ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မီတီ၏ ပြောရေးဆိုခွင့်ရှိသူ ပဒို ဒေးဗစ်ထော
ငြိမ်းချမ်းခြင်းဆိုသည်မှာ
(မင်းစိုးစံ)
January 22 2012
ငြိမ်းချမ်းတယ်ဆိုတာကို ဘယ်လိုနားလည်ကြသလဲဆိုတာတော့ ကျုပ်လည်းမပြောတတ်ဘူး။ ကျုပ်အသိလေး တထွာတမိုက်လောက်နဲ့ နည်းနည်းလောက်ပြောပြချင်တာတော့အမှန်ပဲ။ ဘာဖြစ်လို့ပြောချင်ရသလဲဆိုတော့ ကျုပ်က ဒုက္ခသည်ဘ၀မှာ နှစ်ရှည်လများကြင်လည်ခဲ့ရလို့ ကျုပ်နားလည်တဲ့ငြိမ်းချမ်းခြင်းဆိုတာကို မျှဝေပေး ချင်လို့ပါ။
ကျုပ်နေခဲ့တဲ့ဒုက္ခသည်စခန်းက သောင်ရင်းချောင်းနဲ့ နီးတယ်ဗျ။ ထိုင်းဘက်ကမ်းမှာပါ၊ ထိုင်းတာဝန်ရှိသူတွေက ကျုပ်မှတ်မိသလောက်ဆို ၁၉၈၄အကုန်နဲ့ ၁၉၈၅ အစလို့ထင်တယ်၊ အဲဒါကျုပ်တို့ကို ဗမာဘက်ပြန်ပို့လိုက်ပါပြီ ဆိုပြီး ဒုက္ခသည်စခန်းတွေထဲကနေ လူတွေကိုကားတွေနဲ့တင်ပြီးသောင်ရင်းချောင်းစပ်ကိုပို့ပြီးတော့ ထိုင်းနဲ့ဗမာ နယ်စပ် မျဉ်းသောင်ရင်းချောင်းကို ကူးတဲ့ယာယီတံတားလေးပေါ်ကနေ ကော့မူးရာ(၀မ်းခါ)ဘက်ကိုကူးသွားကြရတာ။
အံမယ် ကားပေါ်မှာကရင်အလံတွေဘာတွေတလွင့်လွင့်နဲ့ပေါ့။ အဲဒါကို ထိုင်းရုပ်သံဌာနတခုက မှတ်တမ်းတင် ရုပ်ရှင်ရိုက်ပြီး ပြသွားတယ်ဆိုတာကြားလိုက်တယ်၊ ဒုက္ခသည်ဆိုတော့ ရုပ်မြင်သံကြားမပြောနဲ့ ရေဒီယိုတောင် ၀ယ်နားမထောင်နိုင်တဲ့အဖြစ်ဆိုတော့ ရုပ်မြင်သံကြားပေါ်က ဘာပြောသွားသလဲ၊ ရေဒီယိုက ဘာပြောသွားသ
လဲဆိုတာ မမြင်ရ မကြားရပေမယ့် ကျုပ်ပုံပါသွားတာတော့သေခြာတယ်။(ဘန်ကောက်က သူငယ်ချင်းပြောလို့)
ကျုပ်တို့ကိုဒုက္ခသည်စခန်းက တာဝန်ရှိလူကြီးတွေကပြောလို့သာ စခန်းထဲကထွက်လာရတာ စိတ်ထဲမှာက တော့ ထိုင်းဘက်ခြမ်းမှာကျန်နေတဲ့ ခနော်နီခနော်နဲ့ တဲသာသာအိမ်လေးကို လွမ်းနေတာတော့အမှန်ပါ။ အဲဒီလို သရုပ်ဆောင်ပြီးသွားတော့ ညနေပိုင်းလည်းရောက်ရော ကိုယ့်နေရာကိုယ်ပြန်ရောက်တာပါပဲ။
တော်သေးတယ်ဘုံမပျောက်လို့။ ကျုပ်တို့စခန်းထဲကနေထွက်သွားပြီးတဲ့နောက်ပိုင်းမှာ တောမီးလောင်သလိုဘာ လိုလိုနဲ့ မီးတွေက စခန်းရဲ့တောင်ဘက်ကနေ လောင်လာလိုက်တာ လူကြီးတွေရဲ့ကြိုတင်ပြင်ဆင်ထားမှုကြောင့် မီးတားနိုင်လိုက်လို့သာပေါ့ မဟုတ်လျင်စခန်းတခုလုံးပြောင်ပြီ။
