သူဌေးဖြစ်ချင်လျင် အလုပ်လုပ်ပါ
August 06, 2013 Tuesday
By မင်းစိုးစံ
သူဌေးဖြစ်ချင်တဲ့သူတွေ ၀ိုင်းပြီးကလော်ဆဲမယ့် ခေါင်းစည်းဆိုတာသိပါတယ်။ ဒီကနေ့ဒီအချိန်မှာ လူတွေ
အားလုံးဟာ မြင့်တက်လာနေတဲ့ လူနေမှုအဆင့်အတန်းနဲ့ အနိမ့်ကျဆုံးမဖြစ်အောင် ကြုံရာ ကျရာ အလုပ်
ကို လုပ်ချင်ချင် မလုပ်ချင်ချင် လုပ်နေကြရတဲ့ ကာလမျိုးဖြစ်တဲ့အတွက် သူဌေးဖြစ်ချင်လျင် အလုပ်လုပ်ပါ ဆိုတော့ အလုပ်တွေ ဇယ်ဆက်သလို လုပ်နေရပြီး သူဌေးမဖြစ်ရတဲ့လူတွေ ဘယ်လောက်ဒေါသဖြစ်လိုက်
ကြမလဲ။
ဒီတော့ အလုပ် ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်နဲ့ သူဌေးဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကို ကျုပ်ရဲ့ မရှိမဲ့ရှိမဲ့အသိက
လေးနဲ့တွေးပြီး မတတ်တခေါက်အရေးအသားလေးတွေနဲ့ ရေးကြည့်မိပါတယ်။
ဒီအကြောင်းအရာလေးကို ရေးဖြစ်တာကတော့ ကျုပ်ရေးတဲ့စာလုံးတွေကိုဘတ်ပြီး အကြံပေးလာတဲ့ အရင်း
နှီးဆုံး မိတ်ဆွေတွေရဲ့ တရင်းတနှီးပြောဆိုမှုကြောင့်လို့ ဆိုချင်ပါတယ်။
တစ်ယောက်သော မိတ်ဆွေက
သူဌေးဖြစ်ချင်လျင် အလုပ်လုပ်ပေါ့ကွ။
အခု ဗမာပြည်ရဲ့ နေရာဒေသအတော်များများမှာ ရေကြီးနေတယ်၊ ကုန်ပစ္စည်းတွေ ရေမြုပ်တယ်၊ လယ်တွေ
ပျက်တယ်။
အဲဒီတော့ အမေရိကန်ဒေါ်လာ တစ်သန်းလောက်ရင်းပြီး အခြေခံစားကုန် သောက်ကုန်တွေ မသုံးမဖြစ်သုံး
ရမယ့် လူသုံးကုန်ပစ္စည်းတွေ လှောင်ထား၊ ပြီးတော့ ထုတ်ရောင်းလိုက် သူဌေးမဖြစ်ပဲမနေဘူး တဲ့။
(အလကားရေးနေတာပဲလေ အမေရိကန်ဒေါ်လာ တသန်းအစား အမေရိကန်ဒေါ်လာ ကုဋေပေါင်း ကုဋေ
တစ်သန်း ဆိုပြီး ရေးလို့ရတာပဲ)
အခြားတစ်ယောက်သော မိတ်ဆွေကတော့
ဗမာပြည်ကနေ အိမ်နီးချင်းနိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့ ထွက်ပြီး အလုပ်လုပ်နေကြရတဲ့ အဆင်မပြေတဲ့
ဘ၀အကြောင်းလေးတွေကို ချရေးလိုက်ကွာ။
ပြီးတော့ မင်းရဲ့စိတ်ကူးအတိုင်း အဲဒီအကြောင်းအရာနဲ့ဆိုင်တဲ့ ဆက်နွယ်တဲ့သီချင်းလေးကို တွဲပြီးတင်ကွာ
တဲ့။
အဲဒီလို အဲဒီလိုတွေကြောင့် ဒီစာကိုရေးဖြစ်သွားရပါပြီ၊ သည်းခံပြီးတော့ မျက်လုံးအညောင်းခံပေးကြတဲ့သူ
တွေအားလုံး အလုပ်လုပ်သူတိုင်းတစ်ယောက်မကျန် ကုဋေကြွယ်သူဌေးကြီးတွေ(အမေရိကန်ဒေါ်လာ) ဖြစ်
