• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, March 4, 2012

ပြည်ထောင်စုရဲ့သင်္ကေတ “၀ါးသင်္ခ”

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြတဲ့ ၀ါးသင်္ခရွာက ကရင်လူငယ်များ
Source Photo from http://www.facebook.com
ဝါးသင်္ခတေး

(လေနုအေးမြ)

ဒို့အမေ နားချင်လှပေတဲ့
ဝါးသင်္ခရွာလေးရေ။
ပန်းဝတ်မှုံ ထုံကြိုင်သင်း
လင်းလက်သာစေ။
ဒို့ပြည်ကြီး ကျက်သရေ၊
တက်နေမို့ထူး။
မြန်တိုင်းခွင်စည်စည်နဲ့
လူတိုင်းပင်ကြည်ကြည်ပ
နေခြည်မှာ လေပြည်လောင်းတယ်
ဒေါင်းလံကမြူး။ ။

Laynuaye Mya

Copy from http://8-8-88.blogspot.com

ပြည်ထောင်စုရဲ့သင်္ကေတ “၀ါးသင်္ခ”

by Yangon Press International on Sunday, February 12, 2012 at 6:56am •

(မွန်မွန်မြတ်)

“ကော့မှုးမြို့နယ်မှာ ၀ါးသင်္ခရွာကိုပထမဦးဆုံးလာရတဲ့အကြောင်းကတော့ ဒီမှာ ကရင်တိုင်းရင်းသူ တိုင်းရင်းသားတွေများလို့ဖြစ်ပါတယ်။ဒီရွာမှာ ကရင်တိုင်းရင်းသူတိုင်းရင်းသားတွေများတဲ့အခါကျတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုရဲ့သင်္ကေတတစ်ခုလိုဖြစ်နေပါတယ်”

၁၁ ဖေဖေါ်ဝါရီ၊ ၂၀၁၂၊ ကော့မှုး (YPI) - နွေဦးဆိုပေသည့် နေပူကကြမ်းလွန်းလှသည်။ မွန်းတည့်ချိန်နီးလာလေလေ ခရီးကမတွင်လေ၊ ခရီးစဉ်အစက ပါလာခဲ့သည့်ယာဉ်တန်းမှာ တွံတေးမြို့အ၀င်မှာပါလာသည့် ကားများ ဆိုင်ကယ်များနှင့် ပေါင်း၍ တွံတေး-ကော့မှုး-ကွမ်းခြံကုန်း ကားလမ်းတစ်လမ်းလုံးပြည့်ကြပ်သွားတော့သည်။

လမ်းဘေးဝဲယာတစ်လျှောက် ဆက်နေသည့်ရွာစဉ်တန်းတစ်လျောက် နေပူကျဲကျဲအောက်တွင် အိုးစည်ဗုံမောင်းများနှင့်ပြုံးပြုံးရွှင်ရွှင်ကြိုဆိုနေကြသည့် ရွာသူရွာသားများ၏မျက်နှာများမှာ ၂၀၀၈ နာဂစ်မုန်တိုင်းအပြီး စားနပ်ရိက္ခာဝေသည့်ကားတွေကို မျှော်ကိုးနေစဉ်က ပူလောင်နွမ်းလျနေသည့် မျက်နှာများနှင့်တခြားစီ။

ရွာ့အိမ်ဦးခန်းများမှ ဆွဲထုတ်လာဟန်ရှိသော ဗိုလ်ချုပ်အောင်ဆန်း၏ ရှေးဟောင်းဓါတ်ပုံများသည် လမ်းဘေးဝဲယာတစ်လျောက်က ရွာသူရွာသားများလက်ထဲတွင် ထယ်ထယ်ဝါ၀ါနှင့်...။

နှစ်နှစ်သမီးဘ၀နှင့် ဖခင်ကိုသက်ရှိထင်ရှား တစ်ခါမျှဦးခိုက်ကန်တော့ခွင့်ရခဲ့မည်မထင်သော ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှုးနယ်သားပန်းချီဆရာများလက်စွမ်းပြထားသည့် ပန်းချီကားများ ဆိုင်းဘုတ်များထဲတွင် ဖခင်ကို ကျုံ့ကျုံ့ယုံ့ယုံ့လေးထိုင်ကန်တော့လျက်....။

