• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, August 4, 2013

ကျုပ်နဲ့ ၈ရက် ၈လ ၁၉၈၈ခုနှစ်


ကျုပ်နဲ့ ၈ရက် ၈လ ၁၉၈၈ခုနှစ်

August 4, 2013
Sunday

By မင်းစိုးစံ

ဒီနေ့ကတော့ဖြင့် အမေရိကန်ပြည်ထောင်စု စိန့်ပေါမြို့မှာ ၈၈၈၈ငွေရတုသဘင်ကို ကျင်းပတဲ့နေ့ဖြစ်ပါတယ်။
ကျုပ်ကို ဘိတ်ပေမယ့် ကျုပ်မသွားဖြစ်တော့ပါဘူး။ မသွားဖြစ်တော့ဘူးဆိုကတည်းကိုက သွားဘို့ဆုံးဖြတ်
ထားလို့ ဆိုတာသိနိုင်ပါတယ်။ ဘာကြောင့်မို့သွားချင်ရသလဲ။ ဘာကြောင့်မသွားဖြစ်တာလဲ။
အကြောင်းရှိပါတယ်။
ကျုပ်နဲ့ ၈၈၈၈ဆိုတာ ပတ်သက်မှု ဆက်နွယ်မှုမရှိခဲ့ဘူးလို့ပြောနိုင်သလို ပတ်သက်ဆက်နွယ်မှုရှိခဲ့တယ်လို့
ပြောမယ်ဆိုလျင် ပြောနိုင်ပါတယ်။

ဘာကြောင့်ပတ်သက်ဆက်နွယ်မှုမရှိခဲ့ဘူးလို့ပြောရသလဲ ဆိုတော့ ၈၈၈၈ အရေးအခင်းဖြစ်နေတဲ့အချိန်မှာ
ကျုပ်ဟာ ကရင့်တော်လှန်ရေးနယ်မြေထဲကို ရောက်နေတာ ၁၀နှစ်ကြာနေပြီ ဖြစ်တဲ့အတွက် အဲဒီအရေးအ
ခင်းမှာ ကျုပ်ဘာမျှမပတ်သက်ခဲ့သလို လှုပ်ရှားမှုတစ်စုံတစ်ရာကိုမျှမလုပ်ခဲ့တဲ့အတွက် အခုလိုပြောရခြင်း
ဖြစ်ပါတယ်

သို့သော် ပြည်တွင်းက ကျောင်းသားတွေ ကရင့်တော်လှန်ရေးနယ်မြေထဲကို ရောက်လာတော့ ရန်ကုန်က
ကျုပ်နဲ့ဆွေမျိုးမကင်းတဲ့သူတွေ ပေါက်ချလာပါတယ်။ သူကတော့ ကိုအောင်ဝင်းကြည် ဖြစ်ပါတယ်။
ကိုအောင်ဝင်းကြည်ရဲ့အမေနဲ့ ကျုပ်အမေဟာ နှစ်ဝမ်းကွဲတော်ပါတယ်။
သူတို့မိသားစုဟာ အလုံ ကျောက်ပြားစက်ရုံဝင်းထဲမှာ နေထိုင်ကြပါတယ်။

ကိုအောင်ဝင်းကြည်က ဒီစစ်အစိုးရဆိုတာ လမ်းပေါ်ထွက်ပြီးဆန္ဒပြရုံနဲ့ မဖြစ်တော့ဘူး၊ လက်နက်ကိုင်ပြီး
ပြန်တိုက်မှရမယ်၊ ဒါကြောင့် ငါတို့ကျောင်းသားတွေဟာ စစ်တပ်ဖွဲ့ပြီးပြန်တိုက်မယ်ဆိုပြီး ကျုပ် ကိုပြောပါ
တယ်။ ကျုပ်ကတော့ တွက်ပြီးသားပါ။
မင်းတို့က အခုမှလက်နက်ကိုင်ဘို့ စီစဉ်နေတာကိုး ဒါပေမယ့် တော်လှန်ရေးရဲ့ ခါးသည်းတဲ့ဒါဏ်ကို မင်းတို့
ကျောင်းသားတွေ ခံနိုင်မှာမဟုတ်ပါဘူး ဆိုပြီး သူ့ကိုပြောမိပါတယ်။
မင်းက ငါတို့ကို အထင်သေးတာလား ဆိုပြီးပြန်မေးပါတယ်၊ အထင်သေးတာမဟုတ်ဘူး မြို့ပေါ်က မင်းတို့
တတွေ တောထဲကအကြောင်းဘယ်လောက်သိထားသလဲ လို့ပြန်မေးလိုက်ပါတယ်။
ကျုပ်ဆိုလိုတာက ဗမာစစ်တပ်နဲ့ ကရင်စစ်တပ် ကွာခြားတာကိုပါ။
ဗမာစစ်တပ်မှာ ရိက္ခာဆိုတာ အကောင်းစားကွ(တစ်ချိန်တုန်းက) အမဲသားဘူး၊ နို့ဆီ၊ သကြား ပဲ ငါးခြောက်
ဆန် အပြည့်။
ငါတို့ကရင်စစ်တပ်မှာက ငါးပိခါးစားနေရတာတောင် ငရုပ်သီးက နပ်မမှန်ဘူး။
ဝတ်စုံဆိုလျင်လည်း အောက်ပိုင်းကစစ်အ၀တ်ဆိုလျင် အပေါ်ပိုင်းက အရပ်ဝတ်။
ကျည်ဆံကို ပုဆိုးကွင်းသိုင်းပြီးထည့် လွယ်ရတာ။
တောစီးဘိနပ်မပြောနဲ့ ကွင်းထိုးဘိနပ်လေးတောင် အနိုင်နိုင်။
လစာမရှိဘူး။
ဒါကြောင့် မင်းကိုပြောတာ ခါးသည်းတဲ့ဒါဏ်ကို ခံနိုင်မှာမဟုတ်ဘူးလို့။

