April 7, 2013 Sunday
မေးခွန်းနဲ့ ဧည့်သည်များ သို့မဟုတ်
ဧည့်သည်နဲ့ မေးခွန်းများ
By မင်းစိုးစံ
ဒီနေ့ ကျုပ်အပြင်ထွက်ပြီး လမ်းလျှောက်ကြည့်ပါတယ်။ ရာသီဥတုရဲ့ အဧဓါတ်ကသိသိသာသာကြီးလျော့
သွားတာမရှိမှန်း သတိထားလိုက်မိပါတယ်။ နှင်းခဲတွေအရည်ပျော်နေတဲ့အတွက် လူသွားလမ်းပေါ်မှာ ရေ
တင်နေပါတယ်၊ အမြင့်ပိုင်းက စီးကျလာတဲ့ ရေတွေဟာ အနိမ့်ပိုင်းမှာရှိနေတဲ့ နှင်းခဲပုံကြောင့် ရှေ့ဆက်မစီး
နိုင်တော့ပဲ လူသွားလမ်းပေါ် တင်ကျန်နေတာဖြစ်ပါတယ်။
တချို့ခဲနေတဲ့နှင်းတွေက ခပ်မွမွလေးဖြစ်နေပေမယ့် အချို့နှင်းတွေက မှန်သားပြင်လိုပြောင်လက်ချောမွတ်
နေသေးတာမို့ ရေအိုင်လေးတွေကို ကွေ့ပတ်ပြီးလျှောက်တဲ့အခါမှာ ခန္ဓာကိုယ်ယိုင်နဲ့ လဲပြိုမသွားအောင် သ
တိထားရပါတယ်။
လွန်ခဲ့တဲ့နွေရာသီတုန်းကလို သစ်ရွက်ကြွေတွေပေါ်လမ်းလျှောက်ရတာမျိုးနဲ့ မတူတာအမှန်ပဲ၊ ဒီနေရာမှာ မ
တူတာ အမှန်ပဲလို့ရေးလိုက်တာကြောင့် လမ်းလျှောက်ရင်း ကျုပ်ကိုယ်ကို ကျုပ်ပြန်မေးမိတယ်၊ တူတယ်ဆို
လျင် မှားတယ်လို့ ဆိုလိုတာလားပေါ့လေ။
ဒီလိုဆိုလျင် ဒီလမ်းလေးက သူ့နဂိုရ်အတိုင်းရှိနေတာပဲဥစ္စာ။ သစ်ရွက်တွေကြွေချိန် နှင်းတွေကြွေချိန် သူ့နေ
ရာမှာ သူအမြဲရှိနေတယ်။ မပြောင်းမလွဲရှိနေတယ်၊ အကွာအဝေး အကျယ်အ၀န်းနဂိုရ်အတိုင်းပဲ။ အတူတူပဲ၊
ကဲ ဒါဆိုလျင် ဒီလမ်းကို မှားတယ်လို့ပြောမလား။ မှားတယ်ဆိုတာ ဘာလဲ။ ဘာကိုဆိုလိုတာလဲ။
မှန်တယ်ဆိုတာက ဘာလဲ။ ဘာကိုဆိုလိုတာလဲ။
အတွေးနဲ့ ရေအိုင်လေးတွေကိုသတိထားရင်း လမ်းလျှောက်နေတုန်း ကျုပ်လျှောက်နေတဲ့လမ်းရဲ့ ဆန့်ကျင်
ဘက်အခြမ်းကနေ ကားတစ်စီးပေါ်ကနေပြီး လူတစ်ယောက်က သူလမ်းမှားနေပါတယ်တဲ့ အဲဒါ လမ်းမေး
နေတာမို့ ဒီလမ်းကနေ ဟိုလမ်းရောက်လျင်ဘယ်ဘက်ချိုးလိုက် တည့်တည့်မောင်းပြီးအဲဒီလမ်းကိုရောက်
လျင် ညာဘက်ချိုးချ လမ်းအတိုင်းဆက်မောင်းရင်း အိမ်နံပါတ်တွေကိုကြည့်ပြီးသွားလျင် တွေ့လိမ့်မယ် ဆို
ပြီးလမ်းပြပေးလိုက်ပါတယ်။
