• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, November 17, 2014

တို့ဟူးသုပ်ကြောင့် ရရှိလိုက်သော တလပေါ့ဟင်းတစ်ခွက်

မယ်ဇလီရွက် နှင့် အဖူးများ

တို့ဟူးသုပ်ကြောင့်

ရရှိလိုက်သော တလပေါ့ဟင်းတစ်ခွက်

November 17, 2014
Monday

By မင်းစိုးစံ

သူငယ်ချင်း မနေ့ည နှင်းတွေတအားကျလို့ အပူချိန် အနှုတ်၂ဒီဂရီအောက်မှာ မင်းအရက်ထွက်ဝယ်တယ်တဲ့
အဲဒီလိုဝယ်အပြီးပြန်အလာမှာ မင်းကို ကားတစ်စီးက ၀င်အောင်းတော့မလိုလိုဖြစ်သွားလို့ နှင်းပုံနှင်းခဲတွေ
ပေါ် လဲကျသွားတယ်ဆိုတဲ့သတင်း ငါကြားရတာစိတ်မကောင်းဘူး။
အဲဒါပဲသူငယ်ချင်း အစားမတော် တစ်လုတ် အသွားမတော် တစ်လှမ်း ဆိုတာ။
မင်းကိုသာငါက ဆုံးသလိုလို ဆရာကြီးလုပ်သလိုလို ပြောပြောနေတာ၊ ငါလည်း တိုက်တိုက်ဆိုင် နှင်းတွေ
တဖွဲဖွဲကျနေတဲ့မနက်မှာ တိုဟူးသုတ် လုပ်စားချင်လို့ အွန်လိုင်းပေါ်က ဆရာတွေရေးတဲ့အတိုင်း ပဲကိုအမှုန့်
ကြိတ်ပြီး ရေနဲ့ဖျော်၊ အတုံးအခဲလေးတွေမရှိအောင် ချေ။ ပဲမှုန့်တဆ ရေနှစ်ဆနဲ့ကျိုတာပေါ့။
ပြီးလည်းပြီးရော အောက်ကပုံအတိုင်း တို့ဟူးအပြားကြီးဖြစ်သွားတယ်။

ပဲဝါခြမ်းကိုအမှုန့်ကြိတ်၊ ရေနဲ့ဖျော်၊ ကျိုအပြီး မြင်ရတဲ့ တို့ဟူး

မန်းကျည်းမှည့်ရည်တွေစိမ်၊ ချင်း(ဂျင်း)ကိုထောင်း အရည်ညှစ် မန်ကျည်းမှည့်ရည်ထဲ ရောထည့်။
ကြက်သွန်ဖြူထောင်း မန်ကျည်းမှည့်ရည်နဲ့ရော။
ဆားထည့် မွှေ။
အဲဒီလိုလုပ်နေတုန်း အပြင်ကပြန်ရောက်လာတဲ့ ငါ့အိမ်ရှင်မ ငါ့ကို ပွမ်ပါရောကွာ။
သူက ထိုင်းကြက်သားလက်သုပ် သုပ်စားဘို့ စီစဉ်ထားတာ။
အမွှေးအကြိုင်တွေစုံနေတာပဲ၊ ဟင်းရွက်တွေလည်း အစုံပေါ့ကွာ။