တကမ္ဘာလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ကြသည့် ဘွဲ့တံဆိပ်ပေါင်း တစ်ရာ့သုံးဆယ်ကျော် ရှိသွားပြီဖြစ်ကြောင်း ကော့မှုးမြို့နယ်သားများသိချင်မှသိပေလိမ့်မည်။ သို့ပေမယ့် သူတို့အသေအချာသိသည့် “ဖအေတူသမီး” ဆိုသည့်ဂုဏ်ပုဒ်ကိုတော့ နေရာအနှံ့လက်ရေးဖြင့်ရေးထားသည့် ဆိုင်းဘုတ်များချိတ်ဆွဲကာ သူတို့နည်းသူတို့ဟန်ဖြင့် ချီးမြှင့်ခဲ့ကြသည်။

ပါးစပ်ပါရွာရောက်ဆိုပေမယ့် မွန်းတည့်ချိန်ကျော်၍ကော့မှုးကိုကျော်လွန်ကာ ကွမ်းခြံကုန်းဝင်သည်အထိ သွားရမည့်နေရာ “၀ါးသင်္ခ” ဆိုသည့်ရွာကိုမရောက်သေးပေ၊ ဘယ်သူ့မေးမေး အဝေးကြီးလိုသေးသည်သာပြောကြသည်။

ကွမ်းခြံကုန်းမြို့အကျော် ကားလမ်းပေါ်မှဆင်းကာ မြေနီလမ်းခွဲပေါ်အရောက် လမ်းပြသူဒေသခံလူငယ်တစ်ဦး၏ “တစ်အောင့်” ဆိုလျှင် ရောက်တော့မည်ဆိုသည့်စကားကြောင့် အနည်းငယ်ရင်အေးမည်ကြံကာရှိသေး ကားလမ်းကြောင်းတလျောက်ဖုန်လုံးကြီးတွေ လှိမ့်ဝင်လာသောကြောင့်အမှန်တစ်ကယ်ပင် တစ်နာရီခန့်အောင့်လိုက်ရပါသည်။

သည်လောက်ခေါင်သည့် ဖုန်ထူနေပူ ၀ါးပင်တွေကလွဲ၍ ဘာမျှမရှိသည့် နေရာကိုမှ အဘယ်ကြောင့်များ ရွေးရပါလိမ့်ဆိုသည့်မေးခွန်းဖြင့် တစ်လမ်းလုံးတနုံ့နုံ့...။
လွတ်လပ်ရေးရပြီးသည်မှာ အနှစ်ခြောက်ဆယ်ကျော်ကြာခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၏မြို့တော်ဟောင်း ရန်ကုန်မြို့မှ နာရီပိုင်းသာသွားရသည့် ကော့မှုးကဲ့သို့သောမြို့နယ်ထဲမှာပင် လျှပ်စစ်မီးမရှိ၊ ရေမီတာမရှိ၊ လမ်းပမ်းဆက်သွယ်ရေးနုံချာ၊ ပညာရေး ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းအင်မတန်မှ နိမ့်ကျလှစွာသော နေရာများစွာရှိနေခဲ့သည်။

ရွာနှင့်နီးလာလေလေ ကရင်တိုင်းရင်းသားဝတ်စုံတွေနှင့်ကြိုဆိုနေသူတွေကိုတွေ့ရလေလေ၊ လမ်းပြသူလူငယ်လေးကတော့ ကရင်မလေးတွေကိုတွေ့လိုက်လျှင် ပင်ပန်းသမျှတွေပြေသွားစေရမည် ဟုအာမခံသည်။
ကရင်မလေးတွေကိုသာမက၊ ဒုံးယိမ်းသံ ဖါးစည်သံ တညံညံနှင့် ကြိုဆိုကြသည့် ရာချီသည့်ကရင်လူထုကို ရွာလယ်ကွင်းပြင်က စကားပြောစင်မြင့်ရှေ့မှာမြင်ရတော့ ဖုန်ထူသည် နေပူသည်များလည်းပျောက်သွားခဲ့၏။

