• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, July 25, 2013

ဘုန်းတော်ကြီးကျောင်းမှာ ခဏတာ


ဘုန်းတော်ကြီးကျောင်းမှာ ခဏတာ

July 25, 2013 Thursday

By မင်းစိုးစံ

ဘုန်းကြီးကျောင်းသွားတာကို အဆန်းလုပ်ပြီးရေးနေတာမဟုတ်ပါဘူး။ မသာတစ်ခေါက် ကျောင်းဆယ်
ခေါက်ဆိုသလို ဘုန်းကြီးကျောင်းကို ဆယ်ခေါက်ရောက်ချင်လို့လည်း မဟုတ်ပါဘူး။ သိချင်တာလေးတွေ
ရှိနေတာရယ် မရောက်ဖြစ်တာလည်း ကြာလှပြီဖြစ်တဲ့အပြင် ဘုန်းကြီးဝတ်နေတဲ့ ကျုပ်ရဲ့ ဘခမည်းတော်
အတွက် သံဃာရက်ချုပ်ကို သွားယူစရာရှိတာကြောင့် ဘုန်းတော်ကြီးကျောင်းကို ရောက်ခဲ့ရတာပါ။

သံဃာတော်တွေအတွက် ဆွမ်းဟင်း ဆွမ်းထမင်းတွေကို ကိုယ်တိုင်ချက်ပြုတ်မယ်ဆိုတဲ့ စိတ်နဲ့ စောစော
လေး အိပ်ယာက ထ၊ ကိုယ်လက်သန့်စင်။ ဘုရားဝတ်ပြုပြီး ဆွမ်းချက်တဲ့အလုပ်ကို စတော့တာပဲ။
ကြက်ဥခရမ်းချဉ်သီး အစပ်ချက်၊ ပဲပြားခရမ်းချဉ်သီး အချိုချက်၊ ပဲဟင်းအရည်သောက်၊ ငရုပ်သီးထောင်း
တို့စရာအဖြစ် တမာဖူးနဲ့ ဆူးပုတ်ရွက် တွေကိုစီစဉ်လိုက်တယ်။
ပဲဟင်းထဲကိုတော့ ဆူးပုတ်ရွက်တွေဘာတွေ ထည့်မနေတော့ဘူး။

အားလုံးချက်ပြုတ်လို့ပြီးပြီဆိုတာနဲ့ နာရီကိုကြည့်လိုက်တော့ ၁၀နာရီထိုးတော့မယ်၊ အချိန်ကလည်းအကုန်
မြန်လိုက်တာ။ ရေချိုးခန်းထဲဝင်။ ရေမိုးသန့်စင်ပြီးသည့်ကာလ ဆွမ်းဂျိုင့်တွေပြင်ဆင်ပြီး ထွက်လာလိုက်တာ
ငရုပ်သီးထောင်းထည့်ထားတဲ့ခွက် ပါမလာဘူး။
အချိန်က နီးသည်ထက်နီးလာ၊ မေ့လိုက်တာက တကယ့်အကောင်းစား ဆိုတော့ ပြန်လှည့်လာရတာပေါ့။
ဘုန်းတော်ကြီးကျောင်းကိုရောက်တော့ ဆွမ်းကပ်ဘို့မီရုံလေး။

ဇရာထောင်းလာလို့ထင်ပါတယ် မောသလိုလိုဖြစ်နေတာ ကိုယ့်ကိုယ်ကို သတိထားလိုက်မိတယ်၊ အမော
ဖြေရင်းစဉ်းစားမိတာကတော့ အိမ်သူသက်ထားရဲ့ လုပ်နေတဲ့အိမ်မှုကိစ္စတွေဟာ အင်မတန်ပင်ပမ်းတာပါ
လားဆိုတာ ကိုယ်ချင်းစာမိတယ်။
အိမ်သူသက်ထားပြီးတော့ ကျုပ်ရဲ့မယ်တော်(အမေ)ကို သတိရမိပြန်တယ်၊ ကျုပ်တို့ လူမမယ်အရွယ်ကနေ
အရွယ်ရောက်တဲ့အထိ အမေဟာ ကျုပ်တို့အတွက်ထမင်းတွေ အကြိမ်ကြိမ်ချက်ခဲ့ရတယ်၊ အခုလို လျှပ်စစ်
မီးနဲ့ချက်တာမဟုတ်တဲ့အတွက် ဘယ်လောက်ပင်ပမ်းလိုက်မလဲ၊ ဘယ်လောက်ပူလိုက်မလဲ၊ ထမင်းရည်ကို
ဇလုံလေးထဲထည့် ဆားလေးဖြူးပြီး ကျုပ်တို့ကို ထမင်းရည်ပူလောင်မှာစိုးလို့ တဖူးဖူးမှုတ်ရင်း တဇွန်းချင်းခပ်
တိုက်ခဲ့တာ သတိရလိုက်ပြန်တော့ မသိမသာခေါင်းကို ရမ်းပစ်လိုက်မိတယ်။
မျက်မှန်ပေါ်မှာတော့ မျက်ရည်စ,တွေစင်ကုန်မယ်ထင်တာပဲ။

