• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, October 4, 2014

သဗ္ဗေသတ္တါ ကမ္မသကာ

Source photo from http://www.facebook.com
 သဗ္ဗေသတ္တါ ကမ္မသကာ

Tuesday
September 16, 2014

By မင်းစိုးစံ

သူငယ်ချင်း မင်းအရက်ကြိုက်ကြောင်း ရေးရေးနေလို့ သိပ်ကိုဒေါသထွက်နေပြီလား။
ကိုယ်ပိုင်အတွေးအခေါ်မရှိပဲနဲ့ အွန်လိုင်းပေါ်မှာပေါက်တတ်ကရ လျှောက်ဖွနေတဲ့ကောင်။ သူများရေးပြီးသားကို ကူးချတဲ့ကောင်။
ခွေးနဲ့ ပလူးပလဲနေတဲ့ကောင် ဆိုပြီးမင်းရေးလိုက်တာကို ကြည့်လျင် မင်းတော်တော်ဒေါဖေါင်းနေပြီဆိုတာ
ငါသိပါတယ်ကွာ။
မင်းပြောတာကို ငါလက်ခံပါတယ်။
မှန်ပါတယ် မင်းထင်နေသလို ငါ့မှာကိုယ်ပိုင်အတွေးအခေါ်မရှိဘူးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးတော့ မင်းပြောသလို သူများရေးပြီးသားကို ကူးချတဲ့လူ ဆိုတာကိုလည်း ငါဝန်ခံပါတယ်။
ခွေးနဲ့ ပလူးပလဲနေတာလည်း ဟုတ်ပါတယ်။
မင်းကိုသိစေချင်တာက ခွေးနဲ့ငါ ဘာကြောင့်တတွဲတွဲဖြစ်နေရသလဲ ဆိုတာကိုပါ။

ဒီလိုပါသူငယ်ချင်း သံယောဇဉ်တွယ်တတ်တဲ့ငါ့စိတ်ကြောင့် ဘယ်လိုတိရိစ္ဆာန်မျိုးကိုမျှမမွေးတော့ဘူးလို့ ဆုံး
ဖြတ်ခဲ့တာ အတော်ကြာခဲ့ပါပြီ။
ရန်ကုန်ကနေ မော်လမြိုင်ကိုပြောင်းလာတော့ ရထားဘူတာကို ငါတို့မိသားစု သုံးဘီးစီးပြီး လာကြတဲ့အခါမှာ
ငါ့ခွေးလေးဂုတ်ကြား အမြန်မောင်းနေတဲ့သုံးဘီးကားနောက်ကို အတင်းပြေးလိုက်လာပုံများ သူငယ်ချင်းရယ်
ပြန်တွေးမိလျင် ဒီနေ့အထိ ငါ့မှာမျက်ရည်လည်နေရတုန်းပါ။
တခါ မော်လမြိုင်ကနေ ကရင်ပြည်နယ်ကို ပြောင်းလာတော့ ကားပေါ်တက်နေတဲ့ ငါတို့မိသားစုကို ငါမွေး
ထားတဲ့ ကျားဗိုလ် ဆိုတဲ့ခွေးလေးဟာ တအီအီနဲ့အော်ရင်း ကားနောက်ပြေးလိုက်လာပုံဟာလည်း ငါ့အ
တွက် မေ့နိုင်စရာ မေ့ရက်စရာမဟုတ်ဘူး သူငယ်ချင်း။
ငါမွေးခဲ့တဲ့တိရိစ္ဆာန်လေးတွေအကြောင်း ပြန်ရေးပြလိုက်ရလို့များကတော့ကွာ မင်းအရက်သောက်လို့ရေချိန်
ကိုက်နေတဲ့ အချိန်ခါမျိုးမှာတောင်မှ အမူးပြေသွားမလားပဲ။
ဒါကြောင့် ဘယ်လိုတိရိစ္ဆာန်မျိုးကိုမှ မမွေးတော့ဘူးလို့ ငါဆုံးဖြတ်ထားတာပါ။

