• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, September 15, 2014

ရဲဘော်သုံးကျိပ်ကို ထိန်ပင်သုဿန်က အမှိုက်ပုံဘေးမှာပြန်လည်တွေ့ရှိခြင်း


ရဲဘော်သုံးကျိပ်ကို
ထိန်ပင်သုဿန်က အမှိုက်ပုံဘေးမှာပြန်လည်တွေ့ရှိခြင်း

သတင်းခေါင်းစဉ်လို့ ပြောရမလား။ ဒါမှမဟုတ် အိပ်မက်လား။
ထိန်ပင်။
အိပ်မက်မဟုတ်ပါဘူး။
ထိန်ပင်ဆိုတာ ရန်ကုန်က,လူတွေ သိတယ်။
အသုဘ,ဆိုရင် ရေဝေးပို့မယ်။
ထိန်ပင်ဆိုရင် “အင်” ချင်နေပြီ။
လမ်းက,လည်း ကြမ်းသကိုး။
သွားလမ်းလာလမ်းက,လည်း မဖြောင့်သကိုး။
ခလုတ်ကန်သင်းတောနဲ့ ဗွက်။
သိပ်ရင်းမှ.. အင်း..။

မနေ့ကတော့ ထိန်ပင်ရောက်တယ်။
အသုဘ,သွားပို့တာ မဟုတ်။
ပြီးခဲ့တဲ့အပတ်က အဘဗိုလ်ဇင်ယော်ရဲ့အိမ်ရောက်တော့ သူ့အိမ်မှာ စကားပြောဖြစ်တယ်။
သမီးလတ် ရီရီဇင်ရယ်၊ အငယ်မ ၀ါဝါဇင်ရယ်။
အဘ ဟိုင်နန်ကျွန်းမှာသင်တန်းတက်တုန်းက ဓာတ်ပုံတွေ တွေ့ရတယ်။
ကောင်းပေါ့။
ဘီအိုင်အေ၊ ဘီဒီအေ၊ ပီဘီအက်စ် (ဖ်) က လှုပ်ရှားခဲ့တဲ့ ဓာတ်ပုံတွေ တွေ့တယ်။
ပြီး အသက်ကြီးတော့ အဘဗိုလ်ဇင်ယော် ဆုံးတယ်။
သုံးရောင်ခြယ်နောက်ခံနဲ့ ဗိုလ်ဇင်ယော် (ရဲဘော်သုံးကျိပ်)၊ သခင်သန်းညွန့် ဆိုပြီး ကြံတောမှာ အုတ်ဂူသား
သားနားနားနဲ့  မြှုပ်ခဲ့တဲ့ ဓာတ်ပုံလေးလည်း တွေ့ခဲ့ရပါတယ်။
အခု ကြံတောမှ မရှိတော့ဘဲ။
ဘယ်မှာလဲဆိုတော့ သမီးငယ် ၀ါဝါက ပြောတယ်။
ထိန်ပင်မှာ တဲ့။

ထိန်ပင်ဆိုတာ လှည်းတန်းကနေ တက္ကစီငှားရင်တောင် လိုက်ချင်တဲ့ကား ခပ်ရှားရှားရယ်။
လမ်းက ဝေးလည်းဝေး၊ ဆိုးလည်းဆိုးသကိုး။
ဈေးမပြောဘူး၊ မအားဘူးနဲ့  မလိုက်ဘူးက အရင်ကြားရတာ။
အဆင်ပြေလို့ မောင်းပေးရင်တစ်နာရီကျော် ကြာပါတယ်။
အဲဒီအရပ်ကို မနေ့  ကျွန်တော်ရောက်တာပါ။
ဟိုရောက်တော့ မီးသဂြို င်္လ်စက်၊ အဲဒီကနေ လှမ်းပြီးတော့ လမ်းသိတဲ့ကလေးတစ်ယောက်ကို မေးရတယ်။
ရဲဘော်သုံးကျိပ် အုတ်ဂူတွေ ဘယ်နားမှာရှိလဲလို့။