ကြပါစေ။
မျက်လုံးအညောင်းမခံနိုင်သူတွေကျတော့ သန်းကြွယ်သူဌေး ဖြစ်ကြပါစေဗျား။ (အမေရိကန်ဒေါ်လာ)
(ဒါက အလကားပြောတာမဟုတ်ဘူးနော်၊ တကယ်ဆုတောင်းပေးတာ။)
အလုပ်ဆိုတာဘာလဲ။ ဘာကြောင့်အလုပ်လုပ်ရသလဲ။ ဘယ်လိုအလုပ်မျိုး လုပ်မှာလဲ။ သူဌေးဆိုတာ ဘာ
လဲ။ ဘာကြောင့် သူဌေးဖြစ်ချင်ရတာလဲ။ ဘယ်လိုသူဌေးမျိုး ဖြစ်ချင်တာလဲ။
အလုပ်တွေရဲ့အမျိုးအစားမှန်သမျှ ရေးချ ပြရမယ်ဆိုလျင် ရက်နဲ့ချီပြီးရေးချလျင်တောင် အကုန်ပါနိုင်မယ်မ
ထင်ဘူး။ ဒီတော့ ကျုပ်တို့ ဈေးရောင်းကြမယ် မကောင်းဘူးလား။ ဈေးရောင်းစားမယ်ဆိုတော့ အရင်းအနှီး
ကိစ္စကို ခေါင်းထဲက ခဏဖယ်ထားလိုက်မယ်၊ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့ရောင်းမယ့် ပစ္စည်းအမျိုးအ
စားကို မသိပဲနဲ့ အရင်းကိုထည့်စဉ်းစားလို့ မဖြစ်သေးဘူးလေ။ ကဲ စားကုန်သောက်ကုန်လား၊ လူသုံးကုန်
ပစ္စည်းလား၊ အဲဒီနှစ်မျိုးထဲကမှ တမျိုးစီကို စိတ်ကူးကြည့်ကြပါစို့။
စားသောက်ကုန်ပစ္စည်းဆိုပါတော့ ဘယ်လိုစားကုန်သောက်ကုန်တွေကို ရောင်းမလဲ။ ရေခဲရေရောင်းမလား။
ဘာလဲ တော်တော်နိမ့်တဲ့ အတွေးလို့ပြောမလို့လား။ ရေခဲရေ ဆိုလိုက်လို့ လမ်းဘေးလူသွားလူလာများတဲ့
ဈေးဆိုင်တွေရှိတဲ့နေရာမျိုး၊ ဘတ်စ်ကားဂိတ်လို နေရာမျိုး၊ အဲဒီလိုနေရာမျိုးမှာ ရောင်းကြည့်စမ်းပါ။
အဆင်မပြေပဲနဲ့ မနေပါဘူး။
ကဲ ဘယ်လိုရေခဲရေမျိုး ရောင်းမှာလဲ။ ရေသန့်ဗူးတွေကို ရေခဲသေတ္တာထဲသိပ်ပြီး ရောင်းမလား။ ဒါမှမဟုတ်
အောက်မှာ ရေအိုးထား။ ရေအိုးရဲ့အပေါ်မှာ ကြေးနန်းကြိုးလေးဆိုင်းပြီး ရေစစ်လေးတစ်ခုထား။ ရေခဲတုံးလေး
ရေစစ်ထဲထည့်။ ရေအိုးထဲက ရေကိုခပ်။ ရေခဲတုံးပေါ် လောင်းချ။ ရေစစ်အောက်မှာ ခွက်ကလေးနဲ့ ခံ။ အဲဒီ
လို ရေခဲရေမျိုးရောင်းမလား။ ဘယ်သင်းက ပိုရောင်းအားကောင်းလို့ ဘယ်အရာက တွက်ချေပိုကိုက်မလဲ။
ဆိုင်ထမ်းလေးနဲ့ ဆိုတော့အရင်းအနှီးလေးလည်းနည်းမယ်၊ မထင်လျင်မထင်သလို ဖမ်းဟဲ့ဆီးဟဲ့လုပ်တတ်
တဲ့ စည်ပင်သာယာတို့ ဘာညာကွိကွတို့ ရန်ကလည်း ရှောင်နိုင်မယ်။(ကျုပ်ထင်တာ)
ရေခဲသေတ္တာထဲ ရေသန့်ဗူးတွေသိပ်ပြီးရောင်းမယ်ဆိုလျင် အရင်းအနှီးကို ထည့်စဉ်းစားရတော့မယ်။