ဒါပေမယ့် သူငယ်ချင်းရေ သံယောဇဉ်တွယ်မိမှာစိုးလို့ ကင်းကင်းရှင်းရှင်းနေမယ်ဆိုကာမှ ငါ့အနားမှာ မဖြစ်
မနေတိရိစ္ဆာန်တကောင်ကောင်ထားဘို့ လိုအပ်မယ်ဆိုတဲ့အတွေးနဲ့ အခုလိုခွေးကလေးကို မွေးထားတာပါ။
အိမ်မှာတယောက် တည်းနေရတဲ့ငါ့အတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်နေရတာတွေ ပုံမှန်အခြေအနေမျိုး ပြန်
ရောက်နိုင်လေမလားဆိုတဲ့ သဘောမျိုးဆိုပါတော့။
ခွေးကလေးကို မမွေးခင်တုန်းက ဆရာဝန်ပြောတဲ့အတိုင်း ဆေးစားတယ်။
စိတ်နဲ့ဆိုင်တဲ့ အထူးကုဆရာဝန်တွေ နဲ့တွေ့တယ်။
သူတို့နဲ့ တပတ်တခါ စကားတွေပြောဖြစ်တယ်။
သူတို့က ငါပြောပြတာတွေကို နားထောင်ပေးကြတယ်။
ငါဘာပြောတယ်ထင်သလဲ။
ပြောချင်တာတွေအကုန်ပြောတယ်။
စိတ်ထဲရှိတာတွေ ငါ့အတွေ့အကြုံတွေ ငါဖြတ်လာခဲ့ရတဲ့ အဖြစ်အပျက်တွေ ငါဖြစ်ချင်တာတွေ ပြောတယ်။
ပြီးတော့ ရှိုက်ကြီးတငင်နဲ့ ချုံးပွဲချငိုတယ်။ ပြီးတာနဲ့ ငါ အားရပါးရ ရီ(ရယ်)ပစ်လိုက်တယ်။

မင်းနဲ့ငါ တတိယနိုင်ငံကိုရောက်လာတာချင်း တူပေမယ့် ရောက်လာကြတဲ့အချိန်ချင်း မတူဘူး။
ရောက်လာပုံ ရောက်လာနည်း မတူဘူး။
မင်းနဲ့ငါ ဒုက္ခိတဖြစ်တာချင်းတူပေမယ့် မင်းက အရက်မူးပြီး စပါးကျီပေါ်ကကျတယ်။
နံရိုးကျိုးတယ်။
ဒုက္ခိတဘ၀ ရောက်တယ်။
ငါက ဗမာစစ်တပ်က သေနတ်နဲ့ပစ်လို့ ကုန်းမြင့်ပေါ်ကနေ အရှိန်နဲ့ပြေးအဆင်း ငှက်ပျောပင်တွေကြားက
ကျင်းဟောင်းထဲ ချေထောက်စုံကျွံပြီး ချောက်ထဲလိမ့်ကျတယ်။
ဒုက္ခိတဖြစ်တယ်။
ဆိုလိုချင်တာက ငါတို့တတွေဟာ လူချင်းတူပေမယ့် ငါတို့ဖြတ်သန်းခဲ့ကြတဲ့ အတွေ့အကြုံချင်း အခြေအနေ
ချင်းမတူကြဘူး။
အတွေးအခေါ်တွေ အမြင်တွေလည်း မတူကြဘူး။
အဲဒါတွေကပဲ ငါတို့တတွေအတွက် စုပေါင်းနေထိုင်ဘို့ အတူနေထိုင်ဘို့ ဖြစ်လာတယ်လို့ ပြောလျင် ရမယ်
ထင်တာပဲ။

