• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, July 20, 2014

တာလပေါ့ကရင် (ကညော တာ့ကပေါ်)


တာလပေါ့ကရင် (ကညော တာ့ကပေါ်)

July 20 2014 Sunday

By မင်းစိုးစံ

ခြည်ဖြူဖွဲ့ပွဲက နီးသည်ထက်နီးလာပြီ ဆိုတော့ တာလပေါ့ကရင် ဆိုတဲ့ခေါင်းစည်းနဲ့ ကရင်တွေအကြောင်းကို ခပ်ပါးပါးလေး ရေးပြချင်ပါတယ်။ နည်းနည်းပါးပါးပေါ့။ အများကြီးရေးဘို့ အရည်အချင်းမရှိလို့ပါ။ ကရင်အချို့ကတော့ နှာခေါင်းရှုံ့မှာဖြစ်သလို အချို့ကရင်တွေကတော့ ခေါင်းတခါခါ ဖြစ်နေမှာတော့ သေချာပါ
တယ်။
ခေါင်းပဲခါခါ နှာခေါင်းပဲရှုံ့ရှုံ့ ရေးသင့်တာကိုတော့ရေးမှာပါ။ မဘတ်ချင်လျင်ဖြင့် ဒီနေရာကနေ ကျော်သွားနိုင် ပါတယ် ဆိုတာကို ကြိုတင်ပြီး အသိပေးအပ်ပါတယ် ခင်ဗျား။

ကရင်လူမျိုးတွေမှာ အဓိကအားဖြင့် ပွဲတော် နှစ်ခုရှိပါတယ်။
ကရင့်အမျိုးသား နှစ်သစ်ကူးပွဲတော် နဲ့ ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲတော် ဖြစ်ပါတယ်။ တခြားနေ့ထူးနေ့မြတ်တွေ
လည်း ရှိကြပါသေးတယ်။
ကရင်တော်လှန်ရေးနေ့၊
ကရင်အမျိုးသားအစည်းအရုံးနေ့၊
ကရင်အမျိုးသားနေ့၊
ကရင်အမျိုးသမီးအစည်းအရုံးနေ့၊
ကရင်လူငယ်အစည်းအရုံးနေ့၊
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့၊
ကရင်အမျိုးသားကာကွယ် ရေးတပ်မတော်နေ့၊
ကရင့်အာဇာနည်နေ့ ဆိုတာတွေ ဖြစ်ပါတယ်။

သူ့နေ့နဲ့သူ သတ်မှတ်ပြီး တလေးတစားနဲ့ နှစ်စဉ် မပျက်မကွက် စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်
ကျင်းပ ခဲ့ကြပါတယ်။ အဲဒီနေ့တွေအားလုံးဟာ ထင်ရှားတဲ့သမိုင်းကိုယ်စီ ရှိခဲ့ကြတာပါ။
တန်ခိုးရှင်တွေ မျက်လှည့်ဆရာတွေက ဥုံဖွ ဆိုပြီးမန်းမှုတ်ဖန်တည်းခဲ့တာမဟုတ်ပါဘူး။
အဲဒါကို တာလပေါ့ကရင်တွေ သိကြမှာပါ။
အဲဒီသမိုင်းမော်ကွန်းထိုးခဲ့တဲ့ နေ့ထူးနေ့မြတ်တွေဆိုတာဟာ ကရင်လူမျိုးတွေရဲ့ အသက်၊ သွေး၊ ချွေး၊ မျက်
ရည်၊ ဘ၀ စတဲ့အရာတွေနဲ့ပုံအောပြီး ထုဆစ် ရေးသားကဗျည်းထိုးထားခဲ့ကြရတာလို့ ပြောလျင် မမှားပါဘူး။
ဘယ်ကရင် ငြင်းမလဲ။



