• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
Showing posts with label Short story. Show all posts
Showing posts with label Short story. Show all posts

Wednesday, April 30, 2014

အမှိုက်ပုံးပြောသော အချစ်ဇာတ်လမ်း

Source photo from http://www.google.com/images

အမှိုက်ပုံးပြောသော အချစ်ဇာတ်လမ်း

April 03, 2014
Wednesday

By မင်းစိုးစံ

ကျုပ်ဟာ အမှိုက်ပုံးတပုံးဖြစ်ပါတယ်။
ကျုပ်ကို ထိုင်းနိုင်ငံက စပ်ရုံတရုံကထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒီနိုင်ငံကို နိုင်ငံခြားပို့ကုန်အဖြစ်နဲ့ ရောက်လာတာပါ။
ကျုပ်အခုနေနေတဲ့အိမ်ကို ရောက်လာတာမကြာသေးပါဘူး။ မကြာသေးဆို အခုထက်ထိ ကျုပ်နေရမယ့် နေရာကိုမရောက်
သေးပဲ အိမ်ရှေ့မျက်ခင်းပြင်ပေါ်က ပန်းပင်တွေကြားမှာ ပုံမကျပန်းမကျ လဲကျမလိုအနေအထားနဲ့ ပန်းအိုးတလုံးကိုမှီလျက်
သား နေနေရပါတယ်။
အရင်တုန်းက ကျုပ်ရဲ့ပိုင်ရှင်ဟာ တခြားရပ်ကွက်တခုမှာနေထိုင်ပြီး သူမရှိတော့တဲ့နောက်မှာ အဖုံးမရှိတော့တဲ့ကျုပ်ကို အခု
လက်ရှိ ကျုပ်နေရမယ့်ပိုင်ရှင်ရဲ့လက်ထဲ မတော်လိုက်ရတဲ့ ပိုင်ရှင်မလေးက ပေးလိုက်တာပါ။

ကျုပ်ကိုပိုင်ခဲ့တဲ့ပိုင်ရှင်ဟောင်းဟာ တကိုယ်တည်းသမားပီပီ အိမ်ပြန်ချိန် အိပ်ချိန် စားချိန် မမှန်တတ်ပါဘူး။
တခါတလေ သုံးရက် လေးရက်လောက် ကျုပ်ကို ကြွက်တွေ ပိုးဟပ်တွေနဲ့ အတူထားရစ်တတ်ပါတယ်။
တခါတရံ သူ့ရည်းစားကိုခေါ်လာတတ်သလို တခါတလေမှာတော့ သူငယ်ချင်းတွေနဲ့အရက်တွေ ဘီယာတွေကို ညလုံး
ပေါက်သောက်တတ်ပါတယ်။
ကျုပ်ကတော့ အမှိုက်ပုံးပီပီ သူ့ရည်းစားကိုခေါ်လာတဲ့ညတွေမှာ သူ့ရည်းစားမပြန်ခင် သေသေသပ်သပ်နဲ့ သိမ်းဆည်းထုပ်
ပိုးပြီးသား စားကြွင်းစားကျန်စွန့်ပစ်ပစ္စည်းအချို့ကို သိုမှီးထားရတတ်ပေမယ့် သူတို့သူငယ်ချင်းတွေ ဘီယာသောက်တဲ့အခါ
မျိုးမှာတော့ ဘီယာဗူးခွံတွေအပြင် ဖရိုဖရဲနဲ့ စနစ်တကျထုပ်ပိုးထားမှုမရှိတဲ့ ပေရေနေတဲ့စားကြွင်းစားကျန်ဗူးခွံတွေကို အပြည့်
အလျှံ လက်ခံထားရလေ့ရှိပါတယ်။

သူအပြင်ထွက်သွားတဲ့အချိန်မှာ စားကြွင်းစားကျန်တွေကို စားသောက်ဘို့အတွက် ပိုးဟပ်တွေဟာ ကျုပ်ဆီကို အလုအယက်
တိုးဝှေ့ပြီး ရောက်လာတတ်သလို ကြွက်တွေကလည်း နှုတ်ခမ်းမွှေးတလှုပ်လှုပ်လုပ်ပြီး အဖုံးဖွင့်ဝင် လာကြပါတော့တယ်။
တပျော်တပါးတိုးဝှေ့လှန်လှော လုယက်စားသောက်ပြီးတာနဲ့ ကြွက်တွေအားလုံးနီးပါးဟာ ကျုပ်နဲ့ ဝေးရာကိုထွက်သွားကြပေ
မယ့် ပိုးဟပ်တွေကတော့ စိန်ပြေနပြေ တနေကုန်တနေခမ်း နားနားနေနေ စားသောက်နေပါတော့တယ်။

ကျုပ်ရဲ့ပိုင်ရှင်ပြန်လာလို့ အမှိုက်သိမ်းတဲ့အခါမှာတော့ ပိုးဟပ်တချို့ စားကြွင်းစားကျန်နဲ့ အမှိုက်သရိုက်ကြားကနေ မြန်မြန်
သွက်သွက်ထွက်ပြေးသွားနိုင်ကြပေမယ့် တချို့မှာတော့ ကျုပ်ပိုင်ရှင်သယ်သွားတဲ့အထဲ ယက်ကန်ယက်ကန်နဲ့ ပါသွားကြပါ
တော့တယ်။
ကျုပ်ပိုင်ရှင်ဟာ ကျုပ်ကိုနေ့တိုင်းလိုလို သန့်ရှင်းရေးလုပ်ပေးတတ်ပါတယ်။ ခရီးလွန်နေတဲ့နေ့မျိုးတွေနဲ့ အမူးလွန်သွားတဲ့အခါ
မျိုးတွေမှာဆိုလျင် ကျုပ်ဟာအံချင်စော်ကိုနံနေရပါတယ်။

ဒီလိုနဲ့ တနေ့မှာတော့ နုနုငယ်ငယ်ကြွက်စုံတွဲလေးတတွဲဟာ ကျုပ်ရဲ့ဘေးမှာ ပြေးလွှားရင်းတကျွိကျွိနဲ့ အချစ်တေးကိုသီဆိုပြီး
တကောင်နဲ့တကောင် ကလူကျီစယ်နေကြပါတယ်။
တခါတလေ ကြွက်မငယ်လေးဟာ ရှေ့ကနေပြေးလိုက် နောက်ကနေလိုက်လိုက် လုပ်နေသလို ကြွက်ထီးငယ်လေးက လည်း ပြေးမလိုလို လိုက်မလိုလိုလုပ်ပြီး ကြွက်မငယ်လေးရဲ့ ဘေးတိုက်အနေအထားကနေ ခိုးနမ်းသွားတာကြောင့် ကြွက်မ
ငယ်လေးခမျာ မျက်လုံးလေးကလယ်လယ်လုပ်ရင်း တကျွိကျွိနဲ့ စိတ်ဆိုးပြတတ်ပါတယ်။

တညမှာတော့ သူတို့အတွဲရဲ့လှုပ်ရှားပုံတွေကိုကြည့်ရင်း ကျုပ်ဟာ ကျုပ်ရဲ့လက်ရှိအမှိုက်ပုံးဘ၀ကို မေ့တော့မလိုလိုဖြစ်နေ
တုန်း တံခါးဖွင့်သံနဲ့အတူ ကျုပ်ရဲ့ပိုင်ရှင်ဝင်လာပါတော့တယ်၊
သူ့ပုံစံက ခါတိုင်းပုံစံမျိုးမဟုတ်ပဲ တခုခုကို အတော်လေးမကြေမချမ်းဖြစ်နေပုံပါပဲ။

သူဟာ ကျုပ်အနားမှာကပ်နေတဲ့ ရေခဲသေတ္တာကိုဆွဲဖွင့်ပြီး တုတ်ကောက်နဲ့လမ်းလျှောက်နေတဲ့လူတယောက်ပုံ ပါတဲ့ ပု
လင်းကြီးတလုံးကိုထုတ်ယူလိုက်ပါတယ်။
သူထိုင်နေကျထမင်းစားပွဲလည်းဟုတ် စာရေးစားပွဲခုံလည်းဟုတ် လက်ဂ်တော့ပ်တင်တဲ့ခုံလည်းဟုတ် ဧည့်သည်ဆောင်
သည်တွေနဲ့ လက်ခံတွေ့ဆုံစကားစမြည်ပြောတဲ့ ခုံလည်း ဟုတ်တဲ့ တခုတည်းသာရှိတဲ့ခုံပေါ်ကို အဲဒီပုလင်းကိုတင်လိုက်
ပါတယ်။
ပြီးတာနဲ့ ခွက်တွေ ပန်းကန်တွေထားတဲ့ ဘီရိုထဲက ဖန်ခွက်တလုံးကိုယူလိုက်ပြီး တယောက်တည်း ထိုင်သောက်နေပါတော့
တယ်။ ဒီအချိန်မှာ ကြွက်စုံတွဲလေးဟာ ကျုပ်ရဲ့နောက်ကနေ မြင်ကွင်းကိုကြည့်နေကြပါတယ်။
ခဏလေးအကြာမှာတော့ ကြွက်ပျိုမလေးက လှစ်ကနဲပြေး ထွက်သွားတာမို့ ကြွက်လူပျိုလေးကလည်း အပြေးကလေးလိုက်
သွားရင်း မလွယ်ပေါက်ကလေးထဲ အတူတကွပြေးဝင်ပျောက်ကွယ်သွားကြပါတော့တယ်။

ကျုပ်ကတော့ ကျုပ်ပိုင်ရှင်ကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေမိပါတယ်။
ကျုပ်အတွက်ပေးထားတဲ့နေရာလေး ကနေကြည့်မယ်ဆိုလျင် ကျုပ်ရှေ့တည့်တည့်မှာ စောစောတုန်းကပြောခဲ့တဲ့ တခုတည်း
သောစားပွဲနဲ့ ကုလားထိုင်လေးလုံးရှိပါတယ်။
ကျုပ်ရဲ့နောက်မှာက ထရံ။ ကျုပ်ရဲ့ လက်ဝဲဘက်မှာပန်းကန်တွေဆေးကြောတဲ့နေရာ၊ အခြားမီးဖိုချောင်သုံးပစ္စည်းတွေ၊ ချက်
ပြုတ်ကြော်လှော်စရာမီးဖိုနဲ့ ရေခဲသေတ္တာတွေက နေရာယူထားပြီး လက်ျာဘက်မှာတော့ အဆင့်သုံးဆင့်ပါတဲ့ စင်လေးတ
ခုရှိပါတယ်။
အဲဒီစင်လေးရဲ့ အပေါ်ဆုံးအဆင့်မှာ သီဟိုဠ်စေ့၊ မြေပဲဆံ၊ နေကြာစေ့၊ ပုလင်းတွေထားပြီး ဒုတိယအဆင့်မှာတော့ ပန်းကန်
ပြား၊ ပန်းကန်လုံးအနည်းအကျဉ်းနဲ့ တတိယအဆင့်ဖြစ်တဲ့ အောက်ဆုံးမှာက ရေသန့်ဗူးတွေထားပါတယ်။
စင်လေးရဲ့ဘေးမှာတော့ သူဝတ်ပြီးသားအ၀တ်ဟောင်းတွေထည့်ထားတဲ့ လေးထောင့်စပ်စပ်ပလပ်စတစ်ပုံးတလုံးနဲ့ ဘိနပ်
စင်၊ အနွေးထည်မျိုးစုံ ထီး အမှိုက်စုပ်စက် စတဲ့ပစ္စည်းတွေ ထားတဲ့အခန်းရှိပါတယ်။
အခန်းကို တံခါးလေးနဲ့ လုပ်ထားတာမို့ တံခါးရွက်နှစ်ချပ်ကိုစေ့ထားတဲ့အခါ ဘိနပ်နဲ့အတူထားလေ့ရှိတဲ့ သုံးပြီးသားခြေစွပ်
က အနံ့အသက်ကိုမရနိုင်သလို အ၀တ်ဟောင်းအနံ့တွေထွက်မလာပေမယ့် တံခါးကိုဖွင့်လိုက်ပြီဆိုလျင်တော့ ဆိုးရွားတဲ့အ
နံ့အသက်တွေဟာ အလုံးအရင်းနဲ့ပြေးထွက်လာပြီး အနီးတ၀ိုက်ကို အတော်ကြာကြာနေရာယူတတ်ပါတယ်။

ရုတ်တရက် စေ့ထားတဲ့အိမ်ရှေ့တံခါးပွင့်လာပြီး သူ့သူငယ်ချင်းတွေရောက်လာကြပါတယ်။
ပြီးတော့ သူတို့တတွေ ကုလားထိုင်ကိုယ်စီနဲ့ စားပွဲပေါ်မှာနေရာယူလိုက်ကြပါတယ်။
အစပထမပိုင်းမှာ တိုးတိုးသက်သာရှိလှတဲ့ သူတို့ပြောဆိုနေကြတဲ့အသံတွေဟာ တဖြည်းဖြည်းဆူညံလာရာကနေ တဆ
ထက်တဆ ပိုပိုပြီးကျယ်လောင်လာပါတော့တယ်။
နောက်တော့ ရုန်းရင်းဆန်ခပ်ဖြစ်ကြပါတယ်။ နောက်ဆုံးမှာတော့ နီရဲစေးထန်းနေတဲ့အရည်လိုလို အရာတချို့ကျုပ်ရှေ့က ကြမ်းပေါ်ကို အတော်များများလွင့်စင်ကျလာပါတယ်။
မကြာမတင်မှာ မီးသတ်ကားအော်သံကို ကြားရသလို ခါတိုင်းထက်ပိုများတဲ့ ခြေထောက်တွေနဲ့အတူ အိမ်ရှေ့တံခါးပေါက်
ကနေ ဘီးအငယ်စားတပ်ထားတဲ့ ရှည်မျောမျောလက်တွန်းလှည်းတွေဝင်လာတာကို တွေ့ရပါတယ်။

