• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, March 11, 2011

ဂျပန်တွင် အားပြင်းငလျင်နှင့် ဆူနာမီကျရောက်

ဆူနာမီ ၀င်ရောက်အပြီး မြင်ကွင်း
Source Photo from http://www.bbcburmese.com

ဂျပန်တွင် အားပြင်းငလျင်နှင့် ဆူနာမီကျရောက်

by ဧရာဝတီ
Friday, 11 March 2011
ယနေ့ ဆူနာမီဒဏ် ခံခဲ့ရသော ဂျပန် အရှေ့မြောက်ပိုင်းရှိ လယ်ယာ လုပ်ငန်းများတွင် မြန်မာလုပ်သားများ အလုပ် လုပ်ကိုင်လျှက် ရှိနေပြီး တိုကျိုမြို့တွင် မြန်မာ ၂ သောင်းကျော် ရှိကြောင်း ဂျပန်ရောက် မြန်မာတဦးက ပြောသည်။
ဆူနာမီ ၀င်ရောက်အပြီး မြင်ကွင်း
Source Photo from http://www.bbcburmese.com

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ယနေ့မွန်းလွဲပိုင်းက အင်အား ၈. ၉ မဂ္ဂနီကျု အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီ ရေလှိုင်းကြီး ကျရောက်ခဲ့သည်။

ဆက်သွယ်ရေးလိုင်းများ ပြတ်တောက် သွားသည့်အတွက် ဂျပန်တွင် ရောက်ရှိနေသော မြန်မာများ၏ မိသားစုဝင်များက စိုးရိမ်နေကြသည်။

ရန်ကုန်မြို့ခံတဦးက “အင်တာနက်ဆိုင်လာရင်း ဆူနာမီဖြစ်နေပြီဆိုလို့ ကျနော့်ညီကို ဆက်သွယ်နေတာ မရသေးဘူး။ သူက ဂျပန်မှာ လယ်ယာလုပ်ငန်း လုပ်ဖို့ မနှစ်ကတည်းက ရောက်နေတာပါ။ သူ့အတွက် စိုးရိမ်တယ်” ဟု ပြောသည်။

မြန်မာ သရုပ်ဆောင်နှင့် အဆိုတော်များဖြစ်သော နေတိုး၊ ဟန်ထွန်း၊ ၀င်းကိုခိုင်၊ ရတနာမိုင်နှင့် ချောစုခင်တို့သည်လည်း ဂီတဖျော်ဖြေပွဲ အတွက် ဂျပန်နိုင်ငံ တိုကျိုသို့ ရောက်ရှိနေရာ ၎င်းတို့နှင့် အဆက်အသွယ် မရသေးသည့်အတွက် မိသားစုဝင်များ စိတ်ပူနေကြသည်။

ဂျပန်နိုင်ငံတွင် ရာစုနှစ် တခုအတွင်း အကြီးမားဆုံးသော သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းဖြစ်ရာ ငလျင်လှုပ်ပြီးနောက် အမြင့် ၃၂ ပေခန့်ရှိ လှိုင်းလုံးကြီးများ ဂျပန် အရှေ့မြောက်ပိုင်း ကမ်းခြေကို ၀င်ရောက်ခဲ့သည်။
ဆူနာမီ ၀င်ရောက်အပြီး မြင်ကွင်း
Source Photo from http://www.bbcburmese.com

တိုကျိုမြို့နေ ဦးမြတ်သိန်းက “ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်ကုန်ပြီ။ ရထားတွေ မပြေးတော့ဘူး။ ဘတ်စ်ကား တွေလည်း မထွက်တော့ဘူး။ တက္ကစီတချို့တော့ ပြေးနေသေးတယ်။ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်နေတယ်။ မိတ်ဆွေတချို့ကို ဖုန်းခေါ်နေတာ မရသေးဘူး။ နိုင်ငံခြားက ဖုန်းတချို့ကိုတော့ လက်ခံလို့ ရနေပါသေးတယ်။ ကျနော့်အခန်းမှာတော့ ပစ္စည်းတွေ ဖရိုဖရဲဖြစ်နေပြီ။ ဂျပန်မှာနေလာတဲ့ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံး အခြေအနေ ကြုံနေရပါတယ်” ဟု ဆိုသည်။

ဂျပန်နိုင်ငံတွင် ထုတ်ဝေနေသည့် ရွှေမော်ကွန်းဂျာနယ်၏ facebook စာမျက်နှာတွင် “အင်အားပြင်းထန်တဲ့ ငလျင်ကြောင့် အခန်း တခုလုံးပြိုပျက်၊ အလုပ်အတွက် သုံးနေတဲ့ ကွန်ပျူတာလည်း ပျက်စီးသွား၊ ဒီစာကို ဖုန်းနဲ့ ရိုက်တင်ပါတယ်၊ စိတ်ပူပေးတဲ့ မိတ်ဆွေ တွေကို ကျေးဇူးတင်၊ အသေးစားငလျင် အကြိမ်များစွာ လှုပ်နေသေးပြီး စိတ်ချရမှု မရှိသေး” ဟု ရေးသားထားသည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ဦးကျော်ညွှန့်က ၎င်းနေထိုင်ရာတိုကျိုတွင် အဆောက်အအုံများ လှုပ်ခတ်၍ ပျက်စီးမှုတချို့ ရှိသော်လည်း ငလျင်ဒဏ်ကို မြောက်ပိုင်း ဒေသလောက် မခံရကြောင်း ပြောသည်။

“ဒီက အဆောက်အအုံတွေက ငလျင်ဒဏ် ခံနိုင်အောင် ဆောက်ထားတာ ဆိုတော့ တိုက်ပြိုတဲ့ အဆင့်အထိတော့ မရောက် လောက်ဘူးလို့ ယူဆရပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။

ဆူနာမီလှိုင်းလုံးများသည် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှ Sendai မြို့သို့ အင်အားပြင်းစွာ ၀င်ရောက်ခဲ့ရာ Sendai လေယာဉ် ကွင်းလည်း ပျက်စီးသွားကြောင်း ဂျပန် NHK သတင်းဌာနက ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံအတွင်း နေရာ အတော်များများတွင် မီးလောင်မှုများလည်း ဖြစ်ပေါ်နေပြီး လယ်ကွင်းများ၊ အဝေးပြေး လမ်းမကြီး များလည်း ရေလွှမ်းမိုးမှု ခံနေရသည်။

နောက်ဆုံးရရှိသော သတင်းများအရ အနည်းဆုံး လူ ၄၄ ဦး သေဆုံးသည်ဟု သိရသည်။

ဂျပန်ဝန်ကြီးချုပ်က ဂျပန်နိုင်ငံအတွက် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ဘေးအန္တရာယ် ကျရောက် နေသူများကို အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပြောဆိုကာ အရေးပေါ်အခြေအနေ ကြေညာထားသည်။

ပစိဖိတ်သုမုဒ္ဒရာကမ်းခြေတလျှောက်ရှိ ချီလီ၊ ပီရူး၊ ရုရှ၊ ဂူအန် ၊ ထိုင်ဝမ် ၊ ကနေဒါနှင့် အမေရိကန်နိုင်ငံတို့တွင်လည်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားသည်။

Source News from http://www.bur.irrawaddy.org

ဆူနာမီ ၀င်ရောက်အပြီး ကမ်းခြေမြင်ကွင်း
Source Photo from http://www.bbcburmese.com



Source Audio from http://www.bbcburmese.com



Source Audio from NHK Radio Japan



Source Audio from NHK Radio Japan