ဒုက္ခသည်ဘ၀ဆိုကတည်းကိုက အရာရာတိုင်းဟာ ဘာမျှမရေရာမသေခြာသလို အနာဂါတ်ဆိုတာလည်းမဲ့လွန်း
ပါတယ်။
ဒီလိုနဲ့ ၁၉၉၄ မှာ မောင်ချစ်သူတို့ ဆရာစောနုတို့ DKBA ဆိုပြီးလုပ်လိုက်တော့ ညဘက်အိပ်တော့မယ်ဆိုလျင် အထုပ်ကလေးတွေပြင်ပြီး စခန်းပတ်ဝန်းကျင်က နီးစပ်ရာ လယ်ကွင်းတွေထဲမှာ သွားသွားပြီးအိပ်ရတာဗျို့။
မအိပ်လို့မရဘူးလေ သူတို့က နင်တို့အားလုံးပြန်လာကြ၊ အေးအေးဆေးဆေးခေါ်နေတဲ့အချိန်မှာ ပြန်လာလျင် လာ ပြန်မလာလျင်နင်တို့ငါတို့ကို အဆိုးမဆိုနဲ့ဆိုပြီးအဲလိုကိုပြောတာဗျ။
ဒီလိုနဲ့ တနေ့မှာတော့ မောင်ချစ်သူတို့ဟာ သူတို့ပြောတဲ့အတိုင်း စခန်းကို မီးဝင်ရှို့ပါတော့တယ်၊ တက်တက်ကို ပြောင်တာပါပဲ၊ ရပ်ကွက် ပေါင်း(၇)ရပ်ကွက်ရှိတဲ့အထဲက ရပ်ကွက်(၁)ကနေရပ်ကွက် (၆)အထိ
အားလုံးကုန်ပါ တယ်၊ ရပ်ကွက်(၇)တကွက်တော့ကျန်တယ်၊မီးရှို့သွားပြီးဘာပြန်ပြောသေးလည်းဆိုတော့
နောက်တခေါက် လာခဲ့ဦးမယ် မင်းတို့ပြန်မလာလျင် အကုန်သတ်ပစ်မယ်ဆိုပြီး ကြိမ်းမောင်းသွားသေးသဗျား။
မီးလောင်သွားတဲ့ရပ်ကွက်တွေက ကျန်နေတဲ့ရပ်ကွက်(၇)အတွက် ၀မ်းမသာတဲ့အပြင် ဒီရပ်ကွက်က DKBA ဗိုလ်တွေနေတဲ့ရပ်ကွက် မို့လို့မီးမလောင်တာ၊ DKBA ကလူတွေ ဒီအထဲမှာရှိနေတာဖြစ်မယ်၊ ဆိုတာတွေဖြစ်
ကုန် ပါရောလား။ (အဲဒီရပ်ကွက်မှာနေတဲ့လူတွေအတွက် လန့်စရာကြီးနော်)
အဲဒီတော့ စခန်းမှာနေထိုင်နေကြတဲ့ လူအချို့က ကျုပ်တို့တတွေဒီနေရာမှာမနေချင်ဘူး၊ မနေရဲဘူး၊ လုံခြုံမှုမရှိတဲ့
အတွက် လုံခြုံစိတ်ချရတဲ့နေရာတနေရာရာကို ပြောင်းပေးဘို့ပြောတယ်ဆိုပဲ။ အဲဒီလိုပြောနေတုန်း ရေကျော်စ ခန်းကျသွားတုန်းက ရေကျော်ဘက်ကနေထိုင်းဘက်ခြမ်း ပြောင်းလာတဲ့လူတွေနေတဲ့ စခန်းလည်း မီးအရှို့ခံရ လို့ဆိုလား သောင်ရင်းချောင်းနဲ့နီးလို့ နေဘို့မဖြစ်နိုင်လို့ဆိုလား အဲဒီစခန်းကလူတွေ ကျုပ်တို့ဘက်ကိုတချို့ မယ် လဒုက္ခသည်စခန်းဘက်တချို့ ပြောင်းသွားကြတယ်ဆိုတာသိရပြန်တယ်။
နေကပူ ရေကရှား အရိပ်ပင်ဆိုလို့ ခိုစရာဗီးစပ်ပင်တောင်မရှိတဲ့ စခန်းကိုရောက်လာတဲ့ HUAI BOONE ဟွှေ့ဘုံး ကဒုက္ခသည်တွေခမျာ ပြောင်းရွှေ့ကြပုံများ ကြည့်ရက်စရာတောင်မရှိပါဘူးဗျာ။ ကြက်၊၀က်၊ဘဲ၊ခွေး ကလေးသူငယ် သက်ကြီးရွယ်အို ရောဂါသည် ဒုက္ခိတ ကိုယ်ဝန်ဆောင်မိခင် ငိုသူငို အော်ဟစ်တဲ့သူကအော်ဟစ်ဟို ဟာပါမလာလို့ ဒီဟာမေ့လို့ ဆိုပြီး ကတောက်ကဆဖြစ်တဲ့သူတွေက ဖြစ်နေနဲ့ ဆူညံပြီးပွက်လောရိုက်နေတော့ တာပါပဲ။