ကျုပ်နေတဲ့ ရပ်ကွက်မှာ နောက်လဆိုလျင် ရိုးရာခြည်ဖြူဖွဲ့ပွဲ လုပ်တော့မှာဖြစ်တော့ လိုအပ်တာလေးတွေကြို
တင်ပြင်ဆင်ထားဘို့ လုပ်ကြပါတယ်။
အဲဒီလိုလုပ်တဲ့အခါမှာ ဒီနှစ်တော့ မိစုံဘစုံရှိနေတဲ့ လုံမပျို လုလင်ပျိုတွေကို ခြည်ဖြူဖွဲ့မပေးခင် ဆုတောင်းပေး
တဲ့ စာသားကို ငယ်လင်ငယ်မယား လူကြီးမိဘတွေအနေနဲ့ ညီညီညာညာ ရွတ်ဘတ်ပေးနိုင်အောင်လို့ဆိုပြီး
စီစဉ်ထားပါတယ်၊ တနင်္ဂနွေနေ့မှာ ဆုံကြမယ်ပေါ့လေ။
တကယ်လည်းကျရော လူမစုံဘူး။ မအားဘူးဆိုတဲ့ အသံတွေထွက်လာတယ်။
နှစ်တိုင်းလိုလို ခြည်ဖြုဖွဲ့တိုင်း ဆုတောင်းပေးကြတာချင်း မတူတာကို တူအောင်လုပ်သင့်တယ်လို့ ဆုံးဖြတ်
ချက်ချပြီးမှ အခုလို မအားလို့ ဟိုပွဲသည်ပွဲနဲ့ဆုံလို့ ဆိုတဲ့အကြောင်းပြပျက်ကွက်တာဟာ မျိုးဆက်သစ်တွေအ
တွက် ကောင်းတဲ့အလားအလာတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့အနေနဲ့ ရေခြားမြေခြား
တိုင်းတပါးမှာ အခြချနေထိုင်ကြရသူများ ဖြစ်သည့်အားလျှော်စွာ မျိုးဆက်ရေရှည်တည်တံ့ဘို့လိုအပ်ပါတယ်။

အဲဒီလိုတည်တံ့ဘို့ ဆိုတဲ့နေရာမှာ မိမိတို့ကိုယ်ပိုင်ဖြစ်တဲ့ ဘာသာစာပေ၊ ဘာသာစကား၊ ဓလေ့ထုံးစံ၊ ရိုးရာ
ဝတ်စုံ၊ ယဉ်ကျေးမှုအနုပညာ စတဲ့အမွေအနှစ်တွေကို ထိန်းသိမ်းနိုင်ရပါမယ်၊ ဒါကြောင့် ဓလေ့ထုံးစံအများအ
ပြားတွေထဲက တခုဖြစ်တဲ့ ခြည်ဖြူဖွဲ့ပွဲတော်အတွက် တိကျသေချာတဲ့ရွတ်ဘတ်သရဇ္ဈယ်မှုမျိုးမရှိထားဘူး ဆို
လျင်ဖြင့် နောက်မျိုးဆက်သစ်တွေကြား အငြင်းပွါးစရာတွေ ဖြစ်လာနိုင်တယ်ဆိုတာ မြင်မိလို့ဖြစ်ပါတယ်။

ခြည်ဖြူဖွဲ့ပွဲမှာ ငါ့ဦးလေးက ဒီလိုရွတ်ဆိုဆုတောင်းတာကွ၊
ငါ့ဦးလေးက အဲလိုရွတ်ဆိုဆုတောင်းပေးတာကွ၊
မင်း ဦးလေးရွတ်တာမှားနေတယ်၊
ငါ့ဦးလေးရွတ်တာကမှ မှန်တာကွ ဆိုပြီး တယောက်နဲ့တယောက် အခြေအတင် စကားများနိုင်ပါတယ်။
နောက်ဆက်တွဲကတော့ မင်းတို့လုပ်ချင်လုပ်ကွာ ငါတော့မလုပ်ဘူးဆိုပြီး တိမ်ကော ပ,ပျောက်သွားတာနဲ့
အတူ မျိုးဆက်တခု ရေရှည်တည်တံ့ခိုင်မြဲဘို့နေနေသာသာ မနှေးအမြန်ချုပ်ငြိမ်းပျောက်ကွယ်ဘို့သာ ရှိမှာ
ဖြစ်ပါတယ်။