အိမ်အပြင်ဘက်ကို ပြန်ထွက်သွားတဲ့လှည်းတွေပေါ်မှာ အရာဝတ္ထုတခုခုပါသွားပုံရပါတယ်။
မကြာခင်မှာတော့ တံခါးပိတ်သံနဲ့အတူ ကားတွေဆီကလာတဲ့မီးရောင်တွေပျောက်ကုန်ပြီး တခန်းလုံးငြိမ်ကျသွားပါတယ်။
ကြမ်းပြင်ပေါ်ကို ပြူတင်းပေါက်ကနေ တဆင့်ဝင်လာတဲ့လမ်းဘေးမီးရောင်အောက်မှာတော့ ပိုးဟပ်အတော်များများနဲ့ ကြွက်
တွေဟာ တခန်းလုံးအနှံ့ လွတ်လပ်စွာနဲ့ ပြေးလွှားဆော့ကစားနေကြပါတော့တယ်။
ပိုးဟပ်အတော်များများဟာ ရုန်းရင်းဆန်ခပ်ဖြစ်ခဲ့စဉ်က ကြမ်းပေါ်ကိုလွင့်စင်ကျလာတဲ့ နီရဲစေးထန်းနေတဲ့ အရည်တွေကို
ဝိုင်းအုံပြီး ပွဲတော်တည်နေကြသလို အချို့ပိုးဟပ်တွေကတော့ သန့်ရှင်းမှုမရှိတဲ့ ကျုပ်အပေါ်မှာတိုးဝှေ့ကခုန်နေကြပါတော့
တယ်။

မိုးလင်းသွားပါပြီ။
ပိုးဟပ်အချို့ကတော့ သူတို့နေနေကျ ဘီရိုတွေကြား အံဆွဲတွေ ရေခဲသေတ္တာရဲ့နောက်ကျောနဲ့ မှောင်နေတဲ့နေရာတွေရှိရာမှာ
ဝင်ရောက်နေရာယူသွားကြသလို အချို့မှာတော့ ကြမ်းပြင်ပေါ်ကညှီစို့စို့သွေးကွက်တွေကြားမှာ အရာရာကိုမေ့နေသလား
လို့ ထင်ရလောက်အောင် ပွဲတော်တည်လို့ ကောင်းတုန်းဖြစ်ပါတယ်။
ဒီအခိုက်မှာ အိမ်ရှေ့တံခါးမကြီး ပွင့်လာတာနဲ့အတူ ကျုပ်ပိုင်ရှင်ရဲ့ချစ်သူ ရောက်လာပါတယ်။
ရောက်ရောက်ချင်းမှာပဲ ကြမ်းပြင်ပေါ်ကသွေးကွက်တွေကို မျက်ရည်စက်လက်နဲ့ ဆေးကြောပစ်ပါတယ်။ အခန်းတခန်းလုံးကို သေခြာကျနစွာသန့်ရှင်းရေးလုပ်ပြီးသွားတာနဲ့ ကျုပ်ကိုရေတွေဆပ်ပြာရည်တွေနဲ့ သန့်ရှင်းပါတယ်။
ရေတွေစင်အောင်သုပ်ပေးပြီးတာနဲ့ ကျုပ်ရဲ့အဖုံးကို သူမဟာ အခြားပစ္စည်းများနဲ့အတူ သယ်ထုတ်သွားပြီး အခန်းတံခါးကို
လေးတွဲ့စွာ ပိတ်လိုက်ပါတယ်။

ခဏလေးအကြာမှာတော့ ကြွက်စုံတွဲလေး ထွက်လာပြီး ချစ်ဇာတ်လမ်းလေးစပါတော့တယ်။
ပြေးမလိုလိုနဲ့ ရပ်နေလိုက် ရပ်တော့မလိုလိုနဲ့ ပြေးလိုက်။
လိုက်တဲ့ဘက်ကလည်း တကယ်ပြေးလိုက်တော့မလိုလိုနဲ့ ခေါင်းလေးကို ဟိုဘက်သည်ဘက် ကြည့်သလိုလိုလုပ်ရင်း ရပ်
နေတတ်သလို လက်ကလေးနှစ်ဘက်ကို လျှာနဲ့လျက်ရင်းအလစ်ချောင်းသလိုလို လုပ်နေတတ်ပါတယ်။
အဲဒီလို ပြေးရင်းလွှားရင်းကနေ သူတို့စုံတွဲဟာ ကျုပ်လက်ျာဘက်က အ၀တ်ဟောင်းတွေ ဘိနပ်စင်နဲ့ အမှိုက်စုပ်စက်ထားတဲ့
အခန်းထဲ ပြေးဝင်သွားကြပါတယ်၊ ပြီးတော့ သီဟိုဠ် စေ့တွေတင်ထားတဲ့စင်ပေါ်ကို ပြေးတက်သွားကြပြန်ပါတယ်။
တခါ စင်အောက်ကိုဆင်းလာပြီး ကျုပ်ရှေ့တည့်တည့်က စားပွဲခုံနဲ့ ထိုင်ခုံတွေကြား လိုက်တမ်းပြေးတမ်းကစားနေပါတယ်။
အော် ချစ်သူတို့ဘ၀ ပျော်လိုက်ကြပုံများ။

အမှိုက်ပုံးဘ၀ ကျုပ်ကတော့ဖြင့် အထီးကျန်ဆန်လိုက်ပါဘိ။
ကျုပ်ရှေ့တည့်တည့်ကစားပွဲခုံမှာ သူ့အဖေါ် ထိုင်ခုံလေးတွေရှိတယ်။
ကျုပ်ရဲ့လက်ဝဲဘက်က ရေခဲသေတ္တာထဲမှာ သူ့အဖေါ် အစားအသောက်တွေရှိသလို ကျုပ်ရဲ့ လက်ျာဘက်က စင်ပေါ်မှာတော့
သီဟိုဠ်စေ့ပုလင်း ပန်းကန်လုံးပန်းကန်ပြားနဲ့ ရေသန့်ဗူးတွေဆိုတာ စင်လေးရဲ့အဖေါ်ပဲမဟုတ်ပါလား။
ကျုပ်မှာကတော့ ကျုပ်ရဲ့အဖေါ်လို့ပြောလို့ရတဲ့ အဖုံးလေးတောင် ကျုပ်နဲ့အတူရှိမနေဘူး။
အဖေါ်ရှိလျင် သိပ်ကောင်းမှာပဲ။
အမှိုက်ပုံးဆိုမှတော့ ကျုပ်ရဲ့အဖေါ်က အနံ့ဆိုးတဲ့ ညစ်ညမ်းတဲ့ မသန့်ရှင်းတဲ့ အရာဝတ္ထု တွေကလွဲပြီး ဘာများရှိမှာတဲ့လဲဗျာ။

တွေးလို့ကောင်းနေတုန်း ကြွက်စုံတွဲလေး ပြေးထွက်လာကြပြန်ပါပြီ။
ပြေးလိုက် ဆော့လိုက် အသံပေးလိုက်။
ပြေးတက် ပြေးဆင်းလုပ်နေလိုက်ကြတာများ မျက်စေ့တောင်နောက်တယ်။
ဒီအချိန်မှာ မမျှော်လင့်ပဲ ကျုပ်ရဲ့အထဲကို ဘယ်အချိန်က စင်ပေါ်ရောက်နေမှန်း မသိလိုက်တဲ့ ကြွက်ချစ်သူစုံတွဲလေး ပြုတ်ကျ
လာပါတော့တယ်။
သူတို့ ကျုပ်ကိုကုတ်ခြစ်ပြီး အပေါ်ကိုတက်ဘို့ကြိုးစားကြပါတယ်။
သူတို့မတက်နိုင်ကြပါဘူး။
သူတို့လက်သည်းလေးတွေက အရမ်းကိုသေးငယ်လွန်းလှပါတယ်။
သူတို့သွားတွေနဲ့ ကျုပ်ကိုကိုက်ဖဲ့ကြပါတယ်။
မဖြစ်နိုင်ပါဘူး၊ ကျုပ်ရဲ့ကိုယ်ထည်က ပလပ်စ်တစ်အမာစားနဲ့ လုပ်ထားတာဗျို့။

သူတို့အတော်ကလေး မောနေကြပါပြီ။
နေ့လည်ကတည်းက မနားတမ်း ကုတ်ခြစ်ကိုက်ဖဲ့နေလိုက်ကြတာများ မိုးတောင်ချုပ်လာပါပြီ။
ဘာကြောင့်လဲဆိုတော့ လမ်းဘေးကမီးရောင်တွေဟာ အိမ်ထဲကိုဝင်ရောက်နေရာယူနေကြလို့ဖြစ်ပါတယ်။

ကျုပ်သူတို့ကို ကူညီချင်ပါတယ်။
ကျုပ်ကအမှိုက်ပုံးလေဗျာ၊ သက်ရှိမှမဟုတ်ပဲ လှုပ်ရှားလို့လည်း မရ၊ ကျုံ့လို့ လည်း မရ၊ ကြွလို့လည်း မရ၊ ယိမ်းလို့လည်း မရ၊
လှဲလို့လည်း မရ။

သူတို့ကျုပ်ကို ဆက်ပြီးကိုက်နေကြပြန်ပါပြီ။
အသံတွေဟာ တိတ်ဆိတ်နေတဲ့အခန်းတခုလုံး ဆူညံနေပါတယ်။
ကျုပ်သာ ရိုးရိုးပလပ်စတစ်အိတ်(ကြွပ်ကြွပ် အိတ်)ဖြစ်လျင် သိပ်ကောင်းမှာပဲ။
ဖြစ်နိုင်မယ်ဆိုလျင် ကျုပ်အခုချက်ခြင်း ပလပ်စတစ်အိတ်တလုံး ဖြစ်လိုက်ချင်တယ်။
အခုတော့ဗျာ......။

ပထမဆုံးအဆင့်မှာ နေရာယူထားကြတဲ့ သီဟိုဠ်စေ့ပုလင်း မြေပဲဆံပုလင်း နေကြာစေ့ပုလင်း၊ ဒုတိယအဆင့်မှာ နေနေကြ
တဲ့ ပန်းကန်လုံး ပန်းကန်ပြားတွေ အောက်ဆုံးအဆင့်က သောက်ရေသန့်ဗူးတွေ သူတို့လည်းကျုပ်လိုပဲ ဘာဆိုဘာမျှလုပ်မ
ပေးနိုင်ကြဘူး။
ဟော ကြွက်ထီးကလေးက သူ့သွားတွေနဲ့ ကျုပ်ကိုသည်းသည်းမဲမဲ ကိုက်နေသလို ကြွက်မလေးကလည်း ကျုပ်ကိုရေကုန်
ရေခမ်းကုတ်ဖဲ့နေပါပြီ။
ကျုပ်ရဲ့အသားတွေ ခြစ်ရာကိုက် ရာတွေပေါ်လာပါပြီ။
နှစ်ရက်ကျော်ကျော်ကြာတော့ သူတို့ငြိမ်သွားကြပါတယ်။

ကျုပ်ဆုတောင်းမိတယ်ဗျာ။
ကျုပ်ပိုင်ရှင်ရဲ့ ချစ်သူမိန်းကလေး အမြန်ဆုံးရောက်လာပြီး ကျုပ်အထဲက ကြွက်စုံတွဲလေးကို ကယ်ထုတ်နိုင်ပါစေ။
အဲဒီမိန်းကလေးက အင်မတန်သနားကြင်နာတတ်တဲ့ မိန်းကလေးဆိုတာ ကျုပ်သိပါတယ်။
ကြွက်ချစ်သူစုံတွဲကို ကျုပ်ကြည့်လိုက်တော့ နှစ်ကောင်စလုံးဟာ အသက်ကိုလုပြီး ရှူနေကြပါပြီ။
သူတို့နှစ်ကောင်ဟာ တကောင်နဲ့တကောင် ဘေးချင်းယှဉ်ပြီး မျက်နှာချင်းဆိုင် လဲလျောင်းနေကြပါတယ်။
မကြာခင်မှာသူတို့နှစ်ကောင်စလုံး သူတို့နေထိုင်ပျော်မြူးခဲ့တဲ့ ဒီအခန်းနဲ့ ဒီအခန်းထဲမှာရှိနေတဲ့ ကျုပ်အပါအ၀င် အားလုံးကို
အပြီးအပိုင်နှုတ်ဆက်နေပုံပါပဲ။

