• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, May 12, 2012

ကျုပ် အမေရဲ့ အကြောင်း(၂)

အမေများနေ့အတွက် လက်ဆောင်ပေးတဲ့ ပန်းတစ်ပွင့်ကို ကိုင်ထားတဲ့ကျုပ်မေမေ
ဓါတ်ပုံ ကိုယ်တိုင်ရိုက်ထားတာ

ကျုပ် အမေရဲ့ အကြောင်း(၂) 

(မင်းစိုးစံ)

May 10, 2012 Thursday

အမေ့အကြောင်းရေးမလို့ လုပ်နေတာကြာပါပြီ ဗိုလ်ချုပ်စောလားပွယ်၊ထိုင်းဒုတိယ၀န်ကြီးချုပ်၊သမ္မတကြီး ဦး သိန်းစိန် စတဲစတဲ့သတင်းတွေက ကျုပ်ကိုရေးတဲ့ဆီမရောက်အောင်လုပ်နေသလို ကျုပ်အမေအကြောင်းရေး
ဘို့ ဘယ်ကနေဘယ်လို စရေးရမှန်းကို မသိတာ။
မှတ်မိစရာတွေများလွန်းတော့ ရေးစရာတွေကို ရှာလို့မရဘူး။

လွန်ခဲ့တဲ့(April 14 2012)က ကျုပ်အမေရဲ့ အကြောင်းဆိုပြီးရေးတာ ကျုပ်အကြောင်းတွေ သက်သက်ဖြစ်ကုန်
တယ်၊
ဒါကြောင့် လူတစ်ယောက်က ကျုပ်ကို ဇီးသီးသည်မန်းဗျိုင်းဆိုပြီး ဆီပုံးထဲ ဆီထည့်သွားသေးတယ်။
ကျုပ်က ကျုပ်အမေရဲ့သားဆိုတော့ ကျုပ်အကြောင်းရေးဖြစ်သွားတယ်လို့ ထင်တာပဲ၊
ကျုပ်အမေက ဟိုး မဆလ ခေတ်(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)တုန်းက ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ
တွေဖြစ်တဲ့ ဓနုဖြူ အဖြောင့် ဆကာကြီး ငပျဉ်းချောင်း မုယင်းကုန်း ဆိုတဲ့ဒေသတွေမှာ ကရင်စာပေနဲ့ယဉ်ကျေး
မှု တိုးတက်ပြန့်ပွါး ရေးအတွက် ဖွဲ့စည်းထားတဲ့ ပုညကာရီအသင်းရဲ့တာဝန်ပေးမှုအရ  ဒုံးသင်ပေးရတဲ့ ဆရာမ တစ်ယောက်ဖြစ်ပါတယ်။

မြန်မာ့အသံ တိုင်းရင်းသားအစီအစဉ်ထဲက ပိုးကရင်ကဏ္ဍအတွက် တေးသံရှင်တဦးပါ၊ စ၀်မူ.လျာ.၀၀် တို့ခေတ်၊ စထွန်းလူတို့ခေတ်ပေါ့ဗျာ။
 ကျော်ကြားတဲ့တေးက သံလွင်ကမ်းမှ ဘိတ်ခေါ်သံ ဆိုတဲ့ တေးကို ဗမာလိုနဲ့ ပိုးကရင်လို သီဆိုခဲ့တဲ့တာပါ။
တေးရေးဆရာကိုတော့ ကျုပ်မသိပါဘူး၊ အမေ့ကိုမေးကြည့်တော့ အမေက သတိသိပ်မရတော့ဘူး။
အမေ့မှာ အဆုတ်ကင်ဆာကို ခံစားနေရတာ လအတော်ကြာခဲ့ပါပြီ၊ ဆရာဝန်ပြောတာကတော့ မျှော်လင့်ချက်
မရှိတော့ဘူးတဲ့၊ ဒါကြောင့်ဆေးရုံမှာ မထားပဲ၊ အိမ်မှာပဲ နားနားနေနေ ဆေးမြီးတိုတွေနဲ့ ကုနေခဲ့တာပါ၊ အမေ့အ ကြောင်းလေးရေးမယ်လုပ်တော့ တေးရေးဆရာကို သူမပြောနိုင်တော့ပါဘူး၊ ကျုပ်အဖေပြောတာကတော့ တေးရေးဆရာ စအေးကြူ မဟုတ်လျင် စောနေအေး တစ်ယောက်ယောက်ပဲတဲ့။

