• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, February 2, 2014

ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆောင်းပါးပေါင်းချုပ် စာအုပ်နိဒါန်း

February 02, 2014
Sunday

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆောင်းပါးပေါင်းချုပ် 

စာအုပ်နိဒါန်း

(ဤနိဒါန်းမှာ စာရေးသူ ရေးသားပြုစု၍ ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် ယနေ့စတင်ဖြန့်ချီ ရောင်းချလျှက်ရှိသော ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဆောင်းပါးပေါင်းချုပ်စာအုပ်မှ ဖြစ်ပါသည်။)

နိဒါန်း ယခုအချိန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာများနှင့် စပ်လျှဉ်း၍ မြန်မာနိုင်ငံ နိုင်ငံရေးအင်အားစုများ အ
တွင်း စိတ်အ၀င်စားဆုံး ကာလဟု ပြောနိုင်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဘို့လိုသည် ဟူသောအချက်ကို ၄င်းတို့အားလုံးကပင် လက်ခံလာကြရ
သည်။ ယင်း ဥပဒေအတိုင်း ဆက်သွားလျှင် တိုင်းပြည်ချောက်ထဲကျနေသော အခြေအနေမှ ရုန်းထွက်နိုင်မည် မ
ဟုတ်၊ အခြေခံလူထုများ ဆင်းရဲတွင်းနက်သည်ထက်နက်နေသည့်ဘ၀မှ ကယ်တင်နိုင်မည်မဟုတ်၊ ပြည်တွင်းငြိမ်း
ချမ်းရေး တည်ဆောက်နိုင်မည် မဟုတ် ဟူသည်ကို သုံးနှစ်နီးပါးမျှ လက်တွေ့ ကျင့်သုံးလာခဲ့ပြီးနောက် ပိုမို၍ သိ
လာကြသောကြောင့်ပင်။

သို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မည်ဟု ကြွေးကြော်နေကြသော်လည်းဖွဲ့စည်းပုံ၏ အခြေ ခံကျောရိုးဆိုင်ရာပြ
ဌာန်းချက်များ[1] အား မည်သို့မည်ပုံပြင်သွားမည်၊ ပုဒ်မ ၄၃၆ပါ ပြဌာန်းချက်အရပင် အချို့မျှကို ၂၀၁၅ရွေးကောက်
ပွဲမတိုင်မီ ပြင်သွားနိုင်သည် ဟူသည်ကို မည်သည့် အင်အားစုကမျှ တိတိကျကျ မပြောနိုင်။

ပြင်ကို ပြင်မှဖြစ်မည်ကို တဘက်မှနေ၍ မလွှဲမရှောင်သာ လက်ခံကြရသည်။ အခြားတဘက် တွင်မူ ပြင်ဆင်ရန်ပြ
ဌာန်းထားသော ပုဒ်မ ၄၃၆အရ ချုပ်မိပြီးနေသောကြောင့် (အရေးမပါသည့် ပြဌာန်းချက်များမှ လွဲ၍) အခြေခံကျော
ရိုးဆိုင်ရာပြဌာန်းချက်များကို ပြင်၍မရနိုင်ဟူသည်ကို ငြင်း၍မရကြ။
သို့ရာတွင် ၀န်လည်း ၀န်မခံကြ။ တံလျှပ်မှန်းသိပါလျှက် ရေဟူ၍သာ လက်ညှိုးထိုးရင်း လူထုကို ဦးဆောင်ဘို့ကြိုး
စားနေကြသော အင်အားစုများမှာ မနည်းလှ။ စင်စစ်အားဖြင့်မူ မြန်မာနိုင်ငံသည် ယခုအချိန်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အကြပ်အတည်း[2] နှင့် ရင်ဆိုင်နေရပါပြီ။
ခြင်္သေ့ကြီးပမာ ရဲရင့်လှသော ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား ကြိုးပေးကွပ်မျက်ခဲ့သည့် ဖိနှိပ်
ဆိုးဝါးသော တရားစီရင်ရေးစနစ်ဟောင်းကြီးမှာ ယခုတိုင်အကောင်အထည်နှင့် တည်လျှက်ရှိနေသည်။ ၂၀၀၈ ဖွဲ့
စည်းပုံက ယင်းကို ဆက်လက်သက်ဆိုးရှည်စေသည့်အပြင် သီးခြားလွတ်လပ်သည့် စစ်ဘက်ဆိုင်ရာ တရားရုံးများ
ဖွဲ့စည်းတည်ထောင်စေခြင်းဖြင့် တရားစီရင်ရေးစနစ်မှာ ကမ်းကုန်အောင်ပင် ဆိုးဝါးသည့် အခြေအနေရောက်နေ
သည်။
ဖွဲ့စည်းပုံကို ပြင်မည်၊ ဥပဒေစိုးမိုးရေးအရေးကြီးသည် ဟု ကြွေးကြော်နေကြသူများမှာ အခြားကဏ္ဍများကိုထားပါဦး၊
အနည်းဆုံးအားဖြင့် ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံမှာကဲ့သို့ လွတ်လပ်သည့်တရားစီရင်ရေးပေါ်လာအောင် မည်သို့ပြင်သွား
မည်ကိုပင် မပြောနိုင်ကြ။ သို့ဖြစ်၍ မည်သို့လျှင် ဥပဒေစိုးမိုးရေးကို တည်ဆောက်မည်နည်း။
ဥပဒေစိုးမိုးရေး မရှိပါက မည်သို့လျှင် ပြည်တွင်းငြိမ်းချမ်းရေးကို ရှာဖွေနိုင်မည်နည်း။
စီးပွားရေး တိုးတက်အောင်လုပ်နိုင်မည်နည်း။

