Sunday, September 9, 2012
ဆုံးမမှုနဲ့ မထိုက်တန်သူ
By လင်္ကာအရှင်(မုံရွာ)
''မနုဿေဿဝ တေ သီသံ၊ ဟတ္ထပါဒါ စ ဝါနရ။ အထ ကေန နု ဝဏ္ဏေန၊ အဂါရံ တေ န ဝိဇ္ဇတိ"
“အို အချင်းမျောက်…မင်းနှယ်ကွာ လူတွေလိုခြေတွေလက်တွေရှိပါလျှက်နဲ့ လူ့ဦးခေါင်းမျိုးကိုပိုင်ဆိုင်နေ
တာတောင် အိမ်မဲ့ယာမဲ့ဖြစ်နေရတယ်လို့ မင်းမှာဘာလို့ လူတွေလို အိမ်ခြေအတည်တကျ မရှိရတာလဲ”
ဒီစကားရပ်လေး ဖြစ်ပေါ်လာတာကတော့ မဟာကဿပမထေရ်ကြီးရဲ့ တပည့်ငယ်တစ်ပါးကြောင့်ပါ။
ဖြစ်ပုံကတော့ မထေရ်ကြီးမှာ အနီးနေတပည့်ကိုရင် နှစ်ပါးရှိတယ်။
တစ်ပါးက အရှင်မဟာကဿပကြီးရဲ့ ဝေယျာဝစ္စ တောက်တိုမယ်ရဟူသမျှကို အကုန်လုပ်ကူသလောက်
ကျန်တစ်ပါးကတော့ ချောင်ခိုနေတယ် ဘာမှမလုပ်ဘူးတဲ့ ။
ဒါပေမယ့် အရှင်မဟာကဿပကြီးရှေ့မှာတော့ မျက်နှာလိုမျက်နှာရ လုပ်ပြတာပေါ့။
တကယ်အလုပ်လုပ်သူက ချိုးရေတွေခပ် တံမြက်စည်းတွေလှည်းကျင်းသန့်ရှင်းပြီး ရေသွားချိုးပြီဆိုမှ သူက
အရှင်မဟာကဿပကြီး ကြွအလာမှာ မျက်နှာလိုမျက်နှာရ သူလုပ်သလိုလုပ်ပြလေ့ရှိတယ်။
ဒီလိုတွေလုပ်လုပ်နေတော့ တကယ်အလုပ်လုပ်ရတဲ့သူမှာ စိတ်အနှောက်ယှက်ဖြစ်သွားတာပေါ့။
ဒါနဲ့ ဒီကောင်တော့ မှတ်လောက်သားလောက်အောင် ပညာပေးလိုက်ဦးမယ်ဆိုပြီး ရေချိုးဆိပ်ကခပ်ထားတဲ့
ရေတွေကို ကျောင်းနောက်ဖေးမှာဝှက်ထားပြီး ရေပူနဲ့ရောစပ်ဖို့ တည်တဲ့ရေနွေးအိုးထဲမှာလည်း အိုးမပေါက်
ရုံ ရေဖင်ကပ်လောက်ထည့်ပြီး မီးမွှေးထားလိုက်တယ်။ လူလည်ငပျင်းကိုရင်က အိပ်ယာကထတော့ ရေနွေး
အိုးလည်းတည်ပြီးပြီ ရေလည်းခပ်ထားမှာပဲဆိုပြီး မထေရ်ကြီးကို ရေချိုးသွားပင့်ပါတယ်။
အရှင်မဟာကဿပကြီးလည်း တယ်လိမ်မ္မာတဲ့ကိုရင်ငယ်ပဲကွယ်ဟုဆိုရင်း ရေလဲသင်းပိုင်ကိုယူပြီး ရေချိုး
ဖို့လိုက်လာခဲ့ပါတယ်။
ဒါပေမယ့် ခဲလေသမျှ သဲရေကျဆိုတာလိုပါပဲ။
ရေချိုးဇလားထဲလည်း ရေတစ်ပေါက်မှမတွေ့ရဘူး။
