ကိုယ့်ဝမ်းနာ ကိုယ်သာသိ
November 12, 2013
Tuesday
By မင်းစိုးစံ
ကျုပ်နာမည်ကို မင်းယက္ခလို့ လူသိများတယ်ဗျ။ ဘီလူးမင်းပေါ့နော်။ ဘီလူးဆိုတာက လူသားစားတယ်လို့ပြောကြ
တယ်။ ကျုပ်ကတော့ လူသားမစားပါဘူး။ အသားတော့ စားသလားမမေးနဲ့။ သားစားကျူးတဲ့ ဘီလူးလို့ပြောမလား။
ကြိုက်သလိုပြောကြပါစေ။ အပျော်အပါးလည်း အင်မတန် ၀ါသနာထုံသပေါ့ဗျာ။ သေရည်သေရက် မူးယဇ်ဆေး အ
ကုန်ကို ကြိုက်တာ။ လောင်းကစားဆိုလည်း မပြတ်ဘူး။ ဇနီးမယားရယ်လို့ သတ်သတ်မှတ်မှတ်ပေါင်းဘို့ တခါမျှ
တွေးခဲ့ဘူးတာမဟုတ်ဘူး။
အခုတော့ ဇနီးမယားနဲ့ ဖြစ်နေပြီလေ။ ဆိုတော့ဗျာ။ ကျုပ်ရဲ့ အချိုးတွေကိုပြင်ရတာပေါ့။ အသားလျှော့စားတာမျိုး ရှိလာသလို၊ သေရည်သေရက်လည်း ရှောင်တယ်ဗျာ။ အပျော်အပါးဆို ဝေလာဝေး။ အလောင်းအစား အလုပ်မျိုး
ဆို လုံးဝတောင် မလုပ်တော့ဘူး။
လည်ပင်းမှာလည်း စိပ်ပုတီးနဲ့။ ဘုရားဆိုလည်း တနေ့ကို အနည်းဆုံး သုံးကြိမ်လောက် ရှိခိုးတာ။
ကျုပ်ဇနီးသည်ကိုလည်း အလိုလိုက်တဲ့နေရာမှာ တခြားအမျိုးသားတွေထက် ပိုတယ်လို့တောင် ကျုပ်အကြောင်းသိ
ကြသူတွေက ပြောကြတယ်။ စိတ်ကြမ်း လူကြမ်း နှုတ်ကြမ်းသမားကြီးပြောင်းလဲသွားတာကို အံ့သြနေကြတာပေါ့။
အလျင်တုန်းကဆို ခါးကြားမှာ ပုဇွန်ထုပ် အနည်းဆုံး ၂ကောင်လောက် ထိုးထည့်ထားတာ။ တခါတလေဆို နာနတ်
သီးပါ ဆောင်ထားတာ။ ပုဇွန်ထုပ်ဆိုတာက ပြောင်းတိုသေနတ်ကိုခေါ်တာ။ နာနတ်သီးဆိုတာက လက်ပစ်ဗုံး။
ဘယ်ကရသလဲလို့တော့ မမေးနဲ့။ ငွေရှိလျင် ဖြစ်ချင်တာဖြစ်လို့ရပြီး၊ လက်နက်ရှိလျင် အာဏာရှိတဲ့ ခေတ်မှာ အဲဒါ
တွေက အဆန်းမှမဟုတ်ပဲ။
အခုတော့ လည်ပင်းမှာပုတီးနဲ့ဆိုတော့ မအံ့သြပဲ နေမလားဗျာ။ ကျုပ်စိပ်တဲ့ ပုတီးက ပိတောက်သားနဲ့ လုပ်ထားတဲ့
၁၀၈လုံးပါတဲ့ ပုတီး။ ကျုပ်စိပ်တဲ့ ဂါထာက ဘုရားဂုဏ်တော်။ အဓိပ္ပါယ်တော့မသိဘူး။ အလွတ်ရနေအောင် ကျက်
မှတ်ထားတာ။