"ရှင် ဘာလုပ်နေတာလဲ"
"မြင်တဲ့အတိုင်းပဲ"
"ဒါက ဘာလုပ်ဘို့တုန်း"
"အခုလို ချမ်းချမ်းဒီးဒီးအချိန်မှာ အဖန်ရည်ခါးခါးလေးနဲ့ တွဲသောက်ချင်လို့"
"ကြက်သားသုပ် စားဘို့ဈေးသွားဝယ်တာ ရှင်မသိဘူးလား"
"တော်တော့။ မနက်စောစောစီးစီး စကားမများချင်ဘူး"
"ဘာပြောတယ်။ မနက်စောစောစီးစီး ဟုတ်လား။ နေ့လည်ပိုင်းရောက်နေပြီ။ အိပ်ရမယ့်အချိန်မအိပ်။
နိုးရမယ့်အချိန်မနိုး။ ကျန်းမာရေးလည်း ဂရုမစိုက်။ စားချင်တာစား။ သောက်ချင်ရာ သောက်။
စိတ်ညစ်တယ်။"
ငါလည်း ဆက်မပြောချင်တော့ဘူး။ အိမ်ရှေ့ဧည့်ခန်းဘက်ထွက်လာပြီး သတင်းနားထောင်နေလိုက်တယ်။
ငါ့အိမ်ရှင်မ ဧည့်ခန်းထဲလိုက်လာတယ်။ မန်ကျည်းမှည့်ချဉ်ရည်ပန်းကန်လုံးကို ကိုင်ရင်း
"ဒါတွေက ဘာလုပ်မလို့လဲ"
"တို့ဟူး သုပ်ဘို့"
"ရှင်ဟာလေ အစားဆိုလျင် ငမ်းငမ်းတက်။
ဟိုလွန်ခဲ့တဲ့အပါတ်တုန်းကလည်း ၀က်သားကင် စားဘို့ဆိုပြီးကင်လိုက်တာ အကုန်လုံးအမှိုက်ပုံးထဲရောက်
ကုန်တယ်။
ဒီပဲလည်း အမှိုက်ပုံးနဲ့ နှစ်ပါးသွားမှာသေခြာတယ်"
အဲဒီလိုလာပြောတော့ ငါလည်း မင်းအပေါ်က မြင်ရတဲ့ဓါတ်ပုံထဲက တို့ဟူးပြားနဲ့အတူ အချဉ်ရည်တွေကိုပါ
အမှိုက်ပုံးထဲ ဒေါသနဲ့သွန်ပစ်လိုက်တယ်။
ငါ့အိမ်ရှင်မ ငိုပါရောကွာ။

အဲဒါပြောတာ အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း ဆိုတာ။
ငါ့အိမ်ရှင်မ ထိုင်းကြက်သားသုပ် မသုပ်တော့သလို ဘာဆိုဘာမျှ မချက်တော့တာ။
ငါလည်း ဆာနေပြီဆိုတော့ မနေ့က လက်ကျန် ဆန်ပြုတ်အဖြူထည်ကိုယူ၊ ကြက်သားနဲ့ ဟင်းရွက်ရောကြော်
ထားတဲ့လက်ကျန်ဟင်းတွေထဲက ကြက်သားတွေကိုထုတ်။ ဆန်ပြုတ်နဲ့ရောပြီး မယ်ဇလီရွက်နဲ့မွှေပြီး တာလ
ပေါ့ချက်ပစ်လိုက်တယ်။
စပါးလင်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သားကို နို့ဆီလို ပျစ်ခဲအောင်လုပ်ထားတဲ့ Cream of Chicken တွေနဲ့ တွဲ
ချက်လိုက်တာ အဆင်ပြေတယ်ဟေ့။
အားလုံးချက်ပြုတ်ပြီးတော့ ငါ့အိမ်ရှင်မကို ပြန်ချော့ရတာပေါ့။
အဆင်သင့်ဖြစ်ပြီ ထမင်းစားမယ်လို့ခေါ်ပြီး ပဲလက်သုပ် သုပ်ခိုင်းလိုက်တယ်။ ပထမတော့ မူနေတာပေါ့ကွာ။
နောက်တော့လည်း လင်နဲ့မယား လျှာနဲ့သွား ဆိုသလိုပေါ့။ ငြိမ်းချမ်းရေးရသွားတယ်။

ဒီနေရာမှာ ဘာကြောင့်ငြိမ်းချမ်းရေးရသွားသလဲဆိုတာ ငါပြောပြမယ်။
ငါတို့ဇနီးမောင်နှံမှာ ၂၀၁၃ခု ပထမဆုံးလမှာပဲ၊ အစားအသောက်နဲ့ ပတ်သက်လို့ သဘောတူထားတာ တခု
ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ကျန်းမာရေးနဲ့ညီတဲ့အစားအသောက်ကို လုံလုံလောက်လောက်စားကြ
မယ်။ ချက်ပြီးလို့ စားလို့မကုန်တဲ့ ထမင်းလက်ကျန်၊ ဟင်းလက်ကျန်တွေကို သွန်ပစ်တာမျိုး မလုပ်ကြေး။