ရေသန့်ဗူးအတွက် ငွေ၊ ရေခဲသေတ္တာတစ်လုံးရဲ့ တန်ဘိုး၊ မီတာခ၊ မီးကပုံမှန်လာနေတယ်ဆိုလျင်တော့ တ
မျိုးပေါ့လေ၊ လာတလှည့်မလာတလှည့်နဲ့ဆို မီးစက်နှိုးရမယ်၊ ဆီဘိုးလာမယ်။
ဖေါက်သည်တွေက ဘယ်သူတွေလဲ။ အလကားသောက်သွားမှာလား အယောက်တိုင်းပိုက်ဆံပေးမှာလား။
ဆိုင်ငှားမယ်ဆိုလျင် ဆိုင်ခတွေဘာတွေ လာဦးမယ်။ ပြီးတော့ လာပါလိမ့်မယ် ဟိုအသင်းအတွက်ရံပုံငွေ
ဒီအသင်းအတွက်ရံပုံငွေ ဖြစ်နိုင်ပါ့မလား သူဌေး။ ဒီတော့ တခြားအရောင်း အ၀ယ်လေးနဲ့ တွဲရတော့မယ်။
တခြားလုပ်ငန်းလေး တခုခုနဲ့တွဲလုပ်ရတော့မယ်။ သမာအာဇီဝကျတဲ့ လုပ်ငန်းဖြစ်ချင်မှဖြစ်မယ်။
ဖြစ်ချင်သေးလား သူဌေး။
အလျဉ်းသင့်လို့ ကျုပ်ငယ်ငယ်တုန်းက အဖြစ်ကလေး ပြောပြမယ် ကျုပ်တို့နေတာက ဗဟန်းမြို့နယ်၊ ကန်
တော်ကြီးရှေ့က နတ်မောက်စက်မှုလက်မှုကျောင်းဆိုတဲ့နေရာ။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ နီးတယ်။
အဲဒီအချိန တုန်းက ကျုပ်တို့မိသားစု ကန်တော်ကြီးရှေ့က လမ်းဘေးမှာဈေးရောင်းကြတယ်ဗျ။ ကျုပ်တို့ရပ်
ကွက်ထဲက လူတစ်ယောက်လည်း ဈေးရောင်းတယ်။
ကျုပ်တို့က အကြော်ရောင်းတယ်၊ ဘူးသီးကြော်၊ ပုဇွန်စာရွက်ကြော်၊ ကြက်သွန်ကြော်၊ တစ်ခု ငါးပြား။
သူကတော့ အစိမ်းကြော်၊ ထမင်းကြော်၊ တစ်ပွဲကို ပြားငါးဆယ်။ မဆိုးဘူးဗျ ရောင်းလို့ အဆင်ပြေသား။
မကြာလိုက်ပါဘူး စည်ပင်သာယာတွေ ၀င်ဘမ်းလိုက်တာ အကုန်ပြောင်တာပဲ။ အရင်းပါပြုတ်ကုန်တယ်။
အဲဒီလူကြီးကတော့ ပြုတ်သွားတဲ့အရင်းကို ဖဲဝိုင်းမှာပြန်ရှာတာ ဖဲလိမ်တဲ့လူကို ဓါးနဲ့ထိုးလို့ လူသတ်မှု
နဲ့ ထောင်ကျသွားပါလေရော။
ကျန်ရစ်တဲ့သူ့သမီး ကျုပ်သူငယ်ချင်းမ, အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ပြည့်တန်ဆာဖြစ်သွားတယ်။
တရားဝင်မဟုတ်တော့ ထုံးစံအတိုင်းပေါ့ဗျာ။ ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တပင်ထဲ ဆိုသလိုပေါ့။
ဆိုလိုချင်တာက အလုပ်ကိုလုပ်နေပါလျက်နဲ့ သူဌေးမဖြစ်နိုင်တာကိုပါ၊ ဒါပေမယ့် သမ၀ါယမခေတ်ဆိုတော့
လေ ဆီစာအုပ်အပေါင်ခံတဲ့ လူတွေကျတော့အဆင်ပြေသလားမမေးနဲ့ စည်ပင်သာယာဘမ်းမှာလည်း မ
ကြောက်ရဘူး။
တစ်လတစ်ခါ ဆပ်ပြာ၊ နို့ဆီ၊ သကြား၊ ဓါတ်ဘူး၊ ဆီ၊ ဆန်၊ လုံကွင်း စတဲ့ပစ္စည်းတွေကို ထုတ်ပြီးဆိုင်မှာပြန်