ဣတိပိသော ဘဂ၀ါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောက၀ိဒူ
အနုတ္တရော ပုရိသ ဓမ္မသာရထိ
သတ္ထာဒေ၀ မနုဿာနံ ဗုဒ္ဓေါ ဘဂ၀ါတိ။
အဲဒီ ဂါထာပေါ့။ တနေ့ကို မနက်အိပ်ယာကနိုးတော့ တကြိမ်၊ ညဘက် အိပ်ယာဝင်တော့ တကြိမ်။ တနေ့ နှစ်ကြိမ်
ပေါ့နော်။ တကြိမ်မှာ ကိုးပတ်စိပ်တယ်။
ကျုပ်က သောကြ်ာသားလေ။ ပိတောက်သားဆိုတော့ ပိ ဆိုတဲ့နာမ်က ပဖဗဘမ ဆိုတော့ ကြာသာပတေး။
တောက် ဆိုတဲ့နာမ်က တထဒဓန ဆိုတော့ စနေ။ ပုတီး ဆိုတာကလည်း ကြာသာပတေးနာမ်နဲ့ စနေနာမ်။
အဲဒီတော့ဗျာ။ ကျုပ်အပေါ်ကျလာမယ့် ဘေးအန္တရာယ်တွေဟာ လွဲတယ်။ ပယ်တယ်ပေါ့။ မယုံချင်ပေမယ့် ယုံလိုက်
ရတယ်။ အကုသိုလ်လုပ်ခဲ့တာတွေက များနေတာကိုး။ ကိုယ့်အလှည့်ကျတော့ လန့်နေတာပေါ့ဗျာ။
အန္တရာယ်တွေ လွဲတယ်ပယ်တယ်ဆိုတာကတော့ ခရီးတခုသွားတယ်ဆိုပါစို့။ ကိုယ့်ရှေ့မှာ ဖြစ်သွားတာမျိုး။ ဥပမာ
မူးယဇ်ဆေးသယ်လာတာချင်းအတူတူ ရှေ့ကလူ အဘမ်းခံရတယ်။ ကိုယ်က ရှောင်တိမ်းနိုင်တယ်။ ကိုယ်က လွန်
သွားတယ်၊ ကိုယ့်နောက်ကလူ ဂိတ်တားပြီး အဘမ်းခံရတာမျိုး။ အဲဒါမျိုးလေး။
(ယုံသလား။ ခင်ဗျားအဘမ်းခံရလျင် ကျုပ်မပါဘူးနော်။)
အိမ်မှာဆိုလျင် ပိတောက်သားနဲ့ ပိတုန်းရုပ်ကိုထုပြီး အသေအခြာထားထားတာ။ အားလုံး ၃ကောင်။ အိမ်ရှေ့ ဧည့်
ခန်းက ဘီရိုပေါ်မှာ တကောင်။ ဘုရားဆောင်ရှေ့က ခုံလေးပေါ်မှာ တကောင်နဲ့ အိပ်ခန်းမှာရှိတဲ့ မှန်တင်ခုံပေါ်မှာ
တကောင် အဲဒီလိုကို ထားထားတာ။
လုပ်တုန်းကတော့ လုပ်ရဲလျင် ခံရဲတယ်ကွ ဆိုပြီး၊ ပက်ပက်စက်စက်မိုက်ကန်းခဲ့ပြီးမှ အခုကျတော့ တမျိုးဖြစ်သွားရ
တယ်။ ဇနီးမယားရှိမှ ကြောက်လာတယ်လို့ ပြောရမှာပေါ့လေ။
ကျုပ်ရဲ့ ဆရာသမားက အင်္ဂါသား။ သူကျတော့ ခရေစေ့ကိုအမြဲတမ်းဆောင်ထားတယ်။ ခ ဆိုတဲ့နာမ်က ကခဂဃင
ဆိုတော့ တနင်္လာဗျာ။ ရေ ဆိုတာက ယရလ၀ ဆိုတော့ ဗုဒ္ဓဟူး။ ခရေသားနဲ့ ခရုရုပ်ကို ထုပြီး စောစောကပြောတဲ့