လမ်းပြတယ်ဆိုတာဘာလဲ။ ဘာကြောင့်လမ်းပြရသလဲ။ လမ်းမသိလို့ လမ်းမေးတဲ့လူတိုင်းကို လမ်းပြပေး
သင့်ပါရဲ့လား။ လမ်းမေးသူရဲ့ အကြံအစည်နဲ့ ရည်ရွယ်ချက်ကို မသိပဲပေးလိုက်တာထက် သိပြီးမှပေးတာ
ကပိုသင့်တော်တယ်လို့ ယူဆပါသလား။
ကားပေါ်က လမ်းမေးတဲ့လူရဲ့ရည်ရွယ်ချက်ကို ကျုပ်မသိဘူး၊ သူဘာသွားလုပ်မလဲ၊ အလည်သဘောလား၊
ကောင်းရောင်းကောင်းဝယ်ကိစ္စလား၊ ဒုစရိုက်လုပ်မလို့လား၊ အဲဒီအတွက် လမ်းမေးတဲ့သူကို ခင်ဗျားဘာဖြစ်
လို့ လမ်းမေးရတာလဲလို့ စပ်စုမလို့လား။
အဘိုးကြီးအာချောင်တယ်ဆိုပြီး ကလော်ဆဲသွားလျင် အချောင်သက်သက် ခံရတော့မယ်။
လမ်းပြပေးလိုက်တုန်းက ဒီကိစ္စခေါင်းထဲမရှိပါဘူး၊ လမ်းလျှောက်ရင်း အတော်ကြာမှ တွေးမိတာပါ။
နောက်တစ်ခုက လမ်းမှားတယ်ဆိုတာဘာလဲ။ လမ်းက သူ့ဘာသာသူ ရှိနေတာပဲ၊ ဘယ်သူမှားတာလဲ လူ
ကမှားတာလား။ လမ်းကမှားတာလား။ လမ်းကို ဘယ်သူဖေါက်သလဲ၊ သူ့အလိုလိုဖြစ်လာတာလား။
လူဖေါက်တဲ့လမ်း လူမသွားတတ်တာကို လမ်းမှားတယ်လို့ပြောတာ မှန်ပါရဲ့လား။
ဒါဆို မှားတယ်ဆိုတာဘာလဲ။ မှားတယ်ဆိုတာ မမှန်လို့၊ မမှန်တိုင်းမှားသလား။ မမှားတိုင်းမှန်သလား။
အတွေးတစ်ခုဝင်လာပြန်တယ်၊ လွန်ခဲ့တဲ့အပတ်က စားသောက်ဆိုင်တစ်ဆိုင်ထဲ ၀င်စားတော့ အသားတွေ
ကို အထူအပါးညီညီညာညာလေး လှလှပပလေးဖြစ်အောင်လှီးဖြတ်ထားတဲ့ ပန်းကန်တစ်ချပ်ထဲက အသား
တုံးလေးတွေနဲ့ ဟင်းရွက်ကလေးတွေ ဟိုတစ သည်တစ အကြောင်းပါ။
အဲဒီလို အသားတုံးလေးတွေ ဖြစ်လာဘို့အရေး စားသောက်ဆိုင်ရဲ့ စားဖိုဆောင်ထဲက အသားလှီးသူရဲ့လက်
မှာ ဓါးဒဏ်ရာတွေဘယ်လောက်ရခဲ့သလဲ။ သွေးတွေဘယ်လောက် ယိုစီးခဲ့ရသလဲ။ လှလှပပနဲ့စား ချင်စ
ဘွယ်ဟင်းတခွက်အတွက် ပေးဆပ်လိုက်ရတဲ့တန်ဘိုးက သိပ်မြင့်နေမလား။ အဲဒါကိုတွေးပြီး စားသောက်
လို့အပြီး စားပွဲခုံပေါ်မှာ ငွေစက္ကူတရွက်ကို အဲဒီလူအတွက် ထားရစ်ခဲ့တယ်။
ဆိုင်ပြင်ကိုရောက်တော့ ဒီငွေဟာ လက်မှာဒါဏ်ရာရသူ အတွက်မှဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားမိတယ်၊