ဒီအချိန်မှာ ကျုပ်ဟာစွေ့ကနဲ ဆွဲယူမချီတာ ခံလိုက်ရပါတယ်၊ အော် ကျုပ်ရဲ့ပိုင်ရှင်သစ်က ကျုပ်ကိုနေရာတကျ ထားဘို့ ပန်းအိုးတွေကြားကနေ သယ်ထုတ်နေတာကိုး။ နေရာသစ်မှာ နေရာဟောင်းက ဖြစ်ခဲ့တဲ့အဖြစ်မျိုးမကြုံ ဆုံပါစေနဲ့လို့ ဆုတောင်းရင်းနဲ့ ကျုပ်ဟာအိမ်ဘက်ကို တရွေ့ရွေ့လိုက်ပါလာခဲ့ရပါတော့တယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Saturday, November 2, 2013

ပေတူးမသိလိုက်တဲ့ အရာ


ပေတူးမသိလိုက်တဲ့ အရာ

November 02, 2013
Saturday

By မင်းစိုးစံ

ပေတူး၏အမည်ရင်းမှာ ထွဋ်ထိပ်စံ ဖြစ်သော်လည်း ငယ်စဉ်က အလွန်ချုချာလွန်းသဖြင့် မိဘများက ပေတူး ဟု အ
မည်ပြောင်းလဲခေါ်ဝေါ်လိုက်သည့်အခါကျမှသာ ပေတူး ကျန်းမာလာသည်။ နာမည်မှည့်ရာတွင် အမှည့်ခံရသူကို
ထိုအသံလှိုင်းများက ဖုံးလွှမ်းထားသဖြင့် ထိုအသံလှိုင်း၏ စေ့ဆော်မှုအရ အောင်မြင်ခြင်းတိုးတက်ခြင်း ကျဆုံးခြင်း
ဆုတ်ယုတ်ခြင်းများ ဖြစ်ရသည်ဟု အမိအဘများကယုံကြည်ကြသော်လည်း ပေတူးလက်မခံပါ။

မိဘများက ပေတူးနှင့်ပတ်သက်၍ ပဋိသန္ဓေတည်ခါစက အိမ်မက်များမက်ကြသည်ဟု ဆိုပါ၏။ ပေတူးသည်နိုင်ငံ ရပ်ခြားတွင် နေထိုင်ရမည်ဖြစ်ပြီး ကြီးပွါးချမ်းသာလိမ့်မည်ဟု နိမိတ်ဖတ်ကြလေသည်။ အိမ်မက်နှင့်ပတ်သက်၍ အ
ချို့က ကျွန်မသား စကားမမှန် ဟုဆိုကြပြီး စနေနေ့မက်လျှင် မိမိအတွက်၊ အခြားနေ့တွင်မက်လျှင်မူ အခြားသူများ
အတွက်ဟုဆိုကြသည့်အပြင် ဘယ်နေ့မှာမက်လျင် ဘယ်နှစ်ရက်အတွင်း၊ ဘယ်နှစ်လအတွင်း အကျိုး အပြစ်များ
ကိုခံစားရရှိလိမ့်မည်၊ ကျွန်မသားစကားမမှန် ဆိုသည့်အတိုင်း တနင်္လာနေ့ ကြာသာပတေးနေ့နှင့် သောင်္ကြာနေ့
များတွင်မက်လျင် မမှန်ဟု၊ ဆိုကြသေး၏။ ပေတူးရယ်ချင်လှပါသည်။ ထိုသို့အစွန်းရောက်သူများကြောင့် ဗေဒင်
ဟောနည်းစာအုပ်များ၊ အိမ်မက်ကျမ်းစာအုပ်များ ရောင်းကောင်းနေခြင်းဖြစ်မည်။
ပေတူး အိမ်မက်ကို လုံးဝမယုံပါ။

လောကတွင် လူဖြစ်လာလျှင် မိမိကိုယ်ကိုအားကိုးရမည်။ မိမိကိုယ်ကိုယုံကြည်ရမည်။ မိမိကလွဲပြီး ဘယ်လိုလူမျိုး
ကိုမျှ အားကိုးအားထားမပြုနိုင်။ ဗမာစကားပုံလည်းရှိ၏ မိမိနှာခေါင်းဖြင့်အသက်ရှူမှ အသက်ရှူဝမည် တပါးသူ၏
နှာခါင်းဖြင့်အသက်ရှူ၍မ၀နိုင်။ ထို့ကြောင့်ပေတူးသည် ကိုယ့်အားကိုယ်ကိုး၍ နေထိုင်ကျင့်ကြံလာခဲ့သည်မှာ ယနေ့
ထက်တိုင်ဖြစ်၏။
ပေတူး သူဌေးဖြစ်ချင်ပါ၏။ ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံးသူဌေးစာရင်းဝင်တစ်ဦးအဖြစ် ပါဝင်ခြင်းမပြုနိုင်သော်
လည်း အသက်ငယ်ငယ်လေးနှင့် သူဌေးဖြစ်ချင်၏။ ပေတူး ကျန်းမာရေးအလွန်ကောင်း၏။ လျှင်မြန်သွက်လက်၏။
အကင်းပါး၏။ လူမှုဆက်ဆံရေးနယ်ပယ် ၀င်ဆန့်၏။ ပေတူး ဘာသာစကား ငါးမျိုးတတ်၏။ မိခင်ဘာသာစကားဖြစ်
သည့် ကရင်ဘာသာစကားတွင် နှစ်မျိုးလုံးကို ကြွမ်းကြင်၏။ ဗမာ။ ထိုင်း။ အင်္ဂလိပ်။ ပြောဆိုရေးသား ဘာသာပြန်
ဆိုနိုင်၏။
အတတ်ပညာပိုင်း၌ Computer နှင့်ပတ်သက်ပြီး Software Hardware နှစ်မျိုးလုံးကို အဆင့်အမြင့်စားမဟုတ်
သော်လည်း အလည်အလတ်ခန့် နားလည်တတ်ကြွမ်း၏။ အလုပ်အကိုင်မှာမူ ယနေ့ထက်တိုင် အဆင်မပြေသေး။

ပေတူးသည် ကျောင်းနေစဉ်ကလေးဘ၀ကို ပြန်တွေးနေမိ၏။ ကျောင်းတွင် ဗမာကလေးများက သူ့ကို ကရင်ပုပ်
ငါးပိငုပ် ဟုခေါ်သည်ကိုကောင်းကောင်းနားမလည်သေးသည့်အချိန်တွင် ပြုံးပြုံးပြုံးပြုံးဖြင့် လုပ်နေခဲ့သော်လည်း ဗ
မာစကားကို ကောင်းကောင်းနားလည်လာသောအခါ၌မူ သားရေကြိုးတစ်ထွာ ……ဗမာ ဟု နဘေကာယံဖြင့်ပြန်
တွယ်လေတော့သည်။
ထိုအခါ ဗမာအများစုဖြစ်သော သူ၏အတန်းမှကျောင်းသားများက ညနေကျောင်းဆင်းချိန်တွင် လမ်းထောင့်တနေ
ရာ၌ သူ့အား ၀ိုင်း၍ဆွမ်းကြီးလောင်းခြင်းကို ခံလိုက်ရလေတော့၏။ အိမ်ပြန်ရောက်သည့်အခါ မျက်နှာတပြင်လုံးဖူး
ယောင်နေသည်ကို မြင်သောအမေဖြစ်သူက သူတပါးနှင့် ခိုက်ရန်ဖြစ်ပွါးရ ကောင်းလားဟု ကြိမ်းမောင်းပြီး ပေတူး
ကို တိုင်ဖက်ခိုင်းကာ ကျော်ပြင်ကိုဗျောတင် ပါလေတော့သည်။
ပေတူး နားမလည်နိုင်ပါ၊ မိဘဖြစ်သူတို့သည် အကြောင်းအရာတခုကို အသေခြာမေးမြန်းစုံစမ်းခြင်းမပြုပဲ မည်သည့်
အတွက်ကြောင့် မိမိကိုရိုက်နှက်အပြစ်ပေးလေသနည်း။ မိမိလှုပ်ရှားနေရသည့် ကျောင်းပတ်ဝန်းကျင် အတန်းတွင်း
ရှိ ကျောင်းသားအချင်းချင်းကြား အခြေအနေကို မည်သည့်အတွက်ကြောင့် နားမလည်နိုင်ကြရသနည်း။ နားလည်
အောင် မည်သည့်အတွက်ကြောင့်မကြိုးစားကြရသနည်း။ ကျောင်းမှအပြန် မျက်နှာဖူးယောင်သည်နှင့် တိုင်ဖက်ပြီး
အရိုက်ခံရခြင်းကို နားမလည်ပါ။ ဘာကြောင့်ခိုက်ရန်ဖြစ်ရသည်၊ မည်သူ့ဘက်က လွန်၍ မည်သူ့ဘက်ကမှားသည်၊
စသည်တို့ ကိုမစုံစမ်းပဲ ရိုက်နှက်ဆုံးမခြင်းသည် အနိုင်ကျင့်ရာရောက်သည်ဟု ပေတူးထင်၏။

ကရင်စကားပုံရှိ၏။ လှည်းအိုများ ဘီးလိမ့်ရာတွင် လမ်းကြောင်းမမှန်။
မှန်ပါ၏ လှည်းအိုများသည် ၀င်ရိုးချောင်လာသည့်အတွက် လှည်းလမ်းအတိုင်းတည့်တည့်မတ်မတ်မလိမ့်ပဲ မြွေ
လိန်မြွေကောက်လိမ့်သကယ့်သို့ လူကြီးများသည် ထိုလှည်းဘီးအတိုင်း လိမ့်ချင်သလိုလိမ့်နေခြင်းဖြစ်သည်ဟု ပေ
တူး သတ်မှတ်ထား၏။

စာသင်ကျောင်းသည် လူတန်းစားပေါင်းစုံ တိုင်းရင်းသားပေါင်းစုံတို့မှ ကလေးသူငယ်များပညာသင်ကြားသော နေ
ရာဌာနတခုဖြစ်သည့်အားလျှော်စွာ ကလေးတို့ဘာသာဘာဝ နောက်ပြောင်ပြောဆိုမှုများ မခံချိမခံသာအောင် ပြော
ဆိုမှုများ အပြန်အလှန်မလွဲမသွေရှိနေသည်ကို ကျောင်းသားမိဘများ ကျောင်းဆရာများ သတိပြုသင့်လှ၏။
ထိုအပြုအမူ အပြောအဆိုမျိုး မဖြစ်ပွါးလာစေရေးအတွက် မူလတန်းစာသင်သားဘ၀မှ စတင်၍ သင်ကြားပို့ချထား
သင့်သည် ဟု ပေတူးမြင်၏။ ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မြဲသည့် စစ်မှန်သောငြိမ်း
ချမ်းရေးအတွက် အခြေခံမူလတန်းပညာရေးစနစ်မှ စတင်၍ပြုပြင်ပျိုးထောင်ရမည်ဖြစ်၏။

ထို့အပြင် မြန်မာနိုင်ငံမှ ထုတ်လုပ်သော သတင်းစာများ အသံလွှင့်ဌာနများတွင် ငြိမ်းချမ်းရေးကိုသွယ်ဝိုက်သော
အားဖြင့် ထိခိုက်နိုင်သည်ကို ပေတူးသတိပြုမိ၏။ အခြားမဟုတ် ပြဿနာတစုံတရာဖြစ်လာလျှင် သတင်းကျေငြာ
ရာ၌ အသေးအဖွဲကိစ္စမှ ကြီးမားသောအမှုအခင်းများအထိ ဖြစ်လာနိုင်စရာများဖြစ်လာချေရှိသည့် အရေးအသား
အပြောအဆိုမျိုး ဖြစ်ပါ၏။
ရှမ်းတိုင်းရင်းသူ တဦးကို မူဆလင်တဦးက ဓါတ်ဆီဖြင့်ပက်ပြီး မီးရှို့သည် ဆိုသည့်သတင်းကျေငြာမှုမျိုးသည် မ
ကျေငြာသင့်သည့် ပုံစံမျိုးဖြစ်သည်။ ရှမ်းပြည်နယ်တွင် အမျိုးသမီးတဦးကို အမျိုးသားတဦးမှ ဓါတ်ဆီဖြင့်ပက်ပြီး မီး
ရှို့သည်ဆိုလျင် လုံလောက်ပြီဟုထင်ပါ၏။

အမေရိကန်ပြည်ထောင်စု မှ ကျေငြာထုတ်လွှင့်ပုံမျိုးကို အတုယူသင့်လှသည်ဟုထင်၏။ အဘယ်ကြောင့်နည်း ဆို
သော် အမေရိကန်ပြည်ထောင်စုတွင် ကမ္ဘာ့နိုင်ငံပေါင်းစုံမှ လူမျိုးပေါင်းစုံ၊ ယုံကြည်ကိုးကွယ်မှု ဘာသာပေါင်းစုံ ရှိ
သကယ့်သို့  ဘာသာမဲ့များပါ နေထိုင်သောနိုင်ငံဖြစ်ပါသည်။
ထိုသို့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေထိုင်သည့်အတွက် ပြဿနာများလည်း ပေါင်းစုံလှပါ၏။ ကားတိုက်မှု လူသတ်မှု မုဒိန်းမှု လုယက်မှု ပစ်ခတ်မှု ဖေါက်ထွင်းမှု စသည် စသည်တို့သည် နေ့စဉ်လိုလို ပြည်နယ်တခုမဟုတ် တခုခုတွင် ဖြစ်ပွါးလေ့ရှိတတ်ပါ၏။ ထိုသို့ဖြစ်ပွါးသည့်အခါ သတင်းများကျေငြာရာ၌ ဘယ်ဘာသာကိုကိုးကွယ်သူမှ ဘယ်လူမျိုးကို မည်သို့ ပြုလုပ် လိုက်ခြင်းဟု ကျေငြာခြင်းမရှိပဲ မောင်ဘယ်သူသည် မောင်ဘယ်သူကို မည်သို့ပြုလုပ်လိုက်သည် ဟုသာကျေငြာလေ့ရှိပါ၏။
အကယ်၍ ဗမာပြည်မှကျေငြာသကယ့်သို့သာ ကျေငြာချက်များထုတ်ပြန်မည်ဆိုပါက မည်သို့ဖြစ်မည်ဆိုသည်ကား
ပေတူး မစဉ်းစားတတ်တော့ပါ။

