ဘာများထူးခြားလာမှာလဲ
By မင်းစိုးစံ
November 15, Thursday
မှားတာကိုသိ ပြင်ဘို့သိလျှက်
မသိဆိုးရွား ငမိုက်သားတို့
လွဲမှားမာန ပြုသမျှကို
နောင်တမရ ကြပါတကား။
ခရီးကရှည် နေမင်းကပူ
ကုန်းမြင့်ထူထပ် ဖြတ်ကျော်ခဲသိပ်
အတိတ်သမိုင်း ဖြစ်စဉ်တိုင်းတွင်
သင်ခန်းစာများ မယူထားကြ။
ကိုယ့်အခြေနေ ဘယ်လိုနေလို့
မနေအပ်တာ ဘယ်အရာလဲ
ခွဲခြားဘို့ရာ မတတ်သာပဲ
ကွဲပြားဘို့သာ လုံးပမ်းလှာခဲ့။
ဥယျာဉ်ခြံကြီး သစ်သီးဝလံ
ပန်းမာလ်ပေါကြွယ် ကြိမ်နွယ်သစ်ဝါး
စမ်းရေများနှင့် ကျေးသားထွေးယှက်
လှချက်ကမ်းကုန် သင်းပျံ့ထုံ၏။
ဥယျာဉ်တခို သစ်သီးကိုစား
သစ်ဝါးကိုခုတ် ကြိမ်တွေခုတ်ကြ
ပန်းကို ခုတ်ရောင်း စမ်းချောင်းခမ်းချောက်
ပျံသန်းငှက်တို့ ပျောက်လေပြီ။
ဥယျာဉ်စိုပြေ စိမ်းလန်းနေဘို့
စမ်းရေမခန်း ကြိမ်မနွမ်းပဲ
ပန်းလည်းလန်းစေ သစ်ဝါးစိမ်းစို
ကျေးငှက်ခိုရန် မရည်သန်ခဲ့။
ယခုသော်ကား အဖြစ်များက
သစ်ချောက်ရေလောင်း ပန်းချောက်ရေစွပ်
ကြိမ်ချောက်ရေစိမ် စမ်းချောင်းရေတင်
ငှက်ဖင်လေမှုတ် ဘရုတ်သုက္ခ
အပုတ်ထုတ်ပြ အလုပ်ရှုတ်ကြပုံများ
ဘာများထူးခြားလာမှာလဲ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)