• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, March 3, 2015

ပိန်းကောလှေပေါ်မှ ငြိမ်းချမ်းရေးစာချုပ်

Source picture from internet

ပိန်းကောလှေပေါ်မှ ငြိမ်းချမ်းရေးစာချုပ်

March 03, 2015
Tuesday
By မင်းစိုးစံ

သူငယ်ချင်းရေ ကရင်တွေအဖွဲ့များနေပေမယ့် နားလည်မှုရှိလျင်အလုပ်ဖြစ်တယ်။
တဖွဲ့တည်းဆိုပေမယ့် နားလည်မှုမရှိလျင် အလုပ်မဖြစ်ဘူး ဆိုတာငါရေးတော့ မင်းက အဖွဲ့တွေများပြီး နား
လည်မှုမရှိဘူးဆိုလျင် ဘာဖြစ်သွားနိုင်လဲဆိုပြီး မေးလာတော့ ငါမြင်တာကိုပြောပြမယ်။
အဖွဲ့တွေများတဲ့အပြင် နားလည်မှုပါလွဲနေကြမယ်ဆိုလျင် ရွှံ့စေးနဲ့လုပ်ထားတဲ့ ပေါင်းချောင်အိုး ကျကွဲသလို
မျိုး ဖြစ်သွားမှာပေါ့ငါ့ကောင်ရာ။ ဟုတ်ပြီနော်။

ပညာရှိကြီးတွေ ပြောတဲ့စကားတွေထဲမှာ တစ်ခါအလိမ်ခံရလျင် လိမ်တဲ့လူရဲ့အပြစ်၊ နှစ်ခါအလိမ်ခံရလျင် အ
လိမ်ခံရတဲ့လူရဲ့အပြစ်တဲ့။ မင်းကြားဘူးမှာပါ။
အဲဒီတော့ ကိုယ့်အခြေအနေကို ကိုယ်သိဘို့လိုတာပေါ့။
ငါဟာ ဘယ်နှခါအလိမ်ခံခဲ့ရပြီးပြီလဲ နောက်ထပ် ဘယ်နှခါဆက်အလိမ်ခံချင်သေးလဲ၊ ဒါမှမဟုတ် ငါတော့
ခဏခဏအလိမ်ခံနေရပြီ ဒီတခါတော့အလိမ်မခံရအောင် သတိထားတဲ့အပြင် လိမ်တဲ့လူကို ထိုက်တန်တဲ့
တုန့်ပြန်မှုပြန်ပေးရမယ် ဆိုတာမျိုးကိုလုပ်သင့်တယ်။
ဟုတ်တယ်မဟုတ်လား။

ထူးထူးခြားခြားကွာ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးတဲ့ စစ်အစိုးရအခေါ်အရ သောင်းကျန်းသူတွေဖြစ်ကြ
တဲ့ ကရင်သောင်းကျန်းသူနဲ့ သျှမ်းသောင်းကျန်းသူတွေရဲ့ နယ်မြေထဲ ဗမာ့တပ်မတော်က၀င်ပြီး ပစ်ခတ်သတ်
ဖြတ်ပြလိုက်တယ်ဆိုတဲ့သတင်း ဘတ်လိုက်ရတယ်။
ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလက်မှတ်ထိုးထားတာ ၁လတောင်မရှိသေးဘူး။
ဗမာစစ်အစိုးရအနေနဲ့ကတော့ KNU ဥက္ကဌ စောမူတူးစေးဖိုးပြောတဲ့ သွေးထွက်သံယိုမှုမရှိတဲ့ စစ်မြေပြင်က
တော်တော်အလုပ်ဖြစ်တာပဲ ဆိုပြီး လှောင်ပြုံးနေမလားမသိ။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူအုပ်စု ကရင်အမျိုးသားအစည်းအရုံး (KNU) လက်
အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ ခို့သောခိုစခန်းအခြေစိုက် အစိုးရစစ်တပ်
စစ်ဆင်ရေး ကွပ်ကဲမှုဋ္ဌာနချုပ် (စကခ-၅)လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ -၅၄၃) အဖွဲ့ဝင်တွေ KNLA
တပ်မဟာ(၅) သတ်မှတ်ရာနယ်မြေထဲဝင်လာလို့ဖေဖော်ဝါရီ ၂၇ရက်နေ့၊ မနက်၁၀ နာရီမှာတိုက်ပွဲဖြစ်တယ်။
KNLA ဘက်က တစ်ယောက်ကျတယ် တစ်ယောက်ဒါဏ်ရာရတယ်။