ရေနွေးရောစပ်ဖို့ ရေနွေးသွားကြည့်ပြန်တော့လည်း ရေနွေးကဖင်ကပ်ပဲရှိတာတွေ့ရတော့ ဟန်လုပ်ပြီးလိမ်
လည်ပင့်လာတဲ့သူ အရှက်ကွဲတော့တာပေါ့။
ဒီတော့မှ တကယ်ဝေယျာဝစ္စလုပ်တဲ့ကိုရင်က ကျောင်းနောက်ဖေးမှာ ၀ှက်ထားတဲ့ရေပူရေနွေးအိုးတွေသယ်
လာပြီး အရှင်မဟာကဿပကို ရေချိုးစေပါတယ်။
မထေရ်ကြီးလည်း အခြေနေအရပ်ရပ်ကို သဘောပေါက်သွားပြီး
“သာမဏေငယ် သာသန၀န်ထမ်း ရှင်ရဟန်းဆိုတာ ကိုယ်တကယ်လုပ်တဲ့အလုပ်ကိုပဲ ပြောဆိုရသကွဲ့ ဒါမှ
မဟုတ် မုသာဝါဒဖြစ်တော့တာပဲ။ ဒီနေ့ဒီအချိန်ကစပြီး သူများပြင်သွားတာကို အငှါးမထိုင်ချင်နဲ့ အခြောက်
တိုက် အထင်ကြီးမခံချင်ပါနဲ့ ငါ့တပည့်”
လို့ ဆုံးမလိုက်တာပေါ့။
ဒါပေမယ့် ဒီဒုဗ္ဗစကိုရင်က မထေရ်ကြီးဆုံးမစကားကိုအမျက်ထွက်သွားပြီး ဆွမ်းခံအတူတူမလိုက်ပဲ နေမ
ကောင်းဟန်ပြုကာ ကျောင်းမှာနေခဲ့တယ်။
မထေရ်ကြီးလည်းဆွမ်းခံကြွသွားရော အခြားသောအရှင်မဟာကဿပကြီးရဲ့ ဆွမ်းတကာမတွေအိမ် ဆွမ်း
ခံကြွသွားပြီး မထေရ်ကြီးအတွက်လှူလိုက်တဲ့ ဆွမ်း ဆွမ်းဟင်းတွေကိုလည်း ကျောင်းယူမသွားပဲ တစ်နေ
ရာသွားပြီး စားပစ်လိုက်သတဲ့။
နောက်ရက် အရှင်မဟာကဿပကြီးဆွမ်းခံကြွတော့ ဒီလိုယုတ်မာစိတ်ထားနဲ့လျှောက်လုပ်နေမှုကို သိရပြန်
တာပေါ့။
ဒါနဲ့
"ငါ့ရှင်သာမဏေ လူတကာတွေထံကနေ ဟိုဟာတောင်းစား ဒီဟာအလှူခံစားတာ ဘုရားသားတော်တွေ အ
နေနဲ့ မအပ်ဘူးကွဲ့။
နောက်ဒါမျိုးမလုပ်ရဘူး..။"
လို့ ဆုံးမရပြန်တာပေါ့ ။
မထေရ်မြတ်ကတော့ တော်စေလို တတ်စေလိုလို့ စေတနာနဲ့ သွန်သင်ဆုံးတာဖြစ်ပေမယ့် ဒီစကားလေး
လောက်နဲ့ ရန်ငြိုးဖွဲ့ပြီး မထေရ်ကြီး ဆွမ်းခံကြွသွားစဉ်မှာ ကျောင်းသင်္ခန်းကို မီးနဲ့တိုက်ပစ်လိုက်တယ်။
သောက်ရေအိုးသုံးရေအိုးတွေကိုလည်း ရိုက်ခွဲပြီး ထွက်ပြေးသွားပါသတဲ့။
(အဲဒီဒုဗ္ဗစသာမဏေရဲ့ ဇာတ်သိမ်းကလည်း သူ့ညာဉ်စရိုက်အတိုင်းမလှပရှာပါဘူး။ အသက်ထင်ရှားရှိစဉ်မှာပင် မစားနိုင်မသောက်နိုင် လူ့ပြိတ္တာကြီးဘ၀လုံးလုံးရောက်သွားရပြီး သေဆုံးသွား
