• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, November 7, 2014

ငါးတကောင်၏ သေခြင်းတရား


ငါးတကောင်၏ သေခြင်းတရား

November 07, 2014
Friday

By မင်းစိုးစံ

သူငယ်ချင်းရေ.........။
ငါးတကောင်၏ သေခြင်းတရား ဆိုတဲ့ခေါင်းစည်းကိုမြင်လိုက်တာနဲ့ မင်းကို တရားဟောတော့မယ်လို့ ထင်
နေပြီလား။
မင်းကိုဟောဘို့တရား ငါ့မှာမရှိပါဘူးကွာ။ ငါကိုယ်နှိုက်ကလည်း တရားမှမရှိတာ။
ဒါပေမယ့် သေဘို့အတွက် ငါတို့တတွေမွေးလာခဲ့တာ ဆိုတာကိုတော့ ငါနားလည်မိတယ်။
မင်းလည်း ငါ့လိုပဲနားလည်လက်ခံနိုင်လိမ့်မယ်လို့ ငါထင်ပါတယ်။

ဒီလိုသူငယ်ချင်း ငါ့အိမ်မှာ ခွေးကလေးမွေးထားသလို ရွှေငါးလေးတွေလည်းမွေးထားတယ်ကွ။
သူတို့နဲ့ ငါ မကြာခဏဆိုသလို စကားပြောဖြစ်တယ်။ သူတို့လေးတွေက ငါပြောတဲ့စကားကိုနားလည်
သလိုလိုလုပ်ပြနေတာလေး မင်းကိုငါရေးပြမယ်။
ငါက သူတို့ကိုလှောင်ထားတဲ့ မှန်ရေကန်နားကပ်ပြီး ဟေ့ချာတိတ် လို့ခေါ်လိုက်တာနဲ့ ငါရှိတဲ့နေရာကိုကူးခပ်
လာကြပြီး မှန်မျက်နှာပြင်ကို သူတို့နှုတ်ခမ်းလေးတွေနဲ့ လာထိကြတယ်။ ရေမျက်နှာပြင်ပေါ်ကို ပြေးတက်ပြီး
ပူဖေါင်းလေးတွေကို ထိုးခွဲကြတယ်။ သူတို့ကိုအစာချကျွေးလိုက်တဲ့အခါ တကောင်က ရေပေါ်တက်ပြီးအစာ
ကို ထိုးဟပ်နေသလို တခြားတကောင်ကလည်း ရေအောက်ကို နိမ့်ဆင်းလာတဲ့အစာကို ထိုးဟပ် စားပြပြန်
တယ်။ နောက်ဆုံးကျတော့ ရေအောက်က ကျောက်တုံးလေးတွေပေါ်မှာ တလှုပ်လှုပ်ဖြစ်နေတဲ့ သူတို့အစာ
ကို အကုန်အစင်စားပစ်လိုက်ကြတယ်။
မ၀သေးလို့လားမသိဘူး၊ သူတို့တတွေ ရေထဲမှာမြူးတူးပျော်ပါး ကူးခတ်စားသောက်နေတာကို ကြည့်နေတဲ့
ငါရှိတဲ့ဘက်ကို လှည့်လာပြီး ထပ်တောင်းနေပြန်တယ်။ များများကျွေးလို့မရဘူးလေ။ သူ့အတိုင်းအတာနဲ့သူ
ပဲကျွေးလို့ရတာ။
အဲဒီလိုလေးတွေနဲ့ သူတို့အပေါ် ငါသံယောဇဉ်တွေဖြစ်လာခဲ့လိုက်တာ မကြာပါဘူးသူငယ်ချင်းရယ်၊ ရွှေငါး
လေးနှစ်ကောင်ထဲက တစ်ကောင်ကတော့ဖြင့် သေခြင်းတရားနဲ့ရင်ဆိုင်သွားလိုက်ရပြီသူငယ်ချင်း။ သူမသေ
မရှင်ဖြစ်နေချိန်လေးမှာ အသက်ကိုလုပြီးရှူနေလိုက်ပုံများ ကြည့်နေတဲ့ငါတောင် အသက်ရှူကြပ်လာတယ်။
အသက်ရှင်ကျန်ရစ်နေတဲ့ အကောင်လေးကတော့ ပျာယာခတ်နေတာပဲကွာ။ ငါ့ကိုကြည့်ပြီး အကူအညီပေး
ပါဗျာလို့ ပြောနေတယ်ဆိုတာ အလိုလိုသိနေလို့ သူ့သူငယ်ချင်း၊ သူ့အဖေါ်၊ သူ့မိတ်ဆွေအတွက် ငါ ရှင်အရ ဟံ ပုတီးစိပ်နည်းကို ရွတ်ပေးနေမိတယ်။
ဆိုင်တာ မဆိုင်တာ ငါမတွေးတတ်တော့ဘူး။ သူတို့ခံစားနေရတဲ့ သောကတွေ ငါ့ဆီကိုကူးလာတယ်။
နောက်တခုငါဆက်တွေးမိတာက ငါလည်း တနေ့မှာ ဒီရွှေငါးလေးလိုပဲ သေရမယ်။ ပြီးတော့ ငါ အသက်ကို
လုပြီးရှူရမယ်။ ယက်ကန်ယက်ကန်နဲ့ သေမယ်။ အဲဒီလို နောက်ဆုံးအချိန်ဆိုတာရောက်လာလျင် ခံစားရ
မယ့် အဆိုးရွားဆုံး အခြေအနေတခုကို ဘယ်လိုဘယ်ပုံဖြတ်သန်းကျော်လွှားရမလဲ ဆိုတာကို ငါလိုက်ရှာနေ
တယ်။