ငါ ဒုက္ခိတဖြစ်တော့ အိမ်မှာတယောက်တည်းနေရတယ်။
စကားပြောဘို့ အဖေါ်မရှိဘူး။
ရင်ထဲကခံစားချက်တွေကို ပြောပြချင်ပေမယ့် ဘယ်သူမျှ နားထောင်မပေးကြဘူး။
လူတိုင်းဟာ ကိုယ့်အလုပ်နဲ့ကိုယ် ရှုတ်နေကြတာ။
ကျောင်းနေတဲ့အရွယ်လေးတွေက ကျောင်းသွား။ အလုပ်လုပ်တဲ့အရွယ်က အလုပ်သွား။
ဒုက္ခိတသမားက အိမ်မှာနေ။ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်။ ဒါပဲရှိတယ်။
ကဲ ဒီတော့ ခွေးကလေးက ငါ့အတွက် အဖေါ်ကောင်းလေးဖြစ်မနေပေဘူးလား။
သူနဲ့ စကားပြောလို့ရတယ်လေ။

ငါတို့ငယ်ငယ်တုန်းက သူငယ်တန်းဘတ်စာမှာ
ပါပီကလေး ပုတုတု
သူ့စကားက ၀ုဝု၀ု။
သူ့စကားလူမသိ
လူ့စကားသူမသိ
သနားပါဘိ။
ဆိုတာလေး မင်းမှတ်မိမှာပေါ့။
တခြားစာလုံးတွေကို နားလည်ရလွယ်ပေမယ့် နောက်ဆုံးစာလုံးဖြစ်တဲ့ သနားပါဘိဆိုတာက ပါပီလေးကို
သနားတာလား။ လူကိုသနားတာလား။

ဘာကြောင့်လဲဆိုတော့ လူက ပါပီလေးစကားကို နားမလည်ဘူး၊ ပါပီလေးကလည်း လူစကားနားမလည်
ဘူး။
ခွေးကို သနားရမှာလား။ လူကို သနားရမှာလား။
အဲဒါကိုပြန်တွေးပြီး ငါနဲ့ငါ့ရဲ့ခွေးကလေးကြားမှာ ငါကခွေးကလေးကိုသနားမိသလို ခွေးကလေးကလည်း ငါ့
ကိုသနားနေမှာပဲ၊ ဆိုတဲ့အတွေးတွေနဲ့ မင်းပြောသလို ခွေးနဲ့ပလူးပလဲနေတဲ့ လူတယောက်ဖြစ်နေရတာပါ။
စိတ်နဲ့ပတ်သက်တဲ့ ရောဂါသက်သာလာတာဟာ ဒီခွေးကလေးနဲ့ တိုက်ရိုက်ကြီးမဟုတ်ပေမယ့် သွယ်ဝိုက်
တဲ့နည်းနဲ့ ပတ်သက်မနေနိုင်ပေဘူးလား။
ဘယ်လိုပဲဖြစ်ဖြစ် သူဟာငါ့အတွက် မိတ်ဆွေကောင်းလို့ ငါသတ်မှတ်တယ်။

ငါတယောက်တည်း တောင်တွေးမြောက်တွေးရင်း စိတ်မသက်မသာဖြစ်နေချိန်မှာ သူနဲ့ငါ စကားတွေပြော
ဖြစ်ကြတဲ့အတွက်၊ ငါပြောသမျှ နားထောင်ပေးတဲ့အတွက်၊ ငါပြာချင်တာကို ပြောလို့ရတဲ့အတွက်၊ ငါ့စိတ်ထဲ
မှာမွန်းကြတ်နေတာတွေ သက်သာတယ်၊ ပြေပျောက်တယ်။
ဒါကြောင့် သူဟာ ငါ့ရဲ့မိတ်ဆွေကောင်းလို့ ပြောလိုက်တာ မလွန်ပါဘူးနော်။

အောက်ဆုံးမှာ ငါ့ခွေးလေး ဟင်းရွက်တွေကိုက်စားနေတဲ့ ရုပ်သံဖိုင်လေးတခု ငါတင်ထားတယ်။ မင်းကြည့်လိုက် ဘယ်လိုမြင်သလဲ။
မင်းအရက်သောက်ချင်တဲ့အချိန် (ရင်းကိုက်နေတဲ့အချိန်)။
အရက်ဝင်ပြီး သွေးနည်းနည်းပူနေတဲ့အချိန်။
နောက်ဆုံး သွေးဆူနေတဲ့အချိန်။
အချိန်သုံးမျိုးနဲ့ ကြည့်ကြည့်လိုက်ပါ။
အချိန်တခုစီတိုင်း မင်းဘယ်လိုမြင်မလဲ။