၂၀၀၈ဖွဲ့စည်းပုံ၏အခြေခံကျောရိုးများအား ပြင်၍မရနိုင်ကြောင်း သိရှိသောတိုင်းရင်းသား လက်နက်ကိုင် တော်
လှန်ရေးအဖွဲ့အစည်းများက ၎င်းတို့အသင့်ပြင်ဆင်ထားသည့် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) တရပ်
အားတင်ပြရန် ကြိုးပမ်းလာသောအခါ ခြိမ်းခြောက်မှုနှင့် ကြုံလာရပြန်သည်။
ယင်းမှာ “ဖွဲ့စည်းပုံကို အသစ်ရေးရန် ကြိုးစားလျှင် အာဏာသိမ်းလိမ့်မည်” ဟူပင်။
ယင်းမှာ အခြေခံဥပဒေ အသစ်ရေးဆွဲရေးကို ယောင်လို့မှမစဉ်းစားနှင့်၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာပင် ဒူးထောက်
ဝပ်တွားရင်း စစ်ကျွန်အတွင်း ရာသက်ပန်သက်ဆင်းနေကြ၊ ဟူသော သတင်းစကားကို “အာဏာသိမ်း” ဓါး ပြ၍
ခြိမ်းခြောက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

စင်စစ်အားဖြင့်မူ ၂၀၀၈ဖွဲ့စည်းပုံကိုဖျက်သိမ်းပြီး အာဏာထပ်သိမ်းရမှာကို အကြောက်ကြီး ကြောက်သူများမှာ စစ်
အာဏာရှင်ဟောင်း၊ သစ်များ ကိုယ်တိုင် ဖြစ်သည်။ ၂၀၀၈ဖွဲ့စည်းပုံနှင့်အညီ နိုင်ငံအာဏာကိုသိမ်းထားပြီးဖြစ်သော
ကြောင့်ပင်။
“ငရဲတွင်းသို့ တွန်းချခံခဲ့ရပြီးနောက် မီးပုံကို ကြောက်ရန် မလိုပါ။” သို့ရာတွင်၂၀၀၈ ဖွဲ့စည်းပုံအရ စစ်အာဏာရှင်
များက အာဏာသိမ်းထားပြီး ဖြစ်သည်ကို အခြေခံလူထုအများစုကြီး သဘောမပေါက်ကြ။ ဤတွင် ဖွဲ့စည်းပုံအခြေ
ခံဥပဒေဆိုင်ရာ သိမြင်မှုသည် အရေးကြီးလာသည်။

ယင်းသို့ဖြစ်ရခြင်းမှာ လူထုညံ့၍မဟုတ်ပါ။
၁၉၆၂ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စ၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာမှုများအား လူထုအတွင်း
ကျယ်ကျယ်ပြန့်ပြန့်လုပ်ခွင့် မပြုတော့ခြင်းကြောင့် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် (အထူးပြုလေ့လာသူ အချို့မှ
လွဲ၍) ဥပဒေသမားအများစုကြီးကိုယ်တိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သာမန်မျှသာ သိသည့် အနေအထားဖြစ်ခဲ့ သည်။