လုံခြုံရေးမရှိလို့ နေရာပြောင်းပေးဘို့ပြောနေရင်းတန်းလန်းက နောက်ထပ်ဒုက္ခသည်တွေကို ထပ်တိုးလိုက်တော့ အခြေအနေက သိပ်မကောင်းတော့မှန်းသိလိုက်ပါတယ်။
ထိုင်းတာဝန်ရှိသူအချို့နှင့် ဒုက္ခသည်စခန်းတာဝန်ရှိသူအချို့တို့၏ ဆွေးနွေးပွဲ
တနေ့တော့ဗျာ ထိုင်းတာဝန်ရှိသူတွေရောက်လာတယ်ဗျ၊ ဆရာတော် မန်းဉာဏ၀ရ ကျောင်းဝင်းထဲမှာအစည်း အဝေးလုပ်ကြတော့ ထိုင်းတာဝန်ရှိသူတွေက လုံခြုံရေးထားပေးမယ် ခြံစည်းရိုးခတ်မယ် လူဝင်လူထွက်ကြတ်မတ်
လိုက်လျင် ဘာမျှဖြစ်လာနိုင်စရာအကြောင်းမရှိဘူး၊ ခြံစည်းရိုးမရှိတော့ ၀င်ချင်တဲ့နေရာကနေ၀င်လို့ရသလို ထွက်ချင်တဲ့နေရာကနေထွက်လို့ရနေတဲ့အတွက် အခုလိုဖြစ်ရတာ နောက်ထပ်မဖြစ်အောင် ကျုပ်တို့တာဝန်ယူ
တယ်လို့ပြောသဗျ။
မကြာပါဘူး ကွန်ကရစ်ကျောက်တိုင်ကြီးတွေစိုက်ပြီး လူတရပ်ကျော်ကျော်လောက် သံဆူးကြိုးတတ်ပြီး စည်းရိုး အခတ်ခံလိုက်ရပါတော့တယ်၊ ၀င်ပေါက်ထွက်ပေါက်တပေါက်ပဲရှိပါတော့တယ်၊ စည်းကမ်းချက်တွေ ကန့်သတ် ချက်တွေအများကြီးဖြစ်လာပါတယ်၊ ညကိုးနာရီထိုးလျင် မီးအားလုံးမှိတ်၊ အရေးအကြောင်းမရှိလျင် အပြင်မထွက်ရ စသည်ဖြင့်ပေါ့။
ကျုပ်တို့နေတဲ့မြေနေရာအတွက်တလကို ဘတ်လေးဆယ်၊ ရိက္ခာထုတ်တိုင်းလက်မှတ်ခ ၃ဘတ်၊ ရိက္ခာသယ်ပိုး ခ ဘတ် ၁၀အပြင် နောက်ထပ် လုံခြုံရေးအတွက်ကင်းစောင့်ရမယ် မစောင့်နိုင်လျင် ဘတ် ၁၀ပေး၊ ဆိုတာက ဖြစ်လာပါတယ်။
ကျုပ်စောစောကရေးပြတဲ့ မြေခ၊ ရိက္ခာသည်ပိုးခ၊ လုံခြုံရေးအတွက်ကင်းခ၊ ရိက္ခာအတွက် လက်မှတ်ခ၊ ဆိုတာ တွေမ ရှိတော့ဘူးလို့ ထင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုလျင် ဒုက္ခသည်စခန်းကို ကမ္ဘာ့ကုလသမ္မဂ္ဂဒုက္ခ သည်များ ဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)က တာဝန်ယူထားလိုက်ပြီဖြစ်လို့ပါ။
သိပ်မကြာလိုက်ပါဘူး၊ ဒုတိယအကြိမ်မြောက် မောင်ချစ်သူတို့ ဒုက္ခသည်စခန်းကို မီးရှို့ပွဲကြီးကျင်းပ လိုက်ရုံမက လူပါသတ်ပြပါတော့တယ်။ မပိန်ဆိုတဲ့အမျိုးသမီး(ကိုယ်ဝန်ဆောင်မိခင်)နဲ့ ကလေးငယ်လေးတဦးတို့ကတော့ ပွဲချင်းပြီးသေပါတယ်။(သေနတ်ဒါဏ်ရာနဲ့ မဲဆောက်ဆေးရုံကိုအပို့ လမ်းခုလတ်မှာ ဆုံးသွားတာပါ) ဆရာကျော်