ပေတူး ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ကြည့်မိ၏။ ပညာတတ်၏။ ဘွဲ့လက်မှတ်ရှိ၏။ လူမှုရေး အထိုက်အသင့်ကောင်း
မွန်ပါ၏။ ကျန်းမာရေး ဒေါင်ဒေါင်မြည်၏။ သို့သော်ပေတူးသည် သူဌေးမဖြစ်သေး။ သူဌေးဖြစ်ချင်သည့်ဆန္ဒကား တခြားသူဌေးဖြစ်ချင်သူများ၏ ဆန္ဒသည် ပေတူးကို မမှီဟု ပေတူးထင်၏။
သူဌေးဖြစ်လွယ်သည်ဟုဆိုသဖြင့် ပေတူးသည် မိမိလုပ်အားဖြင့်စုဆောင်းထားသည့်ငွေဖြင့် ကားတစ်စီးဝယ်ကာ
မြ၀တီမှ ဘားအံသို့ ပြေးဆွဲခဲ့ဘူး၏။ တွက်ချေကိုက်မလိုလိုနှင့် လိုင်စင်မဲ့ကားများ သိမ်းသည့်အထဲ ပေတူး၏ကား
ပါသွား၏။
ထိုအခါ မော်တော်ဆိုင်ကယ် အရောင်းအ၀ယ်လုပ်ပြန်ပါ၏။ မကြာလိုက်ပါ အ၀ယ်လိုက်သည့်အရောင် နှင့် အမျိုး
အစားလွဲသဖြင့် မွဲပြန်ပါ၏။

ပေတူး ဤနိုင်ငံသို့ရောက်လာသည်မှာ သုံးနှစ်ရှိပြီဖြစ်သော်လည်း ငွေကြေးစုဆောင်းမိခြင်းမရှိသေး၊ ရောက်ခါစ က
ဓါတ်ဆီဆိုင်တဆိုင်တွင် ၀င်လုပ်ခဲ့၏။ ထိုအလုပ်ကို ပေတူးမကြိုက်သဖြင့် တလလုပ်ပြီးအလုပ်ထွက်ခဲ့၏ ထို့နောက်
Nursing Home ဟုခေါ်သော လူအိုရုံတွင်အလုပ်လုပ်ပြန်ပါသည်။ အဘိုးအိုတဦးက သူ့ကိုတံတွေးဖြင့် မျက်နှာ
တည့်တည့်ကို ပိတ်ထွေးသဖြင့် ပေတူးကအဘိုးအိုကို အော်ငေါက်ဆဲဆိုပစ်ရာ အလုပ်မှထွက်ခဲ့ရပြန်သည်။

စကားပြန်အလုပ်ကို လုပ်ပြန်၏။ လူနာများနှင့်အဆင်မပြေ ဖြစ်ရပြန်၏။ လူနာမှမေးမြန်းသည့် အချို့မေးခွန်းများ
သည် လာရောက်ပြသသော ရောဂါနှင့်မဆိုင်သည့်မေးခွန်းများဖြစ်သဖြင့် ပေတူးဘာသာမပြန်ပေးပဲနေလေ့ရှိ၏။ ဒုက္ခသည်စခန်းမှလာသော ကရင်များသည် ဗဟုဿုတ အလွန်နည်းပြီး အင်မတန်နုံလွန်း ထုံလွန်းလှ၏။ ပညာမ
တတ်သောသူများ ပီပီစကားပြောဆိုရာ၌အလွန်ရိုင်းလှ၏။ အလိုက်မသိတတ်သောသူများဖြစ်ကြသဖြင့် ပြောရ ဆို
ရ လက်ပေါက်ကပ်လှသည်။ ထို့ကြောင့်ပင် စကားပြန်အလုပ်ကို စိတ်ကုန်လာ၏။

ပေတူးပညာသင်စဉ်အခါက ကရင်လူမျိုးများအတွက် အလုပ်အကျွေးပြုရန် မျိုးချစ်စိတ်အပြည့်အ၀ဖြင့် ကြိုးစားခဲ့
၏။ ပေတူးတတ်ထားသည့်ပညာများအနက် တခုဖြစ်သည့် လယ်ယာလုပ်ငန်းများနှင့် ဆက်စပ်သည့် မြေသြဇာ
ထိန်းသိမ်းရေးနည်းများကို သင်ကြားပေးလိုသော်လည်း စိတ်ပါဝင်စားသူများ မရှိသလောက်တွေ့ရပြီး ထိုင်းနိုင်ငံ
တရုတ်နိုင်ငံတို့မှ စံချိန်စံညွှန်းမပြည့်သည့် ဓါတ်မြေသြဇာကိုသာ အဓိကထားနေကြသည့်အပြင် သက်ဆိုင်ရာ အာ
ဏာပိုင်များကလည်း ပေတူးကို အရေးတယူနှင့် လိုလိုလားလား မရှိသည်ကို သိရသောကြောင့် ပညာရှိတဦးကို အ
သိအမှတ်ပြုဆက်ဆံရန် ၀န်လေးသော ကရင်ခေါင်းဆောင်အချို့ကို ပေတူး စိတ်ကုန်လွန်းသဖြင့် တတိယနိုင်ငံသို့ မိမိနည်းမိမိဟန်ဖြင့် ထွက်လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အွန်လိုင်းပေါ်မှနေ၍ ပစ္စည်းအရောင်းအ၀ယ်လုပ်ရန် ကြိုးစားပြန်သည်။
Desktop တစ်လုံးကို လေလံတင်စနစ်ဖြင့် ရောင်းကြည့်၏။ ပထမတစ်ရက် လာရောက်ကြည့်ရှုသူမရှိ။ သုံးရက်မရှိ။
နောက်တပတ် ငါးဦး လာရောက်ကြည့်သော်လည်း ၀ယ်မည့်အခြေအနေမျိုးမရှိ။ နောက်နှစ်ပတ်။ ငါးဦးထပ်တိုးလာ
၏။ နောက်သုံး ပတ်အကြာ ပိတ်လိုက်ရ၏။ အလုပ်ကမဖြစ်။

ထို့ကြောင့်မိမိတတ်ထားသော Computer Software, Hardware များဖြင့် ကရင်ဒုက္ခသည်များကြား သွားရောက်
လှည်လည်၍ ပြုပြင်ထိန်းသိမ်းနည်းများ အသုံးပြုနည်းများကို အတတ်နိုင်ဆုံး ပြုပြင်ပေးရင်းဖြင့် သင်ကြားပြောဆို
သော်လည်း နားမထောင်ပဲ ပျက်လျင်အသစ်ဝယ်မယ်ချည်း ဆိုကြသောကြောင့် စိတ်ပျက်လှ၏။ မသိနားမလည်သူ
များကို နားလည်သဘောပေါက်အောင်ပြောရသည်မှာ ခက်လှပါ၏။
တချို့ကို ၎င်းတို့လက်ရှိသုံးစွဲနေသည်ထက် အဆင့်မြင့်သည့် Software Program များကို စေတနာဖြင့်ထည့်ပေး
လိုက်သော်လည်း ခင်ဗျားဟာက သုံးရတာအဆင်မပြေဘူး။ ကျုပ်သုံးခဲ့တာကိုပဲ သုံးမယ်။ ပြန်လုပ်ပေးပါ။ ဟုဆို
လာသည်လည်းရှိ၏။ မလွယ် ရွှေကရင်များနှင့် အလုပ်လုပ်ရသည်မှာမလွယ်ရေးချမလွယ်။

အချို့က ပညာရပ်တခုကို ဘာအခြခံမျှမရှိပဲ နာရီပိုင်းအတွင်းတတ်သိနားလည်လိုကြ၏။ အချို့ကလည်း အချိန်တိုအ
တွင်း ပြင်ပေးလိုက်သည်ကို ငွေပေးချေ ရကောင်းမှန်းလည်းမသိချေ။ တောင်းမှပေးတတ်သောထိုသူမျိုးကို ပေတူး
မဆက်ဆံချင်တော့။
ပေတူး ရရှိထားသည့် ပညာရပ်သည် အချိန်ပေးခဲ့ရ၏။ ငွေကြေးများစွာ အကုန်ကုန်ကျခံခဲ့ရ၏။ ထို့ကြောင့် ထိုသူ
တို့၏ အသိတရားမဲ့မှုအား အခြားသူများ၏ ပစ္စည်းပစ္စယျများကိုပြင်ပေးသည့်အခါတိုင်း ပြောပြဖြစ်လေ၏။

ပေတူး(သို့မဟုတ်) ထွဋ်ထိပ်စံသည် ကိုယ်ပိုင်အလုပ်တခုခုကို တည်ထောင်ရန်အတွက် အရင်းအနှီးကိုမည်သို့
မည်ပုံရှာမည်နည်းဆိုသည်ကို ဧည့်ခန်းရှေ့ရှိ သားရည်ဖြင့်လုပ်ထားသည့် ထိုင်ခုံရှည်ပေါ်တွင် လဲလျောင်းလျှက်
တွေးတောနေမိ၏။

ထွဋ်ထိပ်စံ ဟူသော အသံသည် မိုးချိန်းသံအလားထွက်ပေါ်လာပြီးနောက်
ဒီမှာ မင်းမနေ့က ငါ့ကိုပြော ခဲ့တဲ့စကား မင်းမှတ်မိလား။
ငါအိပ်ယာထ နောက်ကျတာကို မင်းက ဆင်းရဲတွင်းတူးနေတယ်ဆို ငါ့ကို အဲဒီလို ပြောရအောင် မင်းကဘယ်
လောက်ချမ်းသာနေလို့လဲ။
လူတဘက်သားကို မင်းအထင်သေးလွန်းလှချည့်လား။

ဟေ့ကောင် ထွဋ်ထိပ်စံ ငါ့ကိုရော မင်းပြောထားတာမှတ်မိလား။
ငါအလှူလုပ်တော့ လာစားတဲ့လူတွေကို မင်းက ဒီလူတွေဟာ သူတပါးဆင်းရဲအောင်လာစားကြတာပဲ ဆိုတာလေ။
မင်းက တော်တော်အောက်တန်းကျတာပဲကွ။
ငါ့အလှူမှာ မင်းပိုက်ဆံတပြားမှ ပါတာမဟုတ်ပဲနဲ့ ဘာကြောင့် မနာလိုစိတ်မွေးရတာလဲကွ။

ဟေ့ကောင်ပေတူး ငါ့ဘာသာ ငါ့အသိအိမ်မှာ အလည်အပတ်သွားပြီး သူတို့ဧည့်ခံကျွေးမွေးတာကို စားတာပဲကွ။
မင်းက ငါ့ကို ဒီလူဟာ သူများကျွေးတာကိုသာစားပြီး သူ့ကျတော့ဘာမျှမကျွေးချင်တဲ့လူလို့ဘာလို့ပြောရတာလဲ။
မင် စိတ်နဲ့နှိုင်းပြီးပြောတယ်ဆိုတာ ငါသိတယ်နော်။
အဲဒီစိတ်ဓါတ်မျိုးက အင်မတန် သိမ်ဖျဉ်းတဲ့ စိတ်ဓါတ်ကွ။

ဒီမှာ ပေတူး ငါ့ကိုကျတော့ ငါစကားပြောဆိုတာတွေက မပီမသဘူး၊ ၀ါကျအထားအသိုမမှန်ဘူးလို့ ပြောရအောင်
မင်းကိုယ်မင်း သိပ်တတ်သိပ်သိနေတယ်လို့ ကိုယ့်ကိုယ်ကိုအထင်ကြီးနေတာကိုး။
ငါ့မှာက အိမ်ပိုင်နဲ့ ကားပိုင်နဲ့ အလုပ်နဲ့အကိုင်နဲ့။ ဆိုင်ခန်းနဲ့ကွ။
မင်းမှာ အဲဒါတွေရှိသလား။
အဲဒါတွေမရှိပဲနဲ့ မင်းကိုယ်မင်း တကယ့်အလုပ်ကြီးအကိုင်ကြီးသမားလို ဟန်ဆောင်နေတာ မရှက်ဘူးလားကွ။