ဘုန်းတော်ကြီးတွေ ဆွမ်းဘုဏ်းပေးတာကို မှတ်တမ်းရုပ်ရှင်လေးရိုက်ဘို့ ကင်မရာကိုထုတ်လိုက်တော့ ကဒ်
ပါမလာဘူး။ (Memory Card) အဲဒီတော့ ဆရာတော်ကမိန့်တော်မူပါတယ်၊ လယ်ထွန်သွား ထွန်တံမေ့ တဲ့။
ကျုပ်ကလည်း ဆရာတော်မိန့်တာကို ကန့်ကွက်သလိုလိုနဲ့ နွားမေ့တာပါဘုရား လို့ ပြန်လျှောက်လိုက်မိ
သေးတယ်။

ဒီနေရာမှာ လယ်ထွန်သွား နွားမေ့ ဆိုတဲ့စကားနဲ့ လယ်ထွန်သွား ထွန်တံမေ့ ဆိုတဲ့စကား အတူတူပဲလား၊ မ
တူကွဲပြားသလားဆိုတာ စဉ်းစားကြည့်မိတယ်၊ သဘောတရားကတော့ အတူတူပါပဲ။ မေ့တာခြင်း အတူတူ
ပါပဲ။ ထွန်တံပဲမေ့မေ့ နွားပဲမေ့မေ့ ဘယ်ဟာကိုပဲမေ့မေ့ လုပ်မယ့်အလုပ်ပျက်တာက ပျက်တာပါပဲ။
အခုလည်း ကင်မရာရှိပေမယ့် ဓါတ်ခဲပြည့်နေပေမယ့် ကဒ်မရှိတဲ့ အတွက်အလုပ်မဖြစ်ပါဘူး။

ငရုပ်သီးထောင်းမေ့တဲ့နောက် ရေနွေးဖျောထားတဲ့ တမာဖူးနဲ့ ဆူးပုတ်ရွက်က ဘယ်လိုလုပ်ပြီး စားသောက်
လို့အဆင်ပြေပါ့မလဲ။ သတိတရားလေးဝင်သွားလို့သာ အသိကလေး ရသွားလို့သာ ငရုပ်သီးထောင်းနဲ့ အ
ဆင်ပြေပြေ စားသောက်နိုင်သွားတာပေါ့။


ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းကိုရောက်ခဲ့တဲ့ အခြေအနေနဲ့ အခုဘုန်းကြီးကျောင်းကို ရောက်နေတဲ့အ
ခြေအနေက တော်တော်ကွာတယ်ဗျို့။ နေရာဒေသ မတူတာပဲလား။ ဘုန်းတော်ကြီးကျောင်း တည်ဆောက်
ထားပုံက ကွာလို့လားတော့မသိဘူး။ ဘုန်းတော်ကြီးတွေရဲ့ အနေအထားကလည်း ရွာကဘုန်းတော်ကြီးတွေ
နဲ့ မတူလို့များလား။

ကျုပ်တို့ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းသွားပြီဆိုလျင် ဘယ်ကောင်မလေးလှသလဲ၊ ဘယ်ကောင်မ
လေးကဖြင့် ဘယ်လိုချောကြောင်း၊ ပြီးတော့ သူ့နဲ့ဘယ်လိုစပြီးခင်ခဲ့ကြောင်း၊ သူပြောဆိုပုံလေးက ဘယ်လို
သူရေးပေးတဲ့ စာကြောင်းက ဘာဖြစ်တယ်၊ လက်ရေးက ဘယ်ပုံ စသည်ဖြင့် သူငယ်ချင်းတွေအချင်းချင်း
တီးတိုးတီးတိုးနဲ့ တွတ်ထိုးခဲ့ကြတာ ပြန်သတိရမိတယ်။ လူကြီးတွေရဲ့ မျက်စောင်းထိုးခံရတာကိုတောင် ဂရု
မစိုက်နိုင်တဲ့အထိ။