စာရေးသူသည် ၁၉၇၆ခုနှစ်မှ စ၍ ဥပဒေလောကအတွင်းသို့ဝင်ရောက်ခဲ့ပြီး အထက်တန်းရှေ့နေ၊ ဗဟိုတရားရုံးရှေ့
နေ ဘ၀များဖြင့် ၁၉၈၈ခုနှစ်အထိ တရားရုံးများတွင် အမှုလိုက်ပါဆောင်ရွက်ခဲ့သူဖြစ်သည်။ သို့ရာတွင် ဖွဲ့စည်းပုံအ
ခြေခံဥပဒေ ကို ဟုတ္တိပတ္တိသိသူ မဟုတ်ခဲ့ကြောင်းရိုးသားစွာ ၀န်ခံရပါမည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးပြီးသည့်နောက်ပိုင်း ၁၉၉၀ခုနှစ်မှစ၍ ထိုင်းမြန်မာနယ်စပ်အခြေပြု တော်လှန်ရေးအင်
အားစုများအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လှုပ်ရှားမှုများတွင်လည်းကောင်း၊ မြန်မာနိုင်ငံရှေ့နေများကောင်
စီ၏ အထွေထွေ အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့စဉ်အတွင်း နိုင်ငံတကာရှိ ဟိုတက္ကသိုလ်၊ သည်တက္ကသိုလ်
များတွင် လေ့လာခွင့်ရခဲ့သဖြင့်လည်းကောင်း နှစ်ပေါင်း ၂၀ကျော်ကြာခဲ့ပြီးနောက် ဖွဲ့စည်းပုံဆိုင်ရာ ဗဟုသုတတစုံ
တရာမျှ ရလာခဲ့ခြင်းဖြစ်သည်။ ယင်းတို့ကို အခြေခံလျှက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆောင်းပါးပေါင်းများစွာ
နှင့် စာတမ်းအချို့ကို မြန်မာအင်္ဂလိပ် နှစ်သာသာနှင့်ရေးသားပြုစုဖြန့်ဝေခဲ့သည်။

ယခု စာအုပ်မှာ ၂၀၀၇ မှ ၂၀၁၀ ခုနှစ်များအတွင်း စာရေးသူ ရေးသားပြုစုခဲ့၍ ဒီမိုကရက်တစ်မြန်မာ့အသံ မှ အ
ပတ်စဉ် ထုတ်လွှင့်ခဲ့သည့် ဆောင်းပါးများဖြစ်သည်။ ၂၀၀၈ဖွဲ့စည်းပုံကို အတည်ပြု ကျင့်သုံးခြင်းမပြုမီ သုံး၊ လေး
နှစ်ခန့်က ရေးသားခဲ့သည့် ဆောင်းပါးများဖြစ်သော်လည်း သုံးသပ်ချက်များမှာ ယင်းကို အတည်ပြုကျင့်သုံးပြီး သုံး
နှစ်ခန့်ရောက်လာသည့် ယနေ့ကာလအထိမှန်ကန်ဆဲဖြစ်ကြောင်း တွေ့နိုင်ပါသည်။ သို့ဖြစ်၍ အထူးသဖြင့်တိုင်းရင်း
သားပေါင်းစုံ အခြေခံလူထုများ လေ့လာခွင့်ရစေရန် ယင်းတို့ကိုစုစည်းကာ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေလိုက်ခြင်း
ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုပေါ်ခဲ့ပြီး ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဆိုးဝါးဆုံး ဟု ဆိုနိုင်သည်။ ၁၉၇၄ ဖွဲ့စည်းပုံက စစ်အာ ဏာရှင်စနစ် အရိုးကို ဆိုရှယ်လစ် အရွက်နှင့် ဖုံးခဲ့သည်။ ယခု ၂၀၀၈ ဖွဲ့စည်းပုံက စစ်အာဏာရှင်စနစ် အရိုးကို ဒီမိုကရေစီ အရွက် နှင့် ဖုံးထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံကိုကိုင်လျှက် ဖက်ဒရယ်အရွက်နှင့်ပါ ဆက်ဖုံးရန် ကြိုးစားနေသောကြောင့်ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံသည် ကမ္ဘာပေါ်တွင် လက်ရှိတည်ဆဲဖွဲ့စည်းပုံများအနက် အဆိုးဆုံးဟုပင် ပြော၍ရသည်။
မြန်မာနိုင်ငံတွင် တည်ရှိခဲ့၊ တည်ရှိဆဲ ဖြစ်သည့် မတရားဥပဒေကြီးများအနက် တခုတလေကိုမျှ ၂၀၀၈ ဖွဲ့စည်းပုံ
အောက်တွင် မရုပ်သိမ်းနိုင်ကြ။
ပို၍ပင် သက်ဆိုးရှည်စေကြောင်း တွေ့နိုင်ပါသည်။