စားပွဲထိုးတဲ့ ကလေးမလေးပဲရမှာပါ။ အသားလှီးနေတဲ့ လူကဘာသိတာမှတ်လို့။ ကျုပ်ရဲ့လုပ်ရပ်က မှန်သ
လား၊ မှားနေလား။ ဘာကြောင့်မှန်တာလဲ ဘာကြောင့်မှားတာလဲ။
စဉ်းစားကြည့်လိုက်တာ လည်ထွက်သွားတယ်။ တိကျမှန်ကန်ပြီး ရှင်းလင်းတဲ့အဖြေမရပါဘူး။
ငွေစက္ကူဆိုတာ လူကဖန်တည်းထားတဲ့သက်မဲ့ပစ္စည်းဖြစ်တဲ့အတွက် လူတိုင်းအတွက်ဖြစ်ရမယ်၊ ဒါမှသဘာ
ဝကျမယ်၊ လူကဖန်တည်းထားတဲ့အရာတွေဟာ ကောင်းကောင်းဆိုးဆိုး လူသားအားလုံးအတွက်ဖြစ်တယ်။
ဒီတော့ ဒီလူလုပ်တဲ့ငွေစက္ကူဟာ မီးဖိုဆောင်ကအသားလှီးတဲ့လူအတွက်ဖြစ်သလို စားပွဲထိုးအတွက်လည်း
ဖြစ်ရပါမယ်။ ဟိုလူမှရစေတော့ ဒီလူမှရစေတော့ ဆိုတဲ့ကျုပ်ရဲ့ဆန္ဒက အမှန်တရားမှဟုတ်ပါရဲ့လား။
ဒီကနေ့ ကမ္ဘာပေါ်မှာရုတ် ရုတ်သဲသဲတွေ မတည်ငြိမ်မှုတွေ သဘာဝဘေး လူလုပ်တဲ့ဘေး အဲဒါတွေကို နေ့
စဉ်နေ့တိုင်းလိုလို မြင်ရ ကြားရတော့ သက်သာကောင်းမွန်လာဘို့ ဘယ်သူ့မှာတာဝန်ရှိပါသလဲ ဆိုတာတွေး
မိပြန်တယ်။
အသိပညာရှင်တွေ အတတ်ပညာရှင်တွေလား။ အုပ်ချုပ်သူတွေလား။ စီးပွါးရေးသမားတွေလား။ ဘာသာ
ရေးခေါင်းဆောင်တွေလား။ ဘယ်လိုလူတန်းစားကို အဓိကတရားခံလို့ ပြောလျင်ရမလဲ။ ဘာကြောင့်ပြောရ
တာလဲ။ အဲဒီလိုပြောရုံလေးနဲ့ အမှုကိစ္စတွေအားလုံး ပြေလည်မှာလား။ ခေါင်းဆောင်နဲ့နောက်လိုက် ဆိုတဲ့
နေရာနှစ်ခုမှာ ခေါင်းဆောင်က အရင်ဦးဆုံးဖြစ်လာတာလား၊ နောက်လိုက်က ပထမဖြစ်လာတာလား။
ခေါင်းဆောင်ဆိုတာ ဘယ်လိုကြောင့်ဖြစ်လာတာလဲ။ ဘာအတွက်ဖြစ်လာတာလဲ။
အုပ်ချုပ်သူလူတန်းစားနဲ့ အအုပ်ချုပ်ခံလူတန်းစားဆိုတာ အုပ်ချုပ်သူရှိလို့ အအုပ်ချုပ်ခံသူဆိုတာရှိလာတာ
လား။ အအုပ်ချုပ်ခံလူတန်းစားမရှိလျင် အုပ်ချုပ်သူလူတန်းစားတရပ်ဆိုတာ ရှိလာနိုင်ပါသလား။ အဲဒီလိုလူ
တန်းစားနှစ်ရပ် မရှိခဲ့လျင် ဒီကနေ့လက်ရှိကမ္ဘာကြီးရဲ့ အနေအထားဘယ်လိုဖြစ်လာမလဲ။ ဘာကြောင့်လူ
တန်းစား ခွဲထားရတာလဲ၊ လူတိုင်းလူ့အခွင့်အရေးအပြည့်အ၀ရှိရမယ် တန်းတူရည်တူဖြစ်ရမယ်ဆိုတာ ဘာ
ကိုဆိုလိုတာလဲ။
သင်္ကြန်ရက်နီးလာတာနဲ့အတူ သင်္ကြန်နဲ့ဆိုင်တဲ့အကြောင်းအရာတွေ နေရာပေါင်းစုံက အကြောင်းအရာ