အဲဒီတော့ မနေ့ညနေပိုင်းက ကြက်သားနဲ့ဟင်းရွက်ကြော်နဲ့ ဆန်ပြုတ်အဖြူထည် ကို တာလပေါ့ဖြစ်အောင်
ချက်ပြလိုက်တဲ့အတွက် သူ့စိတ်ထဲကျေနပ်သွားတာ။ ငါက လက်ကျန်ဟင်းတွေဆို သွန်ပစ်တာ။
သွန်မပစ်ဘူး ဆိုလျင်တောင် မစားဘူး။ အသစ်ထပ်ချက်တာ။
ဒုက္ခသည်စခန်းမှာ နေခဲ့ရတုန်းက မ၀ရေဆာလေးနဲ့ အသက်ရှင်ရတာကို အတိုးချပြီးစားမယ်၊ ဘာဖြစ်လဲ။
ဆိုတဲ့စိတ်ပေါ့။
အခုဆိုလျင် ရေကိုတောင်ချွေချွေတာတာသုံးဘို့ ဆိုပြီး ငါ့မြေးလေးတွေ ကျောင်းက ပညာပေးလက်ကမ်းစာ
စောင်တွေ ယူလာပြီး ပြန်ပြောပြနေတာ သတိထားမိတယ်။
ငါတို့ဇနီးမောင်နှံနှစ်ဖေါ် အစားအသောက်ကို ချွေတာတယ်ဆိုတာ သူဌေးဖြစ်ဘို့၊ ကုမ္ပဏီထောင်ဘို့ မဟုတ်
ပါဘူး။ လှူဘို့တန်းဘို့ လောက်ပါ။ ငါတို့အခြေအနေကလည်း အမေရိကန်ထီ(Power ball) မပေါက်သမျှ သူ
ဌေးကြီးဖြစ်ဘို့ မရှိနိုင်ပါဘူး။

အခုလို နည်းနည်းလေး သတိထားပြီး စားလိုက်ရုံလေးနဲ့ လှူဘို့ငွေစလေးတွေ ဖြစ်လာတယ်။
ဥပမာပြရလျင် ငါ့စာသင်ခန်းလေးက ကလေးတွေအတွက် မုန့်ပဲသားရည်စာတွေဝယ်ကျွေးနိုင်တယ်။
သူတို့အတွက် စာသင်တဲ့အခါမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကူးယူဘို့ လိုအပ်တဲ့ စာရွက်၊ ဆေး၊ စတဲ့
ဟာတွေကို ၀ယ်ထည့်နိုင်တယ်။

ငါချက်ထားတဲ့ တာလပေါ့က ပူပူ၊ ခါးခါးကြီး။

မင်းမြီးကြည့်လိုက်စမ်းပါဦး။ မင်းသောက်မယ့် အရက်နဲ့ လိုက်ဘက်ပါ့မလား။
ကဲသူငယ်ချင်း မင်းလည်း အရက်ကလေးနည်းနည်းလျှော့ပြီး အလှူမလုပ်ချင်ဘူးလား။
အောက်မှာ ငါ့မြေးလေးတွေ စာအံသံလေး မင်းနားထောင်ကြည့်။ လှူချင်တန်းချင်စိတ်လေးဝင်လာပြီ ဆိုလျင်
ငါ့စာသင်ခန်းလေးထဲမှာ ဘာလိုအပ်နေသလဲ ဆိုတာ လာကြည့်။ အဲဒီထဲက မင်းတတ်နိုင်တဲ့ ခဲတံလား၊ စာ
အုပ်လား၊ စားပွဲခုံပုလေးလား၊ ကျောက်သင်ပုံးလား။ လှူချင်သပ ဆိုလျင်ပေါ့။
တခုတော့ရှိတယ်။ မင်းအရက်သောက်မယ့် ပိုက်ဆံထဲကဆိုလျင် ပိုပြီးကောင်းတာပေါ့ကွာ။



သူငယ်ချင်းရေ တော်လှန်ရေးသမားမှန်လျင် တော်လှန်ရေးသတိဆိုတာ အမြဲရှိနေဘို့လိုအပ်တယ်။
အဲဒါမှ နေရာတိုင်းမှာ တော်လှန်ရေးလုပ်ဘို့ လိုအပ်တယ်ဆိုတာ သိနိုင်လိမ့်မယ်။
ဘာကြောင့်လည်းဆိုတော့ ငါတို့ပတ်ဝန်းကျင်ရဲ့ နေရာတိုင်းမှာ ဖေါက်ပြန်ရေးသမားတွေ ရှိနေလို့ပဲ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)