• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, February 16, 2012

ဓမ္မဓိဌာန်ကျခြင်း

ဘားအံမြို့တွင် ကျင်းပသည့် ကရင့် ရိုးရာ ကောက်သစ်စားပွဲနှင့် ကရင့်ရေးရာ စကားဝိုင်း
အခန်းအနားမြင်ကွင်း
Source Photo from http://ehkhaungthaunt.blogspot.com/2012/02/blog-post_14.html

ဓမ္မဓိဌာန်ကျခြင်း

(မင်းစိုးစံ)

ဓမ္မဆိုတာ ဘာလဲ။ ဓမ္မဆိုတာ တရား။ တရားဆိုတာ ဘာလဲ။ တရားဆိုတာ မှန်ကန်ခြင်း။ မှန်ကန်တယ်ဆိုတာ ဘာလဲ။ မှန်ကန်တယ်ဆိုတာ ဘယ်တော့မျှ မပြောင်းလဲတာ ကိုမှန်ကန်တယ်လို့ ဆိုပါတယ်။ မနေ့ကလည်းပြော ခဲ့တာတွေမှန်
တယ်။ ဒီနေ့အတွက်လည်းမှန်နေတယ်။ နောက်နေ့တွေမှာလည်း မှန်နေတယ်။ အဲဒါကိုဓမ္မလို့ ခေါ်ပါတယ်ဗျား။

ကျုပ်ကိုဘာသာရေးအကြောင်းရေးမယ်လို့ ထင်ပြီး မဖတ်ပဲနဲ့တော့ မနေလိုက်ပါနဲ့။ တရားသဘောလေးနဲ့ကြည့် ပြီးရှေ့
ဆက် သည်းညည်းခံပြီး အားပေးဖတ်ရှုစေလိုပါတယ်။ လူဆိုတဲ့သတ္တ၀ါဟာ အသက်အရွယ်ကြီးရင့်လာ လေလေ အတွေးအခေါ်တွေက မြင့်လာလေလေပဲ။(အဲဒီလူတွေထဲမှာ ကျုပ်မပါဘူး)

ခရစ်ယာန်သမ္မာကျမ်းစာထဲမှာ တရားဟောချက်တခုရှိတယ်ဗျ။ အခန်းကြီးဘယ်လောက် အခန်းငယ်ဘယ် လောက် အပိုဒ်ဘယ်လောက် ဘယ်ကျမ်းဆိုတာတော့ မမေးနဲ့ဗျာ ကျုပ်က ကျမ်းစာထဲက စာကိုပဲ ဖတ်တာ၊ ဘာပြောထားသ လဲဆိုတော့ လောကမှာရှိတဲ့လူတွေအားလုံးဟာ အပြစ်သားတွေချည်းပဲတဲ့။ သူတို့အပြစ်တွေ ကို သေခြင်းတရားနဲ့
ပေးဆပ်ကြ ရတယ်တဲ့။

ကျုပ်တို့အားလုံးဟာ အပြစ်သားတွေဖြစ်ကြတဲ့အတွက် တနေ့မှာ သေကြရမယ် လူ့လောကကြီးထဲကနေထွက် သွားချင် သည်ဖြစ်စေ ထွက်မသွားချင်သည်ဖြစ်စေ ထွက်သွားကြရမှာ မြေကြီးလက်ခတ်မလွဲဗျ။
အဲဒီတော့ ကျုပ် တို့တတွေ လူ့လောကကြီးမှာ အသက်ရှင်နေထိုင်ကြရတဲ့ ကာလ တိုတိုလေးတခုမှာ ကိုယ့်အတွက်ပဲကိုယ် လုပ်နေတာလား အများအတွက်ဘာတွေလုပ်ခဲ့သလဲ လုပ်နေသလဲ ဘာဆက်လုပ်မှာလဲ ဘယ်လိုလုပ်မှာလဲ။

စဉ်းစားမိကြသလားမသိဘူး၊ ကျမ်းစာထဲကပြောသလို ဟေ့ တနေ့သေမှာပဲ လူဖြစ်နေတဲ့အချိန် လူ့လောကစီး ဇိမ်တွေကို အပြတ်ခံစားလိုက်မယ် နောင်ဘ၀ဆိုတာ ရှိမှန်းမသိမရှိမှန်းမသိ၊ မနက်ဖြန်တောင် မသေခြာတဲ့ဥစ္စာ ဆိုပြီး ပေါ့ပေါ့နေ
ပေါ့ပေါ့ စားလုပ် ပြီး နေသွားလို့လည်းရပါတယ်၊ ဒါဟာအသက်ရှင်နေထိုင်နေကြတဲ့ လူတွေအား လုံးရဲ့ အခွင့်အရေးပဲ။