ပေတူး မင်းနော်တော်တော်အောက်တန်းကျပြီး အဆင့်နိမ့်လိုက်တာကွာ။
ငါ့ကိုအခုလိုဆက်ဆံနေတာ မင်းအဆင်မပြေသေးလို့ ဟုတ်လား။
အဆင်ပြေလျှင်သောက်ဂရုမစိုက်ဘူးဆို။
မင်းစိတ်ဓါတ်က တော်တော်ကို အတုယူစရာကောင်းတာပဲဟေ့။
မင်းသူဌေးဖြစ်ချင်တယ်ဆို။
အေး မင်းရဲ့စိတ်နေသဘောထားနဲ့ မင်းရဲ့ကျင့် ကြံပုံကတော့ လမ်းဆုံလမ်းခွ မီးပွိုင့်တွေမှာ လည်ပင်းစာတမ်းချိတ်
ပြီး တောင်းရမ်းစားသောက်နေတဲ့ လူသာ သူဌေးဖြစ် ဘို့ရှိမယ်။
မင်းကတော့ ဝေးပြီ။
ဘာကြောင့်လဲဆိုတော့ အဲဒီ အိမ်မဲ့ယာမဲ့သမားက သူလုပ်စရာရှိတာ လုပ်နေလို့ ဟေ့။
မင်းကျတော့ ရထားတဲ့ဘွဲ့လက်မှတ်တွေကို သူတောင်းစားတစ်ယောက်ရဲ့ လည်ပင်းမှာချိတ်ထားတဲ့ စာတမ်းလေး
လောက်တောင်မှ အသုံးဝင်အောင် မလုပ်နိုင်တဲ့လူဆိုတော့။

အိမ်မက်မှ နိုးထခဲ့သော ပေတူး သို့မဟုတ် ထွဋ်ထိပ်စံသည် အိမ်မက်များမှ ကြားလိုက်ရသည့် စကားလုံးများကို
မှတ်မိမည်ဆိုပါက သူ့အတွက် အခွင့်အရေးတခုဖြစ်ပေလိမ့်မည်။ ထိုအိမ်မက်များမှ စကားလုံးများအတိုင်း ရှောင်
သင့်သည်ကိုရှောင်ပြီး ဆောင်သင့်သည်များကို ဆောင်မည်ဆိုပါက အကျိုးတစုံတရာခံစားရရှိနိုင်မည်ဖြစ်သော်
လည်း အိမ်မက်ကိုမယုံကြည်သော ပေတူးသည် အိမ်မက်အတွင်းမှ စကားလုံးများကို အမှတ်မထားပဲနေနေမည်ဆို
ပါက ကိုယ်ပိုင်လုပ်ငန်းတခုတည်ထောင်ရန် ဆိုသည်မှာကား။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Monday, October 21, 2013

ယောက္ခမနှင့် သားမက်

 Source photo from http:www.google.com/images

ယောက္ခမနှင့် သားမက်

October 21, 2013
Monday

By မင်းစိုးစံ

မနေ့ညကအကြောင်းကို ဘယ်ကျော်စဉ်းစားနေသည်။
သူ၏ယောက္ခထီးနှင့် လုံးထွေးသတ်ပုတ်ခဲ့ကြသည်ကိုသာ မှတ်မိသည်။
ဝဲဘက်မျက်ခုံးရိုးကို ထမင်းပူထုပ်ဖြင့် ကြတ်ထုပ်ထိုးနေရာမှ ဖြစ်စဉ်ကို ပြန်တွေးလိုက်မိသည်။
ဘယ်ကျော် ဆိုသည့်နာမည်သည် လက်ဝှေ့လောကမှ ပေးထားသောနံမည်ဖြစ်သည်၊ လက်ဝှေ့ပွဲတိုင်း
ဘယ်လက်သီးဖြင့် ပြိုင်ဘက်အပေါ် အလဲထိုးသတ်နိုင်ခဲ့ခြင်းများကြောင့်ဖြစ်သည်။
ထိုသို့သော ကျေးနယ်အဆင့်တွင် နာမည်ရနေသောဘယ်ကျော်သည် ယမန်နေ့ညနေပိုင်းက အိုးကြီးအိုမ
ယောက္ခထီး၏ အလဲထိုးခြင်းကိုခံလိုက် ရပြီဖြစ်သည်။

ယောက္ခထီး၏အမည်မှာ ဖါ့ထီလူ ဖြစ်ပြီး လက်ဝှေ့လောကတွင် လူကျော်ဟူသောအမည်ဖြင့် သူတို့ခေတ်သူ
တို့အခါက ရေပန်းစားခဲ့သည်။ လက်ဝှေ့ဝါသနာခြင်းတူသဖြင့် ဘယ်ကျော်အားဖါ့ထီလူက သမီးအငယ်ဖြင့်
သဘောတူကာ ပုဆိုးတန်းတင် အကြင်လင်မယားအဖြစ် လက်ဆက်ပေးခဲ့သည်။

ယောက္ခထီးကို သူက အဖေ ဟု ခေါ်သော်လည်း ယောက္ခထီးက သူ့ကို သား ဟု မခေါ်ခြင်းအပေါ် ဘယ်
ကျော်အခံရခက်လှသည်။ သူ၏ဇနီးသည်တွင် အစ်မတစ်ယောက်ရှိသည်၊ ဇနီးဖြစ်သူ၏အစ်မသည်လည်း
အိမ်ထောင်သည်ဖြစ်ပြီး သားတယောက် သမီးတယောက်ထွန်းကားသည်၊ ဘယ်ကျော်၌လည်း သားတ
ယောက် သမီးတယောက်ရှိသည်။

သို့သော် ဘယ်ကျော်မှာ သမီးဦးဖြစ်ပြီး ဘယ်ကျော်၏ခယ်မ (ဘယ်ကျော်ဇနီးသည်၏ အစ်မ)တွင် သားဦး
ဖြစ်နေသောကြောင့် ယောက္ခထီးက ခွဲခြားလေသလော။
ကရင်လူကြီးသူမ အချို့အယူရှိသည်မှာ သားဦးမွေးလျှင် ရှေးဘ၀ကအကြင်လင်မယားဖြစ်ခဲ့သောကြောင့်
ဖြစ်ပြီး သမီးဦးမွေးလျှင်မူ ယခုဘ၀မှဖူးစာဆုံသည် ဟူသောအယူအဆကြောင့်ပေလော။
ဘယ်ကျော်သည် သေရည်သေရက်ကို ရံဖန်ရံခါသာသောက်သုံးလေ့ရှိပြီး ဘယ်ကျော်ခယ်မ၏ ခင်ပွန်း
သည်မှာမူ နေ့စဉ်လိုလို မှီဝဲပါသည်။ ထို့ကြောင့် အရက်သောက်လေ့သောက်ထမရှိသော ဘယ်ကျော်ကို 
သား ဟု မခေါ်ချင် ဖြစ်နေလေသလော။

ဘယ်ကျော်၏ အမည်ရင်းမှာ မီးလောင်ကုန် ဖြစ်သည်။
တရွာလုံးမီးလောင်ပြာကျသည့်အချိန်၌ မွေးဖွါးသည့်အတွက် မီးလောင်ကုန် ဟူသည့်အမည်ကို ရရှိခဲ့သည်။
ဘယ်ကျော်၏ဇနီးသည်အမည်မှာ မထွက်ပြေး ဖြစ်သည်။
ပြေးရင်းလွှားရင်းဖြင့် လူ့လောကထဲသို့ ရောက်လာသောကြောင့်ဖြစ်သည်။
ဘယ်ကျော်၏ခယ်မအမည်မှာ ပါဝါစိန် ဖြစ်သည်။ ကရင်ဇာတ်လောကတွင် နာမည်ကြီး မင်းသားတလက်
ဖြစ်ခဲ့သည့် လူရွှင်တော်မောင်ကျော်သနပ်ခါး(မာန်စ၀်သ်ုနာခါ့) ဇာတ်ကနေစဉ်မွေးဖွါးသောကြောင့် ဖြစ်
သည်။
ထိုဇာတ်သည် နောင်တပွဲ(ဏံင်းတ်ုပွဲါ) ထီဖိုးစံ(ထီ့ဖေါဟ်စင်) နယ်တ၀ိုက်သာမက ကေါ့ကရိတ်တနယ်လုံး
နာမည်ကြီးသော ဇာတ်အဖွဲ့ဖြစ်သည်။

ဘယ်ကျော်၏ ယောက္ဖညီအစ်ကို(ဘယ်ကျော်၏ဇနီးသည်၏ အစ်မခင်ပွန်း) အမည်မှာ စိန်စတင်းဖြစ်သည်၊
သူ့ကို တိုက်ပွဲများကြားပြေးလွှားပုန်းရှောင်ရင်း အင်္ဂလိပ်လုပ် စက်သေနတ်ဖြစ်သည့် စတင်းဂန်း Sten Gun
ကို သူ၏မိခင်ရေမွှာပေါက်ချိန်၌ ကျည်ကွယ်ရာသစ်ပင်အောက်တွင်တွေ့ရှိသဖြင့် ထိုသေနတ်ကိုအစွဲပြုကာ
စိန်စတင်း ဟုခေါ်ဆိုခြင်းဖြစ်ပြီး ဆိုင်းဆရာ စိန်စတင်းကို အကြောင်းပြု၍ခေါ်ဆိုခြင်းမဟုတ်ချေ။

ထိုထက် ဘယ်ကျော်အခံရခက်သည်မှာ ဘယ်ကျော်ကို ကျေးနယ်တနယ်လုံးက ဘယ်ကျော်ဟုခေါ်နေ
ကြသော်လည်း ယောက္ခထီးကြီးက နာမည်ရင်း မီးလောင်ကုန် ဟုခေါ်ဆိုခြင်းသည် ဘယ်ကျော်၏အောင်
မြင်ကျော်ကြားမှုအပေါ် အသိအမှတ်မပြုခြင်းဖြစ်သည်ဟု ဘယ်ကျော်ခံစားရ၍ဖြစ်သည်။

ထို့ကြောင့် ဘယ်ကျော်သည် ယောက္ခထီး၏ အပြုအမူအပေါ် လုံးဝမကြေနပ်သော်လည်း အောင့်အည်းနေ
ထိုင်လာခဲ့ရာမှ သမီးဖြစ်သူက အဖေ ဦးကြီးကို ဘိုးဘိုးက သား လို့ခေါ်ပြီး အဖေ့ကိုကျတော့ ဘာကြောင့်
သား လို့မခေါ်တာလဲဟင် ဟုမေးလာသောကြောင့်လည်းဖြစ်သည်။
ထို့ကြောင့်ဘယ်ကျော်သည် ပြဿနာကို ရှင်းရမည်ဟု အတွေးပေါက်လာပြီး ယောက္ဖညီအစ်ကိုထံသို့ အ
ရက်အတူသောက်ရန် အချိန်းအချက်လုပ်လိုက်သည်။
ဘယ်ကျော်ရောက်သွားချိန်၌ အားလုံးအဆင်သင့်ဖြစ်နေသည် အရက်ပုလင်းနှင့် ဟင်းရွက်များ အသား
ပြုတ်များ ဟင်းလျှာများအပြင် ထမင်းဝိုင်းကိုပြင်ထားသဖြင့် အရက်ဝိုင်း နှင့်မတူပဲဖြစ်နေသည်။

အရက်ပုလင်းတွင်အရက် တပိုင်းသာရှိသဖြင့် ဘယ်ကျော်က 
ကိုစတင်း အရက်နည်းတယ်ဗျာ။
ထပ်ယူရအောင် ဟုပြောသောအခါ
ဘယ်ကျော် မင်းဟာ ငါ့ညီနော်။
ပြီးတော့ မင်းက အရက်ကို တခါတလေမှသောက်တာ အရက်ကျွန်မဖြစ်ချင်ပါနဲ့ကွာ။
ဟုပြောသဖြင့် ဘယ်ကျော်က

ဟာ ကိုစတင်းကလည်း လုပ်တော့မယ်၊ အရက်တောင်မသောက်ရသေးဘူး၊ အရက်ကျွန်ဖြစ်မယ်လေးဘာ
လေး လုပ်နေပြီ။
ကျနော်က တခါတလေ သောက်တာ ကိုစတင်းက နေ့တိုင်းချတာ။
အရက်ကျွန်ုဖြစ်တာ
ခြင်းအတူတူ ကိုစတင်းပဲ ဖြစ်မှာပေါ့ဗျာ။
ကျနော်က အလွန်ဆုံး အရက်သမားလို့ နာမည်တပ်ခံရယုံပဲရှိမှာဗျ။

ကဲ ဘယ်ကျော် အရက်သောက်ရင်း အရက်ကျွန်နဲ့ အရက်သမားကို ငါခွဲပြမယ်၊ ဟုပြောဆိုကာ အရက်
သောက်ခြင်းအမှုကို စတင်လိုက်ကြပါတော့သည်။