မီးသဂြို င်္လ်စက်ကနေ တောင်ဘက်ကို မီတာနှစ်ရာ လောက်သွားရင်အဲဒီမှာ အမှိုက်လာပစ်တဲ့ ကားတွေကို
မှတ်တဲ့ ကားမှတ်စခန်းရုံး အသေးလေးရှိတယ်။
မျက်နှာချင်းဆိုင်မှာ အမှိုက်ပုံ အကြီးကြီးရှိတယ်။
ရုံးဘေးမှာ လူသွားလမ်းလေးရှိတယ်။
ရုံးနောက်ကို ဆယ်မီတာလောက် လမ်းလျှောက်လိုက်။
ပြီးရင် ရပ်။
ဗွက်မနစ်အောင် ဖိနပ်ချွတ်။
ပုဆိုးတိုတိုဝတ်။
ဖိနပ်ကို ခါးကြားထိုး။
ဘောင်းဘီရှည်နဲ့ဆိုရင် ဒူးအထိလိပ်တင်။
ရပြီ။
ညာကွေ့။
တစ်ပေခွဲ နှစ်ပေအုတ်ဂူလေးတွေစ,တွေ့ ရပြီ။
ဗွက်တော မြက်တောမှာ။

ဦးဆုံး စ,တွေ့တာ ဗိုလ်လင်းယုန် (ရဲဘော်သုံးကျိပ်)၊ အသက် ၅၄ နှစ် တဲ့။
အလျားနှစ်ပေ၊ အနံတစ်ပေခွဲ၊ အမြင့်တော့ ကိုးလက်မလောက် ရှိမပေါ့။
ဆက်လျှောက်ကြည့်မိတယ်။
ဗိုလ်စောနောင် (သိတာပေါ့၊ ရွှေတောင်တိုက်ပွဲမှာကျဆုံးသွားတဲ့ ဗိုလ်စောအောင်ရဲ့ ညီအစ်ကို၊ ရှမ်းအမျိုး
သားတွေ)
နောက် ဗိုလ်မင်းခေါင်။
ပြီးတော့ ဗိုလ်တာရာ (ရဲဘ်ာသုံးကျိပ်ထဲက နာမည်ကြီးမုဆိုးဝတ္ထု စာရေးဆရာပေါ့)
နောက် ဗိုလ်မြင့်ဆွေ။
တစ်ခါ ရဲဘော်သုံးကျိပ်ထဲမှာဗိုလ်နာမည် မခံယူတဲ့ သခင်ထွန်းအုပ်။
ပြီးတော့ ဗိုလ်ဇင်ယော် (သခင်သန်းညွန့် )ဆိုတာ ဖတ်လို့ရတယ်။
နာမည်သိမထားတဲ့သူဆိုရင် ဖတ်လို့ရမယ် မထင်ဘူး။
ဝမ်းနည်းစရာတော့အကောင်းသား။
ကြံတောမှာတုန်းက အုတ်ဂူက နောက်ခံ သုံးရောင်ခြယ်နဲ့။
ခုတော့ ဘာအရောင်မှ မရှိတော့ပါ။ အမြင်မတော်လို့ပါ။
တာဝန်ရှိတယ်ထင်ရင် တာဝန်သိသူများ သွားကြည့်စေချင်ပါတယ်။

ရဲဘော်သုံးကျိပ် အထိမ်းအမှတ်အနေနဲ့ ကျောက်တိုင်လေးတစ်ခု၊ နေရာလေးတစ်ခု၊ ကမ္ပည်းလေးတစ်ချပ်
လောက်များ ရှိလေမလားလို့ ။

ရဲဘော်သုံးကျိပ်နဲ့ပက်သက်တဲ့ အမှတ်အသားလို့ဘဲဆိုမလား။
ဟိုးအဝေးကြီးက ဂျပန်ပြည်မှာတော့ ရဲဘော်သုံးကျိပ်ကို အဓိက ဦးဆောင်ပြီး စစ်ပညာသင်ပေးခဲ့တဲ့ ဗိုလ်မှူး
ကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး) နေတဲ့ရွာမှာ အထိမ်းအမှတ် အောင့်မေ့ဖွယ်ကျောက်စာတိုင်လေး ရှိတယ်။
ရွာနာမည်ကဟာမမတ်စု (Hamamatsu) တဲ့။
ရှီဇူအိုကနယ် (Shizuoka Prefecture) ကပါ။
ဗိုလ်မိုးကြိုးရဲ့ အုတ်ဂူလည်း အဲဒီမှာရှိတယ်။
သူ့ ဇာတိရပ်တဲ့။