လမ်းတစ်လျှောက်လုံးတနုံ့နုံ့မေးလာခဲ့သည့်မေးခွန်းကို မနက်ငါးနာရီလောက်ကတည်းက လာရောက်စောင့်ဆိုင်းနေခဲ့ကြသည့် ရွာနီးချုပ်စပ် ကျေးရွာပေါင်းစုံမှလူထုကိုစကားပြောရင်း ဒေါ်အောင်ဆန်းစုကြည်က အဖြေပေးသွားခဲ့သည်။

“ကော့မှုးမြို့နယ်မှာ ၀ါးသင်္ခရွာကိုပထမဦးဆုံးလာရတဲ့အကြောင်းကတော့ ဒီမှာ ကရင်တိုင်းရင်းသူ တိုင်းရင်းသားတွေများလို့ဖြစ်ပါတယ်။ဒီရွာမှာ ကရင်တိုင်းရင်းသူတိုင်းရင်းသားတွေများတဲ့အခါကျတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုရဲ့သင်္ကေတတစ်ခုလိုဖြစ်နေပါတယ်”

ကရင်လူမျိုးတွေအများကြီးရှိသည့်နေရာတွင် ဗမာစကားပြောနေရသည့်အတွက် စိတ်မသက်မသာဖြစ်ပုံရကာ အနည်းဆုံးတော့ကျေးဇူးတင်ပါတယ်ကို ကရင်လိုပြောတတ်အောင်သင်ထားအုန်းမည်ဟုလည်းဆိုခဲ့သည်။

ကျွန်မတို့နိုင်ငံမှာ လက်ရှိအခက်ခဲဆုံးပြဿနာက ဆင်းရဲနွမ်းပါးမှုပြဿနာပါ” ဟု ပြဿနာရင်းမြစ်တစ်ခုကို
ဒေါ်အောင်ဆန်းစုကြည် ထာက်ပြခဲ့သော်လည်းအစိုးရရုံးစိုက်ရာမြို့ကြီးများမှလွဲလျှင် တောင်ပေါ်မြေပြန့်မခြားကျေး
လက်ဒေသ အတော်များများတွင်ဖွံ့ဖြိုးမှုနောက်ကျနေခဲ့သည်မှာ ဆင်းရဲနွမ်းပါးမှုပြဿနာသက်သက်ကြောင့်ပဲလား၊ သို့တည်းမဟုတ် အစိုးရနှင့် အစိုးရမဟုတ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း
တွေ၊ ထောင်စုနှစ် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လျာထားချက်တွေ မအောင်မြင်ခဲ့လို့ပဲလားဟု စဉ်းစားဖွယ်ဖြစ်၏။

ကော့မှုးမြို့နယ်တွင် အဓိကကြုံတွေ့နေရသည့်ပြဿနာကတော့ အလုပ်အကိုင်ရှားပါးမှုပြဿနာဖြစ်သည် ဟု အမတ်လောင်းဒေါ်အောင်ဆန်းစြုကည်က ထောက်ပြသွားခဲ့သည်။
ဒေသဖွံ့ဖြိုးရေးအတွက် မည်သို့မည်ပုံလုပ်ဆောင်သွားမည်ဟု ကတိက၀တ်များ အကျယ်တ၀န့် မပေးခဲ့သော်လည်း ကိုယ့်မဲဆန္ဒနယ်မြေတွင်ကိုယ်တိုင်ကိုယ်ကျမဲပေးနိုင်ရန်အတွက် ၀ါးသင်္ခရွာ၏ အိမ်ထောင်စုစာရင်းဝင်အဖြစ်ဒေါ်အောင်
ဆန်းစုကြည်၏နာမည်ကို ပြောင်းရွှေ့ပြီးဖြစ်သည်ဟုသိရသည်။