အတိုင်း ထားတယ်။ သူ့နည်းကို ကျုပ်က ယူထားတာ။ ကျုပ်ဆရာသမားကတော့ လူကြီးရောဂါနဲ့ မရဏ နိုင်ငံကို
မြန်းသွားတာ ကြာလှပေါ့။
ကျုပ်အကြောင်းကို မသိသူတွေကတော့ ကျုပ်ကို သူတော်ကောင်းလေး၊ သူတော်ကောင်းကြီး၊ ဆိုပြီး ပေါ်တင်ခေါ်
ကြသလို မကြားတကြားတမျိုး မမြင်ကွယ်ရာမှာတမျိုး ခေါ်နေကြတာမျိုးရှိကြလေရဲ့။ အကြောင်းသိတဲ့လူတွေကျ
တော့ ခွေးမြီးကောက် ဘယ်နေ့ပြန်ကောက်မလဲ မသိဘူးဆိုပြီး မေးငေါ့နေတာမျိုးလည်း မမြင်ချင်ယောင် ဆောင်ရ
ပေါင်းလည်းမနည်းဘူး။
ကျုပ်ဘာကြောင့် ပုတီးစိပ်တယ်။ အသားလျှော့စားတယ်။ တနေ့တနေ့ ဘုရားကို အကြိမ်ကြိမ်ရှစ်ခိုးတယ်။ အရက်
သေစာ ရှောင်တယ်။ လောင်းကစားကို လက်ဆေးလိုက်တယ်။ အပျော်အပါး လုံးဝ မလုပ်တော့ဘူး။ ဆိုတာကို ဘယ်သူတွေက ကျုပ်ထက်ပိုသိမှာတဲ့လဲ။
အသက်က ကြီးလာပြီဆိုတော့ သွားတွေမကောင်းတော့လို့ အသားလျှော့စားတာပါကွာ။
အရက်တွေ သောက်လာတာ ကြာခဲ့လေတော့ အသည်းဆန်ကာပေါက် ဖြစ်ကုန်လို့ မသောက်တာပါ။
လောင်းကစားရှောင်တာကလည်း ဒီကောင်က ခြူးတပြားမျှရှိတာမှ မဟုတ်ပဲ။
မိန်းမလိုက်စားဘို့ကျ ပြန်တော့ ဒီကောင် ကမြင်းကြောထခဲ့တဲ့ ဒါဏ် ခံနေရလို့နေမှာပါ။
ဒီကောင်က မကောင်းတာတွေလုပ်ခဲ့တဲ့လူဆိုတော့ သူ့အကြောင်းမသိတဲ့လူတွေကို ကောက်ကျစ်ဘို့ဟန်ဆောင်
နေတာပါကွာ။ အလကား။ ပါးစပ်က ဘုရားဘုရား။ လက်က ကားယားကားယားနဲ့ လူ။ ပုတီးတလုံး ဂျောက်ကနဲ အပျိုမြင်လျင် ငေါက်ကနဲ ဆိုတာ ဒီလိုကောင်စားကွ။
ပြောလိုက်ကြတာများ စုံနေတာပါပဲ။ ကိုယ့်စိတ်နဲ့ နှိုင်း မရိုင်းဘူး ဆိုတဲ့အတိုင်း ပစ္စလက္ခတ် စွပ်ပြောနေကြတယ်။
သူတို့ထင်တာတွေမဟုတ်ပါဘူး။ တစ်ရက်မှာ ဘယ်နှစ်နာရီရှိသလဲ။ အားလုံးအသိပါ။ မနက် ၇း၃၀နာရီမှာ အလုပ်
ဝင်တယ်။ ၁၀း၃၀နာရီ ထိုးတော့ ၁၅မိနစ်နားတယ်။ ၁၂း၀၀ နာရီမှာ မိနစ်၃၀နားတယ်။ မွန်းလွဲပိုင်း ၂း၀၀နာရီ မှာ
၁၅မိနစ် နားတယ်။ ညနေ ၄း၃၀ မှာ အလုပ်ကနေ ပြန်ထွက်လာတယ်။