သူက ကျုပ်ကိုစေ့စေ့ကြည့်ပြီး မင်းစောင့်ကြည့်လေကွာ အဖိနှိပ်ခံပြည်သူတွေအတွက် ငါတို့ကျောင်းသား
တွေရဲ့အရိုးဟာ အောက်ဆုံးမှာ ရှိစေရမယ် ဆိုပြီးပြောခဲ့ပါတယ်။
မကြာပါဘူး ကိုအောင်ဝင်းကြည် တစ်ယောက် ဘန်ကောက်ကို ရောက်သွားပြီဆိုတဲ့ သတင်းကို ကြားလိုက်
ရပါတယ်။


ဒါပေမယ့် ကိုအောင်ဝင်းကြည်ဟာ ဘန်ကောက်မှာနေရင်း အဝေးရောက် ကရင်ဒုက္ခသည်များ လူမှုကူညီ
ကယ်ဆယ်ရေးအဖွဲ့ (OKRSO)ကို စိတ်တူကိုယ်တူသူအချို့နဲ့ စုပေါင်းပြီး စတင်ဖွဲ့စည်းတည်ထောင်ခဲ့သူဖြစ်
ပါတယ်။

နောက်ပိုင်းမှာ တော့ ဥက္ကဌတွေအဖြစ် ကိုကျော်ဇင် ကိုဒါလင် မန်းမျိုးမြင့် အာကာကျော် စတဲ့ လူတွေနဲ့
ဆက်လက် အကောင်အထည်ဖေါ်ခဲ့ကြပါတယ်။ အခုတော့ ကိုအောင်ဝင်းကြည် မရှိတော့ပါဘူး။ ဘ၀တစ်
ပါးကို ကူးပြောင်းကွယ်လွန်သွားပြီးဖြစ်ပါတယ်။

၁၉၉၅ခုနှစ်နောက်ပိုင်းမှာ ကျုပ်လည်း နယ်စပ်ဒုက္ခသည်စခန်းထဲကနေ အခြေအနေအကြောင်းအမျိုးမျိုး
ကြောင့် ဘန်ကောက်ကို ရောက်လာခဲ့ပြီး ကိုအောင်ဝင်းကြည် တို့တည်ထောင်ခဲ့တဲ့(OKRSO) အဖွဲ့ရဲ့အကူ
အညီကို ရယူခဲ့ရသလို ဗမာကျောင်းသားများစခန်းမှာ ခိုလှုံခဲ့ရတဲ့အတွက် ၈၈၈၈ရဲ့အရိပ်အာဝါသနဲ့ ပတ်
သက်ဆက်နွယ်ခဲ့ရပါတော့တယ်။
ဒီတော့ ဒီကနေ့ကျင်းပပြုလုပ်တဲ့ ၂၅နှစ်မြောက် ငွေရတုသဘင်ကို ကျုပ်မတက်ချင်ပဲနေနိုင်ပါ့မလားဗျာ။

ဗမာကျောင်းသားများ စခန်းထဲမှာ နေခဲ့စဉ်တုန်းက အတွေ့အကြုံတွေက မေ့နိုင်စရာဘာတစ်ခုမျှမရှိပဲလေ၊
အထူးသဖြင့် စွမ်းအားမြှင့်မြန်မာကျောင်းသားများအဖွဲ့ ထိုင်းနိုင်ငံ ရပ်ခ်ျဘူရီဆေးရုံကို ၀င်စီးတုန်းကအဖြစ်
အပျက်ဟာ အင်မတန်ကို အသည်းနာဘို့ကောင်းတဲ့ အဖြစ်ပါ။

