• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, April 28, 2014

မျိုးစောင့်ဥပဒေကို နားလည်မိခြင်း

Source photo from http://www.gppgle.com/images

April 28, 2014 Monday

မျိုးစောင့်ဥပဒေကို နားလည်မိခြင်း

By မင်းစိုးစံ

ဥပဒေဆိုတာ ဘာလဲ။ ကျုပ်သိသလိုရေးရမယ်ဆိုလျင် ဥပဒေဆိုတာ လူအများစုကောင်းကျိုးစီးပွါးအတွက် အတတ်နိုင်ဆုံး
ကာကွယ် စောင့်ရှောက် တားဆီး ဆောင်ရွက်နိုင်အောင် ပြဌာန်းတဲ့ စည်းကမ်းလို့ပဲမြင်ပါတယ်။

ဥပဒေအမျိုးမျိုးရှိပါတယ်။ အခြေခံဥပဒေ။ ပြစ်မှုဥပဒေ(ရာဇ၀တ်ဥပဒေ)။ ငွေမှုဆိုင်ရာဥပဒေ။ အိမ်ထောင်ရေး ဆိုင်ရာဥပဒေ
(မိသားစုဥပဒေ)။ အလုပ်သမားရေးဆိုင်ရာဥပဒေ။ လယ်သမားရေးဆိုင်ရာဥပဒေ။ အခွန်ဆိုင်ရာဥပဒေ။ တခြားကျုပ်မသိတဲ့
ဥပဒေတွေလည်းရှိပါသေးတယ်။(သိတာမဟုတ်ပါဘူး၊ ကြားဘူးနားဝရှိတာပါ)

ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေတရပ်ကို လူထုကြိုက်ဘို့ဆိုတာ အဲဒီဥပဒေမှာပါတဲ့ စနစ်ကိုလူထုက နားလည်ဘို့၊ ကြေအေးနိုင်
တဲ့အမှုဆိုလျင် စောစောကြေအေးလို့ရဘို့၊ အမှုစစ်ဆေးသင့်လို့ ဆက်ပြီးစစ်ဆေးရမယ်ဆိုလျင်လည်း ခပ်သွက်သွက်စစ်
ဆေးပြီး ခပ်မြန်မြန်စီရင်ချက်ချဘို့၊ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်ရှိဘို့ အဲဒါမျိုးတွေဖြစ်ဘို့ လိုအပ်တယ်လို့ထင်ပါတယ်။
အဲဒါမှ လူထုကလက်ခံကျင့်သုံးလိုက်နာတာနဲ့အမျှ တရားဥပဒေစိုးမိုးမှုဆိုတာ ရှိနိုင်မှာပေါ့ဗျာ။(ကြားဘူးထားတာ)

ကျုပ်တို့ငယ်ငယ်တုန်းက မိဘတွေက
စလောင်းဖုံး နှစ်ချပ်ကို မတီးနဲ့ တီးလျှင် ကျားကိုက်လိမ့်မယ်။
ညဘက်မှာ ခြေသည်းလက်သည်းမညှပ်နဲ့ ညှပ်လျင် ဆင်းရဲတွင်းနက်လိမ့်မယ်။
ညဘက်မှာ တူတူပုန်းတမ်းမကစားကြနဲ့ နတ်ဖွဲ့လိမ့်မယ်။
ဆွမ်းတော်ကို မစားကောင်းဘူး၊ ဥာဏ်ထိုင်းလိမ့်မယ်။
ခွေးပေါ် ခွမစီးနဲ့ ခွေးက ကိုယ့်ရဲ့အားတွေကို ယူသွားလိမ့်မယ်။
အဲဒီလိုတွေပြောခဲ့တာ ဆိုခဲ့တာတွေဟာ ကျုပ်တို့အတွက် ကျုပ်တို့မိသားစု ကျုပ်တို့မျိုးဆက်အတွက် မဟုတ်လား။
တချို့က လူကြီးတွေဟာ ငါတို့ကို အကြောက်တရားတွေနဲ့ ပြည့်အောင်လုပ်ခဲ့တာပဲဆိုပြီး အပြစ်တင်သလိုလိုပြောတတ်တာ
ကြားမိပါတယ်။ တကယ်တော့ ကျုပ်တို့ကို အဲဒီလိုမချောက်လို့ မဖြစ်တဲ့အနေအထားမျိုး အခြေအနေမျိုးက ရှိခဲ့တယ်လို့ပဲထင်
ပါတယ်။