ဘာကြောင့်ဒီလိုစကားမျိုးကို ပြောနိုင်ရသလဲဆိုလျင်ဖြင့် အဲဒီလိုအချင်းချင်းကြား မပြေမလည်မှုလေးတွေ အ
ထစ်အငေါ့လေးတွေကို မြင်ထားတဲ့မျိုးဖျက်လူလည်ကြီးတွေက အသုံးချပြီး အကွက်ဆင်ဖြိုခွဲပစ်ဘို့ အသင့်အ
နေအထားနဲ့ ချောင်းမြောင်းစောင့်ဆိုင်းနေတာကို သတိပြုမိသူမရှိသေးတာ မြင်ရလို့ဖြစ်ပါတယ်။
ဒါကတော့ ခြည်ဖြူဖွဲ့ပွဲ တခုတည်းအပေါ် ခြုံငုံထားတာပါ။

ခြည်ဖြူဖွဲ့ပွဲနဲ့ တခြားသမိုင်းအစဉ်အလာရှိခဲ့တဲ့ နေ့ထူးနေ့မြတ်တွေအကြောင်း မျိုးဆက်သစ်ကရင်လေးတွေ
လုံးစေ့ပတ်စေ့ သိကြပါရဲ့လား။
သမိုင်းမသိတဲ့လူမျိုးဟာ ကျောရိုးမရှိတဲ့သတ္တ၀ါနဲ့ အတူတူပဲ ဆိုတဲ့သမိုင်းပညာရှင်တဦး ပြောခဲ့တဲ့အဆိုအ
မိန့်ကို ကြားဘူးကြမယ်လို့ ထင်ပါတယ်။
ဒီတော့ ကရင်တွေအနေနဲ့ ဗမာစစ်အစိုးရကို လက်ညှိုးထိုးပြပါလိမ့်မယ်။
ဗမာစစ်အစိုးရရဲ့ ကလိန်ကကျစ်ကျမှု၊ သမိုင်းဖျောက်ဖျက်မှု၊ အကြောက်တရားနဲ့ အုပ်ချုပ်မှု၊ လူမျိုးရေး၊ စီးပွါး
ရေး၊ ပညာရေး၊ လူမှုရေး ဖိနှိပ်မှု ဘာညာဘာညာကြောင့် ကရင်တွေကျောရိုးမရှိတဲ့သတ္တ၀ါဖြစ်ရတာလို့ပြော
ကြမှာဖြစ်ပါတယ်။
မဟုတ်ဘူးလို့ မငြင်းပါဘူး။ အဲဒါက အဓိကအကြောင်းရင်းဖြစ်ပေမယ့် အခြားအကြောင်းရပ်တွေအများကြီး
ရှိနိုင်ပါသေးတယ်။

