆောင်က လူပျိုကြီးဒုံး ဆိုလို့သာ လူပျိုကြီးဒုံး
လိုက်ရတယ်၊ ငါတို့က,ခဲ့တဲ့ လူပျိုကြီးဒုံးနဲ့မတူဘူးကွ။
ဖြစ်ကတတ်ဆန်းဒုံးလား ဆိုတော့ မတူပြန်ဘူး။
ဖြစ်ကတတ်ဆန်း ဒုံးဆိုတာ ကရင်လို (ဋုံစင်က်ုဍယ်)တုံကျောင်ကဒယ် လို့ခေါ်တယ်။
ဒုံးက,တဲ့လူတွေက ကိုယ်က,ချင်သလိုက,ကြပြီး သီချင်းတပုဒ်ဆုံးလျင် လက်ခုပ်ကိုညီညီညာညာတီးပြီး ရပ်
လိုက်တယ်၊ ပြီးတော့ သီချင်းနောက်တပုဒ် စ,တာနဲ့ စောစောပိုင်းကလိုပဲ က,ချင်တဲ့အက,မျိုးတွေက,ပြီး သီ
ချင်းဆုံးတာနဲ့ လက်ခုပ်ညီညီညာတီးပြီး ရပ်လိုက်ကြပြန်တယ်။
ပြီးတော့သူတို့တွေရဲ့ မျက်နှာကို သနပ်ခါးထူထူတွေလိမ်းပြီး က,တာဆိုတော့ ဒုမင်္ဂလာဒုံးလားလို့ဆက်စပ်
ကြည့်ပြန်တော့ မဟုတ်ပြန်ဘူး။
ဒုမင်္ဂလာဒုံးကို ကရင်လို (ဋုံက်ုရေင်ဏီ့) တုံကရောင်နီ့ လို့ခေါ်တယ်၊ ဘုန်းကြီးပျံ ပွဲတွေမှာ က,လေ့က,ထ,ရှိ
တယ်။
လူပျိုကြီးဒုံး ဖြစ်ကတတ်ဆန်းဒုံး ဒုမင်္ဂလာဒုံးတွေက ဟာသ,ဒုံးလို့သတ်မှတ်နိုင်ပေမယ့်၊ က,ပုံချင်းကတော့ မ တူကြဘူး၊ အခု က,တဲ့ဒုံးကို ကြည့်လိုက်တော့ ရောကောသောကောလိုလိုဖြစ်နေတယ်။
ဒုံးအမျိုးအစားကို တိတိကျ ကျသတ်မှတ်လို့မရဘူးဆိုတာကို ဆိုလိုတာပါ။
နောက်ဆုံးတော့ ဒီဒုံးကို ငါ့အနေနဲ့ သရုပ်ပျက်ဒုံးလို့မြင်တယ်။
ကရင်လိုတော့ (ဋုံဝိက်) တုံဝိုက် လို့ခေါ်တယ်။
ရွဲ့စောင်းစောင်းနဲ့ တွန့်လိန်နေတာကို ကရင်လို (၀ိက်) ၀ိုက် လို့ပြောကြတယ်။
မင်းတို့ငါ တို့ ကိုယ်ပိုင်မုန့်ဟင်းခါးလုပ်စားတော့ မုန့်ဖတ်လုပ်တဲ့အခါမှာ မင်းမြင်တဲ့အတိုင်း ရေနွေးအိုးထဲကို
မုန့်နှစ်တွေကိုညှစ်ချလိုက်တဲ့အခါ လိန်တွန့်ပြီးဆင်းသွားတာမျိုးပေါ့။
သူတို့ဒုံးက အဲဒီလိုက,သွားတာ။
သီချင်းစာသားကို သေသေခြာခြာနားထောင်ကြည့်ပြန်တော့ ကရင်သီချင်းဆိုတာ ခုနစ်လုံး တပါဒ, လေးပါ
ဒ,ကို တပုဒ်လို့ သတ်မှတ်ထားကြတာ။
အခုတော့ကွာ ဆိုချင်သလိုဆိုနေပုံများ ရှစ်လုံးလား ကိုးလုံးလား ငါးလုံးလား ဖြစ်သလိုကို ဆိုပစ်တာ။
ကလေးတွေ မသိလို့မှားတာဖြစ်နိုင်ပါတယ်။
ရယ်စရာ ရွှင်မြူးစရာတွေကို စေတနာထားပြီး တင်ဆက်တာကိုတော့ ကျေးဇူးတင်ပါတယ်။
အသိအမှတ်လည်းပြုပါတယ်။
သို့သော် အရိုးကိုအရွက်မဖုံးစေပဲ စည်းစနစ်တကျ တင်ဆက်ပေးတတ်မယ်ဆိုလျင်တော့ နည်းစနစ်တကျ တင်ဆက်ပေးနိုင်မယ်ဆိုလျင်တော့ ပိုကောင်းတာပေါ့ သူငယ်ချင်းရာ။ မဟုတ်ဘူးလား။