စလောင်းဖုံးနှစ်ချပ်ကို တီးလျင် ကွဲမယ်၊ ကွဲလျင်အသစ်ဝယ်ရမယ်၊ မကုန်သင့်တဲ့ငွေ ကုန်မယ်၊ စလောင်းဖုံးကွဲ သွားတော့
ထမင်းအချိန်မီ မကျက်နိုင်ဘူး၊ အလုပ်သွားဘို့ လယ်ထဲဆင်းဘို့ အခက်အခဲရှိမယ်။
ညဘက်မှာ ခြေသည်းတွေ လက်သည်းတွေညှပ်လျင် မတော်တဆ အသားစတွေပါသွားခဲ့လျင် လက်တွေခြေတွေနာမယ်၊
ပိုးဝင်လျင် အလုပ်ပျက်အကိုင်ပျက်ဖြစ်မယ်။
ညဘက်မှာ တူတူပုန်းတမ်းကစားကြတဲ့အခါ ခြုံတွေကြား အိမ်ကြို အိမ်ကြား လျှောက်ပုန်းတဲ့နောက် မတော်တဆ မြွေ၊
ကင်းမြီးကောက် ကင်းခြေများ ပုရွက်ဆိတ် တခြားအဆိပ် ရှိတဲ့ ပေါက်ဖတ်နဲ့ ပင့်ကူလို အကောင်အလောင်တွေ ကိုက်မိ
သွားလျှင် ဒုက္ခရောက်နိုင်သလို တခြားမဖြစ်သင့်မ ဖြစ်ထိုက်တဲ့ ပြဿနာတွေလည်း ဖြစ်နိုင်တာပေါ့။
ဆွမ်းတော်ကို မစားကောင်းဘူးဆိုတာက ကလေးပီပီ ဆွမ်းတင်ထားတာကို နှိုက်စားမိမှာစိုးလို့ တားမြစ်တာသာ ဖြစ်ပေ
မယ့် နောက်ဆက်တွဲအနေနဲ့ အမြင်လွယ် သူကြွယ်လက်ဆော့ ဆိုတဲ့အတိုင်း လူကြီးနေရာကိုရောက်လာတဲ့အခါ သီလမ
ရှိတဲ့လူ မဖြစ်ဘို့၊ မိမိရဲ့ကိုယ်ကျင့်သိက္ခာထိခိုက်စေနိုင်မယ့် အပြုအမူမျိုးမလုပ်မိအောင် သွယ်ဝိုက်တဲ့နည်းနဲ့ထိန်းသိမ်းတာ
ပဲလို့ နားလည်ပါတယ်။
ကလေးတို့ဘာသာဘာဝ ခွေးကိုတက်စီးတဲ့အခါ မတော်တဆ ခွေးကရုန်းကန်ပြီး ပြေးသွားခဲ့မယ်ဆိုလျင် ပက်လက်လန်
လဲကျသွားမှာစိုးလို့ တားမြစ်တာမျိုးပါ။

ဘာကြောင့် ချိန်းခြောက်ပြီးဆုံးမရသလဲဆိုတာကိုတော့ ကျုပ်လည်းမတွေးတတ်ပါဘူး၊ ကျုပ်ထင်တာကတော့ ရှားပါးပြီး အ
ရာရာနိမ့်ကျတဲ့ခေတ်ကာလမျိုးမှာ ပြီးပြီးရောဆိုတဲ့သဘောမျိုးနဲ့ ပြောဆိုခဲ့တာဖြစ်တန်ကောင်းရဲ့လို့ ထင်ပါတယ်။
ကလေးတွေ တသက်လုံးကြောက်လန့်စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးရှိလိမ့်မယ်မထင်ပါဘူး။