ပေါင်းစုံ ကြားနေရ မြင်နေရတယ်။ ဖိုနဲ့မ ကိစ္စတွေ။ သင်္ကြန်အတွင်းမှာ ဟိုဆေးလေးသုံးပါ၊ သည်ပစ္စည်း
လေးသုံးပါ။ ဟိုဆေးက သည်လိုဆေးတွေဖြစ်တဲ့အတွက် ဖျော်ရည်ထဲမှာ ထည့်သုံးလျင် ဘာအနံ့အရသာမှ မရှိတဲ့အတွက် ဘာညာတွေဖြစ်သွားတတ်တဲ့အတွက် သတိထားသင့်ကြောင်းတွေ။ စုံနေတာပါပဲ။
အဲဒီလိုရေးသားကြ သတိပေးကြသော်လည်း ပြဿနာတွေက လူသိရှင်ကြားတဖုံ လူမသိသူမသိတမျိုး လူ
မသိတသိနဲ့တနည်း ဖြစ်မြဲဖြစ်နေတာဆိုတော့ ဘာကြောင့်ဖြစ်ရတာလဲ။ သင်္ကြန်ပွဲတော်ကြောင့်လား။
လူတွေထုတ်တဲ့ဆေးဝါးကြောင့်လား။ ဒါမှမဟုတ် ပြဿနာဖြစ်နေတဲ့ ကာယကံရှင်တွေကြောင့်လား။
သင်္ကြန်ပွဲတော်ကြောင့်ဆိုလျင် တခြားပွဲတွေမှာ ဒီလိုမဖြစ်ဘူးလား။ ထုတ်လုပ်တဲ့ဆေးဝါးကြောင့်ဆိုလျင် သုံးတဲ့လူတွေမှာပဲ ပြဿနာဖြစ်တာလား။ ဆေးထုတ်လုပ်သူရဲ့ အပြစ်လား သုံးစွဲသူတွေရဲ့အမှားလား။ မသုံး
တဲ့လူတွေရော ပြဿနာမတက်ဘူးလား။ (သုံးစွဲရန် ဆိုလိုခြင်းမဟုတ်)
ပြဿနာဖြစ်တဲ့နှစ်ဘက်(ဆန့်ကျင်ဘက်လိင်)ထဲက ဘယ်သူ့အပြစ်လဲ၊ မိန်းကလေးလား။ ယောက်ျားလေး
လား။ လက်ခုပ်ကို တစ်ဘက်တည်းတီးလို့ မြည်ပါရဲ့လား။ မစွမ်းရင်းကလဲရှိ ကန်စွန်းခင်းကလည်းညိ ဆိုတာ
မျိုး မဖြစ်နိုင်ဘူးလား။ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး ဆိုတာမျိုးတွေကို မေ့ထားမလား။
အကျိုးဖြစ်ခြင်းဆိုတာ အကြောင်းအရာတွေရှိလို့ဖြစ်ပါတယ်။ အကြောင်းအရာဆိုတာ မရှိပဲနဲ့ ဆိုးကျိုးတွေ
ကောင်းကျိုးတွေဆိုတာဖြစ်လာစရာ မရှိပါဘူး။
ဆိုင်မှာ အစားအသောက်ဝယ်စားတယ်ဆိုတာ ဆိုင်ရှိလို့ပါ၊ ဆိုင်မရှိလျင် ဆိုင်မှာစားသောက်လို့မရပါဘူး။
ဆိုင်ရှိပါပြီ အစားအသောက်အတွက်ပေးခြေဘို့ အသပြာမရှိလျင်လည်း ဆိုင်မှာစားသောက်လို့မရနိုင်ပါဘူး။
ဆိုင်ရှိသလို အသပြာလည်းရှိပေမယ့် စားချင်စိတ်မရှိလျင် ဆိုင်မှာစားသောက်ဘို့ မဖြစ်နိုင်တော့ပါဘူး။
ကဲအဲဒီတော့ ဘာကအဓိကလဲ။ စိတ်ပဲ။