ပြီးတော့ ကျောင်းကပြန်လာတဲ့ မင်းရဲ့ မြေးကလေးကိုဖွင့်ပြပြီး သူဘာပြောမလဲဆိုတာ မင်းမေးကြည့်။
နောက်တခါ အလုပ်ကပြန်လာတဲ့ မင်းရဲ့သမီးကိုပြပြီးမေးကြည့် သူဘာပြောမလဲ။
မင်းအိမ်ရဲ့ ခေါင်းရင်းဘက်က သီချင်းရေးတဲ့လူကိုမေးကြည့်။
သူဘယ်လိုပြောမလဲ။
မင်းခြေရင်းအိမ်က ပန်းချီ ဆရာကိုမေးကြည့် သူဘယ်လိုမြင်မလဲ။
မင်းအိမ်ရဲ့ မျက်နှာချင်းဆိုင်အိမ်က စာရေးဆရာကိုမေးကြည့် သူဘယ်လိုမှတ်ချက်ပေးမလဲ။

မင်းကိုပြောခဲ့သလို အရက်ဆာနေတဲ့အချိန်၊ အရက်နည်းနည်းလေးဝင်သွားတဲ့အချိန်နဲ့ အရက်အများကြီးဝင်
သွားတဲ့အချိန်၊ အဲ့ဒီအချိန်သုံးချိန်စလုံးထဲက မင်းမြင်တဲ့အမြင်တမျိုးမျိုးနဲ့ မြင်တဲ့လူ ရှိနိုင်ကောင်းရှိနိုင်ပေမယ့်
မင်းမြင်တဲ့ အမြင်သုံးမျိုးစလုံးနဲ့ ထပ်တူထပ်မျှ မြင်မယ့်လူဆိုတာ မရှိနိုင်ဘူးမဟုတ်လား။

ဒါပဲသူငယ်ချင်း။
ကိုယ်မြင်သလို မမြင်ရကောင်းလားဆိုပြီး အားလုံးကို အပြစ်မမြင်ပါနဲ့။
အပြစ်မတင်ပါနဲ့။
ငါတို့ စိတ်နဲ့ ငါတို့ကိုယ်ကိုပဲ မင်းစဉ်းစားကြည့်။
ငါတို့စိတ်ကလိုတဲ့အတိုင်း ဖြစ်ချင်တဲ့အတိုင်း ငါတို့ကိုယ်က လိုက်နိုင်ရဲ့လား။
ငါတို့ ကိုယ်ခန္ဓာတောင်မှ ငါတို့စိတ်ရဲ့အလိုကျ လုပ်မပေးနိုင်တဲ့နောက် မလိုက်နိုင်တဲ့နောက် အခြားတပါးသူ
တွေအနေနဲ့ ငါတို့ ဖြစ်စေချင်သလို ငါတို့ မြင်စေချင်သလို လုပ်ဘို့ မြင်ဘို့ဆိုတာပိုလို့တောင်မဖြစ်နိုင်ဘူးပေါ့။

ဒါပါပဲသူငယ်ချင်း။
ဒီလိုရေးပြလိုက်တာဟာ ငါ့အပေါ်အမြင်မှားနေတယ်ဆိုတာကို ရည်ရွယ်တာမဟုတ်ပါဘူး။
ကိုယ်လိုချင်တဲ့ ကိုယ်ဖြစ်စေချင်တဲ့ ကိုယ့်စိတ်ဆန္ဒအတိုင်း ဖြစ်မလာတာကို မဖြစ်ရကောင်းလားဆိုပြီး လူ
တွေအပေါ် အပြစ်မမြင်စေချင်လို့ပါ။

ကျန်းမာချမ်းသာပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)