 စောနေအေး ဆိုတဲ့ ပုဂ္ဂိုလ်ကို တော့ ကျုပ်တွေ့ဘူးတယ်ဗျ၊ ကော်မူးရာ(၀မ်းခါ)စခန်းကို ရောက်လာပြီးကျောင်း ဆရာ အလုပ်လုပ်ဘို့ ဖေါင်ဖျက်ပြီးထွက်လာခဲ့တဲ့ လူတစ်ယောက်ပါ၊ အဲဒီမှာဗျာ ဘာကြောင့်လဲတော့ မသိဘူး
ကျောင်းဆရာလုပ်ခွင့်မရပဲ ရန်ကုန်ကိုပြန်ဆင်းသွားရရှာတယ်။
ပညာရေးတက္ကသိုလ်နဲ့ကျောင်းပြီးတယ် ဒါပေမယ့် ဗုဒ္ဓဘာသာတဲ့။

ကျုပ်အမေရဲ့ နာမည်ရင်းက မကျင်ဥ တနင်္ဂနွေသမီး၊ လက်ပတ်ဖြူ လက်ပတ်နီ၊ ဗမာ့ကာကွယ်ရေးတပ် အဲဒီ
လို ရောင်စုံလက်နက်ကိုင်တွေကြောင့် ကရင်ပြည်ကနေ ရန်ကုန်ကို ရောက်လာတာ၊
အဲဒီမှာ သီချင်းဆိုဖြစ်သွားရာ က ပုညကာရီအသင်းရဲ့ အဖွဲ့ဝင်တယောက်ဖြစ်လာ၊ ကရင်ယဉ်ကျေးမှုတွေဖေါ်
ထုတ်တော့ သီချင်းဆိုတဲ့နာမည် က ကရင်လို နာန်ၟ္ဘင်း (နောင်ဘောင်း) ဗမာလို မမနု လို့ခေါ်ရာကနေ အခု အမေရိကန်နိုင်ငံကိုရောက်တဲ့အထိ မနုဆိုတဲ့ နာမည်ကိုပဲ သိကြတယ်။

အမေများနေ့မှာ အဘွားဖြစ်သူကို ပန်းလက်ဆောင်ပေးနေတဲ့ ကျုပ်သမီး
ဓါတ်ပုံ ကိုယ်တိုင်ရိုက်ထားတာ

ကျုပ်အမေဟာ ကျုပ်တို့ကို စစ်ဘေးစစ်ဒါဏ်ကြားမှာ မသေမပျောက်အောင် ကျွေးမွေးစောင့်ရှောက်နိုင်ခဲ့ပါ
တယ်။
ဘ၀လည်းစုံပါတယ်၊ မုဒုံနဲ့မော်လမြိုင်ကြားက ကြာအင်းစက်မှုလက်မှုကျောင်းမှာ သန့်ရှင်းရေးသမ အဖြစ်လုပ်
ကိုင်ခဲ့ပါတယ်၊ ညဘက် ထမင်းကြော်၊ ဘူးသီးကြော်၊ မုန့်ဟင်းခါး စတာတွေရောင်းတဲ့အပြင် အဲဒီ ကျောင်းဝင်း
ရဲ့အပြင်ဘက်က တောအုပ်ထဲက သစ်ပင်လေးတွေခုတ်ပြီး ထင်းရောင်းပါတယ်၊ မိုးတွင်းမှာတော့ ကျောင်းဝင်းပတ်ဝန်းကျင်က ရေစပ်စပ် အိုင်ငယ်လေးတွေထဲမှာ ယဲ့သဲ့လေးနဲ့ ငါးကလေးတွေသဲ့
ယူပြီး အိမ်အတွက် ဟင်းစားလုပ်ပါတယ်။