ပြည်ထောင်စုမြန်မာနိုင်ငံတော်(ဗမာနိုင်ငံတော်)မှာ ဖြစ်ပျက်နေတဲ့ အဓိကရုဏ်း(ဆူပူအကြမ်းဖက်မှု၊ လယ်
မြေသိမ်းယူမှု၊ ပစ်ခတ်သတ်ဖြတ်မှု၊ ခိုးမှု၊ အလွဲသုံးစားလုပ်မှု) အဲဒါတွေအားလုံး ဘယ်သူ့မှာအဓိက တာဝန်
ရှိသလဲ။ ဗမာစစ်အစိုးရလား။ မြန်မာအစိုးရလား။ နိုင်ငံရေးအဖွဲ့တွေလား။ တိုင်းရင်းသားလက်နက်ကိုင် အ
ဖွဲ့တွေလား။
ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ)တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်မယ်ဆိုတော့
တရုတ်က အမေရိကန်နဲ့ဗြိတိသျှမပါရဘူးတဲ့။ သူမပါပဲ ဆွေးနွေးမယ်ဆိုလျင်ကန့်ကွက်မယ်တဲ့။
ကဲ ဘယ်သူ့အမှားလဲ။ တရုတ်မှားသလား။ အမေရိကန်မှားသလား။ ဗြိတိသျှမှားသလား။ ဗမာမှားလား။
ကချင်မှားလား။ ဘာကြောင့်မှားတာလဲ။ ဘယ်သူ့ကြောင့်မှားတာလဲ။
တွေးရင်းနဲ့ အိမ်ကိုပြန်ရောက်လာတယ်၊ အိမ်ရှေ့တံခါးမကြီး ပိတ်နေတယ်၊ လူခေါ်ခေါင်းလောင်းကို နှိပ်
လိုက်တယ်။ ခွေးဟောင်သံကြားရတယ်။ကျုပ်မွေးထားတဲ့ခွေး ဟောင်တာပါ။ တံခါးလာဖွင့်တာက ကျုပ်ရဲ့
မွေးစားသား။
အဖေ အိမ်မှာဧည့်သည်ရောက်နေတယ်။
ဘယ်သူတုန်း။
သားလည်း မသိဘူး။
ကဲ ကိုယ်မသိတဲ့လူတစ်ယောက်ကို တံခါးဖွင့်ပေးလိုက်တာ ကျုပ်မွေးစားသားရဲ့အပြစ်လား၊ ကျုပ်ဧည့်သည်
ပါလို့ ပြောပြီးဝင်လာတဲ့လူရဲ့ အပြစ်လား၊ ကျုပ်သားကို မသိတဲ့လူကို တံခါးဖွင့်မပေးနဲ့လို့ မမှာမိတဲ့ကျုပ်အ
ပြစ်လား။ ဒါမှမဟုတ် လာတဲ့လူ(ဧည့်သည်ဆိုတဲ့လူ)ကို မမြင်ရမတွေ့ရသေးပဲနဲ့ အပြစ်တင်နေတဲ့ အပြစ်မြင်
နေတဲ့ အကောင်းမမြင်တဲ့ အစိုးရိမ်လွန်တဲ့ ကျုပ်ရဲ့စိတ်လား။
လူစိမ်းတစ်ယောက် ကိုယ့်အိမ်ထဲရောက်နေပြီးကာမှ ပူထူနေရုံနဲ့ မပြီးဘူးဆိုတာကို သင်္ခန်းစာရသွားတာအ
မှန်ပါ။ အိမ်ထဲရောက်နေတဲ့လူစိမ်းရဲ့ ပြုမူလုပ်ဆောင်မှုကြောင့် ဖြစ်တည်လာမယ့် အကျိုးဆက်အပေါ်အခြေ
ပြုလို့ ရလိုက်တဲ့သင်္ခန်းစာအတွက် ပေးဆပ်ရမှုနဲ့တန်ဘိုး ဖြတ်ကြေးဆိုလျင်ဖြင့်။
ခင်ဗျားရယ် ကျုပ်ရယ် သူရယ် အားလုံးဟာ ဧည့်သည်တွေပါဗျာ။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)