ကျုပ်တို့ကရင်တွေအချို့ အခုဆိုလျင် ရေခြားမြေခြား တိုင်းတပါးမှာ အသက်ရှင်နေထိုင်နေရတဲ့အတွက် လူ့အ
ခွင့်အရေးတွေ အပြည့်အ၀,ခံစားရပါတယ်၊ တရားဥပဒေ စိုးမိုးမှုအောက်မှာ နေနေရပါတယ်၊ အိပ်ကောင်း
ခြင်း မအိပ်ရတဲ့ ဘ၀တွေက လွတ်မြောက်ပါတယ်လို့ ဘယ်လောက်ပဲပြောပြော မိမိနေထိုင်နေတဲ့ နိုင်ငံရဲ့
ယဉ်ကျေးမှုတွေရဲ့ လွှမ်းမိုးထိုးနှက်မှုတွေ ဖိအားတွေကို သိသိသာသာရော မသိမသာနဲ့ပါ အနည်းနဲ့အများ ခံ
ကြရတယ် ဆိုတာ အားလုံးသတိထားမိကြမှာပါ။
အဲဒီလိုတွေကြောင့် ကျုပ်တို့တတွေက မွေးလာတဲ့မျိုးဆက်သစ်လေးတွေ အတော်များများဟာ ကိုယ့်သမိုင်း
ကို ကိုယ်မေ့ပစ်ချင်လာကြတယ်၊ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုတဲ့စကားပုံလို သူတို့လေးတွေအ
နေနဲ့ ရောမ,ရောက်လျင် ရောမ,လို မကျင့်ချင်ကြပေမယ့် အတုယူကူးချပြီးသားဖြစ်အောင် နေ့တဓူဝ,လှုပ်ရှား
သွားလာထိစပ်နေရတဲ့ ပတ်ဝန်းကျင်က တွန်းအားပေးနေကြတယ်ဆိုတာ တာလပေါ့ကရင်တွေ မျက်လုံးပြူး
မျက်ဆံပြူး ကြည့်စရာမလိုပဲ မြင်နေရ တွေ့နေရမှာပါ။

ကိုယ်မွေးထားတဲ့ သမီးလေးကိုဖြစ်စေ သားလေးကိုဖြစ်စေ ဖိုးခွါးရေ ဖိုးမူရေ ထမင်းဘယ်ကဖြစ်လာသလဲ
ဆိုတာ အပါးကိုပြောပြစမ်း ဆိုပြီးတော့မေးကြည့်လိုက်ပါ။
ဘယ်လိုဖြေမယ်ထင်သလဲ။ ကံမကောင်းလျင် ထမင်းဆိုတာ ထမင်းအိုးထဲက ဖြစ်လာတာပေါ့လို့ ဖြေမလား
မသိဘူး။ အဲဒီအဖြေမျိုးရပြီဆိုလျင် ဘာမျှဆက်မေးစရာမရှိတော့ဘူး။
ကံကောင်းလျင်တော့ ထမင်းဆိုတာ ဆန်ကဖြစ်လာတာပေါ့လို့ဖြေမယ်ဆိုလျင် မိဘဖြစ်တဲ့လူက ဆန်ကို ဘယ်က ရသလဲဆိုတဲ့ နောက်ထပ်မေးခွန်းကို မေးနိုင်တာပေါ့။
ဆန်ကို ဆန်ပုံးထဲက ရတာပေါ့ဆိုတဲ့အဖြေမျိုးကို ရလျင် နောက်ထပ်ဆက်စရာမေးခွန်း မရှိတော့ပြန်ဘူး။
ဆိုလိုချင်တာက သားရေ သမီးရေ ကရင်နှစ်သစ်ကူးနေ့ ဘယ်လိုဖြစ်လာသလဲ လို့မေးလိုက်လျင် သူတို့လေး
တွေအနေနဲ့ ကောင်းကောင်းမွန်မွန် ဖြေနိုင်ဘို့ ဖြေတတ်ဘို့ လိုပါတယ်။
တခြားနေ့ထူးနေ့မြတ်တွေဆိုလည်း ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်း ပါဝင်ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေရဲ့အ မည် နေရာဒေသ နေ့ရက် ခုနှစ် စတာတွေကို သိထား နားလည်ထားဘို့ လိုပါတယ်။
အဲဒီတော့မှ သူတို့လေးတွေဟာ အခမ်းအနားတိုင်းကို တလေးတစား နဲ့ ဆင်နွှဲကြရကောင်းမှန်းသိမှာပါ။
တန်ဘိုးထားတတ်ကြမှာပါ။