ကျုပ်အမေနဲ့ ပတ်သက်ပြီးမေ့နိုင်စရာ မရှိတဲ့အကြောင်းတွေထဲက တခုကိုရေးပြမယ်၊ မော်လမြိုင်ကနေ ကျုပ်တို့ ဇာတိကျုံပိုင်းကို ပြန်ရောက်ခဲ့ပုံလေး။
ဗိုလ်လင်္ကျာတို့ လေယာဉ်ပေါ်ကနေ စာကြဲချတာကနေ စတာပေါ့ဗျာ၊ အဲဒါ ကျုပ်အဖေက စာရွက်တရွက်ကောက်
ပြီး သိမ်းထားမိတာကစလို့ ကျုပ်အဖေကို ကျောင်းအုပ်ကြီးက သိပ်သဘောမတွေ့ဘူးတဲ့ အဲဒါအပြင် ကျုပ်အဖေ
က လည်း အလုပ်သမားများသက်သာချောင်ချိရေးအတွက် အဖွဲ့လေးဖွဲ့ မယ်ပေါ့ဗျာ၊ အလုပ်သမားတစ်ယောက်
ကို တစ်လ တစ်ကျပ်စုမယ်၊ ပြီးတော့ အဓိကစားကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် အဲဒါတွေကို မော်လမြိုင်
အထိ တက်ဝယ်မယ်၊ များများဝယ်တော့ ဈေးသက်သာတယ် အဲဒီ ဈေးနဲ့ သယ်ယူပို့ဆောင်ခတွေပေါင်းပြီး အလုပ်
သမားတွေက ၀ယ်စားရမယ်ဆိုလျင် ဈေးအများကြီးသက်သာတယ်၊ ဆိုပြီးလုပ်တော့ ဘယ်လိုအဖွဲ့မျိုးမှမဖွဲ့ရဘူး
ဆိုပြီး အမိန့်ထုတ်တာပဲတဲ့။

ဒီလိုနဲ့ ဦးသန့်အရေးအခင်းစတဲ့ နှစ်မှာပဲ ကျုပ်တို့ ကိုယ့်ရွာကိုယ်ပြန်ရောက်တယ်၊ ရေမြေအနေအထားကြောင့် လို့ပြောရမလားမသိဘူး၊ ကျုပ်တကိုယ်လုံး ၀ဲစိုတွေပေါက်ပါရော၊ အဲဒါကျုပ်အမေလေ မရွံမရှာ ကျုပ်အနာကို အဖန်ရည်ဆေးပေးတယ်၊ ပြီးတော့ ဗီးစပ်ရွက်ကို အရည်ညှစ်ပြီး အနာပေါ်ကိုအုံပေးတယ်၊ ကျုပ်လည်း လူရှေ့ သူရှေ့ ၀ဲကုတ်ရတဲ့အဖြစ်ကနေ လွတ်သွားတယ်။
အခု ကျုပ်အမေနေမကောင်းဘူးဗျ၊ ကျုပ်ကို ထင်းခုတ်ပြီး ကျွေးခဲ့တဲ့ အမေ့ရဲ့လက်မောင်းတွေ ပိန်လှီကုန်ပြီ၊ အမေ့ရဲ့ ယဲ့သဲ့နဲ့ငါးကလေးတွေဘမ်းပြီး ဟင်းအဖြစ်ဖန်တည်းခဲ့တဲ့ လက်ဖျံရိုးတွေဟာ အခုတော့ အရိုးပေါ်အ ရည်တင်နေပြီ။

 ကျုပ်ကို အသက်နဲ့လဲပြီး လွယ်ထားခဲ့တဲ့ အမေ့ရဲ့ ဗိုက်က အခုတော့ ပြတ်နေတဲ့အရည်ခွံတွေတွန့်ကုန်ပြီ၊ အမေ
က ကျုပ်ကို ပြောတယ်၊ ခပ်ယဲ့ယဲ့လေသံလေးနဲ့ပေါ့ သားကြီးရယ် သားရဲ့လက်မောင်းကို ကိုင်ထားရတာ အမေ အားရှိလိုက်တာ တဲ့။

 သင်္ကြန်အတက်နေ့မှာ ကျုပ်အမေကို ကန်တော့နေတဲ့ ကျုပ်ရဲ့မြေးမလေး
ဓါတ်ပုံ ကိုယ်တိုင်ရိုက်ထားတာ

အမေ့ရဲ့စကားသံကို ကြားလိုက်ရတော့ ကျုပ်တိတ်တိတ်ကလေး မျက်ရည်ကျတယ်၊ အမေ မမြင်အောင် ခေါင်းငုံ့ပြီး မျက်ရည်သုတ်ရင်း အင့် ကနဲတချက်ရှိုက်လိုက်တယ်၊ အမေ့ကိုစိတ်ဆိုးပြီး ပြောခဲ့ဘူးတဲ့ စကားတစ်ခွန်းကြောင့်ပါ၊