ဆေးရုံအတွင်း ပစ်ခတ်မှုများ

လူစိတ်ကင်းမဲ့လွန်းတဲ့ ဗမာ့တပ်မတော်ကစစ်သားတွေရဲ့ မဆင်မခြင် အရမ်းကာရောပစ်ခတ်မှုကြောင့် ဒါဏ်
ရာအနာတရဖြစ်နေကြတဲ့ အပြစ်မဲ့လူထုအတွက် ဆေးဝါးအ ခက်အခဲကိုဖြေရှင်းဘို့ ဆေးရုံကိုဝင်စီးခဲ့တာလို့
သိရပါတယ်။

အရေးအခင်းအတွင်း သတင်းထောက်များနှင့် လူအချို့

နောက်တော့ တစ်ယောက်မကျန် ထိုင်းကွန်မန်ဒိုတပ်ဖွဲ့ရဲ့ သတ်ဖြတ်ခြင်းကိုခံလိုက်ရပါတယ်။


ကျဆုံးသွားခဲ့သာ စွမ်းအားမြှင့် မြန်မာကျောင်းသား အာဇာနည်များ

ပြည်သူအတွက် ကျဆုံးခဲ့ကြရပါတယ်။ မြန်မာကျောင်းသားစခန်း တစ်ခုလုံး တက်ခေါက်သံ ငိုရှိုက်သံတွေ
နဲ့အတူ ကမ္ဘာမကြေဘူးဆိုတဲ့သီချင်းကို ဆို့နင့်ကြေကွဲစွာ မျက်ရည်အ၀ဲသားနဲ့ သီဆိုဂုဏ်ပြုခဲ့ကြပါတယ်။
သူတို့အတွက် အဲဒီဂုဏ်ပြုသီချင်းတပုဒ်ဟာ သမိုင်းဖြစ်ခဲ့မယ်ဆိုလျင် သူတို့ အသက်သွေးနဲ့ ရေးခဲ့တဲ့သမိုင်း
ဟာ ရဲရဲတောက် အာဇာနည်တွေရဲ့ သမိုင်းတခုပဲဖြစ်ပါတယ်။

အခုလို တန်ဘိုးကြီးမားစွာ ရေးဆွဲရယူခဲ့တဲ့ သမိုင်းကြောင်းကြီးရဲ့ ငွေရတုသဘင်အခန်းအနားကို ဗမာစစ်အ
စိုးရ ပါဝင်တက်ရောက်ဘို့ ဘိတ်လိုက်ခြင်းဟာ ၈၈၈၈သမိုင်းကို သွယ်ဝိုက်သောနည်းနဲ့ သေးသိမ်သွားစေ
တယ်လို့ ကျုပ်မြင်ပါတယ်။
ဘာကြောင့်လဲ။ ဟုတ်ကဲ့ ကျုပ်ပြောပါ့မယ်။

ဒီကနေ့ ဗမာ့ရေးရာအခြေအနေကို ကြည့်လိုက်လျင် ငြိမ်းချမ်းရေးတွေဆွေးနွေးနေပြီ။ အခြေအနေတွေက
ကောင်းနေပြီ။ ကမ္ဘာကလည်းအသိအမှတ်ပြုပြီ။ ကျုပ်တို့တတွေကလည်း ဗမာစစ်အစိုးရကို တွေ့ဆုံဆွေး
နွေးဘို့ တစ်လျှောက်လုံးတောင်းဆိုလာခဲ့ကြတာ။ ဒီလိုအချိန်မှာ စစ်အစိုးရကို တက်ဘို့ဘိတ်တာဟာ ကိုယ်
ပြောတဲ့အတိုင်းလုပ်ပြတာ။ လို့ အကြောင်းပြကောင်းပြပါလိမ့်မယ်။
ကျုပ်တို့တတွေက ဗမာစစ်အစိုးရအဆက်ဆက် နည်းပေါင်းစုံဖိနှိပ်အုပ်ချုပ်တာကို ခံလာကြရတာပါ။
သတ်ဖြတ် ခံခဲ့ကြရတာပါ။ ဘ၀တွေ ပျက်ခဲ့ကြရတာပါ။ ငြိမ်းချမ်းရေးဆိုတာကို မလိုချင်ပဲရှိပါ့မလား။
ဗမာစစ်အစိုးရက သူတို့ကိုယ်ကို ခေါက်ရိုးကျိုးနေသူတွေအဖြစ် ဂုဏ်ယူလို့ကောင်းနေတုန်းဆိုတော့ အခုလို
ဘိတ်တာဟာ သိပ်ပြီး စောများစောလွန်းနေမလားလို့ပါ။ စိန်ရတုလောက်ဆို တော်သေး။

