ပိန္နဲသီး၊ ဆီ နဲ့ ဆန်
June 18, 2014 Wednesday
By မင်းစိုးစံ
ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ ဆိုတဲ့ ဗမာစကားကြားဘူးကြမယ်လို့ ထင်ပါတယ်။
ယုံတမ်းစကားလိုလို ပုံပြင်လိုလိုလို့ ထင်နေကြမလား။
တကယ့်ကို မယုံချင်စရာပါ။
ဒီနေ့ခေတ် ဒီနေ့အခါနဲ့ ချိန်ထိုးကြည့်မယ်ဆိုလျင်ပြောတာပါ။
ကျုပ်တို့ခေတ်တုန်းက ဇီးယို တစ်ထုပ်ကို ငါးပြား၊( ၅ါး)။
ပဲကြီးလှော် တစ်ထုပ် ငါးပြား။ ကြံရည် တစ်ခွက် ငါးပြား။
ဆီကို ရေမချိုးနိုင်တော့ပါဘူး။ ဆေးရိုးလည်း မီးမလှုံနိုင်ပါဘူး။
စပါး တောင်လို မပုံတော့ပါဘူး။
သို့ပါသော်လည်း ဆန်ကိုတော့ အနည်းဆုံး တစ်တင်းခွဲ လောက်တော့ ၀ယ်ထားနိုင်ပါတယ်။
ဆီဆိုလျှင်လည်း ငှက်ပျောဖူးပုလင်းနဲ့ ၀ယ်ထားနိုင်ပါတယ်။
ဧည့်သည်လာလျှင် အနည်းဆုံး ဘဲဥချဉ်ရည်ဟင်း လောက်တော့ ချက်ကျွေးနိုင်ပါတယ်။
အခုခေတ်မှာတော့ ဧည့်သည်ကို ဘာနဲ့ ချက်ကျွေးမလဲဆိုတာ ခန့်မှန်းရခက်သား။
ကျုပ်တို့ ငယ်ငယ်တုန်းက (ရန်ကုန်မှာပြောတာနော်) အိမ်ဘေး ဒါမှမဟုတ် အိမ်နောက်မှာ ပိန္နဲပင် သရက် မာလကာ နာနတ် စတာတွေ စိုက်စားလို့ရတယ်။
အစိုးရ အမှုထမ်းနော်။ တစ်လ ၈၂ကျပ် စား။
ကိုယ်ပိုင်အိမ်နဲ့။ တလကို အနည်းဆုံးတစ်ခါလောက် ရုပ်ရှင်ကြည့်နိုင်တယ်။
ပိန္နဲသီးမှည့်ပြီဆိုလျင် ဓါးနဲ့ခွဲ အမွှာထုတ်။ ဒီအတိုင်းနှိုက်စား။ ပိန္နဲစေးပေလျင် ဆီနဲ့လူး။ ဆန်ပုံးထဲလက်ထိုးထည့်။ ဖုတ်ဖက်ခါချ။ အဆင်ကိုပြေလို့။
ခုခေတ်တော့ ကိုယ့်ခြံထွက်ပိန္နဲသီးမှည့် စားဘို့မှတတ်နိုင်ပါ့မလားမသိ။ အပြင်ထုတ်ရောင်းဘို့သာ ပိုများမယ်ထင်ရဲ့။
လက်မှာ ပိန္နဲစေးပေလို့ ဆီလေးနဲ့ လူးပစ်ဘို့ ဆီတောင်ရှိပါ့မလား။ ဆီနဲ့လူးပြီးတဲ့လက်ကို ဆန်အိုးထဲထိုးထည့်ဘို့ ဆန်မှရှိရဲ့လား။
ရှားပါးလာတာလား။ ခေါင်းပါးကုန်တာလား။ ငါးပြားဆိုတာ ဘာမှန်းမသိနိုင်တော့တဲ့ ခေတ်ဆိုတော့ ၊ တိုးတက်လာ
တယ်လို့ ပြောရတော့မှာပေါ့။ တနည်းအားဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာတယ်ပေါ့။
ပစ္စည်းတစ်ခု ဈေးပေါတယ်ဆိုတာ ဘာကြောင့်လဲ။ ဈေးကြီးရတာ ဘာကြောင့်လဲ။ ရိုးရိုးလေးတွေးလျင် ပစ္စည်းများလို့ နည်းလို့။
ဥပမာ ရွှေ နဲ့ စိန် ဆိုပါစို့။ ဘယ်သင်းက တန်ဘိုးကြီးသတုန်း။
မိတ်ဆွေကို ရွှေ နဲ့ စိန် ထဲက တစ်ခုခုကို ရွေးယူပါဆိုလျင် ဘယ်သင်းရွေးမတုန်း။
စိန် ဆိုတာ ရွှေ နဲ့ ယှဉ်လိုက်လျင် ရှားပါးတဲ့ပစ္စည်းဆိုတာ လူတိုင်းလက်ခံပေမယ့် တကယ်လို့များ သန်းတန်တဲ့ ရွှေ နဲ့ သိန်းတန်တဲ့ စိန် ဆိုလျင် ဘယ်သင်းယူမတုန်း။
မိတ်ဆွေတို့သာ ကြိုက်တာရွေးယူကြပါ။
ကျုပ်ကတော့ ရန်ကုန်လိုမြို့ကြီးမှာ ကိုယ့်အိမ်ဘေးက ပိန္နဲသီးကို ဓါးနဲ့အကျအနခွဲ အမွှာထုတ် ဒီအတိုင်း ထိုင်စား။
ပြီးတော့ ပိန္နဲစေးပေနေတဲ့လက်ကို ဆီလေးလူးပြီး ဆန်ပုံးထဲ လက်နှိုက်ထည့်နိုင်မယ့် နေ့တနေ့ကို မျှော်လိုက်ပါဦး
မယ်။
အဲဒီနေ့ဆိုတာ ရှိလာဦးမယ်ဆိုလျှင် သန်းတန်တဲ့ ရွှေ နဲ့ သိန်းတန်တဲ့ စိန် ဆိုတာလည်း ကျုပ်တို့ပြည်သူတွေအတွက် တကယ်လိုအပ်မှာပါ။
အဲဒီနေ့ဆိုတာ မရှိနိုင်ဘူးဆိုလျင်တော့။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)