သွင်း။ အပေါင်ထားတဲ့ မိသားစုကတော့ လတိုင်းလိုလို လုံးလည်ခြာလည်ကို လိုက်နေတော့တာပဲ။
ကျုပ်သူငယ်ချင်းတစ်ယောက်ရဲ့ အဖေဆိုလျင် သူမူလတန်းကျောင်း စတက်ကတည်းက သူ့အဖေအပေါင်
ထားလိုက်တဲ့ ဆီစာအုပ်၊ သူတပ်ထဲဝင်ပြီး ၅နှစ်လောက်ကြာမှ ပြန်ရွေးနိုင်တယ်။ ကဲ ဒီလိုနည်းမျိုးနဲ့ သူဌေး
လုပ်ချင်လား။
အဲဒီတော့ ဘာကြောင့်သူဌေးဖြစ်ချင်ရသလဲ၊ ဘယ်လိုသူဌေးမျိုး ဖြစ်ချင်တာလဲဆိုတာကို စဉ်းစားမိလောက်
ပြီလို့ထင်ပါတယ်။ တရုတ်လူမျိုးကျတော့ ရှင်းတယ်။ သူဌေးဖြစ်ချင်လျင် ပိုက်ဆံရတဲ့အလုပ်မှန်သမျှ အကုန်
လုပ်ပစ်။ ကောင်းတာ မကောင်းတာ ဘာကိုမှထည့်မစဉ်းစားနဲ့။ ဒါဆိုလျင် သူဌေးဖြစ်ပြီ။
ကျုပ်တို့အဖေတွေ အမေတွေ ခေတ်တုန်းက ရန်ကုန်မြို့ကြီးပေါ်ကိုတက်ပြီး သူများအိမ်ဖေါ်လုပ်ကြတယ်။
သူဌေးဖြစ်ချင်လို့လား မေးလျင် မဟုတ်ဘူး။ ခေတ်ကမကောင်းတော့ ဧဧလူလူ လုပ်ကိုင်စားသောက်လို့မရ
လို့ မြို့ ပေါ်တက်ပြီး အလုပ်လုပ်ကြတယ်။ တစ်လကို ၁၅ကျပ်မျိုး။ ၂၅ကျပ်မျိုး။
ဒီကနေ့လူငယ်လေးတွေ အိမ်နီးချင်းနိုင်ငံတွေသွားပြီး အလုပ်လုပ်ကြတာကို တချို့က သူဌေးဖြစ်ချင်လို့လို့
ထင်ကောင်းထင်နိုင်စရာရှိပါတယ်။ ဒါပေမယ့် သူတို့ခေတ်ကိုကြည့်လိုက်တော့ ကျုပ်တို့တတွေရဲ့ခေတ်
ထက် ပိုဆိုးနေတာတွေ့ရလို့ကိုယ်ချင်း စာမိတာအမှန်ပါ။
ကျုပ်တို့အဖေအမေခေတ်က မကောင်းလို့၊ ကျုပ်တို့တတွေရဲ့ခေတ် ကောင်းသလားဆိုပြန်တော့ မကောင်းပါ
ဘူး။ ဒါဆိုကျုပ်တို့သားသမီးတွေရဲ့ ခေတ်အခြေအနေမှာကျပြန်တော့ရော ပိုလို့တောင်ဆိုးလာတယ်၊ မကုပဲ
ထားထားတဲ့ ရောဂါဆိုးကြီးလိုပေါ့၊ ဘယ်လိုဆေးမျိုးနဲ့မှ မတိုးတော့တဲ့ ရောဂါဆိုးပေါ့ဗျာ။
အစိုးရမကောင်းတာလား။ ကျုပ်တို့ညံ့တာလား။ နှစ်ခုထဲက တစ်ခုခု ဒါမဟုတ် နှစ်ခုစလုံးဖြစ်နိုင်တယ်။
နှစ်ခုစလုံးထဲက တခုမှမဖြစ်နိုင်ဘူးဆိုတာတော့ မမှန်ဘူး။ ဒီလို ခေတ်ပျက်ခေတ်ဆိုးကြီးထဲမှာ သူဌေးဖြစ်
နေတဲ့လူတွေ ရှိနေတာပဲမဟုတ်လား လို့မေးစရာရှိပါတယ်။ ဟုတ်ပါတယ်၊ ဂျပန်ခေတ်မှာ လူအများစုဟာ
ဆင်းရဲဒုက္ခရောက်နေကြပေမယ့် လူအနည်းစုက ဌေးချင်တိုင်းဌေးနေကြတာမျိုးလို ဌေးနေကြတာပါ။
ခေတ်ပျက်သူဌေး ဆိုတာမျိုးလို့ ပြောချင်ပါတယ်။ နည်းနည်းရိုင်းသွားလားမသိဘူး။ ဘာတဲ့ ခရိုနီဆိုလား