အခုဒီဒုံးကို လူအတော်များများက အခြားဒုံးတွေထက် ပိုပြီးအားပေးကြတာ တွေ့ရတယ်။
ကိုယ့်မြို့ ကိုယ့်ရွာကနေ ဆယ်စုနှစ်တွေနဲ့ချီပြီး ခွဲခွါလာရတာကတကြောင်း ကရင့်ရိုးရာယဉ်ကျေးမှုနဲ့ ပတ်
သက်တာတွေကို ခရေစေ့တွင်းကျ မသိနိုင်တာအပြင် ဗဟုသုတဖြစ်စေတဲ့ စာကောင်းပေမွန်တွေကို လေ့
လာဘတ်ရှုနိုင်တဲ့ အခြေအနေကိုမရနိုင်တာကတကြောင်း စတာတွေကြောင့် ဒုံးအမျိုးစားဘယ်နှမျိုးရှိလို့ ရှိ
မှန်း မသိတော့သလို ဘယ်လိုအရာကတော့ဖြင့် ယဉ်ကျေးမှုကို တစုံတရာအတိုင်းအတာအထိ အန္တရာယ်
ဖြစ်နိုင်တယ်၊ ဘယ်လိုလုပ်ရပ်ကတော့ဖြင့် အဆိပ်အတောက်ဆိုတာ မသိနိုင်ကြတော့ပဲ ယဉ်ကျေးမှုဖေါ်
ထုတ်တဲ့အလုပ်ကို လုပ်နေတာ စည်းလုံးညီညွတ်အောင် လုပ်နေတာ ဆိုပြီး စည်းမရှိကမ်းမရှိ စည်းမသိ
ကမ်းမသိ လုပ်နေခဲ့ကြတာ ကြာလှပေါ့သူငယ်ချင်းရာ။
အဲဒီတော့ နောက်မျိုးဆက်သစ်တွေက အမှားတွေကိုအမှန်ထင်ပြီး သူတို့မြင်လိုက်ရသလို သူတို့ကြားလိုက်
သလို မြင်သမျှကြားသမျှ လက်ဆင့်ကမ်းသွားကြလိမ့်မယ်။
အဲဒီလို မဖြစ်ရအောင် အမှားနဲ့အမှန် အဆိုးနဲ့အကောင်း ဝေဘန်နိုင်တဲ့ သမိုင်းစာမျက်နှာအထောက်အထား
တွေ နဲ့ လုပ်ရပ်တွေကို ရှာဘို့ဆိုတာသိပ်မှမလွယ်တော့ပဲ။
ဒီကနေ့ ဒုံးက,ကြတဲ့ ကလေးတွေကို မေးကြည့် မင်းတို့ဒုံးက,တာ ကန်တော့ပွဲပေးသလားလို့။
မပေးရေးချ မပေး။ ဘာကြောင့်လဲ မေးကြည့်။
ငါတို့ဒုံးက,တုန်းကဆိုလျင် ဒုံးကိုဘယ်နေရာကိုမှ သွားမက,ခင်မှာ အရင်ဦးဆုံး ကန်တော့ပွဲပေးရတယ်။
အုန်းသီးငှက်ပျောသီးပါတဲ့ ကန်တော့ပွဲ နှစ်လုံး။
အဲ့ဒါအပြင် ကန်တော့ပွဲတခုမှာ မှန်တချပ်ဘီးတလက် ကျောက်ပျဉ်တချပ် သနပ်ခါးတုံး အဲဒါတွေပါပြီး နောက်
ကန်တော့ပွဲတခုမှာတော့ အရက်တပိုင်း ကြက်ပြုတ်တစ်ကောင် အဲလို ပွဲပေးရတယ်။
ပြီးတော့ ဒုံးဆရာက သူ့တပည့်တွေကို နံ့သာရည်နဲ့ဖျမ်းပြီး တောင်းပန်ရတယ်။
ဘာကြောင့်လဲသိလား ဒုံးအက,သင်နေတဲ့အချိန်မှာ ကိုယ့်တပည့်တွေကို ခြေထောက်အနေအထား လက်
အနေအထား ကိုယ်ဟန်အနေအထားမှန်အောင် တုတ်လေးနဲ့ခပ်ဆတ်ဆတ်လေး ရိုက်ပြီး သင်ပေးမိတာမျိုး၊
အော်ငေါက်ပြောဆိုမိတာမျိုးရှိတော့ အဲဒါတွေကို ကြေအေးဘို့တောင်းပန်တာ။
နောက်ပြီးဆရာက အော်ငေါက်ဆူဆဲ တဲ့အပေါ် ငြူစူကြတာမို့ တပည့်တွေကလည်း ဆရာဖြစ်သူရဲ့လက်ကို
နံ့သာရည်နဲ့ ဆေးပြီး ထိုင်ကန်တော့ကြတယ်။