သူမ လာရောက်ချိန်တွင် တည်းခိုရန်ဆောက်လုပ်ထားသည့် နေအိမ်ရှေ့လသာဆောင်တွင် ၀ရံတာငယ် လေး ထုတ်ထား
သည့်အတွက် လူထုပရိသတ်ကို ထိုနေရာမှလည်းနှုတ်ခွန်းဆက်နိုင်မည်ပင်။
ကရင်အမျိုးသားဝတ်စုံနှင့် အဖိုး ဦးမောင်မောင်က လူတွဲနှင့်လမ်းလျှောက်ရင်းက လူထုတွေ့ဆုံပွဲကွင်းပြင်သို့ အရောက်သွား ခဲ့သေးသည်။
အသက် ၈၀ကျော်ကာမှ ပထမဆုံးအကြိမ် မျက်ဝါးထင်ထင်မြင်တွေ့ခွင့်ရခဲ့သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သူတို့ရွာသားဖြစ်လာသည့်အပေါ်ဝမ်းပမ်းတသာကြိုဆိုခဲ့၏။
ကျုပ်တို့ရွာအနေနဲ့ နည်းနည်းသိဒ္ဓိတိုးလာတာပေါ့ဗျာ

လမ်းတလျောက် ကြိုဆိုနေကြသည့်ကလေးငယ်များက သူတို့မမြင်ဖူးသော အမေစုကို ဖုန်တထောင်းထောင်းအကြားက ကားတန်းကြီးထဲမှာစမ်းတ၀ါးဝါးရှာကြ၊ လက်ပြကြနှင့်…
ငှက်အော်စမ်းရွာက လူထုတွေ့ဆုံပွဲကွင်းပြင်မှာတော့ “လမ်းမှာလာတော့ ဘုစုခရုကလေးတွေအများကြီးပဲ။ ဒီကလေးတွေကိုပြုစုပျိုးထောင်ဖို့ဆိုတာ တော်တော်ကို ကျွန်မတို့လုပ်ယူရအုန်းမှာ…” ဟု ကော့မှုးမြို့နယ်သား အမတ်လောင်း ဒေါ်စုကဆိုခဲ့သည်။

ပညာဆိုတာ ကျွန်မတို့နိုင်ငံရဲ့အနာဂါတ်ပဲ။ ကျွန်မတို့ကလေးတွေရဲ့အနာဂါတ်သာ မဟုတ်ဘူး၊ ကလေးတွေရဲ့အနာဂါတ်ဟာ နိုင်ငံရဲ့အနာဂါတ်ပါပဲ
ဝါးသင်္ခရွာတွင် ဆယ်မိနစ်ခန့် ငှက်အော်စမ်းရွာတွင် ငါးမိနစ်ကျော်ကျော် စကားပြောခွင့်ရဖို့ရာ ဖုန်ထူနေပူသောခြောက်နာ
ရီကျော်ကြာ ခရီးကြမ်းကို သွားခဲ့ရသည့် တွေ့ဆုံပွဲ၏အနှစ်သာရကိုတော့ ယခုလိုဖွင့်ဆိုခဲ့သည်။

ဒီလိုတွေ့ဆုံပွဲတစ်ခုဆိုတာဟာ သာမန်အားဖြင့်ကြည့်လိုက်လို့ရှိရင် မိနစ်ပိုင်းလောက်ပဲ ကျွန်မတို့ဟာတစ်ယောက်နဲ့တစ်ယောက်တွေ့ရတာမို့လို့ အရေးမကြီးဘူးလို့ထင်ရပေမယ့် တစ်ကယ်တော့ ဒါ ပြည်သူတွေနဲ့ဆက်နွယ်မှုတစ်ခုအနေနဲ့ အင်မတန်မှ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့လုပ်ငန်းတွေကိုအောင်မြင်အောင်လုပ်ဖို့ဆိုတာဟာ ပြည်သူတွေနဲ့အဆက်အသွယ်
ရှိမှ ပြည်သူတွေနဲ့နီးနီးကပ်ကပ်ဆက်ဆံနိုင်မှဖြစ်မြောက်မှာပါ”
“တစ်နိုင်ငံလုံးအဆင်ပြေမှ ကော့မှုးအဆင်ပြေမယ်။ ကော့မှုးအဆင်ပြေမှ တစ်နိုင်ငံလုံးအဆင်ပြေမှာဖြစ်ပါ တယ်။ အဲဒီလိုဆက်နွယ်မှုမျိုးကိုနားလည်ဖို့လိုပါတယ်
ကော့မှုးတစ်မြို့နယ်လုံး “စုနိုင်မှချမ်းသာမည်”ဆို သည့် သီချင်းသံများတစ်နေကုန်လွှမ်းနေခဲ့၏။