လူတွေက ပြောကြတယ်။ ကောင်းမှုဘယ်လိုပဲလုပ်လုပ် မကောင်းမှုဘယ်လိုပဲလုပ်လုပ် သေခါနီးလေးဟာ အရေးအကြီးဆုံးပဲတဲ့။
သေအံ့မူမူးအချိန်မှာ ခွေးအူသံ၊ ကြောင်အော်သံ၊ ကြက်တွန်သံ၊ အဲဒီလိုအသံတွေကြားလျင် ကောင်းမှုတွေ လုပ်ထားတဲ့လူ ဆိုလျင် တိရိစ္ဆာန်ဘုံကိုရောက်မှာပဲတဲ့။
တရားဒေသနာသံကြားတယ်၊ မေတ္တာပို့သံတွေကြားတယ်၊ ဆိုလျင် အဲဒီပုဂ္ဂိုလ် ကောင်းရာဘုံကိုရောက်မှာပဲ
တဲ့။ အကုသိုလ်လုပ်တဲ့ ပုဂ္ဂိုလ်လည်း ထို့နည်းအတိုင်းပဲတဲ့။

ငါ့အမြင်ကိုပြောရလျင် အထုံပါဘို့အရေးကြီးတယ်။ ဥပမာ မင်းအနေနဲ့ မင်းသိပ်ကြိုက်တဲ့ကဗျာတပုဒ်ကို အ လွတ်ရနေမယ်ဆိုလျင် ဘယ်တော့မျှမေ့မှာမဟုတ်ဘူး။ သီချင်း၊ စာတမ်းတိုလေး၊ စသည်ဖြင့်ပေါ့။ ငါဆိုလျင်
စာကြောင်းလေးတကြောင်းကို အခုထက်ထိမှတ်မိနေတယ်။ ဆရာမနုဿကျော်ဝင်းရေးခဲ့တဲ့စာကြောင်းလေးပါ။
သူ့ကြောင့် ပျက်ဆီးသောသင် မဖြစ်စေပဲ၊ သင့်ကြောင့် သူ တော်လာပါစေ။ တဲ့။
တရားဓမ္မတွေ ဟောနေတဲ့အသံကို ကြားနေရပေမယ့် ကောင်းမှုကုသိုလ်မလုပ်ထားဘူးဆိုလျင် သူဘယ်လို
လုပ်ပြီး နားလည်မှာလဲ။ ဥပမာကွာ ကကြီး ခကွေး လေးတောင်မရေးတတ်တဲ့လူကို ငါပြောတဲ့အတိုင်းလိုက်
ရေးပါလို့ ခိုင်းလျင် သူ ရေးနိုင်ပါ့မလား။