အခုလိုရေးပြတာက အကြောင်းရှိပါတယ်။
မျိုးစောင့်ဥပဒေဆိုတာ မိမိရဲ့မျိုးရိုးကိုထိန်းသိမ်းစောင့်ရှောက်ဘို့ရည် ရွယ်တာဖြစ်လိမ့်မယ်ထင်ပါတယ်။ ဥပဒေကို လိုက်နာမှု
မရှိလျင် ဘယ်လိုအရေးယူမယ်၊ လိုက်နာလျင် ဘယ်လိုအကျိုးကျေးဇူးတွေရမယ်၊ ဘယ်လိုဥပဒေတွေပြဌာန်းထားတယ်ဆို
တာ မသိရပေမယ့်၊ မျိုးရိုးကိုထိန်းသိမ်းတယ်ဆိုတာ လူသားတိုင်းရဲ့ မဖြစ်မနေဆောင်ရွက်ရမယ့် သမိုင်းပေးတာဝန်ဖြစ်ပါ
တယ်။
ဒါကြောင့်လည်း တချို့က ဒီ မျိုးစောင့်ဥပဒေဆိုတာ ရှိသင့်တယ်လို့ပြောကြပုံရပါတယ်။

မျိုးစောင့်ဥပဒေကြောင့် ဗုဒ္ဓဘာသာအမျိုးသမီးနဲ့ ဗုဒ္ဓဘာသာအမျိုးသားတို့ အိမ်ထောင်ပြုပါပြီတဲ့၊ ဗုဒ္ဓအဆုံးအမ အတိုင်းလိုက်
နာကျင့်ကြံခြင်းမရှိဘူးဆိုလျင်၊ ဗမာဗမာချင်း၊ ကရင်ကရင်ချင်းယူပါပြီတဲ့၊ ကိုယ့်မိခင်ဘာသာစကား ကိုမပြောပဲ အခြားဘာ
သာစကားကိုသာပြောမယ်ဆိုလျင် အဲဒီမျိုးစောင့်ဥပဒေက ဘယ်လိုနေရာမျိုးမှာ အသုံးဝင် မှာတဲ့လဲ။

ဗုဒ္ဓဘာသာအမျိုးသား ဒါမှမဟုတ် ဗုဒ္ဓဘာသာအမျိုးသမီးက ဘာသာခြားနဲ့လက်ထပ်ပေမယ့် မိမိရဲ့ဘာ သာကို ကိုးကွယ်နေ
ထိုင်ကျင့်ကြံမယ်ဆိုလျင်၊ ဗမာမနဲ့ လူမည်း ဗမာထီးနဲ့ လူဖြူမ  ကရင်မနဲ့ လူမည်း ကရင်ထီးနဲ့ လူဖြူမ အိမ်ထောင်ကျပေမယ့်
သူတို့ရဲ့ မျိုးဆက်သစ်လေးတွေဟာ ကိုယ့်မိခင်ဘာသာစကားကို ပြောကြတယ်ဆိုလျင် အဲဒီမျိုးစောင့်ဥပဒေဆိုတာ လို အပ်
ပါရဲ့လား။

တခုတော့ရှိတာပေါ့၊ မင်းနဲ့ငါ နှစ်ယောက်ပေါင်းပြီး ဘ၀တခုကိုထူထောင်ကြမယ်ဆိုလျင် မင်းငါ့ဘာသာထဲ ၀င်ရမယ်၊ က
လေးတွေလည်း ငါ့ယဉ်ကျေးမှုကို ထိန်းသိမ်းရမယ်၊ ငါ့ဘာသာစကားကိုပဲပြောရမယ် ဆိုလျင်တောင် သူ တို့နှစ်ဦးရဲ့သဘော
ပဲ ဖြစ်တာမို့ မျိုးစောင့်ဥပဒေဆိုတာနဲ့ အရေးယူလို့ရနိုင်ပါ့မလား။