မှောင်ရီပျိုးပြ ၀ါးသင်္ခ အပြန် လမ်းဘေးဝဲယာတလျောက် အရွယ်စုံ၊ လူမျိုးစုံ၊ အရောင်စုံ မီးတိုင်တွေ မီးအိမ်တွေ ထင်းမီးဖိုတွေနှင့် လမ်းပြလို့ နှုတ်ဆက်ကြသည်။
ဝါးသင်္ခရွာသူရွာသားတွေကတော့ “ပြည်ထောင်စုရဲ့သင်္ကေတ ငါတို့ဝါးသင်္ခ” လို့များ အဲသည်ညတွင် ဆိုမည့် ဒုံးယိမ်းသီချင်းတွေထဲထည့်ဆိုနေကြလေမည်လား ဒါမှမဟုတ် မမြင်ရသော အမှောင့်ပယောဂတို့အပေါ် စိုးရွံ့ အားငယ်စိတ်များနှင့် ကျန်ခဲ့ကြလေမည်လား.... သိချင်စမ်းလှသည်။

မွန်မွန်မြတ်ရေးသားသည်။

Copy from
http://www.facebook.com/note.php?note_id=316067255106570

ကော့မှူးမြို့နယ်ဆိုတာ ဗမာလူမျိုးတွေနေတဲ့မြို့တစ်မြို့ဖြစ်ပြီး ကရင်တွေမရှိဘူးလို့ထင်နေတာ နောက်တခုက အသံဖိုင်ထဲက စကားသံကိုနားထောင်ကြည့်တော့ ကျုပ်တစ်လုံးမျှနားမလည်ပါဘူး၊ စကောကရင် ပိုးကရင် အားလုံးပြောတတ်ဆို တတ်တဲ့ကျုပ် ကော့မှူးမြို့နယ် ၀ါးသင်္ခရွက ကရင်လူမျိုးစကားနဲ့ကျတော့ ကိုယ့်ကိုယ်ကို ကရင်စစ်စစ်လို့ထင်ထားတာ တက်တက်စင်အောင်လွဲတော့တာပါပဲ။

ဘိတ်ထားဝယ်ဘက်နဲ့ မြစ်ဝကျွန်းပေါ်ဘက်က ကရင်စကားကျတော့ ပိုးလိုပဲပြောပြော စကောလိုပဲပြောပြော ရည်ရည်လည်လည်နားမလည်နိုင်တာမှန်ပေမယ့် အဲဒီလောက်ကြီး စိမ်းမနေပါဘူး၊ အခုတော့ဗျာ ကျုပ်ကရင်စ ကားမတတ်သေးပါလား ဆိုတာ အခုမှသိတယ်ဗျို့။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

လာမယ့် ဧပြီလ ၁ရက်ရွေးကောက်ပွဲမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်ကနေ ၀င်ရောက်ရွေးခြယ်ယှဉ်ပြိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့်လည်း လူထုခေါင်းဆောင်ဟာ ကော့မှူးမြို့နယ် ၀ါးသင်္ခ ကျေးရွာမှာ အိမ်ထောင်စုစာရင်းဝင်ထားခဲ့ပါတယ်။

ဒီဝါးသင်္ခကျေးရွာကလေးအကြောင်း ကိုမောင်တူးက အခုလိုစုဆည်းတင်ဆက်ထားပါတယ်။



March 5, 2012 Monday Morning
Source Audio from http://www.dvb.no