ဆိုလိုချင်တာကတော့ သေခါနီးမှာ စောစောကပြောတဲ့ ခွေးဟောင်သံ၊ ကြောင်အော်သံ၊ ကြက်တွန်သံတွေ
ကို အာရုဏ်ထဲမှာ ခံစားနိုင်မှာမဟုတ်ဘူး။ တရားဒေသနာလား၊ မေတ္တာသံလား ဒါလည်း ကြားချင်မှ ကြား
နိုင်မှာ။ ဘာကြောင့်လဲဆိုတော့ အသက်ကိုလုပြီး ရှူနေရတာမဟုတ်လား။ ဝေဒနာကို ခံစားနေရတာက တ
ဘက်နဲ့ လေကွာ။

ဒီတော့ ကောင်းမှုကုသိုလ်များများလုပ်ထားတဲ့လူဆိုလျင် စောစောကငါပြောသလို ကိုယ်မှတ်မိနေတဲ့ ကဗျာ
ဒါမှမဟုတ် စာတမ်းတိုလေးကို အချိန်မရွေးကောက်ရွတ်နိုင်သလို မှတ်မိနေသလိုမျိုး ကုသိုလ်ကိုအမှတ်ရပြီး
မကောင်းမှုကို အများကြီးလုပ်ထားတဲ့လူတွေကလည်း သူ့အကုသိုလ်ကို မမေ့မပျောက်နိုင်သလို ဖြစ်နေမှာ
ဆိုတော့ လူတိုင်းဟာ အသက်ရှင်နေချိန်မှာ ကုသိုလ်ကို အထုံပါအောင်လုပ်ထားနိုင်မှ သက်သာမယ်သူငယ် ချင်း။ မင်းကို ငါ တရားဟောနေတာမဟုတ်ဘူးနော်။
ငါ့ရဲ့ စိတ်အတွေးထဲက မပြောပ,လောက်တဲ့ နားလည်ထားသမျှ အိတ်သွန်ဖါမှောက် မင်းကိုပြောပြနေတာ။
သေခြင်းတရားနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့အချိန် တနည်းအားဖြင့် ငါတို့ ဟောဒီလူ့လောကကြီးထဲကနေ အ
ပြီးအပိုင် နှုတ်ဆက်ထွက်သွားရတော့မယ့် အချိန်အတွက် မင်းဘယ်လိုသဘောထားသလဲဆိုတာကို ငါသိ
ချင်လို့ပါ။

အောက်မှာ ငါမွေးထားတဲ့ ရွှေငါးလေးနှစ်ကောင်ထဲက တကောင်ရဲ့နောက်ဆုံးခရီးကို ငါကိုယ်တိုင် ရိုက်ထား
တဲ့ ဗွီဒီအိုကလစ်လေး။

    

ဒါကတော့ မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး ရဲ့ ကဗျာပါ။

“ဧည့်သည်တိုင်း၏ လမ်းခရီး”

လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။

ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။

လာပြီးတော့နား
မသွားသေးခင် ချိန်လေးတွင်မှ
ဝန်းကျင်ယှက်နွယ် နှောင်ကြိုးသွယ်ခဲ့။

ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ပါတကား။ ။

ငါသည်ပင်မူ
ခေါ်သူမရှိ ရောက်လာမိစဉ်
နှင်သူမရှိ ပြန်ဖို့ရှိ၏။

ငါနေသည့်အိမ် ငါ၏အိမ်ဟု
ငါ့အိမ်မှာထား ငါ့မယားနှင့်
ငါ့လင်သားနှင့် ငါးသားသမီး
ငါ့ပစ္စည်းဟု
ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့။

အမှန်မှာမူ
ငါလာသောခါ လက်ဗလာတည်း
 ပြန်ရပါလျင် လက်ချည်းပင်တည်း
ငါ့တွင် ကိုယ်ပိုင်မရှိပါတကား။

လာသူလာလည်း
လာစမ်းပါစေ မဆီးလေနှင့်
သွားသူသွားလည်း
သွားစမ်းပါစေ မတားလေနှင့်
တို့တတွေမှာ သဘာဝလျှင်
အမိရင်ဝယ် ထွက်ဝင်ခိုနား
ခရီးသွားသည့် ဧည့်သည်တွေပါတကား…။ ။

(မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး)

Copy from http://teirtza15.rssing.com/chan-8894010/all_p1.html

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)