ယောက်ျားမျက်ရည် သို့မဟုတ် နာကျည်းမှုဝိသေသ
(မင်းစိုးစံ)
ယောက်ျားမှန်လျင် မငိုရဘူးဆိုတဲ့ ဥပဒေမရှိပေမယ့် ငိုနေတဲ့ ယောက်ျား (သူငယ်ချင်း) ကိုတွေ့လျင် ဟေ့ကောင်
မင်း ယောက်ျားမဟုတ်တဲ့အတိုင်းပဲ ငိုနေရတယ်လို့ကွာ။
အဲဒီလိုပြောနေကျပါ။
မိန်းကလေးတယောက် ငိုနေလျင်ကော မငိုပါနဲ့ဟာ ဒါတွေက ငိုနေလို့လည်း ဘာမျှပြန်ဖြစ်လာမှာမှ မဟုတ်တာ
အဲဒီလိုပြော နေကျပါ။
အားပေးစကားပဲပြောမလား ကိုယ်ကိုယ်တိုင်က တကယ်ပဲ တည်ကြည်နေတဲ့ လူတယောက်မို့လို့ ဒီလိုပြောတာလား
စာဖတ်နေတဲ့ ခင်ဗျားရော ဘယ်လိုလဲ။
ငိုခဲ့ဘူးသလား။
ငိုနေသေးလား။
ကျုပ်ကိုမေးမလို့လား။
ငိုလိုက်တာမျှ အမေကတုတ်(ဒုတ်)နဲ့ ရိုက်ယူရတဲ့အထိ ငိုခဲ့တာ။
တုတ်(ဒုတ်)ကြောက်လို့မဟုတ်ဘူး အသားနာတာ မခံနိုင်လို့၊ ရပ်လိုက်တာ။
ငယ်ငယ်တုန်းကဆိုတော့ ကိုယ်လိုချင်တာမရလျင် ရတဲ့အထိ ငိုတာ။
လူပျိုဖြစ်လာတော့ ကလေးလိုတော့ ဘယ်ငိုပါ့မလဲလေ။ အသံတိတ်ပေါ့။
ပြီးတော့ မျက်ရည်ကို တခြားလူအမြင်မခံဘူး။
အခု အိမ်ထောင်တွေကျလို့ သားတွေမြေးတွေရလာတဲ့အခါကျတော့ တော်ရုံတန်ရုံမငိုတော့ပါဘူး။
အရာအားလုံးကို လောကဓံ တရားကို ကြံ့ကြံ့ခံလာခဲ့တဲ့လူအိုကြီးတယောက် ဖြစ်လာခဲ့ပြီပဲ။
ဒါပေမယ့်...........။
အောက်က ရုပ်သံအပိုင်း အစကိုကြည့်လိုက်မိတိုင်း ကျုပ် မျက်ရည်အမြဲတမ်းကျရပါတယ်။
ကျုပ်တာဝန် ကျုပ်မကြေခဲ့လို့၊ ကျုပ်တာဝန်ယူရကောင်းမှန်းမသိခဲ့လို့။ ကျုပ်လူမျိုးကို ကျုပ်မချစ်တတ်ခဲ့လို့။
ကျုပ်တကိုယ်ကောင်းဆန်ပြီး ကိုယ်လွတ်ရုန်းခဲ့လို့။
စတဲ့စတဲ့ ကိုယ့်ရဲ့အတ္တဆန်မှု၊ သူရဲဘောကြောင်မှု၊ ခေါင်းရှောင်မှုတွေကို တွေးတောဆင်ခြင်လိုက်တိုင်း ကိုယ့်ကိုယ်ကို
နာကျည်းမိတယ်ဗျာ။
ကျုပ်လိုနောင်တ မရကြပါစေနဲ့။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
THE ROAD from Road of Resistance on Vimeo.
အပြည့်အစုံကို ကြည့်ချင်မြင်ချင် သိချင်လေ့လာချင်လျင် http://roadofresistance.com