နောက် ဂျပန်-မြန်မာ ချစ်ကြည်ရေးကျောက် စာတိုင်တစ်ခုရှိတယ်။
အပေါ်ခေါင်းစဉ်က ဗမာလို ရေးထားတယ်။ “ဂျပန်-မြန်မာ ချစ်ကြည်ရေး တည်မြဲပါစေ” တဲ့။
အောက်မှာတော့ ဂျပန်လို အများကြီးပေါ့။
ဒုတိယကမ္ဘာစစ်တုန်းက မြန်မာပြည်စစ်မြေပြင်မှာ ဂျပန်စစ်သည် တစ်သိန်းခြောက်သောင်းခုနစ်ထောင်
ကျော်ကျဆုံးကြောင်း၊ အဲဒီထဲမှာ သူတို့နယ်က စစ်သည် နှစ်ထောင့်ခုနစ်ရာကျော် ပါဝင်ကြောင်း လှလှပ,ပ,
သပ်သပ်ရပ်ရပ်လေးပါ။

တဆက်တည်း ရေးသားထာတာက ဒီအထိမ်းအမှတ်လေးဟာ ဗမာပြည်စစ်မြေပြင်မှာ အသက်ပေးသွားတဲ့
ဂျပန်စစ်သည်တွေရဲ့ ၀ိညာဉ်တွေကို ဖြေသိမ့်ပေးနိုင်ဖို့နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းအချက်အလက်တွေ
ရေရှည်တည်တံ့စေဖို့ မှတ်တမ်းတင်ခြင်းဖြစ်ပါတယ်တဲ့။
ဂျပန်-မြန်မာ ချစ်ကြည်ရေးကိုလည်း ထာဝရ တည်တံ့စေရန် ရည်ရွယ်တယ်လို့  အဆုံးသတ်ထားတယ်။
အဲဒီနေရာမှာ ၁၉၄၀ ပြည့်နှစ်က ဗိုလ်ချုပ်အောင်ဆန်းဟာဗိုလ်မှူးကြီး ဆူဇူကီးနဲ့  လွတ်လပ်ရေးလှုပ်ရှားမှုအ
တွက် လျှို့ ဝှက်အစီအစဉ်ချခဲ့ပါတယ် (ရဲဘော်သုံးကျိပ်သမိုင်းရဲ့ နိဒါန်းပေါ့)။

အားတော့နာတယ်။
အဲဒီတုန်းကသူတို့ က ဖက်ဆစ်နော်၊ ကျဆုံးသွားတဲ့ သူတို့ ရဲ့ စစ်သည်တွေကို ဂုဏ်ပြုတယ်။
ဇင်ယော်တို့၊ လင်းယုန်တို့ လေထဲမှာ ပျံဝဲခဲ့တာ လူထုအတွက်။
ခုတော့..မြောင်းထဲမှာ။
ဗွက်တော မြက်တော အမှိုက်တောမှာ။
ကျွန်တော် ကားဆီပြန်တော့ လိုက်ပို့တဲ့ညီငယ်က “အစ်ကို ခြေထောက်ဆေးဦးလေ” တဲ့။ ဟုတ်သားဘဲ။

ထိန်ပင်က ပြန်ထွက်လာတော့ ရန်ကုန်ပြန်မယ့်ဘက်က “ဆံပင်ဝယ်သည်” လို့ ဆိုင်းဘုတ်အကြီးကြီး ရေးထားတဲ့ဆိုင်က ခပ်ကျယ်ကျယ် သီချင်းဖွင့်သံလေးကြားလိုက်ရတယ်။ “ဗမာ့လွတ်လပ်ရေးအတွက်... တပ်မတော်ဖွဲ့ ဖို့  ဂျပန်ပြည်မှာကွယ်... တကယ်ဘဲ အသက်နဲ့ လဲလို့ ... ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်... သူရဲကောင်းတဲ့... ဗိုလ်အောင်ဆန်းနဲ့  အာဇာနည်တွေရယ်...” တဲ့.....။

ကျော်ကျော်

(ပြည်သူ့ ခေတ်ဂျာနယ် အတွဲ ၄၊ အမှတ် ၁၆၁ မှ ကျော်ကျော် ၏
“ရဲဘော်သုံးကျိပ်ကို ထိန်ပင်သုသာန်က လှိုင်သာယာ အမှိုက်ပုံဘေးမှာ ပြန်လည်တွေ့ ရှိခြင်း”
မှ ကူးယူပါသည်)

Copy from http://mrngwetun.blogspot.com/2013/09/blog-post_5.html