“ကျနော်တို့သတ်မှတ်ထားတာက ကားလမ်းနဲ့ ကိုက် ၁၀၀ကျော်ရင် ၀င်လာလို့မရဘူး။
အခု ဖြစ်တဲ့နေရာက ကိုက် ၃၀၀ ကျော်တဲ့နေရာဖြစ်တယ်။
မိနစ်ပိုင်းပဲ။
ကျနော်တို့ဘက်က သုံးလေးယောက်ပဲပါတယ်။
အဲဒီမှာ ၁ယောက်သေတယ်။
၁ယောက် ဒဏ်ရာရတယ်။
ရန်သူဘက်ကတော့ မသိရဘူး။
ပြောချင်တာက အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းတဲ့အခါမှာ ပစ်ခတ်မှုတွေ မဖြစ်သင့်ဘူး”
ကေအဲန်အယ်လ်အေ တပ်မဟာ(၅) ပဒို စောဖါးဝေါ်က ပြောတယ်ဆိုတဲ့အကြောင်း ကရင်သတင်းဌာနမှာ
ဘတ်လိုက်ရတယ်။
ပဒိုစောဖါးဝေါ်က အဲဒီလိုပြောပေမယ့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်ကတော့ ခပ်တည်တည်
နဲ့ မင်းတို့လောက်တော့ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးပြောသွားတာ ဘယ်လိုလဲဆိုတာ ငါရေးပြမယ်။

ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်က
“ဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ် ဆိုတာကိုပဲ ကျနော်ပြောနိုင်မယ်တူတယ်။
ဘာလို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရင် ကျနော်လည်း သိပ်သတင်းမရဘူးဗျ။
တောင်ပိုင်းနယ်မြေဆိုတော့ ကျနော်တို့နဲ့ နည်းနည်းလှမ်းတယ်။ 
တောင်ပိုင်းတိုင်းနဲ့ ဦးရောဂျာခင်(ပဒို စောရောဂျာခင်)တို့ စကားပြောဖြစ်တာတော့ရှိတယ်။
တောင်ပိုင်းတိုင်းနဲ့ ဖထီးရောဂျာတို့ ဖုန်းချိတ်ကြတယ်လို့ ပြောတယ်။
သူတို့ ဖြေရှင်းလို့ရမယ်နဲ့တူတယ်” တဲ့။
ကဲ မပိုင်ဘူးလား။
မင်းတို့ကိစ္စ မင်းတို့ရှင်းဆိုပြီး ဦးရောဂျာခင်(ဖထီးရောဂျာ)ဘက် ဘောလုံးပုတ်ချလိုက်ပြီလေ။
ဦးရောဂျာခင် တဲ့။
ဖထီးရောဂျာ တဲ့။
ပဒိုတွေဘာတွေတောင် ထည့်မသုံးဘူး။
အဲဒါပဲ သူငယ်ချင်း။
ကရင်စကားပုံ တခုရှိတယ် မွဲါယ်ုလုခ၀့် မ်ုမာဏှ်ထီ့ဆာယုဂ် ဖေါဟ်သးမူးလ်ုခ၀့်ဏှ် သီ့မာအေး မိုင့်မာအေး
ဆိုတာ။
အဓိပ္ပါယ်ကို မင်းနားလည်ပါတယ်နော်။
မင်းနားမလည်ဘူးဆိုလျင် နားလည်တဲ့လူကိုရှင်းပြခိုင်း။
အရက်လေး ဘာလေးတိုက်ပြီးတော့ပေါ့။

ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ကတိက၀တ်လက်မှတ်ထိုးခဲ့
ကြတဲ့ နောက်အဖွဲ့တခုဖြစ်တဲ့ RCSS/SSA ဘက်က သတင်းကိုလည်း မင်းကြည့်လိုက်ဦး။

ဗမာစစ်တပ် အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ လင်းခေးခရိုင် မိုးနဲမြို့အခြေစိုက် အမှတ်
၂၄၈ခြေလျင်တပ်ရင်း အင်အား ၇၀လောက် မောက်မယ်မြို့နယ်ဝမ့်နားကျေးရွာအုပ်စု ဆောင်ကျေးရွာမြောက်
ဘက် သျှမ်းပြည်တပ်မတော် RCSS/SSAရဲ့ လူငယ်အရည်အချင်းမြင့်တင်ရေးသင်တန်းကျောင်းကို ဖေဖေါ်
ဝါရီ ၂၈ရက်က လာတိုက်သွားတယ်ဆိုတဲ့သတင်း သျှမ်းသံတော်ဆင့်မှာ ဘတ်လိုက်ရတယ်။
အဲဒါကိုက ဗမာစစ်အစိုးရဟာ မင်းတို့ငါတို့ကို ဘယ်လိုသဘောထားနေသလဲဆိုတာ သိသင့်တဲ့အချိန်မကျ
သေးဘူးလားလို့ မေးရမှာတောင် ခပ်ရှက်ရှက်ပဲ။

တခါတလေကျပြန်တော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောတဲ့ ငြိမ်းချမ်းရေးဟာ တိုင်းရင်းသားတွေရဲ့လက်
ထဲမှာပဲရှိတယ်ဆိုတာ တယ်မှန်ပါလားဆိုပြီး တွေးမိသေးတယ်။
တိုင်းသူပြည်သားတွေအတွက် ငြိမ်းချမ်းရေးလိုချင်ရှာလွန်းလို့ ကရင်ဘက်ကဆိုလျင် ကိုယ့်လူကိုကိုယ်ထုတ်
ပစ်လိုက်တာမျိုးတွေအထိတောင် လုပ်ခဲ့ကြတယ်မဟုတ်လား။
ဒါပေမယ့် ကရင်စကားပုံတခုရှိတယ် စူးယါ့သါယိုဝ် ဏ်ုဍယ်လ်ုခ၀့်လှ် သ၀့်သှေ်အေး ဆိုတာ။
ငြိမ်းချမ်းရေးဟာ တိုင်းရင်းသားတွေရဲ့ လက်ထဲမှာပဲရှိတယ်လို့ပြောပြီး ဗိုလ်ကျစိုးမိုးရေးအလုပ်ကို တဘက်
သပ် လုပ်နေတာမျိုးကျတော့ ကရင်စကားပုံအတိုင်း လက်ခုပ်ဆိုတာ တဘက်တည်းတီးလို့ မမြည်ဘူးလေ
ကွာ။

ဒီတော့ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်လို့ ဆိုပင်ဆိုငြားသော်လည်း တဘက်သပ်အလျှော့ပေးလိုက်
လျှောတဲ့ လုပ်ရပ်က တကယ့်ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်နိုင်မရောက်နိုင် ဆိုတာရယ်၊ ဗိုလ်ကျစိုး
မိုးရေးနဲ့ အမြစ်ပြတ်ချေမှုန်းရေးလုပ်ရပ်က တကယ်ငြိမ်းချမ်းမှုရနိုင်၏ မရနိုင်၏ ဆိုတာကို အလေးထားရမယ့်
အချိန်ရောက်နေပြီလို့ ငါတော့ မြင်တာပဲဟေ့။

အတတ်နိုင်ဆုံး ကရင်အချင်းချင်း သတ်တာဖြတ်တာတွေလည်း လျှော့ဘို့လိုနေပြီ။
လုံးဝထိပ်တိုက်မတွေ့အောင် ရှောင်နိုင်ဘို့ ကရင်တိုင်း အမျိုးသားရေးအသိတရားနဲ့ သတိထားဆင်ခြင်ကြပါ
လို့ ငါဆန္ဒပြုလိုက်ပါတယ်။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)