ပုံပြင်လေးကတော့ ဒါပါပဲကွယ်
By မင်းစိုးစံ
January 27 Sunday
ကျောက်ခဲနဲ့သဲ
နိုင်းချင်းထ,နေတဲ့ မြေတလင်းပေါ်
ထမင်းကြမ်းခဲကိုချပြရင်း
ဝါးရင်းတုတ်ကိုကျစ်ကျစ်ဆုပ်
အရေခွံမစုတ်ပဲ မီးဖုတ်ဘို့ပြင်သမျှ
သေပန်းပွင့်ချင်တဲ့ ဂုတ်ကြားများ
ဟပ် ၀ါး လွေး ဘို့ အတွေးနယ်ချဲ့
အပြေးအလွှားတ၀က်နဲ့ ဗျာများနေတဲ့ကာလ။
ငါးစာကိုမြင်သလို
ငါးမျှားချိတ်ကို မြင်နေလျှက်
ရာဇ၀င်မှာ
ခွေးဖင်ကပ်နေတဲ့ ထမင်းစေ့လေးတစ်စေ့ကိုသာ
မဟာအာဟာရ,လို့ယူဆ,နေခဲ့သူတွေလို
အလံဖြူတွေ ဝေနေအောင်ထောင်
ကမ္ဘာမီးမလောင်ပေမယ့် သားသမီးအရင်းကိုနင်းခြေ
ရေတိမ်ငါးမင်းတွေရဲ့ အောင်မြေနင်းချိန်။
နူရာ ၀ဲစွဲ
လဲရာ သူခိုးထောင်း
ဘ၀က,ဟောင်းလောင်း
ဒုက္ခက,အထောင်အသောင်း
ဆာလောင်မှုအပေါင်းက,များမြှောင်
တောင်ကြားတောချို မြောင်လျှိုတလွှား
နေ့လား ညလား
သေရွာလားရ,မှာစောင့်စားရင်း
အသက်တောင် မျှင်းမျှင်းလေးမရှူရဲ
ပါရမီဖြည့်ပွဲလေးများက တရားကျစရာ။
သြော်..........
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
မှတ်ချက်
ကဗျာဟောင်းလေးကို Facebook ထဲကတွေ့လို့ ပြန်တင်ပေးလိုက်တာဖြစ်ပါတယ်။