အခုတော့ ကောင်မလေးတွေအကြောင်း မပြောတော့ပဲ ဒီခြေထောက်က ဘယ်လိုနာတာ။ ဒီလက်က ည
ညဆို ဒီလိုကိုက်တာ။ ပုခုံးက အကြောတွေ၊ ခါးရိုးတွေ၊ ခြေကျင်းဝတ်တွေ၊ နားထင်တွေ၊ သွားတွေ၊ နား
ကတော့ဖြင့် ဘယ်လိုဖြစ်နေတယ် မျက်လုံးတွေက အမေနဲ့သမီးအတူတွဲလာလျင် သမီးကိုပဲမြင်တော့တယ်
ကိုယ့်သမီးနဲ့ ကိုယ့်အိမ်သူသက်ထားကိုကျတော့ မျက်လုံးက သိပ်သိတာပဲမောင်၊ မမှားဘူး။ မြင်နေကျဖြစ်
လို့လားမသိဘူး ဘယ်လိုဘယ်ညာ စတဲ့ရောဂါတွေအကြောင်းကိုသာ ပြောဖြစ်တာများတယ်ဗျ။
ကလေးတွေ နားငြီးလို့ ထိုင်ရာက ထသွားလည်း မသိလိုက်မသိဘာသာနေပြီး ရောဂါအကြောင်းပြောနေ
လိုက်တာပဲ။
အဲဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ တရားထိုင်ရင်း ရူးသွားသူတွေအကြောင်းကို ပြောဖြစ်သေးတယ်။
မိတ်ဆွေတစ်ယောက်က ဘယ်မြို့ ဘယ်ရွာက တရားစခန်းမှာ တရားရူးတစ်ယောက်အကြောင်းပြောတော့
ကျုပ်ကလည်း ကြားဘူးနားဝသိပ်မရှိတာနဲ့ ဘုရားဟောရှိတယ်လေဗျာ လူတိုင်းဟာအရူးချည်းပဲ ဆိုတာ၊ သူ
တို့ကတရားထိုင်ရင်း ရူးသွားတယ်ပဲထားလိုက် ကျုပ်တို့ကျတော့ တရားမထိုင်ပဲနဲ့ တရားထိုင်တဲ့လူ ဖြစ်ပျက်
နေတာကိုကြည့်ပြီး ရူးသွားပြီလို့ပြောတာကျတော့ တရားနည်းလမ်းမကျဘူးလို့ ထင်တာပဲ ဆိုပြီး ၀င်ရော
လိုက်သေးတယ်။

သံဃာတော်တွေ ဆွမ်းဘုဏ်းပြီးလို့ အားလုံးသိမ်းဆည်း ဆေးကြောကြတဲ့အချိန်မှာတော့ လူငယ်လေးတစ်
ယောက် ရောက်လာပါတယ်၊ ကျုပ်ကို ဘကြီး မဆေးပါနဲ့ ဒီအတိုင်းထားလိုက်ပါ၊ ကျွန်တော်ဆေးပါ့မယ် လို့
ပြောပေမယ့် ကုသိုလ်လိုချင်လွန်းလို့ အားလုံးကိုဆေးကြောပစ်လိုက်ပါတယ်။
အိမ်မှာဆိုလျင် ကိုယ်စားပြီးသားပန်းကန်ကို မဆေးပဲနေတဲ့ကျုပ်အတွက် ပန်းကန်လေးနည်းနည်းပါးပါးဟာ
အင်မတန်များတယ်လို့ ထင်နေတော့ ဒီနေ့ ပန်းကန်တွေအများကြီးဆေးခဲ့တယ်၊ ကုသိုလ်အများကြီးရတယ်
ဆိုတဲ့အတွေးနဲ့ ပျော်နေမိသေး။ ဒါလည်း အရူးတစ်မျိုးပဲမဟုတ်ပါလား။


ဘာကြောင့်လဲ ဆိုတော့ ပန်းကန်ဆေးတာများ အဆန်းမှမဟုတ်ပဲ၊ အဲဒါကို အချောက်တိုက် ဂုဏ်ယူနေတာ
ကိုက ရူးနေတာပေါ့။ လူတိုင်း ပန်းကန်ဆေးကြတာပဲလေ။ အလှူအတန်းတွေမှာဆို ပိုတောင်ဆိုးသေး။ ပန်း
ကန်တွေများ တောင်ပုံ ယာပုံကို ဖြစ်လို့။