စွာရဲ့ သမီးလေးနှစ်ယောက်ကျတော့ သုံးလေးရက်လောက်အကြာ မီးလောင်တဲ့ ဒါဏ်ရာနဲ့ ဆေးရုံမှာ ဆုံးသွားကြ
ရှာပါတယ်။
သေနတ်ဒါဏ်ရာဖြင့် လဲကျပြီးနောက် မီးလောင်သေဆုံးခဲ့သူ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး
ငြိမ်းချမ်းခြင်းဆိုတာကို ကျုပ်နားလည်တာကတော့ ပူပင်သောကကင်းမဲ့စွာ ကြောက်မက်မှုကင်းမဲ့စွာ လုပ်ကိုင် စားသောက်ပြီး သိက္ခာရှိစွာ နောင်တတရားကင်းမဲ့စွာနဲ့ အသက်ရှင်နေထိုင်နိုင်ခြင်းကို လူတန်းစေ့ လူ့သက်တမ်း တလျှောက်နေထိုင်သွား ရခြင်းပဲဖြစ်ပါတယ်။
ဒုက္ခသည်စခန်းရှိ ကလေးငယ်တဦး၏ပုံ
(တချိန်တုန်းက) ထိုင်းနိုင်ငံထဲမှာရောက်နေတာတောင် ဒီလောက်အရှက်မဲ့ သိက္ခာမဲ့ရတဲ့အပြင် ကြောက်နေရ
ပူပင်နေရ အဓိပ္ပါယ်မဲ့သေကြေနေကြရသေးတယ်ဆိုလျင် ဒုက္ခသည်စခန်းထဲကို ၀င်လို့မရပဲ တောကြီးမျက်မည်း ထဲမှာ ဖြစ်သလိုအသက်ရှင်နေထိုင်ကြရရှာတဲ့ ကျုပ်တို့ကရင်လူမျိုးတွေရဲ့ဘ၀ကတော့ဖြင့် တွေးဝံ့စရာမရှိပါဘူး။
ဒီတော့ကျုပ်တို့ ကရင်ပြည်သူလူထုတွေ ငြိမ်းချမ်းချင်နေကြတာ သဘာဝ ကျပါတယ်။
ဗမာစစ်အစိုးရလည်း သူ့ အကြောင်းနဲ့သူ ငြိမ်းချမ်းရေးလိုချင်ကောင်းလိုချင်ပါလိမ့်မယ်၊တခုတော့ရှိပါရဲ့ တကယ့် စစ်မှန်ပြီး ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးမျိုးကို တည်ဆောက်မယ်ဆိုလျင်တော့ အခုလိုတောင်တောင် အီအီတွေလုပ်မနေပဲ ရိုးသားမှုရှိဘို့လိုပါတယ်။
ရိုးရိုးသားနဲ့ အချိန်ယူနေတာလား၊ ကလိန်ကကျစ်ကျဘို့ အချိန်ဆွဲနေတာလားဆိုတာကိုတော့ မကြာတော့တဲ့ ကာလ
တခုမှာ သိသာထင်ရှားလာပါလိမ့်မယ်၊ အကောင်းအတွက်မျှော်လင့်ထားသလို အဆိုးအတွက်လည်း အသင့်ပြင်ဆင် ထားကြရမှာက ကျုပ်တို့ဒုက္ခသည်တွေနဲ့ ငြိမ်းချမ်းရေးလိုလားသူတွေပဲမဟုတ်ပါလား။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
ကရင်ပြည်သူတွေရဲ့ သဘောထားများတင်ပြချက်များ
(ဘီဘီစီသတင်းထောက် ဦးအောင်ကျော်ဦး)
January 22,2012
Source Audio from http://www.bbcburmese.com
Source Audio from http://www.voanews.com/burmese
ပြည်တွင်းစစ်ကြောင့် မငြိမ်းချမ်းကြရသူအချို့
Source Video from http://www.youtube.com/watch