အဲဒီအချိန်တုန်းက ကော်မူးရာဆိုတဲ့တော်လှန်ရေးမြေပေါ်ကို ကျုပ်တို့ရောက်ခါ စပေါ့ဗျာ၊ သင်္ကြန်ကာလဆိုတော့
ရေပက်ကြ လောင်းကြနဲ့လေ၊ လူငယ်ဘ၀ဆိုတော့ ပျော်တာပေါ့နော်၊

အဲဒီအချိန်မှာ မိန်းက လေးတစ်ယောက် သူများရေလိုက်လောင်းတာကိုရှောင်ရင်း ကျုပ်အိမ်ပေါ်ကိုပြေးတက်လာ တယ်ဗျ၊ အဲဒီအချိန် မှာ အမေကလည်း အ၀တ်တွေကို မီးပူတိုက်နေတဲ့အချိန် အဲဒီတော့ အပြင်ကလောင်းလိုက် တဲ့ရေတွေဟာ အိမ်ပေါ်ကို မိန်းကလေးနဲ့အတူပါလာတာမို့ အ၀တ်တွေနဲ့ မီးပူထဲကပြာတွေ ဖူးစာဆုံကြပါလေ
ရော။

အမေ့ကိုကြည့်ရတာ တော်တော်စိတ်ဆိုးသွားပုံရတယ်၊ တော်တော်ကို စပ်စလူးနိုင်တဲ့ မိန်းကလေးပါလား ဆိုပြီး
ပြောလိုက်တော့ ကျုပ်လည်း မိန်းကလေးကို အားနာသွားတယ်ဗျာ၊ ပြီးတော့ မိန်းကလေးက အရမ်းလှပြီး အင်မ တန်ရှက်တတ်တာ၊ ကျုပ်ကိုလည်း ခင်တယ်။
ကျုပ်အမေက အဲလိုလည်းပြောလိုက်ရော မိန်းကလေးခမျာ ချက်ခြင်းပဲ အိမ်ပေါ်ကနေ မပြေးရုံတမယ် ပြန်ဆင်း သွားပါလေရော၊
အဲဒါ ကျုပ်အမေကို ကျုပ်ဘာပြန်ပြောမိလဲ သိချင်လား။
အမေကလည်းဗျာ အမေအဲဒီလိုပြောလိုက်တော့ ကျုပ်မှာဘယ်လိုလုပ်ပြီး သူငယ်ချင်းအပေါင်းအသင်းဆိုတာ ရှိတော့မှာလဲ အဲဒီလိုပြောလိုက်တာဗျို့။

 သင်္ကြန်အတက်နေ့မှာ ကျုပ်အမေကို ကန်တော့နေတဲ့ ကျုပ်ရဲ့မြေးမလေး
ဓါတ်ပုံ ကိုယ်တိုင်ရိုက်ထားတာ

အခုတော့ ကျုပ်နောင်တတွေ အကြီးအကျယ်ကိုရနေပြီ အမေက ကျုပ်ရဲ့ မိတ်ဆွေကောင်းလေ၊ ကျုပ်ကို ကျည် ဆံတွေကြား သွေးဆာနေတဲ့ အာဏာရူးတွေကြားက မှဲ့တစ်ပေါက်မစွန်းစေပဲ လူဖြစ်အောင်စောင့်ရှောက်ကာ ကွယ်ခဲ့တာမဟုတ်လား။
ပြီးတော့ ကျုပ်အမေက အလွန်ဆုံးနေရ တလပဲလို့ ဆရာဝန်ကပြောထားတာ။
တော်ပြီဗျာ နောက်မှရေးတော့မယ်။ ကျုပ်စိတ်တွေကို နည်းနည်းလွှတ်ပေးလိုက်မယ်။
နားလည်ပေးကြပါ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

သားဆိုးသားမိုက် သမီးဆိုး သမီးမိုက် သားလိမ္မာ သမီးလိမ္မာ အဝေးရောက် အနီးနေ သားသမီးများနှင့် အမေကိုချစ်သော သားသမီးများ အားလုံးကို ရည်ရွယ်ရေးသားသည်။