ဒီအချိန်မှာပဲ စောစောတုန်းကကောင်လေးက နံရံကိုဆေးသုတ်ဘို့ သင်္ဘောဆီ သွားဝယ်စရာရှိတယ်ပြော
လို့ ကျုပ်ကလည်း အတော်ပဲကွာ ဘကြီးကိုပါ တခါထဲပြန်ပို့ပေးပါလား လို့ပြောလိုက်မိတယ်၊ သူကလည်း
ရတာပေါ့ ဆိုပြီး ဆွမ်းဂျိုင့်နဲ့အတူ မှတ်တမ်းမရိုက်ဖြစ်တဲ့ ကင်မရာတွေကိုပြန်သယ်လာရင်း သူ့ကားပေါ်
တက်လိုက်လာခဲ့ပါတယ်။
ခရီးနည်းနည်းလေးပေါက်လာတော့မှ ဒီသူငယ်ဈေးဝယ်မယ့်နေရာနဲ့ ကျုပ်ပြန်မယ့်နေရာဟာ အရှေ့အရပ်
နဲ့ အနောက်အရပ်လို ဆန့်ကျင်ဘက်ဖြစ်နေတာသိလိုက်ရတော့ ကျုပ်အရမ်းကို စိတ်ဆင်းရဲရပါတော့တယ်။

ဒါကြောင့် သူငယ်လေးကို အားနာလွန်းတာမို့ ဘကြီးက လမ်းကြုံတယ်ထင်ပြီး မင်းကိုပို့ခိုင်းတာ လမ်းမကြုံ
ဘူးဆိုလျင် ဘကြီး ဘုန်းကြီးကျောင်းမှာပဲနေပြီး နေအေးမှ ပြန်မှာ လို့တောင်းပန်စကားပြောမိပါတယ်။ သူ
ငယ်လေးကတော့ ဘာမျှမဖြစ်သလိုရှိနိုင်ပေမယ့် ကျုပ်မှာတော့ စိတ်မချမ်းသာဖြစ်နေမိပါတော့တယ်။

ဒီနေရာမှာ သတိတရားဆိုတာ ဘယ့်ကလောက်အရေးကြီးသလဲဆိုတာ သိသာထင်ရှားလှပါတယ်။ ကိုယ်
ပြုရမယ့် ၀တ္တရားကို ပြုလုပ်ရာမှာ လိုအပ်တာတွေမှန်သမျှကို မမေ့မလျှော့ဘို့အရေးကြီးပါတယ်။ အဲဒီလို
ပါပဲ လူတစ်ယောက်ယောက်စီက အကူအညီတစ်ခုခုယူတော့မယ်ဆိုလျင်လည်း ဒီလူအတွက် ၀န်ထုပ်ဝန်
ပိုးနည်းနိုင်သမျှနည်းတဲ့ အကူအညီမျိုးဖြစ်သင့်ပါတယ်။ သူငယ်လေးအနေနဲ့ ကျုပ်ကို လိုက်ပို့တဲ့နေရာနဲ့
သူဈေးဝယ်မယ့်နေရာ လမ်းကြုံတယ်ဆိုလျင် ဒါဟာဝန်ထုပ်ဝန်ပိုးနည်းတယ်လို့ ဆိုနိုင်ပေမယ့် အခုလို တ
ကူးတက လိုက်ပို့ရတာမျိုးကျတော့ ၀န်ထုပ်ဝန်ပိုးဖြစ်သွားခဲ့ရပါပြီ။
သူငယ်လေးအနေနဲ့ ၀န်ထုပ်ဝန်ပိုးမဖြစ်ဘူးဆိုလျင်တောင် ကျုပ်မှာတော့ စိတ်အနှောင့်ယှက်အများကြီးဖြစ်
သွားရပါပြီ၊ မိမိကြောင့် တပါးသောသူ အလုပ်ပိုသွားရပြီ မဟုတ်ပါလား။

ဒီကနေ့ ကုသိုလ်ရေးအတွက် လုပ်ခဲ့တဲ့အရာမှန်သမျှ အဆင်ခြင်မဲ့တဲ့ စကားတစ်ခွန်းကြောင့်နဲ့ သတိမထား
ပဲ အသေအခြာမစူးဆန်းပဲ အကူအညီတောင်းခဲ့မိတာမို့ ကုသိုလ်မှ ဖြစ်ပါတော့မလား။ အဲဒါကြောင့်မို့ ရှေး
လူကြီးသူမ,တွေက သတိဆိုတာ ပိုတယ်ရယ်လို့မရှိဘူး ဆိုတဲ့ အဆိုအမိန့်ကို ထားခဲ့တာဖြစ်ပါလိမ့်မယ်။

သတိဆိုတော့မှ သတိရတယ်။ ကျုပ် ဘခမည်းတော်ရဲ့ သံဃာရက်ချုပ်ကို ယူခဲ့ဘို့မေ့သွားပြန်ပြီ။
ဘုန်းတ်ာကြီးကျောင်းဘက်ကို ဖုန်းလှမ်းဆက်လိုက်ဦးမယ်။
နောက်အပတ်ကျမှ သံဃာရက်ချုပ်ကို လာယူတော့မယ်လို့။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)