တနေ့ကို အလုပ်ခွင်မှာ ၉နာရီကြာတယ်။ ၁၅ နာရီကျန်မယ်။ ၈နာရီက အိပ်ချိန်။ ကျန်တဲ့ ၇နာရီမှာ ကျုပ်တို့ဘာ
လုပ်နေကြသလဲ။ သွားတိုက်။ မျက်နှာသစ်။ အခင်းကြီးသွား။ ရေမိုးသန့်စင်။ အ၀တ်အစားလဲ။ မနက်စာစား။
ကဲ ဘယ်နှစ်နာရီ ကုန်သွားပြီလဲ။ တနေ့ကို အနည်းဆုံး ၂ကြိမ်ဆိုလျင် ၇နာရီမှာ ဘယ်လောက်ကျန်မလဲ။
သားတွေ သမီးတွေအတွက် အချိန်ပေးရဦးမယ်။ ပြီးတော့ ကျန်းမာရေးလေ့ကျင့်ခန်း။ လူမှုရေးကိစ္စ။
တစ်ရက်တစ်ရက်မှာ ကျုပ်တို့အတွက် (ကိုယ်ပိုင်အချိန်) ဘယ်လောက်ရှိမယ်များထင်တုန်း။
အဲဒါက ကျန်းမာရေးကောင်းပြီး သန်စွမ်းနေတုန်း အချိန်မို့။
ဘုရားအတွက် (ဘာသာတရားကို ယုံကြည်ကြသူများကိုသာ ဆိုလိုသည်) အချိန်ဘယ်လောက် ပေးနိုင်မယ် ထင်
သလဲ။ တချို့ကပြောတယ်၊ အလုပ်နားရက် ၂ရက်ဖြစ်တဲ့ စနေနေ့ နဲ့ တနင်္ဂနွေနေ့တွေမှာ ဘုရားအတွက် အချိန်ပေး
လိုက်ပေါ့တဲ့။
ခင်ဗျား ဘယ်နေ့ သေမလဲ။ သိလား။ အလုပ်နားရက် မရောက်ခင် သေပါပြီတဲ့ ဘယ်လိုလုပ်မလဲ။ အားလုံးသိကြ
တဲ့အတိုင်း အလုပ်ဝင်လိုက်ကတည်းကိုက အချိန်ပိုရှိလျင် ဆင်းပါ့မယ်ဆိုတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုး
ကြရတာ။ ပြီးတော့ နှစ်ဆပေးတာဆိုတော့ ကဲ အလုပ်မဆင်းပဲနေလို့မရသလို အလုပ်ဆင်းခြင်းအားဖြင့် ရလာမယ့်
ငွေကြေး။ ဒီတော့ ဘုရားအတွက် သီးသန့်အချိန်သတ်မှတ်ခြင်းဟာ သိပ်မသေခြာတော့ပါဘူး။
ဒီတော့ မင်းယက္ခဆိုတဲ့လူ အများကြီးစဉ်းစားရပါတယ်။ အရက်သေစာ ရှောင်တာက မူးလာလျင် ဖြစ်တတ်တဲ့ ဆိုး
ကျိုးတွေကို ကိုယ်တိုင်သိလို့ပါ။ အသားလျှော့စားတယ်ဆိုတာကလည်း သွားမကောင်းလို့မဟုတ်ပါဘူး။ ၀မ်းချုပ်မှာ
ကို မလိုချင်လို့ပါ။ လောင်းကစားကြောင့် ဖြစ်ရတဲ့ ဆိုးကျိုးဆိုတာကို အူမ ချေးခါးအထိ သိခဲ့ပြီးပါပြီ။ အပျော်အပါး မလိုက်စားတာက ကိုယ့်ဇနီးအပေါ်မှာ သစ္စာရှိတာ မရှိတာထက်၊ သစ္စာဖေါက်တာ မဖေါက်တာထက်၊ နောက်ဆုံး