ပြန်တော့ အ၀ီစိ ရောက်သွားရရှာပါသတဲ့)
ဒီ ဒုဗ္ဗစကိုရင်ငယ်ရဲ့ မပြုသင့်တာကိုပြုခဲ့ပုံတွေ ဆုံးမမှုကိုမနာခံမှုတွေဟာ လူအပေါင်းတို့ပါးစပ်ဖျားမှာ ထင်
ရှားပြောဆို ကဲ့ရဲ့သဂြိင်္ုဟ်နေကြတော့တာပေါ့။
တစ်ဆင့်စကား တစ်ဆင့်နား ဘုရားထံပေါက်သွားတော့ ဘုရားရှင်က
ချစ်သားတို့ ငါ့တပည့်ကြီးကဿပအား ဒီလိုမသူတော်နဲ့အတူတူနေရတာနဲ့စာရင် တစ်ယောက်ထဲ နေထိုင်
သီတင်းသုံးရတာကမှ မြတ်သေးတယ်.. လို့ မိန့်တော်မူကာ
''စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။ ဧကစရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။..
“လူမိုက်မှာ တရားကျင့်ဖော်ကျင့်ဖက် သူငယ်ချင်းအပေါင်းသင်းဆိုတာမရှိဘူး။
ဒီတော့ တရားကျင့်သူဟာလည်း မိမိထက်သာလွန်သူ မိမိနှင့်တူမျှသူကို ရှာမရခဲ့ဘူးဆိုရင်တော့ လူမိုက်ကို
သွားပေါင်းမနေပဲ တစ်ယောက်တည်းကျင့်ခြင်းကိုသာလျှင် မြဲမြံစွာ ပြုကျင့်ရမယ်..”
လို့ မိန့်တော်မူပြီး
ချစ်သားတို့ ဒီလူမိုက်က ယခုမှသာ အရှင်မဟာကဿပကြီးရဲ့ကျောင်းသင်္ခန်းကို ဖျက်ဆီးပစ်တာမဟုတ်
ဘူး။ ဟိုး…ရှေးအတိတ်သံသရာတစ်ချိန်တုန်းကလည်း ဒီအတိုင်းပဲ..
လို့ မိန့်လိုက်တော့။
ယခုမျက်မှောက်အဖြစ်သနစ်ကိုတော့ တပည့်တော်များသိခွင့်ရပါပြီဘုရား။ အတိတ်ဖြစ်ပုံအလုံးစုံကိုလည်း
ထုတ်ဖော်မိန့်တော်မူပါဦးလို့ …လျှောက်ထားကြတာကြောင့် ကုဋိဒူသကဇာတ်ကို ပြန်လည်ဆောင်တော်မူ
ခဲ့ရခြင်းဖြစ်ပါတယ်။
*ဆုံးမသူအား ပြန်လည်ဒုက္ခပေးသည့် မျောက်*
ဘုရားအလောင်းတော်ဟာ ဟိမဝန္တာအရပ်မှာ စာဘူးတောင်းငှက်မျိုးဖြစ်စဉ်က မိမိအသိုက်ကို မိုးခါမှာ မိုးလုံ
အောင် အသေချာအကျန ယက်လုပ်ပြီးနေထိုင်ပါသတဲ့။
တစ်နေ့ မိုးကြီးသည်းထန်စွာအဆက်မပြတ်ရွာသွန်းနေတော့ မျောက်တစ်ကောင်လည်း သွားချင်းရိုက်
အောင် ခိုက်ခိုက်တုန်ချမ်းနေပြီး ဘုရားလောင်းအသိုက်လုပ်တဲ့အပင်အောက်လာရပ်နေပါသတဲ့။ ဒါနဲ့ဘုရားလောင်း စာဘူးတောင်းငှက်လေးက မျောက်ကို