ဘာလား အဲဒါမျိုးကိုဆိုလိုတာ။
ဘယ်လိုသူဌေးမျိုး ဖြစ်ချင်သလဲဆိုတာကိုတော့ ကိုယ့်ဘာသာရွေးကြပေါ့ဗျာ။ ဆင် သူဌေးလား။ လယ် သူ
ဌေးလား။ ရွှေ သူဌေးလား။ စိန် သူဌေးလား။ ပိုက်ဆံ သူဌေးလား။ အဲဒီထဲကမှ သူများလယ်တွေကို မတရား
သိမ်းပြီး သူဌေးဖြစ်ချင်တာလား။ သူများသားပျို သမီးပျိုတွေကို ရောင်းစားပြီးသူဌေးလုပ်ချင်သလားပေါ့။
အလုပ်လုပ်ပြီး သူဌေးမဖြစ်ကြရတဲ့သူတွေထဲမှာ အရောင်းစားခံရတဲ့ လူတွေရှိနိုင်သလို ဗမာ့တပ်မတော်က
ချောဆွဲလို့ အလကားမတ်တင်း အလုပ်လုပ်ပေးရတဲ့လူတွေအပြင် ပြည့်တန်ဆာလုပ်စားလို့ ရဲတွေရဲ့ထောင်
ချောက်ဆင်ဘမ်းတာကို ခံရပြီး ဟိုဟာပေးရတာမျိုးကလည်း အလုပ်လုပ်တိုင်း သူဌေးမဖြစ်နိုင်တာတွေဆို
တဲ့အထဲမှာ ပါတယ်လို့ပြော ရမယ်ထင်တာပဲ။
နောက်ဆုံးတော့ဗျာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဥပဒေစိုးမိုးမှုမရှိသမျှ ကာလပတ်လုံး ဘယ်အလုပ်ကို ဘယ်
လိုပဲ လုပ်လုပ် သာမာန်လူထုတစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သမာအာဇီဝနည်းနဲ့ ဓန
ဥစ္စာကြွယ်ဝချမ်းသာတဲ့ သူဌေးတစ်ပါးဖြစ်ဘို့ဆိုတာ တကယ့်ကို မလွယ်ရေးချ မလွယ်တဲ့ကိစ္စ ဆိုတာကို
တော့ လက်ခံနိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။
သူဌေးဖြစ်ဘို့ တဘက်တလမ်းက ကြိုးစားကြဘို့လိုသလို စစ်အစိုးရပြုတ်ကျ ပျက်သုဉ်းဘို့လည်း ခေါင်းထဲ
ထည့် ထားစေချင်တာတော့အမှန်ပဲ။ အထူးသဖြင့် ကရင်တွေကိုပြောချင်တာပါ။ ကိုယ်က အခွင့်အရေးရလို့
လုပ်ပိုင်ခွင့်တွေရှိလို့ သန်းကြွယ်သူဌေးဖြစ်သွားပြီဆိုလျင်လည်း စားရမဲ့သောက်ရမဲ့ အသက်အန္တရာယ်ကြား
မှာ ပြေးလွှားပုန်းရှောင်နေကြရတဲ့ ကရင်တွေရဲ့ဘ၀တွေကို ငဲ့စောင်းကြည့်ပြီး သူတို့တတွေရဲ့ဘ၀ကို ပြန်ပြီး
ပြုစုပျိုးထောင်ပေးဘို့၊ သူတို့ခြေထောက်ပေါ်မှာ အကြောက်တရားကင်းရှင်းစွာနဲ့ ရဲရဲဝံ့ဝံ့ရပ်တည်နိုင်အောင်
နည်းလမ်းရှာ ကြိုးစားပေးကြပါဦး။
အားလုံးကိုကျေးဇူးတင်ပါတယ်။
မျက်လုံးတွေ အညောင်းပြေသွားအောင် အောက်က ရုပ်သံလေးကို အစအဆုံး မျက်စိအစာ ကျွေးလိုက်ကြ
ပါစို့လား။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)