နောက်တခုက ဘန်ကောက်မြန်မာသံရုံးရှေ့မှာ တကိုယ်တော်ဆန္ဒပြခဲ့တဲ့ ကျောင်းသားတစ်ယောက်ရှိခဲ့ဘူး
ပါတယ်။ မြန်မာကျောင်းသားများစခန်းမှာရှိနေစဉ် မှတ်မှတ်ရရ ကရင်အမျိုးသား နှစ်သစ်ကူးနေ့မှာ ကျုပ်နာ
မည်နဲ့ စာတစောင်ရောက်လာပါတယ်။
သူဟာပိုးကရင်တစ်ယောက်ဖြစ်ကြောင်း၊ သူ့ကို ထိုင်းရဲတွေကဖမ်းဆီးပြီး သူ့မှာရှိတဲ့မှတ်တမ်းမှတ်ရာနဲ့ ပတ်
သက်တဲ့ စီဒီခွေတွေ သိမ်းဆည်းတာခံရကြောင်း၊ အပြင် ကိုမင်းကိုနိုင်အတွက်ကဗျာတပုဒ်နဲ့ မြန်မာကျောင်း
သားများတပ်မတော်အတွက် ကဗျာတပုဒ် ပေါင်းနှစ်ပုဒ်ကို ရေးပို့လာပါတယ်။
ရိုးရိုးကျောင်းသုံးဗလာစာရွက် လေးမျက်နှာအပြည့် ရေးထားတာပါ။

အခုအဲဒီ စာရွက်က လေးကျုပ်ဆီမှာ မရှိတော့ပါဘူး ပျောက်သွားပြီထင်ပါတယ်။ အဲဒီအကြောင်းအရာလေး
တွေကို ပြောချင်ပြချင်လို့ အခုလို ငွေရတုသဘင် အခန်းအနားကို တက်ချင်နေခဲ့တာပါ။
မှတ်သားစရာ မဖြစ်လျင်တောင်မှ မမေ့နိုင်စရာအဖြစ်အပျက်လေး တခုတော့ ကျန်ရစ်ခဲ့ပါလိမ့်မယ်။
အထောက်အထားပြဘို့ စာရွက်ကလေးမရှိတော့တဲ့အတွက် ၂၅ကြိမ်မြောက် အခန်းအနားကို တက်ဘို့မ
ဖျက်ချင်ပဲ ဖျက်လိုက်ရပါတယ်။

ကျုပ်အနေနဲ့ ၈၈၈၈ရဲ့ သမိုင်းမှာ ပါဝင်ခဲ့သူမဟုတ်သော်လည်း ၈၈၈၈သမိုင်းမော်ကွန်းကို ရေးဆွဲခဲ့ကြတဲ့ အ
သက်တွေ ဘ၀တွေ အနာဂတ်တွေကို စွန့်လွှတ်ခဲ့ကြတဲ့ ကျောင်းတော်သူ ကျောင်းတော်သား အားလုံးကို
ကျုပ်ရဲ့ အသက်နဲ့ခန္ဓာကိုယ် အိုးစားမကွဲသမျှ လေးစားဂုဏ်ယူနေမှာပါ။

ထို့အတူပဲ ဘန်ကောက် မြန်မာသံရုံးရှေ့မှာ တကိုယ်တော်ဆန္ဒပြလို့ အဖမ်းခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တ
ယောက်ကို တောင်းပန်ချင်တာက

ရဲဘော်ခင်ဗျား။
ရဲဘော် ပေးလိုက်တဲ့ စာ ပျောက်သွားပြီဖြစ်တဲ့အတွက် ကျုပ်ကိုခွင့်လွှတ်ပါ။
ရဲဘော်ရဲ့ကဗျာတွေကို ဖေါ်ပြခြင်းမပြုနိုင်တာကို ခွင့်လွှတ်ပါ။
ဒါပေမယ့် ကျုပ် ရဲဘော်ကိုဘယ်တော့မျှမေ့မှာမဟုတ်သလို ၈၈၈၈မှာ အသက်ပေးသွားခဲ့ကြတဲ့ ရဟန်း၊ ရှင်၊
လူ၊ ပြည်သူတွေနဲ့ နောက်ပိုင်းအသက်စွန့်ခဲ့ကြရသူတွေ အားလုံးကို အမှတ်ရနေမှာပါ။
ရဲဘော်ရဲ့စာရွက်ကလေး ပျောက်သွားပေမယ့် ရဲဘော်နဲ့တကွ ဗမာစစ်အစိုးရ အဆက်ဆက်ကို တော်လှန်သူ
တွေ အားလုံး ကျုပ်ရင်ထဲမှာ ထာဝရ တည်ရှိနေမှာပါ။

ဗမာစစ်အစိုးရ(မြန်မာစစ်အစိုးရ) ကျဆုံးပျောက်ကွယ်ပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)