အခုတော့ နိုင်ငံတကာကိုရောက်နေတဲ့ တာလပေါ့ကရင်တွေက သားသမီးတွေကို နည်းလမ်းကောင်းတွေ
မပြပဲ ဘယ်လိုပွဲမျိုးမဆို ဖြစ်ကတတ်ဆန်းလုပ်ပြနေတော့ ကလေးတွေကလည်း မွေးနေ့ပွဲလိုလို ပါတီပွဲလို
လို ပျော်ဘို့ပါးဘို့ လုပ်တဲ့ပွဲမျိုးလို သဘောထားပြီး တန်ဘိုးမဲ့အောင်လုပ်နေကြပုံများ ၀မ်းနည်းစရာကောင်း
လိုက်ပါဘိ။ သားသမီးမကောင်း မိဘခေါင်း ဆိုတာ အဲဒါပဲ။

သားသမီးမကောင်း မိဘခေါင်း ဆိုလိုက်လို့ ငါ့မိသားစုနဲ့ငါ ဘာပဲဖြစ်နေဖြစ်နေ မင်းအလုပ်မဟုတ်ဘူး ဆိုပြီး
ဘုတောမယ်တော့မကြံနဲ့။ အဲဒါ ခင်ဗျားဟာ တာလပေါ့ကရင် မဟုတ်တော့ဘူး။
အိုးနင်းခွက်နင်းကရင် ဖြစ်ပြီ။
ဗမာကျောင်းသားစခန်းမှာနေခဲ့တုန်းက ဗမာကျောင်းသားနဲ့အိမ်ထောင်ကျသွားတဲ့ ကရင်အမျိုးသမီးတချို့ပြော
တာရှိပါတယ်၊ လအော့လအယ်ကရင် ဆိုတဲ့စကား။ဒီနေ့အထိ ဘာကိုဆိုလိုမှန်း မသိသေးဘူး။
ကျုပ်အထင်တော့ လအော့လအယ် ဆိုတာ ကိုယ့်လူမျိုးနဲ့ပတ်သက်တဲ့ ကိစ္စ၀ိစ္စမှန်သမျှ ဘာကိုမျှ အလေးမ ထားတဲ့အပြုအမူမျိုးကို ပြောတာနေပါလိမ့်မယ်။
သတိလေးတော့ ထားကြပေါ့၊ တာလပေါ့ကရင် ကနေ လအော့လအယ်ကရင် ဖြစ်မှန်းမသိဖြစ်သွားလိမ့်
မယ်။

တာလပေါ့ကရင် ဆိုတော့လည်း တာလပေါ့ကိုကြိုက်ကြ မက်မက်မောမော တခုတ်တရ ချက်စားကြ၊ တခြား
အသားဟင်းတွေ အကြော်အလှော်တွေရှိပေမယ့် တာလပေါ့ကိုပဲ မြတ်မြတ်နိုးနိုးနဲ့ တ၀တပြဲစားကြတာ မ
ဟုတ်လား။ ကျုပ်လည်းကရင်ဆိုတော့ တာလပေါ့ဆို အလွန်ကြိုက်ပေါ့ဗျာ။
တာလပေါ့ဆိုတာ ကျန်းမာရေးနဲ့ပြည့်စုံပြီး အာဟာရ ပြည့်တဲ့ဟင်းဗျ။ ဟင်းရွက်စုံထည့်ပြီး ချက်တာ၊ ဆီ မပါ
ဘူး။ သွေးတိုးဖြစ်မှာ ဆီးချိုတက်မှာ မပူရဘူး။
ဖါး ငါး ခရု ငါးရှဉ့် ဂဏန်း ပုဇွန် အကုန်ရောချက်တာဆိုတော့ မကောင်းပဲနေမလား။