ပိုးကရင်စကားပုံတခုဖြစ်တဲ့ ထေါဟ်ယှးအဲလင်မေ၀် ကျာသိုင့်အဲလင်ဆိုဒ် ဥဒေါင်းငှက်က သူ့အမြီးကိုချစ်သလို လူဆိုတာ
လည်း သူ့အမျိုးကို ချစ်တယ် ဆိုသလို လူတိုင်းဟာ ကိုယ့်အမျိုးကိုယ်ချစ်ကြတာပါပဲ။
အစွန်းရောက်တဲ့ မျိုးချစ်မျိုးတွေရှိသလို ကိုယ့် အမျိုးကိုထိန်းသိမ်းရကောင်းမှန်းမသိတဲ့ မစောင့်ထိန်းချင်တဲ့ မျိုးဖျက်တွေလည်း
ရှိမှာပါ။ အဲဒီလိုလူမျိုးတွေအ တွက် မျိုးစောင့်ဥပဒေဆိုတာ တကယ်အရာရောက်နိုင်ပါ့မလား။

အခုဗမာစစ်အစိုးရ(မြမ္မာအစိုးရ) ပြောပြောနေတဲ့ မျိုးစောင့်ဥပဒေဆိုတာ ဘယ်လိုအကျိုးသွားတွေရှိတယ်ဆိုတာ ခဏလေး
အသာထားလို့ အမျိုးကိုစောင့်ရှောက်ထိန်းသိမ်းနိုင်တဲ့အနေအထားမျိုးကို အစိုးရအနေနဲ့ ပြင်ဆင်ပေးတာ ပံ့ပိုးကူညီတာမျိုး
များ ရှိပါရဲ့လား။

ရခိုင်ပြည်နယ်က အရေးအခင်းကိုကြည့်လိုက်ပါ၊ နယ်စပ်မှာတာဝန်ကျနေတဲ့ ဗမာစစ်အစိုးရရဲ့ ခြစားတဲ့လုပ်ရပ်ကြောင့်
အိမ်နီးချင်းနိုင်ငံက တိုင်းတပါးသားတွေ အလုံးအရင်းနဲ့ နှစ်ရှည်လများခိုးဝင်လာခဲ့လို့ ပြဿနာက လိုတာထက် အဆမတန်ကြီး
ထွားနေတယ်၊ အမေရိကန်သမ္မတ ကတောင်မှ 28.04.2014 တနင်္ဂနွေနေ့ တုန်းက မြန်မာနိုင်ငံမှာ လူနည်းစု မွတ်ဆလင်
တွေကို ဖိနှိပ်မှုတွေလုပ်မယ်ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း လျှောက်လှမ်းနေမှုဟာ အောင်မြင်နိုင်မှာမဟုတ်ဘူးလို့ သ
တိပေးလိုက်သေးတယ်မဟုတ်ပါလား။

ဗမာအမျိုးကောင်းသ မီးတွေ တိုင်းရင်းသူပျိုဖြူလေးတွေ ပြည်ထောင်စု ဗမာနိုင်ငံတော်(ပြည်ထောင်စုမြမ္မာနိုင်ငံတော်) ထဲ
မှာနေပြီး ဘာသာမတူသူလူမျိုးခြားကို ပေါင်းသင်းတယ်ဆိုတာ နှလုံးသားကိစ္စတခုတည်းကြောင့်တော့ ဟုတ်မယ်မထင်
ပါဘူး။ တခြားအကြောင်းတွေ ပါကောင်းပါလိမ့်မယ်လို့ထင်ပါတယ်။

ဗုဒ္ဓဘာသာနိုင်ငံပါလို့ အသံကောင်းဟစ်နေတဲ့နိုင်ငံက အုပ်ချုပ်သူတွေခွင့်ပြုချက်ရမှ သံဃာတော်တွေ တရားဟောခွင့်ရှိ
တယ်ဆိုတာမျိုး၊ ဘယ်သံဃာတော်ကိုတော့ဖြင့် ဘယ်နေ့ကနေစပြီး ဘယ်နေ့အထိ တရားဟောခွင့် ပိတ်ပင်တယ်ဆိုတဲ့
တားဆီးမှုမျိုး၊ တရားဟောမယ်ဆိုလျင် ကြိုတင်လျှောက်လွှာတင်ရတာမျိုး စသဖြင့် ဘာသာရေးနဲ့ပတ်သက်ပြီး အမျိုးမျိုးဟန့်
တားနှောင့်ယှက်နေတဲ့ အစိုးရဆိုတဲ့လူတွေက မျိုးစောင့်ဥပဒေဆိုတာကို ထုတ်ပြန်ပြဌာန်းအတည်ပြုဘို့ လုပ်နေတာဟာ
တကယ်ပဲ ကိုယ့်လူမျိုးနဲ့ကိုယ့်ဘာသာကို လေးစားမြတ်နိုးလို့လုပ်နေ တာမှဟုတ်ပါရဲ့လား ဆိုတာတွေးချင်စရာဖြစ်လာပါ
တယ်။