အရက်ကျွန်ဆိုတာ မင်းတို့နားလည်ထား သိထားတာတွေက အရက်ကိုနေ့တိုင်းသောက်ရမှသွားနိုင်၊ လာ
နိုင်၊ လုပ်နိုင် ကိုင်နိုင်တဲ့လူမျိုးကိုမှ အရက်ကျွန်။
မူးပြီး လမ်းပေါ်ပေါက်တတ်ကရတွေ ဆဲရေးတိုင်းထွာမယ်၊ လူတွေကိုတွေ့လျင် မိုက်ကြေးခွဲမယ်၊ အရက်
အတင်းတိုက်ခိုင်းမယ်၊ အရက်မတိုက်ရင် ရန်ရှာမယ် အဲဒါကို အရက်သမားလို့ ထင်နေကြတာကိုး။
အဲဒါအမှတ်မှားနေကြတာ။
အရက်ရဲ့ကျေးကျွန်ဆိုတာ မသောက်ရလျင်မနေနိုင်တာနဲ့ အရက်မူးလျင်ရမ်းတဲ့လူ မှန်သမျှ အရက်ရဲ့ကျေး
ကျွန်ပဲ။
အရက်သမားဆိုတာက ဘယ်သူ့ကိုမျှ ရန်မရှာဘူး။
သူ့အလုပ်သူလုပ်မယ်။
ရန်ရှာလာတဲ့လူကိုလည်း အေးအေးဆေးဆေးပြောဆိုဖြောင်းဖျတတ်ပြီး တဘက်လူက ကိုယ်ထိလက်
ရောက်ကျူးလွန် လာမယ်ဆိုလျင်လည်း ပြန်ပြီးကာကွယ်နိုင်တာမျိုးကမှ အရက်သမားကွ။
အရက်ရဲ့ကျေးကျွန်တွေကျတော့ တဘက်လူ ကရန်ပြုလာပြီဆိုလျင် ဘာမျှမကာကွယ်နိုင်ဘူး။
ပိုမူးတဲ့လူက ပိုခံရတာပဲမဟုတ်လား။
ကဲ ထမင်းစားကြမယ်၊ ရော့ လက်ဆေးရေ။

ဘယ်ကျော်မမူးပါ၊ အရက်တပိုင်းကို နှစ်ယောက်သောက်၍ ဘယ်ကျော်မမူး။ ဘယ်ကျော်မူးချင်သည်။
အရက်မူးမှ ယောက္ခထီးအား သူ့ကိုဘာကြောင့် သား ဟုမခေါ်သနည်း ဟူသောမေးခွန်းကိုမေးမည်။
ထို့ကြောင့် စိန်စတင်း အား

ကျနော်ထမင်းမဆာသေးဘူး။
အကိုတို့သာ စားကြပါ။
ကျနော်အိမ်ပြန်တော့မယ်။
 ဟုပြောဆိုပြီး ထွက်လာခဲ့သည်။
ဘယ်ကျော်သည် စိန်စတင်းအိမ်မှထွက်လာပြီးနောက် အရက်ရောင်းသည့် ဦးလောင်ခြာအိမ်သို့သွားပြီး အ
ရက်တပုလင်းဝယ်ကာ ထိုင်သောက်နေလိုက်သည်။
ဦးလောင်ခြာကို ရန်ကုန်တွင်မွေးသည်။ ရန်ကုန်သို့ရွှေတိဂုံဘုရားဖူး သွားကြစဉ် မိခင်ဖြစ်သူက ကုလားများ
ဆွဲသည့် လန်ခြားပေါ်တွင်မွေးသဖြင့် လန်ခြား ဟုခေါ်ဆိုသမုတ်သော်လည်း လန် ဆိုသည့်သရသံကို ပီသ
စွာ မထွက်တတ်သော ကရင်များပီပီ လန် ဆိုသော အသံကို လောင် ဟုထွက်သဖြင့် လန်ခြား မှ လောင်ခြာ
ဖြစ်သွားခြင်းဖြစ်သည်။

ဦးလောင်ခြာအိမ်မှ ထွက်လာသောအခါ ဘယ်ကျော်အတော်ကလေးပင် မူးနေပေပြီ၊ ဘယ်ကျော်အတွက်
ဤမျှလောက်သောအရက်ကလေးသည် ခြေပေါ့လက်ပေါ့ ခြေသွက်လက်သွက် သာသာမျှဖြစ်သည်။
ယောက္ခထီးအိမ်ရှေ့သို့ ရောက်သည်နှင့်
ငါ့ယောက္ခထီးကြီး ရှိသလား။
စာရင်းရှင်းချင်လို့။

ဘယ်ကျော်၏ အာလေးလျှာလေးအသံကြောင့် ယောက္ခမဖြစ်သူထွက်လာပြီး
သား။
မင်းအဖေ ဘုရားရှစ်ခိုးနေတယ်။
တိုးတိုးလုပ်ပါ။

ဘာဖြစ်လို့ တိုးတိုးလုပ်ရမှာတုန်း အမေရ။
သူကျုပ်ကို သားလို့မခေါ်တာ ကျနော့မှာဘာအပြစ်ရှိလို့လဲ။
စိန်စတင်း ကို သား လို့ခေါ်သလို ကျ နော့ကို မခေါ်တာဘာကြောင့်လဲ။
ကျနော် သိချင်တယ်။ ကျနော် အရမ်းသိချင်တယ်။

ပြောပြောဆိုဆို ဘယ်ကျော်သည် အိမ်ပေါ်သို့တက်လာပြီး ဘုရားဆောင်ရှေ့၌ ဘုရားရှစ်ခိုးနေသည့် ဖါ့ထီ
လူ ရှိရာသို့သွားပြီး 
ယောက္ခမကြီး စာရင်းရှင်းမယ်။
ဘုရားရှစ်ခိုးတာရပ်လိုက်။
ဟုပြောပြီး ခါးထောက်လျှက် ရပ်နေပါသည်။ ဖါ့ထီလူသည် ဘုရားဦးချပြီးနောက် ဘယ်ကျော်ကို မော့ကြည့်
ကာ 
မီးလောင်ကုန် မင်း သိပ်မူးနေပြီ။
ကိုယ့်အိမ်ကိုယ်ပြန်ပြီး အေးအေးဆေးဆေးနေ။
မနက်ဖြန်ကျမှ လာခဲ့။
မင်းကို ဘာ့ကြောင့် သား လို့မခေါ်ရတာလဲဆိုတာကို ငါရှင်းပြမယ်။
မင်း ပြန်တော့။

ဖါ့ထီလူသည် ဘယ်ကျော်ကိုထိုသို့ပြောအပြီးထိုင်နေရာမှထရပ်ကာ အိပ်ခန်းထဲသို့ဝင်မည်အပြု ဘယ်ကျော်
က နောက်မှနေ၍ ဖါ့ထီလူ၏လည်ပင်းကို ဖမ်းချုပ်မည်ပြုစဉ် ဘယ်ကျော်၏ညာဘက်မျက်ခုံးဆီသို့ ဖါ့ထီလူ
၏တံတောင် ၀င်လာသည်ကိုသာသိလိုက်ပြီး ဘယ်ကျော်တယောက် အရက်မူးနေသောအရှိန် ဖါ့ထီလူကို
လှမ်းပြီး ဖမ်းချုပ်လိုက်သည့်အရှိန်နှင့် ဒေါသအပြည့်ပါသော ဖါ့ထီလူ၏တံတောင်ကြောင့် မိုက်ကနဲဖြစ်ကာ
မှောက်သွားခဲ့ခြင်းဖြစ်သည်။

ဘယ်ကျော် အိမ်ရှေ့မှာ အဖေရောက်နေတယ်။
နင့်ကို မေးနေတယ်။
ဟု ဇနီးသည်က အိပ်ခန်းအတွင်းလာပြောလေသည်။ ဘယ်ကျော်မျက်နှာပူသည်၊ ယောက္ခထီးကိုမတွေ့ရဲပါ။
မျက်လုံးတဘက် ယောင်ကိုင်းညိုပုတ်နေပြီး မျက်လုံးပိတ်မတတ်အနေအထားဖြင့် ထွက်တွေ့ရမည်ကို ရှက်
ရွံ့နေသဖြင့်
ငါမတွေ့ချင်ပါဘူးဟာ
ဟုပြောလိုက်သည်နှင့် ယောက္ခထီးဖြစိသူက အိပ်ခန်းအတွင်းသို့ တန်းဝင်လာပြီ

ရော့ မင်းအတွက် ငါ ဆီမန်းယူလာပေးတာ။
ကြတ်ထုပ်ထိုးနေရုံနဲ့ သက်သာမှာမဟုတ်ဘူး။
မင်းအမူးပြေပြီဆိုလျင် မနေ့က မင်းသိချင်တဲ့အကြောင်းကို ငါရှင်းပြမယ်။
အိမ်ရှေ့ထွက်ခဲ့။ ဟုပြောကာ အိမ်ရှေ့သို့ ထွက်သွားပါတော့သည်။
ဖါ့ထီလူ၏ကျောပြင်ကိုငေးကြည့်လျှက် ချီတုံချတုံဖြစ် နေရာမှ ပြဿနာကိုရှင်းရန် ဆီမန်းနှင့်မြေအိုးစ
လောင်းဖုံးကိုယူကာ အိမ်ရှေ့သို့ထွက် လာပါတော့သည်။
ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်နေသည့် ဖါ့ထီလူ၏အနီး၌ မထွက်ပြေးနှင့်သားငယ်တို့ ထိုင်နေကြသည်။ သမီးကြီးက သူ့ဝမ်းကွဲများနှင့်ဆော့နေသည်။ ဘယ်ကျော်သည် ဖါ့ထီလူ၏ခြေရင်းတွင်ထိုင်ကာ စီယင်ချက်
အချခံရမည့် ပြစ်မှုကျူးလွန်သည့်တရားခံသဘွယ် ခေါင်းငုံ့နေသည်။

မီးလောင်ကုန်။
မင်းကို ဘာကြောင့် သား လို့မခေါ်ရတာလဲဆိုတာ သိချင်တာကို၊ ရှင်းမပြခင် မင်းကို ငါအရင် မေးမယ်။
မထွက်ပြေးဟာ ဘယ်သူ့ဇနီးလဲ။
ကျနော့ဇနီးပါ။

မထွက်ပြေးဟာ ဘယ်သူ့သမီးလဲ။
အဖေ့သမီးပါ။

မင်းရဲ့သမီးကြီးက ဘယ်သူ့သမီးလဲ။
ကျနော့သမီးပါ။

သားကော။
ကျနော့သားပါ။

ဘယ်သူ့မြေးတွေလဲ။
အဖေ့မြေးတွေပါ။

အဲဒီတော့ မင်းအဖြေရပြီလို့ ငါထင်တယ်။
ငါပြန်မယ်။ 

ဟုပြောကာ ချက်ခြင်းပင်ပြန်သွားပါတော့သည်။ ဘယ်ကျော်သိလိုက်ရချေပြီ။ အသိနောက်ကျသည် ဟုမ
ဆိုနိုင်သော်လည်း အချိန်ကာလကြာညောင်းခဲ့လေပြီ။

မထွက်ပြေးရေ ညနေကျရင် ငါတို့ အဖေတို့အိမ်သွားပြီး အဖေနဲ့အမေတို့ကို ကန်တော့ကြရအောင်။
ဟုပြောလိုက်ရာ မထွက်ပြေးသည် ပြုံးလျှက် ကန်တော့ပွဲများကို ပြင်ဆင်လေတော့သည်။
ကန်တော့ပွဲ ဟုဆိုရာ၌ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ဆေးရွက်ကြီး၊ အနည်းငယ်စီနှင့် နံနွင်းမှုန့်ဖြင့်ဖျော်ထား
သည့် ရေတခွက်သာဖြစ်သည်။
လွန်ခဲ့သည့် ၂ရက် သီတင်းကျွတ်နေ့က ယောက္ခထီး ယောက္ခမများကို သွားရောက်ကန်တော့ခဲ့သည်များ
ကို ဘယ်ကျော်တယောက် ပြန်လည်အမှတ်ရမိသည်။

အဖေ ကျနော်တို့ အဖေနဲ့အမေတို့ကို လာကန်တော့တာပါ။
ကျနော့မိန်းမကို အဖေကြိုက်တတ်တဲ့မျှစ်ကို ကြက်ဥ နဲ့ ကြာ်ဘို့ပြောတာ သူက ဒီအတိုင်းပဲကြော်ထား
တယ်။
ကျနော့ သမီးက အဖေပုံပြောပြတာ နားထောင်ချင်တယ်ဆိုလို့ ဒီည ကျနော်တို့သားမိသားစု အဖေ့အိမ်မှာ
အိပ်ကြမယ်။

ယခုတော့ အသုံးအနှုန်းကိုပြောင်းရပေတော့မည် အဘယ်ကြောင့်ဟူမူ ဘယ်ကျော်သုံးစွဲပြောဆိုခဲ့သော
နာမ်စား စကားလုံးများသည် နွေးထွေးမှုကိုသော်လည်းကောင်း ချစ်ခင်ကြင်နာမှုကိုသော်လည်းကောင်း
နီးစပ်ဆက်နွယ်မှုကိုသော်လည်းကောင်း သွယ်ဝိုက်သောအားဖြင့် မိသားစုကြား ကင်းကွာစေသည့်သ
ဘောမျိုး သက်ရောက်နေသောကြောင့်ဖြစ်သည်။

ဘယ်ကျော်သည် ဖါ့ထီလူ၏ အိမ်ရှေ့သို့ရောက်သည်နှင့်
အမေရေ အဖေရှိလား။
 ဟုလှမ်းခေါ်လိုက်ပါသည်။

အေး ရှိတယ်။ လာခဲ့ကြ လာခဲ့ကြ။ ဘာကိစ္စတုန်း။
အဖေနဲ့အမေတို့ကို သားတို့လာကန်တော့တာပါ။