အဲဒီလို အင်မတန်ကောင်းတဲ့ တာလပေါ့ကို ကြိုက်လို့ပဲလားတော့မသိဘူး၊ ကရင့်နေ့ထူးနေ့မြတ်တွေကို သုံး
ခု လေးခုပေါင်းပြီး ဂုဏ်ယူဝံ့ကြားမှုအပြည့်နဲ့ တရက်ထဲလုပ်နေကြတာ မမြင်ချင်အဆုံး မကြားချင်အဆုံးပဲ။
ကရင်လူကြီးတွေက အဲဒီလိုတွေလုပ်ပြနေတော့ မျိုးဆက်သစ်ကရင်လေးတွေခမျာ အိုးနင်းခွက်နင်းကရင်
ဖြစ်ရုံမကတော့ပဲ ကျွန်ကရင်တွေဖြစ်ကုန်ရော။ နည်နည်းရိုင်းသွားလားမသိဘူး။
လအော့လအယ်ကရင် ဆိုလျင် ဘယ်လိုနေမလဲ။
ကျောရိုးမရှိတဲ့ကရင် ဆိုလျင် ဖြစ်မလား။ မျိုးဆက်သစ်လေးတွေ ကရင့်သမိုင်းကို မသိနိုင်ကြတော့ဘူးလေ။
ဘယ်လိုလုပ်ပြီး သိမလဲဗျာ။
သမိုင်းဝင်နေ့တနေ့ဆီရဲ့ သမိုင်းကြောင်းကိုတောင်မှ အကြမ်းဖျဉ်းလေးတောင်မသိတဲ့ဥစ္စာ။
သမိုင်းဝင်နေ့ထူးနေ့မြတ်တွေကို ပေါင်းပြီးလုပ်ပစ်နေမှတော့ မျိုးဆက်သစ်တွေ အိုးနင်းခွက်နင်းကုန်ပြီပေါ့။
အဲဒါ ဗမာစစ်အစိုးရကို လက်ညှိုးထိုးပြဦးမလို့လား။ နည်းနည်းလေး ရှက်တတ်ဘို့လိုပြီထင်တယ်။

ရိုးရာဓလေ့နဲ့ အစဉ်အလာကို ခေါင်းဖြူ စွယ်ကျိုး အိုကြီးအိုမ သေခါနီး ဇရာထောင်းနေတဲ့ကရင်တွေလောက်
ပဲ ထိန်းသိမ်းချင်တာပါ၊ မျိုးဆက်သစ်ကရင်လေးတွေက ကမ္ဘာနဲ့ယဉ်ဘောင်တန်းနိုင်ဘို့အတွက် အတွေးသစ်
အမြင်သစ်တွေနဲ့ သူတို့ကံကြမ္မာကို သူတို့ကိုယ်တိုင်ဖန်တည်းနေတာမို့ အဲဒါတွေကို ချောင်ထိုးထားလိုက်ပြီ
ဆိုတဲ့အတွေးနဲ့ ပြောသံဆိုသံတွေကလည်း တဖြည်းဖြည်းဆူညံလာနေပါပြီ။
ပွက်လောရိုက်လာပါတော့မယ်။

တာလပေါ့ဆိုတာ ကြိုက်တဲ့အသား ငါး ဟင်းသီးဟင်းရွက်တွေနဲ့ ရောချက်စားတာ အဆင်ပြေကောင်းပြေနိုင်
ပေမယ့်၊ နေ့ထူးနေ့မြတ်တွေကိုပေါင်းပြီးလုပ်တဲ့ အပြုအမူမျိုးကိုတော့ ကျုပ်အနေနဲ့ ကရင်လူမျိုးတွေအတွက် အထူးသဖြင့် မျိုးဆက်သစ်တွေအတွက် အလွန်အန္တရာယ်ကြီးမားတဲ့ အဆိပ်အတောက်တွေ ချကျွေးတဲ့လုပ်
ရပ်လို့သာ မြင်မိကြောင်းပါဗျား။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)