ပေါ် ရောဂါကိုကြောက်တာ မကြောက်တာထက်၊ ပျော်ပါးရတာကို ၀အီနေလို့ဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံးပါ။
ဘုရားဟော ရှိတယ်ဗျာ။ စကားကြီး စကားကျယ်ပြောတာတော့မဟုတ်ပါဘူး။
ခူနာပေါက်နေတဲ့လူဟာ အရည်တရွှဲရွှဲဖြစ်နေတဲ့ ခူနာကို မီးမြိုက်ပြီးနေရမှ သာယာလိုက်တာလို့မှတ်ပြီး အနာကို
မီးကင်နေပေမယ့်၊ ခူနာပျောက်သွားတဲ့အခါမှာ မီးကင်တဲ့အလုပ်ဟာ သူ့အတွက် အင်မတန်ခါးသီးတဲ့ အလုပ်တခု
လို့ သိသွားသလို သိတဲ့အသိမျိုးလို့ ပြောချင်ပါတယ်။
ဒီတော့ ကျုပ်ပုတီးစိပ်ပြီး သတ္တ၀ါတွေကို မေတ္တာပို့တယ်ဆိုတာ သေခါနီးအချိန်မှာ ဧဧဆေးဆေး မထိတ်မလန့်ပဲနဲ့
နောက်ဆုံးခရီးကို သွားချင်လို့ပါ။ အခုအချိန်မှာ ကျုပ်ဘယ်လိုပဲ ပုတီးစိပ်စိပ် ဘယ်လောက်ပဲ မေတ္တာပို့ပို့ ကျုပ်လုပ်
ခဲ့တဲ့ အကုသိုလ်တွေရဲ့ အရိပ်တွေဟာ ဘုရားရှစ်ခိုးနေတဲ့အချိန်၊ ပုတီးစိပ်နေတဲ့အချိန်၊ မေတ္တာပို့နေတဲ့အချိန် မျိုး
တွေမှာ ပေါ်ပေါ်လာလို့ အနှောင့်အယှက်တွေ ဖြစ်ခဲ့ရဘူးပေါင်းလည်း မနည်းတော့ပါဘူး။
ကျုပ် မင်းယက္ခပါ၊ အသားကုန်မိုက်တယ်။ အသားကုန်ဆိုးတယ်။ အသားကုန်ယုတ်မာတယ်။ အသားကုန်ကောက်
ကျစ်တယ်။ နောင်တရလို့ ပြင်တယ်။ ကိုယ့်အသိတရားနဲ့ ကိုယ်၊ ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ်။
တချိန်တုန်းက ပြုခဲ့တဲ့အကုသိုလ်ကံတွေ ပျောက်တာ မပျောက်တာထက် လျှော့မှာ မလျှော့မှာထက် တချိန်တုန်း
က အပြစ်တွေကို မေ့ပျောက်နိုင်တာ မမေ့နိုင်တာထက် ကျုပ် အခုလိုနေနေရတာ အရမ်းအေးချမ်းတယ်။ ဘယ်လိုအေးချမ်းသလဲဆိုတာ ပြောမပြတတ်ပါဘူးဗျာ။
မိတ်ဆွေအနေနဲ့ ဒီအကြောင်းအရာကို ဘတ်ပြီး ကြိုက်သလိုသာ ဆုံးဖြတ်ပါ။ ဒါပေမယ့် ကိုယ့်ဝမ်းနာ ကိုယ်သာသိ
ဆိုတဲ့ အသိတရားလေးကိုတော့ လက်ကိုင်ထားကြဘို့ တိုက်တွန်းလိုပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)