''လူနှင့်မခြား ချေလက်အင်္ဂါအပြည့်အစုံအကုန်ပါပါလျှက် ဘာလို့များ နေထိုင်စရာအိမ် မရှိရတာလဲ အဆွေ
မျောက်ရဲ့" လို့ မေးမြန်းစကားဆိုလိုက်ရာ မျောက်က
"ငါ့မှာ လူတွေလိုမှ အသိညာဏ်မရှိတာ" (မလုပ်တတ်တာကွ) လို့ ပြန်ပြောပါသတဲ့။
ဒါနဲ့ ဘုရားလောင်း စာဘူးတောင်းငှက်လေးက
“အိုအဆွေမျောက် လျှပ်ပေါ်လောလည်ပြီး တည်ငြိမ်မှုမရှိတဲ့ အဆွေခင်ပွန်းဖျက်သူ သီလကြောင်လူယုတ်
မာအား ချမ်းသာခြင်းဆိုတာ မရှိနိုင်ပါဘူး။
ပညာဖြစ်ကြောင်း နည်းလမ်းကောင်းကိုလည်း သေချာလေ့လာစည်းပူးပြီး နေပူလေပူ မိုးဒဏ်လေဒဏ်ကို
ကြံ့ကြံ့ခံနိုင်တဲ့ အိမ်ငယ်တစ်လုံးတော့ဆောက်လုပ်မှပေါ့"
လို့ စေတနာမှန်နဲ့ မျောက် သွားအကြံညာဏ်ပေးတာပေါ့။
အံမယ် ရာရာစစ ဒီစာပေါက်စလေးကများ ။ ငါ့ဖာသာ အိမ်ဆောက်တတ်တဲ့အသိညာဏ်မရှိလို့ ဒီတိုင်းနေရ
တာကို ငါ့လာစော်ကားရဲတယ်။
ဆိုပြီး ဒေါသပေါက်ကွဲကာ ဒီငှက်တော့ သေပေတော့ဆိုပြီး ဖမ်းယူသတ်ဖြတ်ဖို့ အားကုန်ပြေးလာပါတယ်။
ဒိတင် ဘုရားလောင်းစာဘူးတောင်းငှက်လေးလည်း မိုးရွာကြီးထဲ ပျံထွက်ပြေးရတော့တာပေါ့။
မျောက်လည်း “ငှက်မမိလည်း အသိုက်ဖျက်တယ်ကွာ”ဆိုပြီး စာဘူးတောင်းသိုက်လေးကို မှုန့်မှုန့်ညက်
ညက်ဖျက်ပစ်လိုက်တော့တာပေါ့။
ဒီလိုအတိတ်ဇာတ်ကိုဟောပြရင်း
“အဲဒီတုန်းက ငါဘုရားဟာ ငှက်ငယ်လေးဖြစ်ခဲ့ပြီး ဒီဆိုဆုံးမမရ ဒုဗ္ဗစသာမဏေက မျောက်ဖြစ်နေတာပေါ့ ။
ဒီတော့ အသိညာဏ်မရှိတဲ့လူ့ဗာလကိုသွားဆုံးမမယ့်အစား တစ်ယောက်တည်းသာ အေးအေးလူလူနေတာ
ကောင်းတယ်..”
လို့ ကိုယ်တွေ့နဲ့ယှဉ်က ဟောပြတော်မူခဲ့တာဖြစ်ပါတယ်။
ဒီတော့ စာရှုသူများလည်း ဆုံးမသင့်သူများမှသာ ဆုံးမသင့်ကြတဲ့အကြောင်း ထပ်လောင်းသတိပေးလိုက်ရ
ပါတယ်။
လင်္ကာအရှင်(မုံရွာ)
Copy from
http://lankarashin-monywa.blogspot.com/2012/09/blogpost_1362.html?utm_source=BP_
recent