• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, January 17, 2012

အတိတ်၏ ခဲခြစ်ရာများ

Source Photo from http://www.bing.com/images

အတိတ်၏ ခဲခြစ်ရာများ

(မင်းစိုးစံ)

January 17 2012

မှတ်မိသေးတယ်။
လွန်ခဲ့တဲ့၁၀နှစ်ကျော်လောက်တုန်းက ဘန်ကောက်မှာကျုပ်တို့ ကမ္ဘာ့ကုလသမ္မဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
ကိုသွားပြီး ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရဘို့ လျှောက်လွှာတင်ကြတုန်းက ဘာသတင်းမျှမကြားမသိရသေးတဲ့အချိန် ကာလအတွင်း နေထိုင်စားသောက်ရေးအတွက် JRS ကနေပြီး အကူအညီပေးတာကို သွားတောင်းခံကြတဲ့ နေ့တနေ့
မှာပေါ့။

နေကလည်းပူတယ်ဗျ။ ဘန်ကောက်ဆိုတော့ အပူချိန်က တခြားမြို့ထက်ပိုမယ်ထင်တာပဲ။ အဲဒီတုန်းက အဲဒီရုံး မှာ အကူအညီလာတောင်းတဲ့လူတွေကို ကော်ဖီမှုန့် ကော်ဖီမိတ် သကြား ရေနွေးတွေနဲ့ဧည့်ခံတယ်။

လူအများစုကလည်း ကော်ဖီခွက်ကလေးတွေနဲ့ ကိုယ့်ကိုဘယ်တော့လောက် အင်တာဗျူးမလဲဆိုတာစောင့်နေ ကြ
တာပေါ့၊ အလျင်ရောက်တဲ့လူက ကော်ဖီဖျော် ကော်ဖီသောက်ရင်းထိုင်စောင့် ကိုယ့်အလှည့်ကျလို့ တာဝန် ကျတဲ့သူကခေါ်လျင် ၀င်သွား၊ ပြီးတာနဲ့ငွေထုတ်ပြီးပြန်၊ လူဝင်လူထွက်တွေနဲ့ ရဲတွေမျက်စေ့နောက်စရာပါပဲ။

အဲဒီလိုအချိန်မှာ လူတယောက်ရောက်လာတယ်ဗျ။ သူလည်း ကျုပ်တို့လိုပဲ၊ ခွက်ကလေးတခွက်ယူ၊ ကော်ဖီမှုန့် ထည့် သကြားထည့် ကော်ဖီမိတ်တွေထည့်ပြီးတော့ ရေထည့်တာပေါ့ဗျာ၊ အဲဒီမှာတင် ရေခဲသေတ္တာမှာက ရေ နွေးနဲ့ရေအေး ဆိုပြီး နှစ်ခုရှိတဲ့အထဲက အဲဒီလူက ရေအေးသွားထည့်မိပါလေရော၊ အဲဒီမှာတင် လူအတော်များ များက သူ့ကိုကြည့်ပြီး ၀ိုင်းရယ်(ရီ)ကြပါရောဗျာ။

အဲဒီတော့ သူက အတော်ပဲ နေပူတာနဲ့ ကော်ဖီအေးအေးလေးတခွက် သောက်ရတော့မယ်ဆိုပြီး၊ ထိုင်ခုံတွေအ စီ အရီချထားတဲ့ စားပွဲရှေ့ထိုင်ပြီး ကော်ဇွန်းလေးနဲ့မွှေလိုက်တာ အားလုံးခဲပြီးကပ်ကုန်တာပေါ့၊ အဲဒါတောင် အဲဒီ လူက ဘာပြောသေးလဲသိလား အခုမှပဲ ကော်ဖီနဲ့လုပ်ထားတဲ့ရေခဲမုန့် စားရတော့တယ် တဲ့ဗျာ။

ကမ္ဘာ့ကုလသမ္မဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အသိအမှတ်ပြုလို့ ငွေထုတ်မယ်ဆိုလျင် လည်း ပေါ်ပေါ် ထင်ထင်မထုတ်ရဲပြန်ဘူး၊ လူပြတ်လျင် ထိုင်းရဲက ဘာညာကွိကွဆိုပြီး ငွေယူတာဗျ၊
ကျုပ်တို့ကလည်း တောကြီးမျက်မဲထဲကနေ မြို့ကြီးပြကြီးရောက်လာတာဆိုတော့ ရဲဆိုတာမျိုးက ငိုစားရယ်စားတွေက အများသား မဟုတ်လား အဲဒီတော့ ဘယ်သွားတိုင်လို့ တိုင်ရမှန်းလဲမသိဘူးလေ။