ဖွဲ့စည်းပုံကို ပြင်မည်ဟူ၍ လက်သီး လက်မောင်းတန်းကာ လွှတ်တော်အတွင်း ၀င်ရောက်သွားကြသော အဖွဲ့အ
စည်းများသည်လည်း ဖွဲ့စည်းပုံကို ပြင်နိုင်ရန်ဝေး၍ တိုင်းရင်းသားပေါင်းစုံလူထုများ ရသင့်ရထိုက်သည့် အခြေခံ
လွတ်လပ်မှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများအား အာမခံနိုင်သည့် အခြားမည်သည့် ဥပဒေတခုတလေကို
မျှ ပြဌာန်းနိုင်ခြင်း မရှိပါ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအပေါ်အခြေခံ၍ တည်ရှိခဲ့သော ဥပဒေဘောင်ထက် အဆများစွာ
ဆိုးဝါးသော ဥပဒေဘောင်အတွင်း တပြည်လုံးသက်ဆင်း ကျရောက်နေရသည်။ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံသည်ပင်
ပြည်တွင်းစစ်ကိုမငြိမ်းသတ်နိုင်ခဲ့။ ၂၀၀၈ ဖွဲ့ စည်းပုံအတိုင်းဆက်သွားပါက ပို၍ပင် ဆိုးသည်ထက် ဆိုးလာပါမည်။
ပြည်တွင်းစစ်ကို မွေးထားပြီး စစ်တပ်ကို ကြီးထွားအောင် တည်ဆောက်လိုသော စစ်အာဏာရှင်ဟောင်း၊ သစ်များ
သည် ၂၀၀၈ ဖွဲ့စည်းပုံအား အသေအလဲ ခုခံကာကွယ်ကြမည်ကို ဗေဒင်မေးလျှင် ဆန်ကုန်ပါမည်။

သို့ရာတွင် ဤသည်မှာ စစ်အာဏာရှင် ဟောင်း၊ သစ်များ၏ အလို ရမက် နှင့် မဆိုင်ပါ။
ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်လာကြသော ခေတ်ကြီးတွင် လူထု၏လွတ်လပ်မှုကို ယခင်ကလို ဆက်လက်
ထိန်းချုပ်ထားရန် မဖြစ်နိုင်တော့ပါ။ ဖက်ဒရယ် ဟာ ခွဲထွက်ရေးဟု လက်ညှိုးထိုးပြီး စစ်တပ် အာဏာ သိမ်းခဲ့သည်
မှာ မှားကြောင်း ၎င်းတို့ ကိုယ်တိုင်သွယ်ဝိုက်လက်ခံလာကြရပါပြီ။
တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်သည် ပေးသင့်ပေးထိုက်သည့် နိုင်ငံရေးအခွင့်အရေးဖြစ်ကြောင်း အတိ
အလင်း ၀န်ခံလာကြရပါပြီ။ တိုင်းရင်းသားပေါင်းစုံလူထုများတွင် အခြေခံဥပဒေအသိ ပိုမိုတိုးမြင့်လာပါက ၂၀၀၈ ဖွဲ့
စည်းပုံအရ တည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ် အရိုးအား ဖက်ဒရယ် အရွက်နှင့် ဆက်ဖုံးမထား နိုင်စေ
ရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် ပေါ်လာရေးတို့အတွက် တွန်းအားဖြစ်
စေပါမည်။ ဤသည်ကို အုတ်တချပ် သဲတပွင့် အထောက်အပံ့ဖြစ်စေရန် ယခုစာအုပ်ကို ထုတ်ဝေဖြန့်ချီလိုက်ခြင်း
ဖြစ်ပါသည်။

အသံလွှင့်ပြီးဆောင်းပါးများကို ထုတ်ဝေခွင့်ပြုသည့် ဒီမိုကရက်တစ် မြန်မာ့အသံအားလည်းကောင်း၊ ဤစာအုပ်
ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကူညီသော မိတ်ဆွေများအားလည်းကောင်း၊ ဥပဒေ အထောက်အကူပြုကွန်ရက်
မှ ရှေ့နေများ၊ ဥပဒေသမားများအားလည်းကောင်း၊ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ပါသည်။

ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ
နေ့ စွဲ။ ဒီဇင်္ဘာလ (၇) ရက် ၂၀၁၃ ခုနှစ်