ပိုဆိုးတာက ဗုဒ္ဓဘာသာပါလို့ ကိုယ့်ကိုယ်ကိုပြောနေတဲ့ ဗမာစစ်အစိုးရကိုယ်တိုင်က မိမိဘာသာကိုတောင် ပုံစံအမျိုးမျိုး
နည်းအမျိုးမျိုးနဲ့ ဟန့်တားဖျက်ဆီးပြနေတဲ့နောက် ဘာသာခြားတွေကို ဖိနှိပ်အနိုင်ကျင့်နေပါတယ်လို့ ဘာသာခြားတွေက
ပြောဆိုစွပ်စွဲလာတာတွေကို ကမ္ဘာ့အသိုင်းအ၀ိုင်းက ဘယ်လိုမြင်ကြမလဲ။
သက်သက်ညှာ ညှာလေးတွေးမယ်ဆိုလျင်တော့ သူတို့ကိုးကွယ်တဲ့ ဘာသာကိုတောင် ဒီလိုလုပ်နေတဲ့နောက်တော့ တခြား
ဘာသာဆို ဘယ်ပြောကောင်းမလဲ ဆိုတဲ့အတွေးမျိုးတွေးရတော့မလိုဖြစ်နေပြီ။ ကောင်းတော့မကောင်းဘူးပေါ့လေ။

ကျုပ်ကတော့ မျိုးစောင့်ဥပဒေဆိုတာ ထုတ်ဘို့လိုမယ်မထင်ဘူး၊ ဘာကြောင့်လဲဆိုတော့ လူတိုင်း အယောက်စီတိုင်း ကိုယ့်
အသိစိတ်ဓါတ်နဲ့ကိုယ် ကိုယ့်အသိတရားနဲ့ကိုယ် ထိန်းသိမ်းနိုင်ဘို့သာအရေးကြီးပါတယ်၊ ဒီလိုဖြစ်နိုင် ဘို့ဆိုတာကတော့
တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေကြတဲ့ နိုင်ငံ့ဥသျှောင်တွေမှာ အလုံးစုံမူတည်နေသလို လုံးလုံးလျားလျားကြီးကို တာဝန်ရှိနေပါ
တယ်။

ဥပဒေတရပ်ထုတ်ပြန်လိုက်ရုံနဲ့ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်ပြီးသားလို့ ယုံကြည်ယူဆနေမယ်ဆိုလျင်
တော့ဖြင့် အပေါ်ကကျုပ်ရေးပြခဲ့တဲ့ ရှေးလူကြီးတွေ ကျုပ်တို့ကို ဆိုဆုံးမခဲ့တဲ့စကားတွေဟာ ကျုပ်တို့အတွက် မိသားစုအား
လုံးအတွက် ကောင်းဘို့အန္တရာယ်ကင်းရှင်းဘို့ဖြစ်ပေမယ့် ဗမာစစ်အစိုးရ(မြမ္မာအစိုးရ) ထုတ်ပြန်ပြဌာန်းမယ့် မျိုးစောင့်ဥပဒေ
ဆိုတာကတော့ ကျုပ်တို့တတွေရဲ့ မျိုးဆက်သစ်တွေ တသက်လုံး အကြောက်တရားတွေနဲ့ ဥမကွဲသိုက်မပျက် ထာဝရအတူ
ယှဉ်တွဲနေထိုင်ဖြစ်အောင် လုပ်နေတာကလွဲပြီး အခြားမရှိဘူးလို့သာ ထင်မြင်ကြောင်းပါခင်ဗျား။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)