တနေ့တော့ ကျုပ်လည်း ကမ္ဘာ့ကုလသမ္မဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အသိအမှတ်ပြုတဲ့နေ့မှာပဲ ကဒ် နဲ့ငွေသွားထုတ်တော့တာပေါ့နော၊ ထိုင်းစာလည်း မပိုင် အင်္ဂလိပ်စာလည်း မဖတ်နိုင်နဲ့ အခက်တွေ့နေပါ ရောလား။
ကျုပ်ငွေကို ထုတ်လို့မရဘူး၊ နောက်မှာကလည်း လူတယောက်နှစ်ယောက်က ငွေထုတ်ဘို့စောင့်နေကြသလို ကဒ်ဆိုတဲ့ အတိုင်း သုံးကြိမ်ထက်ပိုပြီး အမှားမခံဘူးလေ၊ ဒါကြောင့် အသာကလေးနောက်ဆုတ်ပြီးအဲဒီလူနှစ်ယောက်ရဲ့နောက်မှာ
ပြန် တန်း စီလိုက်တယ်၊ ပထမတယောက်ငွေထုတ်ပြီးထွက်အသွား ဒုတိယလူတယောက် ငွေထုတ်ပြီး ပြန်ထွက်မယ်
အလုပ် ကျုပ်ကလည်း ကျုပ်ကဒ်ကိုထုတ်ပြီး ကျုပ်ကိုငွေထုတ်ပေးပါလို့ပြောတော့ သူကကျုပ်မျက်နှာကို အသေအခြာ
ကြည့်ပြီး ကျုပ်ပေးတဲ့ကဒ်ကို ယူလိုက်ရင်းက လျှို့ဝှက်နံပါတ်ပြောပါ ဆိုတော့ကျုပ်ပြောလိုက်တယ်၊ ဘယ်လောက်ထုတ်မှာလည်းဆိုတော့ ကျုပ် လည်း ၂၉၀၀ လို့ပြောလိုက်တယ်၊ သူလည်းစက်ထဲကထွက်ကျလာတဲ့ ငွေတွေအားလုံးကျုပ်လက်ထဲထည့်ပေးပြီး ပြန်ထွက်သွားတာပဲ။

မော်တော် ဆိုင်ကယ်ပေါ် လွှားကနဲအတက် သူ့ အပေါ်အကျီအောက်က ခါးကြားထဲက ပုဇွန်ထုပ်နဲ့လက်ကောက်တွေ ကို မြင်လိုက်ရတယ်။
သူကတော့ ဘာမျှမဖြစ်သလိုမောင်းထွက်သွားပေမယ့် ကျုပ်ကတော့ ဘုရားတနေရင်းကနေ သူ့မော်တော်ဆိုင် ကယ် ပျောက်သွားတဲ့အထိ ငေးနေမိတော့တာပေါ့။

ကျုပ်ဆိုလိုချင်တာကတော့ လူဆိုတာမျိုးက လူကောင်းဖြစ်ဘို့ မခဲယဉ်းသလို လူဆိုးဖြစ်ဘို့လည်း မခဲယဉ်းပါဘူး၊ အဲဒီလိုပဲ ဘယ်လိုလူမျိုးမှာပဲဖြစ်ဖြစ် လူဆိုးလူမိုက်တွေရှိသလို လူယဉ်ကျေးတွေလည်း ရှိကြပါတယ်။

လူဆိုးကနေ လူကောင်းဖြစ်လာတယ်ဆိုတာ လူပြောသူပြောများလို့ လူလိမ္မာဖြစ်သွားကောင်းဖြစ်သွားနိုင်ပေ မယ့်အခန့်မသင့်လျင် လူမိုက်ချက်ခြင်းပြန်ဖြစ်သွားတတ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်က အကြောင်း တခုခုကြောင့်လူလိမ္မာလုပ်နေရပေမယ့် သူ့ရင်ထဲမှာလူလိမ္မာဖြစ်ရတဲ့ အကျိုးကျေးဇူးနဲ့ လူမိုက် ဖြစ်ရတဲ့ အကျိုးကျေး ဇူးနှစ်မျိုးကို နှစ်နှစ်ကာကာ မခွဲခြားတတ်လို့ဖြစ်ပါတယ်။

နောက်ဆုံးကျတော့ လူဆိုတာ လူပြောသူပြောထက် ကိုယ့်အသိတရားနဲ့ကိုယ် ပြုပြင်တာက ပိုပြီးခိုင်မြဲပါတယ်၊ ကိုယ့်အသိတရားနဲ့ကိုယ် သိဘို့ဆိုတာကလည်း ဘ၀နဲ့ရင်းရတဲ့အထိ တန်ဘိုးကြီးကြီးပေးရတဲ့ အထိ ရလိုက်တဲ့ အသိတရားမျိုးမဖြစ်ဘို့တော့ အင်မတန်အရေးကြီးကြောင်းပါခင်ဗျား။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)