ဒီနေရာမှာမေးစရာရှိလာပြီ လူချင်းအတူတူပဲ ဘာဖြစ်လို့ကန်တော့ရသလဲ။
မင်းကိုမေးလျင် ဘယ်လိုပြန်ဖြေမလဲ။
တကယ်ဆိုတော့ ဆရာဆိုတာ ကျေးဇူးရှိလို့ သူ့ကိုကန်တော့တာပေါ့။
သူက ကိုယ့်ကိုယဉ်ကျေးမှုနဲ့ပတ်သက်တာတွေ သင်ပေးတယ်လေ၊ အဲဒါကျေးဇူးတရားမဟုတ်လား။
အဲဒီကျေးဇူးတရားကို စိတ်နှလုံးနှိမ့်ချခြင်းရှိကြောင်း သက်သေပြတယ်လို့ပြောပြော သည်းခံခွင့်လွှတ်စိတ်ကို
ထုတ်ပြတယ်လို့ပဲဆိုဆို ကောင်းတဲ့လုပ်ရပ် ဟုတ်၏ မဟုတ်၏ ဆိုတာနဲ့ လုပ်သင့်မလုပ်သင့် ပြုထိုက် မပြု
ထိုက်ဆိုတာ မင်းသုံးသပ်ကြည့်ပါ။
ကန်တော့ပွဲနှစ်ပွဲကျတော့ ပထမ မှန်တွေ ဘီးတွေ ကျောက်ပျဉ်တွေ သနပ်ခါးတုံးတွေက ငါတို့ရဲ့အမေကို
ရည်စူးတဲ့ ကန်တော့ပွဲဖြစ်ပြီး၊ ကျန်တဲ့ ကြက်ပြုတ်နဲ့အရက်ပါတဲ့ ကန်တော့ပွဲက ငါတို့ရဲ့အဖေအတွက် ရည်
စူးတဲ့ကန်တော့ပွဲလို့ ဆိုပါတယ်။
သမိုင်းကြောင်းကို ပြန်ကြည့်လိုက်လျင် ငါတို့တတွေရဲ့ မိဘနှစ်ပါးကွဲနေလို့ မေါဝ်ထါ် နဲ့ ဖါထါ် ဆိုတာဖြစ်လာ
တယ်။
မေါဝ်ထါ် ဆိုတာ အမေဘက်ပါသွားတဲ့ ညီအစ်ကိုတွေကို ခေါ်တာ။
ဖါထါ် ဆိုတာ အဖေဘက်ပါသွားတဲ့ ညီအစ်ကိုတွေကို ခေါ်တာ။ ပိုး နဲ့ စကော ပေါ့ကွာ။
အဲဒီတော့ မိဘနှစ်ပါးကို ကျေးဇူးသိတဲ့သားသမီးတွေအနေနဲ့ ကန်တော့ပွဲပေးပြီးကန်တော့တာအပြစ်လား၊ မှားလား။
အေးကွာ အဲဒါတွေပြောမယ့်သာပြောနေရတာ လိုက်ပြီးလုပ်မယ့်သူက မရှိသလောက်ပဲ။
ဘာကြောင့်လဲလို့ မေးလာမယ်ဆိုလျင် အဖြေရခက်ကြီးကွာ။
ဘယ်လိုပဲပြောပြော မင်းကို ငါပြောခဲ့တဲအတိုင်း လူပျိုကြီးဒုံး ဆိုတာလေးကို မင်းကြည့်လိုက်ပါ ပြီးလျင် အဲဒီ
ဒုံးမျိုးကို မင်းအနေနဲ့ဘယ်လိုအမျိုးအစားထဲမှာ ထည့်သင့်တယ်လို့ ထင်သလဲ။
ကျေးမှုကို အဆိပ်အတောက်ဖြစ်စေတယ်ဆိုပြီး အားမပေးဘို့ ရှေးဟောင်းကရင်စာပေနဲ့ ယဉ်ကျေးမှုဖေါ်
ထုတ်ရေး ကော်မီတီက အထူးတလည်တားမြစ်ထားတယ်လို့ပြောတယ်ဟေ့။
ဒီဒုံးနဲ့ ပတ်သက်တဲ့ မင်းရဲ့အမြင်ကို ငါသိချင်တယ်။
ကန်တော့ပွဲပေးတာနဲ့ ပတ်သက်လို့ မင်းဘယ်လိုပြောချင်လဲ။
Beer သောက်ပြီးပြောမယ်ဆိုလျင် လာမယ့်တနင်္လာနေ့မှာ ငါအားတယ်။
ကျောင်းပိတ်တယ်လေကွာ။
အဲဒီနေ့မှာ မင်းရော ငါပါ ကျောင်းတက်စရာမှ မလိုပဲ။
မင်းနဲ့ငါ Original Karen Market Place မှာတွေ့ကြစို့လား။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)