ဖါ့ထီလူသည် မျက်မှန်အောက်မှ မျက်လုံးကိုပင့်လျှက်
ဟေ ဘယ်လိုဖြစ်တာလဲ။
မနေ့တနေ့ ကပဲလာကန်တော့တယ်၊ အခုလာပြန်ပြီ။
ဘာပြုလို့တုန်း။

ဘယ်ကျော်နှင့်မိသားစုတို့သည် လက်အုပ်ချီလျှက်မှ
အဖေ့ကိုတောင်းပန်မလို့ပါ။
မနေ့ညက အဖေ့ကို သား စော်ကားမိတာကို ခွင့်လွှတ်ပါအဖေ။
အဖေ့သမီးကိုလည်း မနက်ဖြန်ခါကျမှ အဖေကြိုက်တတ်တဲ့ မျှစ်နဲ့ကြက်ဥကို ကြော်ပြီး သားတို့အဖေ့အိမ်မှာ
ထမင်းလက်ဆုံလာစားပါဦးမယ်။
အဖေ့မြေးတွေနဲ့အတူ သားတို့အားလုံး အဖေတို့အိမ်မှာပဲလာအိပ်မယ်။
အဖေ့မြေးတွေကို ပုံပြောပြဘို့ အခုကတည်းကစဉ်းစားထားနော်။

ဘယ်ကျော်သည် ထိုသို့ပြောပြီးနောက် ဦးချကန်တော့လိုက်သည်နှင့် ဖါ့ထီလူသည် ဘယ်ကျော်၏ ငယ်ထိပ်
ကို ပွတ်လျှက်

အေးပါ.... သားရယ်။ အေးပါ.... အေးပါ....။ ဟု ဆိုလိုက်လေသတည်း။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Friday, November 9, 2012

အသဲကွဲတောင်ထိပ်ပေါ်က သူရဲကောင်းပုံပြင်


အသဲကွဲတောင်ထိပ်ပေါ်က သူရဲကောင်းပုံပြင် 

By DaBoeDwe
 
တရုပ်ပြည်တနေရာမှာ အသဲကွဲတောင်ထိပ်လို့ခေါ်တဲ့ တောင်တန်းတစ်တခုရှိပါတယ်။
အဲ့ဒီတောင်တန်းရဲ့ထူးခြားချက်ကတော့ တောင်တန်းကြီးဟာဆိုရင် တောင်ထိပ်ကနေ အောက်ခြေရောက်တဲ့အထိ ဓါးနဲ့ခွဲထားသလို နှစ်ခြမ်းကွဲနေပါတယ်။
အဲဒီလို ပိုင်းခြားထားတဲ့ အပိုင်းနှစ်ပိုင်းဟာ တစ်ဖက်နဲ့တစ်ဖက် (၁ဝ)မီတာလောက် ဝေးပါတယ်။
ကွဲကွာနေတဲ့ အောက်ခြေနေရာမှာတော့ အင်မတန်မှရေစီးတန်တဲ့ စမ်းချောင်းက ဖြတ်သန်းစီးဆင်းနေပါတယ်။ အဲ့ဒီတောင်တန်းပေါ်မှာတော့ တောင်ဆိတ်တွေ ကျက်စား နေထိုင်ကြတဲ့နေရာလေးဖြစ်ပါတယ်။
တောင်ဆိတ်များဟာ ရိုးရိုးတောင်ဆိတ်ထက် အကောင်အားဖြင့် ကြီးမာပြီး အထီးရော အမပါ နှုတ်ခမ်းမွှေးနဲ့ ဦးဂျိုပါ ရှိကြပါတယ်။
အထူးခြားဆုံးကတော့ ခုန်တဲ့နေရာမှာ အင်မတန်တော်တဲ့ သတ္တဝါ ဖြစ်ပါတယ်။

သူတို့တွေဟာ (၆)မီတာထိအောင် ခုန်နိုင်ပါတယ်။
နောက်ပြီး သူခုန်လို့ ကျတဲ့နေရာမှာ ခြေစုံရပ်ဖို့မလိုပဲ ခွာတစ်ချက်ချဖို့ရတာနဲ့ မနားပဲ ဆက်တိုက်ခုန်နိုင်စွမ်းလည်း
ရှိပါတယ်။
ရှားပါးပြီး ဆေးဖက်ဝင်တဲ့ သတ္တဝါမျိုးဖြစ်တဲ့ အတွက်ကြောင့်လည်း မုဆိုးလုပ်သူများဟာ ခက်ခက်ခဲခဲရှာဖွေ ဖမ်းဆီး
ရပါတယ်။
တောင်စောင်းတောင်ထိပ်များမှာသာ ကျက်စားလေ့ရှိတဲ့အတွက်ကြောင့်လည်း ဖမ်းဆီးဖို့ကိုမဆိုထားနဲ့ တွေ့ရဖို့
တောင်အင်မတန်မှ ခက်ခဲလှပါတယ်။
ကျွန်တော်ဟာ မုဆိုးတစ်ယောက်ပါ။
ဒါကြောင့် ခုလိုရှားပါတဲ့ တောင်ဆိတ်ကိုပစ်ခတ်ဖမ်းဆီးနိုင်ဖို့ရန် အသဲကွဲတောင်ကြားကို သွားခဲ့ပါတယ်။
ခက်ခဲစွာနဲ့ တောင်ဆိတ်တွေရှိရာအသဲကွဲတောင်ထိပ်ကို ရောက်အောင်တက်လာခဲ့ပါတယ်။
တောင်ထိပ်ရောက်တော့ တောင်စွန်းတစ်နေရာမှာ စုဝေးနေတဲ့ တောင်ဆိတ်တွေကို တွေ့ရပါတော့တယ်။
ကျွန်တော်တို့အဖွဲ့ဟာ တောင်ဆိတ်တွေ ထွက်ပေါက်နေရာတွေ အားလုံကို ပိတ်ဆိုးထားလိုက်ပါတယ်။ ထွက်ပေါက်ဆိုလို့ ထက်ချမ်းကွဲနေတဲ့ တောင်တစ်ဖက်ကမ်း သာလျှင်ရှိပါတော့တယ်။ ဒီအချိန်မှာ တောင်ဆိတ်တွေဟာ သူတို့အသက်အန္တရယ်ကို ကြောက်လန့်နေတာကြောင့် ပျာယာခက်နေပါတယ်။ သူတို့လွတ်မြောက်ဖို့ဆိုတာ တစ်ဖက်ကမ်းခြားနေတဲ့ တောင်စောင်းတစ်ဖက်တည်းသာလျှင် ရှိပါတော့တယ်။

ကျွန်တော်တို့ဟာ ပစ်ကွင်းထဲရောက်နေတဲ့သားကောင်ကို စိတ်ကြိုက်ပစ်ခတ်ဖမ်းဆီးဖို့ရန် ပြင်ဆင်နေချိန်မှာပဲ အ
သက်အန္တရယ်ကိုကြောက်နေတဲ့ တောင်ဆိတ်တစ်ကောင်ဟာ မမျှော်လင့်ပဲ ကျွန်တော်တို့ရှိရာကို တစ်ရှိန်ထိုးပြေး
ထွက်ဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ သူဟာ ကျွန်တော်တို့ရဲ့ သေနတ်အောက်မှာပဲ အသက်စတေးလိုက်ရပါတယ်။
နောက်တစ်ကောင်က ကြောက်လန့်စွာနဲ့ တစ်ဖက်ကမ်းပါးကိုကြိုးစားပြီးခုန်ကူးပေမဲ့ လိုရာခရီးကိုမရောက်ပဲ တောင်
ကြားကို ဖြတ်စီးဆင်းနေတဲ့ စမ်းချောင်းထဲကို ကျရောက်သေဆုံးသွားရပါတော့တယ်။

ကျွန်တော်တို့ဟာ သေနတ်ကို နောက်ထပ်အသုံးမပြုမိအောင် ဂရုစိုက်နေရပါတော့တယ်။
သေနတ်သံကြောင့်လည်းတောင်ဆိတ်တွေဟာပိုပြီးပျာယာခတ်နေပါတော့တယ်။
ကြောက်လန့်စိတ်နဲ့ တောင်တစ်ဖက်ကမ်းကိုသာခုန်ကူးမယ်ဆိုရင် စမ်းချောင်းထဲမျှောပါပြီး ဆုံးရှုံးကုန်မှာကို ကျွန်
တော်တို့ မလိုလားပါဘူး။

ဒါကြောင့် ကျွန်တော်တို့ အဖွဲထဲမှ တစ်ဖွဲကို တောင်ခြေကို ပြန်ဆင်းခိုင်းပြီး စမ်းချောင်းတစ်နေရာမှာ စမ်းချောင်းထဲ
 သေဆုံးမျောပါလာတဲ့ အကောင်တွေကို ဆည်ယူနိုင်ဖို့ စီစဉ်ကြပါတယ်။
သူတို့အဆင်သင့်ဖြစ်ချိန်မှာ အချက်ပေးလိုက်ဖို့နဲ့ သူတို့အချက်ပေးချိန်ကျမှ စတင်ပစ်ခတ်ကြဖို့ ဆုံးဖြတ်ကြပါတယ်။
တောင်ခြေကို ပြန်ဆင်းသွားတဲ့ အဖွဲ့ရဲ့ အချက်ပေးသံကို စောင့်နေတဲ့ ကျွန်တော်တို့ အဖွဲ့ဟာ မမျှော်လင့်တဲ့ အဖြစ် တစ်ခုကို တွေ့လိုက်ရပါတော့တယ်။ ပျာယာခက်နေတဲ့ များစွာသော တောင်ဆိတ်တွေထဲမှာ တည်ငြိမ်စွာနဲ့ရပ်နေတဲ့ ထူးဆန်းတဲ့ တောင်ဆိတ်ကြီးတစ်ကောင်ကို တွေ့လိုက်ပါလို့ပါ။

ကျွန်တော်ဘေးနားမှာရှိနေတဲ့ အဖော်က "ဆရာ ဟိုမှာကြည့်ပါအုံး"..။
တစ်ခြားကောင်တွေနဲ့မတူပဲ ဟိုတစ်ဖက်ကမ်းကိုတည်တည်ငြိမ်ငြိမ်နဲ့ လှမ်းကြည့်နေတဲ့ တောင်ဆိတ်ကြီးတစ်ကောင်
က ထူးခြားလှချည်လားလို့ ပြောတော့ ကျွန်တော်က ဒါဟာ တောင် ဆိတ်တွေရဲ့ ခေါင်းဆောင်ဖြစ်မှန်းသိလိုက်ပါပြီ။
 မကြာခင်မှာပဲ အဲ့ဒီတောင်ဆိတ်က တစ်ချက်အော် လိုက် တယ် ဆိုရင်ပဲခုနက ယောက်ယက်ခက်နေတဲ့ တောင်
ဆိတ်တွေဟာ ငြိမ်သက်သွားပါတော့တယ်။
တောင်ဆိတ် ခေါင်းဆောင်ကြီးဟာ တောင်ဆိတ်တွေရဲ့ အလယ်မှာ ဝင်ရပ်ပြီး နောက်ထပ် အသံတစ်ချက် ထပ်ပေး လိုက်ချိန် မှာတော့ သူတို့တစ်တွေဟာ အဖွဲ့ နှစ်ဖွဲ့ကွဲထွက်သွားတာကို ထူးဆန်းစွာတွေ့ လိုက်ရပါတော့တယ်။ ဒီထက်အံသြဖို့ ကောင်းတာက တစ်ဖက်က အဖွဲဟာ အသက်ကြီးတဲ့မျိုးဆက်ဟောင်း အုပ်စုနဲ့ တစ်ဖက် မှာတော့ အသက်ငယ်တဲ့ မျိုးဆက်သစ် အုပ်စု ဖြစ်နေတာကိုပါ။

နောက်တော့ တောင်ဆိတ်ခေါင်းဆောင်ကြီးဟာ အသက်ငယ်တဲ့ အဖွဲ့ထဲကအကောင်နှစ်ကောင်ကို စိုက်ကြည့်လိုက်
တော့ အဲ့ဒီမျိုးဆက်သစ်ဖြစ်တဲ့အကောင်နှစ်ကောင်ဟာ မျိုးဆက်ဟောင်းဖြစ်တဲ့အုပ်စုဆီ သွားရောက် ပူးပေါင်းလိုက်
ပါတယ်။
သသေချာချာ ကြည့်လိုက်တော့ အဲ့ဒီနှစ်ကောင် တစ်ဖက်အုပ်စုကို ရောက် သွားတော့မှ တစ်ဖက်နဲ့ တစ်ဖက်ဟာ အကောင်အရည်အတွက် တူညီသွားတာကို တွေ့ရပါတယ်။
နောက်တော့မှ အုပ်စုနှစ်စုဟာ တစ်ဖက်ကမ်းကို မျက်နှာမူလျှက် ခုန်ကူးဖို့ အသင်ြ့ဖစ်နေပါတော့တယ်။

