သမိုင်းမဲ့သော မြစ်တစင်း
June 26, 2013 Wednesday
By မင်းစိုးစံ
ငါ....... တောင်ပေါ်က လာတယ်။
ငါ့ရဲ့ လားရာတလျှောက်
သုံးမျှောင့် လေးမျှောင့်၊ ခြောက်မျှောင့် အချွန်၊
အလုံး အ၀ိုင်း၊
အပိုင်း အထစ်၊ အရစ် အပြား၊
အဖြူ အပျောက်၊ ကျောက်တုံးကြီးငယ်
အရွယ်စုံလင် အရောင်လွင်။
အ၀ိုင်း အလိပ်၊ အချွန်း အချွန်၊
ဗျက်ကျဉ်း ဗျက်ကျယ်၊ အကြမ်း အချော၊
အရှည် အတို၊ မရှည် မတို၊
စိမ်းစို ဖက် များ၊ သက်နု သက်ရင့်၊
နိမ့်မြင့် ပိန်ဆူ၊ အရိပ်ထူပြိန်း
သစ်တောစိမ်းများ။
တပင်တအုပ် ထည်တုတ်ရှည်လျား၊
မြင့်မား နိမ့်ငယ် ၀ါးပင် အုပ်ဆိုင်း။
တဆုပ်တခဲ နီတျာရဲတွတ်၊
ဖြူစွတ် ၀ါထိန် မမှိန်ရောင်ဆန်း၊
ပန်းစုံဖူးပွင့် လေအ၀င့်မှာ၊
ဘယ်ညာဝိုက်သိမ်း ယိမ်းလှိုက်ရွှင်ဖို၊
မြက်ပင်ပျိုကြား ရွေ့လျားစီးမျော၊
သည်တကြော၊
အတောမသတ် တသွင်သွင်။
ငါ......... တောင်ပေါ်က လာတယ်။
ငါ့ရဲ့ လားရာတလျှောက်
ကျောက်တုံးတွေနီစွေး၊
မြက်ခင်းလေး နီရဲ၊
ဝါးငုတ်ဆွေး နီညို၊
သစ်ပင်ပျို ညှီစို့၊
ပန်းပွင့်တို့ ပုတ်ဟောင်၊
မီးခိုးမှောင် ပြာဝဲလွင့်၊
မကြွေသင့်တဲ့ အကြွေပန်းတွေ
အဲဒီအရာတွေ ငါ သယ်လာခဲ့တယ်။
တောင်ပေါ်က လာတဲ့ ငါ၊
ခုများမှာတော့
ဖေါက်ပြန်လှတဲ့ ဥတု၊
မမှန်နိုင်တော့တဲ့ ရာသီခွင်၊
ပူလောင်လွန်းတဲ့ ပတ်ဝန်းကျင်ကြောင့်၊
ငါ သယ်လာတဲ့ သမိုင်းတွင်ရစ်မယ့်အရာ
ကမ္ဘာမကြေသေးပေမယ့်
အဲဒါတွေအားလုံးဟာ လေဟာနယ်ထဲ
သူ့ထက်ငါကဲ တ၀ဲဝဲဝေ့တက်
အငွေ့ပျံ ထွက်သွားကြပြီ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)