ပုသိမ်မြို့တွင် ဘုရားလှည့် ပူဇော်ပွဲကျင်းပ
ပုသိမ်မြို့၏ သမိုင်းဝင် နိဂြောဓာ ဗျာဒိတ်ပေးဘုရား လှည့်လည် ပူဇော်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
''ပုသိမ်မြို့ပေါ်မှာရှိတဲ့ ရပ်ကွက် ၁၅ ရပ်ကွက်လုံး ကျင်းပတဲ့ပွဲပါ။ သုံးရက်သီတင်းသုံးတဲ့ မဏ္ဍပ် ၂၁ ခု၊ အောက်ကျဉ်း(ရာဇဂြိုဟ်)ပြည်မှာ သုံးရက် သီတင်းသုံးရတယ်။ အပေါ်ကျဉ်း(ကပိလ၀တ်)ပြည်မှာ သုံးရက်၊ နောက်အောင်ပွဲက တစ်ရက်ဆိုတော့ ပွဲကျင်းပတဲ့ ကာလက ရက်ပေါင်း ၇၀ ကြာမြင့်တယ်။ ပွဲတော် စတင်တာကတော့ အင်္ဂလိပ်ခေတ်က ပုသိမ်မြို့ကို တာဝန်ယူရတဲ့ ရှေ့နေမင်းကြီး ဦးလူက အဲဒီအချိန်က ကျရောက်နေတဲ့ ကပ်ရောဂါတွေ ကင်းဝေးပြီး အန္တ ရာယ် ကင်းစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာလို့ သိရတယ်''ဟု ဦးစီးကော်မတီဥက္ကဋ္ဌ ရှေ့နေကြီး ဦးနေ၀င်းက ပြောပြသည်။
နိဂြောဓာဗျာ ဒိတ်ပေးဘုရား ပွဲတော်သည် ပုသိမ်မြို့တစ်မြို့တည်းတွင်သာ ကျင်းပပြီး မြို့လုံးကျွတ် လှည့်လည်ပူဇော်ပွဲ ကျင်းပမည့်ရက်တွင် ဗုဒ္ဓ၀င်ပါ အခန်း အသီးသီးအတွက် ပါဝင်ကြသူများသည် ရှေးမြန်မာတို့၏ အဆင့်အလိုက် ၀တ်စုံဆင်ယင်မှု အမျိုးမျိုးဖြင့် လည်းကောင်း၊ ရပ်ကွက် အသီးသီးမှ ပါဝင်ကြသော မိန်းမပျိုလေးများက ပုသိမ်ထီး ကိုယ်စီဆောင်းကာ လှည်းယာဉ်များဖြင့် ရှမ်းစော်ဘွားများ တပ်အသွင်ဖြင့် လည်းကောင်း၊ ရှမ်းကုန်သည်တို့အား လမ်း၌၀င်ရောက်စီး နင်း တိုက်ခိုက်ကြမည့် ဓားပြအဖွဲ့များ အသွင် မြင်းစီးခေါင်းဆောင်နှင့် အဖွဲ့သားများ၏ ဓားတ၀င့်ဝင့်ဖြင့် ဟန်ရေးပြ အသွင်သည် လည်းကောင်း၊ မြန်မာ့ရိုးရာ အတီးအမှုတ် အကအခုန်များဖြင့် အာရုဏ်တက်ချိန်မှစ၍ နေ၀င်မိုးချုပ်အထိ ဆင်နွှဲကြခြင်းမှာ ပုသိမ် မြို့သူမြို့သားများ၏ စည်းလုံးညီညွတ်မှု သရုပ်ကို ထင်ရှားပေါ်လွင်စွာ ပြသသည့် ဗုဒ္ဓ၀င် ပွဲတော်ကြီး တစ်ခု ဖြစ်ကြောင်း သိရသည်။
Source from http://www.news-eleven.com/