လူသားအမြင်လေးနဲ့မြင်ကြည့်ကြစို့။ အံမလေး စကားကြီးစကားကျယ် လူသားအမြင်လေးဘာလေးနဲ့ ဘာပညာ မျှမတတ်၊ ဘာမျှမသိတဲ့လူက စော်ကားမော်ကားလုပ်ပြီးရေးတော့မယ် ဆိုပြီးအထင်မမှားလိုက်ကြပါနဲ့ဦး၊ လူသားအမြင်ဆိုတာ ဒီလိုပါ ကျုပ်တို့ အမေက ကျုပ်တို့ကိုမွေးထုတ်လိုက်တဲ့အချိန်မှာ ဘာမျှပါမလာဘူး၊ ဟိုဒင်း တော့ပါပါတယ်၊ အ၀တ်အစားမပါဘူးပြောတာပါ။

အမေတွေအဖေတွေ ဘိုးဘွားတွေရဲ့ စီစဉ်ပေးမှုနဲ့ စောင့်ရှောက်မှုနဲ့ကျုပ်တို့တတွေ လူတလုံးသူတလုံးဖြစ်လာကြ သလို ပညာတတ်ကြီးတွေ တရားဟောဆရာတွေ ဓမ္မကထိကကြီးတွေ နိုင်ငံရေးသမားတွေ စတဲ့စတဲ့လူတွေအ ဖြစ်လူ့ လောက မှာနေ ထိုင်အ သက်ရှင်နေကြရတာဟာ လူ့ပတ်ဝန်းကျင်ရဲ့ ပြုစုစောင့်ရှောက်မှုကြောင့်ဆိုတာ ဘယ်လိုမျှ ငြင်းလို့မရပါ
ဘူး။

မွေးကတည်းက အဖေအမေပစ်ထားလို့ ဘ၀ကိုဖြစ်သလိုရပ်တည်ရတာ၊ ထမင်းတလုတ်စားရဘို့အတွက် စားရတဲ့ထမင်း လုတ်ထက် တန်ဘိုးကြီးမားတဲ့အလုပ်လုပ်ခဲ့ရတာ၊ ပတ်ဝန်းကျင်ရဲ့ အငြိုအညင်ခံပြီး ထမင်းတ လုတ်ကို မျက်ရည်ကျမှ စား ခဲ့ရတာ လူတွေရဲ့အထင်သေးအမြင်သေးဆက်ဆံမှု ချိုးနှိမ်တဲ့အကြည့်တွေကြားမှာ အသက်ရှင်လာတာဆိုပြီး ဘယ်သူ့ရဲ့အ ကူအညီအထောက်အပံ့မျှယူခဲ့တာ မဟုတ်တဲ့အတွက် ပတ်ဝန်းကျင်က ကျုပ်ကို ဘယ်လိုပြုစုစောင့်ရှောက်တာတုန်း လို့
မေးကောင်းမေးပါလိမ့်မယ်။

ဟုတ်ပါတယ်၊ အဲဒီလိုဘ၀မျိုးနဲ့ရပ်တည်လာခဲ့ကြရတဲ့ ကလေးသူငယ်တွေ ကျုပ်တို့တိုင်းရင်းသားတွေထဲမှာ ဘယ်လောက်များပြားနေပြီလဲ သူတို့လေးတွေက အပေါ်ကမေးခွန်းကိုမေးလာလျင် ကျုပ်တို့ဘယ်လိုပြန်ဖြေ ကြမှာလဲ။

ဒီနေရာမှာ လူသားအမြင်ဆိုတာရှိဘို့လိုလာပါပြီ။ ဟုတ်ပြီ လူသားတယောက်ဖြစ်လာလျင် အိပ်စက်ချိန်ဆိုတာရှိ ပါတယ်၊ ဒါဆိုခင်ဗျား ဘယ်မှာအိပ်မှာလဲ၊ သစ်ပင်တပင်အောက်၊ ဇရပ်ဟောင်းဇရပ်အိုအပေါ်၊ လမ်းဘေးတနေ ရာ အဲဒီမှာအိပ်ရ
မှာပါ၊
အဲဒီလိုအိပ်စက်လိုက်ရတာကိုက အဲဒီသစ်ပင် ဟောင်းနွမ်းနေတဲ့ဇရပ်အို လမ်းဘေးနေ ရာလေးတွေဟာ ကျေးဇူးရှင်
တွေပါ။ အဲဒီလိုနေရာမျိုးမရှိခဲ့ဘူးဆိုလျင် ဘယ်လိုလုပ်အိပ်စက်နိုင်မှာလဲ။

အဲဒီတော့ ဒီသစ်ပင်ကို ဘယ်သူစိုက်ခဲ့သလဲ၊ ဒီဟောင်းနွမ်းနေတဲ့ ဇရပ်အိုဟောင်းလေးကို ဘယ်သူဆောက်ခဲ့သ လဲ ဒီလမ်းဘေးနေရာလေးကို ဘယ်သူလုပ်သွားခဲ့သလဲ အဲဒီလူတွေကို ကျေးဇူးတင်ခြင်းဟာ အသိအမှတ်ပြု ခြင်းဟာ လူသားဆန်တဲ့ အမြင်လို့ ကျုပ်ထင်ပါတယ်။

တခါ နေ့စဉ်စားသောက်ရေးကိစ္စဖြေရှင်းရာမှာ ထမင်းတလုတ်တဆုပ်ပေးတဲ့ ပတ်ဝန်းကျင်ဆိုတာမရှိဘူးဆိုလျင် ဘယ်လိုအသက်ရှင်နိုင်မှာလဲ ထမင်းနပ်မှန်ချင်မှမှန်မယ် ငတ်မယ်ပြတ်မယ် လူရှိလျင် လူသေမယ် လူသေလျင် ငါ့အတွက်ထမင်းရှိတယ်ဆိုတဲ့အတွက် လူသေဟာသေသွားတာတောင်မျှ ကိုယ့်ကို ထမင်းတလုတ်စားနိုင်ဘို့ တတ်နိုင်သေးတာပဲ ဒီတော့ သေသူအတွက်ကျန်ရစ်သူတွေရဲ့ အစီအမံကြောင့် ထမင်းတနပ်စားလိုက်ရခြင်း ဟာ ဖြင့် ကျေးဇူးတင်ဘို့မဟုတ်ဘူးဆိုလျင်တောင် ပတ်ဝန်းကျင်ကြောင့် ဆိုတာကို လူသားအမြင်မျိုးရှိဘို့လိုမှာဖြစ်
ပါတယ်။

ဒီကနေ့ ကျုပ်တို့ကိုယ်ကို ကျုပ်တို့ ကရင်လူမျိုးပါလို့ပြောနေကြသူတွေ ခံယူနေကြသူတွေ အားလုံးပေါ့ဗျာ ကရင် လူမျိုး အတွက် လူသားအမြင်လေးမြင်ကြည့်ဘူးပါရဲ့လား။ ခင်ဗျားဟာ ပညာတတ်ဖြစ်ချင်ဖြစ်မယ် ပညာမဲ့ဖြစ်ချင် ဖြစ်မယ်
(ပညာ= အသိပညာ+အတတ်ပညာ) ချမ်းသာချင်ချမ်းသာမယ် ဆင်းရဲချင်ဆင်းရဲမယ်။

ကရင့်အမျိုး သားတော်လှန်ရေးနဲ့ပတ်သက်လို့ စိတ်ဓါတ်ထက်သန်နေသူတယောက်ဖြစ်ကောင်းဖြစ်မယ် စိတ်ဓါတ်ကျ ဆင်း နေသူတယောက်ဖြစ်ကောင်းဖြစ်မယ်။ ကရင်အမျိုးသားဖြစ်ရတာကို ဂုဏ်ယူသူတယောက်ဖြစ်ကောင်းဖြစ်မယ် ကရင်လူမျိုးဖြစ်ရတာကို စိတ်ပျက်အားလျော့သိမ်ငယ်နေသူဖြစ်ကောင်းဖြစ်မယ်။

ဘယ်အစားထဲကပဲဖြစ်ဖြစ် ခင်ဗျားတို့ ကျုပ်တို့တတွေဟာ ကရင်ဖြစ်တဲ့အတွက် ကရင်လူမျိုးတို့ရဲ့ အစဉ်အလာ တွေကို ထိန်းသိမ်းရမယ် စောင့်ရှောက်ရမယ် ဒါဟာလူသားအမြင်ပဲ ဒီလိုထိန်းသိမ်းစောင့်ရှောက်တဲ့အတွက် ခင် ဗျားတို့ကျုပ်တို့တ
တွေ ဟာ ကိုယ့်ကရင်လူမျိုးအပေါ် လူသားအမြင်မြင်ချင်းဖြစ်တယ်။

သို့သော် ဒီလိုထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ နည်းမှန်လမ်းမှန်ဖြစ်ဘို့အင်မတန်အရေးကြီးပါတယ်၊ ကရင်အ မျိုး သားတွေကြား ဒီအချိန်ဟာ လိုအပ်တာထက်အထိအရှမခံတဲ့ အချိန်ကာလမျိုးမှာ မျိုးဆက်သစ်တွေအမှတ်မ မှားရအောင် ဘယ်လိုအပြောအဆို အပြုအမူမျိုးမဆို ထိန်းထိန်းသိမ်းသိမ်း သတိထားဆောင်ရွက်လုပ်ဆောင်ဘို့ လိုပါကြောင်း အသိပေး
ရေးသားလိုက်ရပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)