ခေါင်းဆောင်ဆိတ်မှ အချက်ပေးအော်လိုက်သံစတယ် ဆိုရင်ပဲ မျိုးဆက်ဟောင်းဖက်မှ တစ်ကောင်နဲ့ မျိုးဆက်သစ်
ဖက်မှ တစ်ကောင်တွဲပြီး တရှိန်ထိုးအား စိုက်ခုန်ပါ တော့တယ်ဗျာ။
လျှင်မြန်တဲ့မျိုးဆက်သစ်က ခုန်ပြီးလို့ စက္ကန့်ပိုင်းမှ မျိုးဆက်ဟောင်းခုန်ပါတယ်။
ကျွန်တော်ထင်တာက တစ်ကောင်တည်း ခုန်မချရဲလို့ နှစ်ကောင်စီတွဲ ခုန်ဆင်းကြတယ်လို့ ထင်မိခဲ့တာပါ။
မြင်လိုက်ရတဲ့မြင်ကွင်းလေးကတော့ ပထမမျိုးဆက်သစ်အကောင်လေးခုန်လို့ အရှိန်ကုန်ပြီးပြန်အကျမှာ နောက်က
ဆက်တိုက်ခုန်လိုက်လာတဲ့ မျိုးဆက်ဟောင်းဆိတ်ကြီးက မျိုးဆက်သစ်ရဲ့နောက်ခြေအစုံကို သူ့ရဲ့ဦးခေါင်းနဲ့ ခံပေး
လိုက်တဲ့ ဖြစ်ရပ်ပါ။

ဒီအချိန်မှာတော့ မျိုးဆက်သစ် ဆိတ်ငယ်လေးဟာ မျိုးဆက်ဟောင်းရဲ့ ဦးခေါင်းကိုခြေစုံကန် အားပြုပြီး ထပ်ခုန်
လိုက်တော့ သူလိုရာ တစ်ဖက်ကမ်းဆို့တဲ့ နေရာသစ်လေးကိုရောက်လို့ သွားပါတော့တယ်ဗျာ။
မျိုးဆက်သစ် ဆိတ်လေးဟာ သူလိုရာ ခရီးရောက်သွားလို့ ဝမ်းသာတဲ့ အသံနဲ့ အောင်ပြီလို့ ဟစ်အော် လိုက်ချိန်မှာ
တော့ မျိုးဆက်ဟောင်းဖြစ်တဲ့ဆိတ်ကြီးကတော့ ကြမ်းတမ်းတဲ့ စမ်းချောင်းထဲကို ကျဆင်းလို့ သေပွဲဝင်သွားပါတော့
တယ်။
မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းတွဲတွဲပြီး ခုန်လိုက်တိုင်းခုန်လိုက်တိုင်းမှာ မျိုးဆက်သစ်တွေနေရာသစ်ရဖို့အတွက် လိုရာပန်းတိုင်ရောက်ဖို့ မျိုးဆက်ဟောင်းဆိတ်တွေမှာ သူတို့ဦးခေါင်းကိုလမ်းသဖွယ်အနင်းခံ အကန်ခံရင်း တစ်
ကောင်ပြီး တစ်ကောင် မရဏစမ်းချောင်းထဲ အသက်တွေကို ပေးဆက်သွားခဲ့ပါတယ်။

တောင်အောက်စမ်းချောင်းမှာ အပေါ်ကနေပစ်ချလို့ ကျလာမဲ့ဆိတ်တွေကို ဆည်ယူဖို့သွားစောင့်တဲ့အဖွဲ့က စတင်
ပစ်ခက်ဖို့ရန် အချက်ပေးလိုက်ချိန်မှာတော့ ဒီဖက်ကမ်းမှာ တောင်ဆိတ်ဆိုလို့ ခေါင်းဆောင်ဖြစ်တဲ့ တောင်ဆိတ်ကြီး
တစ်ကောင်တည်းသာ ကျန်ရစ်နေပါတောတယ်။

 ကျွန်တော်တို့ အံသြလို့မှ မဆုံးခင် တောင်ဆိတ်ကြီးဟာ ကျွန်တော်တို့ကို စိုက်ကြည့်ရင်းနဲ့ ကျွန်တော်တို့ဆီကို တစ်
လှမ်းချင်း လှမ်းလို့ လာနေခဲ့ပါတယ်။
သူမျိုးဆက်သစ်တွေ လိုရာပန်းတိုင်ကို ရောက်သွားလို့ပဲလား သူနဲ့တန်းသူ့မျိုးဆက်ဟောင်းတွေ ကျဆုံးသွားလို့လား
ဆိုတာတော့ မသိပါ။
သူဟာ သူ့သက်ကို အလေးမထားတော့ပါ။
သူ့အတွက် သေခြင်းနဲ့ ရှင်ခြင်းဆိုတာ သူနဲ့ မဆိုင်တော့သလိုပါပဲ။

ဒါပေမဲ့ မြင်လိုက်ရတဲ့ သူမျက်လုံးတွေနဲ့ သူသဏ္ဍန်မှာတော့ ရဲဝံ့တဲ့ အားမာန်တွေ အပြည့်နဲ့ပါ။
ကျွန်တော်ဟာ သေနတ်ခလုတ်ကို ဆွဲဖို့အင်အား မရှိ့တော့ပါဖူး။
နောက်ဆုံးတော့ ခေါင်းဆောင်ဆိတ်ကြီးက ကျွန်တော်တို့ကို တိုးဝှေ့ခုန်ကျော်သွားသလား? ကျွန်တော်တို့ကပဲ လမ်း
ဖယ်ပေးလိုက်ကြ သလား ဆိုတာကိုတောင် မသိလိုက်တော့ပါဘူ။
တကယ်တော့ ကျွန်တော့်မျက်စိထဲမှာမြင်နေတာက တောင်ဆိတ် မဟုတ်တော့ပါဖူး။

လူတွေလုပ်နိုင်ခဲတဲ့ အလုပ်ကို လုပ်သွားကြတဲ့ တကယ်သူရဲကောင်းတွေပါ။ စမ်းချောင်းထဲအသက်စတေးလိုက်ကျတဲ့ တကယ့် သူရဲကောင်းတွေ မျိုးဆက် သစ်တွေ ရှင်သန်ဖို့အတွက် မရဏ
လမ်း ခင်းပေးလိုက်ကြတဲ့ သူရဲကောင်း... တကယ့်သူရဲကောင်းကြီးတွေ ။
အော်...သူတို့တွေဟာ တကယ်တော့ ဘယ်သူမှ မသိလိုက်ကျတဲ့ အသဲကွဲတောင်ကမ်းပါးတစ်နေရာက စမ်းချောင်း
ထဲမှာ မျိုးဆက်သစ်တွေနေရာသစ်ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ အသက်ကိုစွန့်လွတ်သွားကြတဲ့ တကယ့်သူရဲ
ကောင်းတွေပါဗျာ..... ။

အဲ့ဒီအချိန်ကစပြီး ကျွန်တော်ဟာ သူတို့ကိုဂုဏ်ပြု့သော အားဖြင့် ဘယ်တော့မှ တောင်ဆိတ်တွေကို ဖမ်းဆီး ခြင်း မလုပ်တော့ ပါဘူးလို့ ခိုင်ခိုင်မာမာပဲ ဆုံးဖြတ်လိုက်ပါတော့တယ်။
ကျွန်တော်ရှေ့မှာတော့ ဘယ်တောင်ဆိတ်ကိုမှ မမြင်ရတော့ပါ။ ဒါပေမဲ့ အာရုံထည်းမှာ မြင်နေရတာက ...... သူရဲကောင်းတွေရဲ့ ရဲဝံ့တဲ့ လုပ်ရပ် သူရဲကောင်းတွေရဲ့ စိတ်ဓါတ်နဲ့ သူတို့တွေရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။။။။။။

 ကြားခဲ့ဖူးသော တရုပ် သူရဲကောင်း ပုံပြင်မှ စိတ်ကူးပုံဖော်ထားပါသည်၊

 လေးစားလျှက်...... DaBoeDwe

Copy from http://www.kicupdatenews.blogspot.com/2012/11/blog-post_2576.html

Tuesday, September 4, 2012

ကျုပ်သိသော ပန်းချီဆရာ စံမင်းမင်း

ဆရာ စံမင်းမင်း ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ်

ကျုပ်သိသော ပန်းချီဆရာ စံမင်းမင်း

By မင်းစိုးစံ
September 3 2012

August 20 2012, Sunday နေ့သည် မိမိ၏ မာတာပီတ ဘခင်၏ ၇၅နှစ်မြောက်မွေးနေ့ဖြစ်သည့်အတွက် မွေးနေ့
 ပွဲကို ပျော်ရွှင်စွာကျင်းပအပြီး၊ အိမ်သို့ ညနေ နေအေးသောအချိန်မှ ပြန်လည်ရောက်ရှိလာပါသည်။

တနေ ကုန်တနေခန်း ပြောဆို နှုတ်ဆက် ဧည့်ခံခဲ့ရသောကြောင့် အပမ်းဖြေနေစဉ် မိမိ၏ သမီးဖြစ်သူက အဖေ ဦးလေး စံမင်းမင်း ဆုံးသွားပြီ ဟု ဆိုင်းမဆင့်ဗုံမဆင့်ပြောလိုက်သော စကားကြောင့် ဟေ ဟုတ်ရဲ့လားသမီး ဟု အံ့သြထိတ်လန့်ခြင်း မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နေသောလေသံဖြင့် ပြန်လည်မေးခွန်းထုတ်လိုက်မိသည်။
ဟုတ်တယ်အဖေ အဲမိက်ရဲ့ Face book ထဲကနေ တွေ့တာ ဟုဆိုပြီး ဓါတ်ပုံများနှင့်တကွ မြင်လိုက်ရသည့် အခါ ကရင်အမျိုးသားများအတွက် ကရင့်တော်လှန်ရေးအတွက် တန်ဘိုးမဖြတ်နိုင်သော ပန်းကောင်းတပွင့် တနည်းအား
ဖြင့် အနုပညာကြယ်တပွင့် ကြွေလွင့်သွားရလေပြီ ဆုံးရှုံးသွားရလေပြီဆိုသော နှမြောတသသည့်စိတ်ကြောင့် ယူ
ကြုံးမရဖြစ်မိပါသည်။

မိမိသိသလောက် ကရင့်တော်လှန်ရေးနယ်မြေတွင် ထင်ရှားသည့်ပန်းချီဆရာ နှစ်ဦးရှိပါသည်။
ပန်းချီဆရာ စံမင်းမင်း နှင့် ပန်းချီဆရာ သံမဏိမင်းဒင် ဖြစ်သည်။

ပန်းချီဆရာ သံမဏိမင်းဒင်သည် မြစ်ဆုံအ ရေးအခင်းကာလ KNU မှ ခွဲထွက်သွားသည့် DKBA အဖြစ် ခံယူလိုက်
သော်လည်း ဆရာ စံမင်းမင်းမှာမူ KNU ၏ ဦးဆောင်မှုအောက်၌ အသက်ထက်ဆုံး ဆုံးခန်းတိုင်အောင် ဦးလည်မ
သုံ ဘ၀ပေး၍ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သူတဦးဖြစ်သည်။

ဒုက္ခသည်စခန်းအတွင်း နွေရာသီကျောင်းပိတ်ရက်များတွင် ပန်းချီသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသဖြင့် မိမိ
သည်ပင် ဆရာစံမင်းမင်း၏ သင်တန်းအပတ်စဉ်တခု၌ ကလေးငယ်များနှင့်အတူ ပန်းချီပညာကို သင်ယူခဲ့ပါသည်။ သို့ပါသော်လည်း မိမိသည် ဆရာစံမင်းမင်းအတွက် ဆရာကောင်းတပည့်တယောက် မဖြစ်ခဲ့ပါ။

ဒုက္ခသည်စခန်းအတွင်း အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံသူတို့ကြား အမြင်ကွာဟ မှု တစိပ်တဒေသ

ထိုမျှမက ဆရာစံမင်းမင်းသည် ဒုက္ခသည်စခန်းအတွင်း အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံများအကြား ကွာဟနေမှုများကို
လျော့နည်းပပျောက်သွားစေရန်အတွက် ယာယီဖွဲ့စည်းလိုက်သည့် အဖွဲ့၏ ဥက္ကဌအဖြစ်တာဝန်ယူခဲ့ဘူးသူ လည်းဖြစ်
သည်။

ဆရာစံမင်းမင်းသည် ဆီဆေးပန်းချီအပြင် ကောက်ရိုးပန်းချီကိုလည်း ကြွမ်းကျင်သူဖြစ်ပြီး ရုပ်ရည်ချောမော ခန့်ငြား
သည့်အပြင် အသံနေအသံထားကြည်လင်ပြတ်သားသဖြင့် ကရင့်အနုသုခုမ အဖွဲ့တခုဖြစ်သည့် (ခွဲါက႟င်ကျဝ်လေး)
ခွဲကဘောင်ကျော်လေးဇာတ်အဖွဲ့တွင် တေးသရုပ်ဖေါ်ကဏ္ဍများ၌ ဇနီးဖြစ်သူ ပုလဲခင် နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့
သူလည်းဖြစ်သည်ဟု တဆင့်စကားဖြင့်ကြားသိရပါသည်။

အခုမြင်နေရတဲ့ အစည်းအဝေးလုပ်နေတဲ့ပုံမှာ ထိုင်းတာဝန်ရှိသူတွေထိုင်နေတဲ့နောက်က စင်မြင့်မှာ ဆရာစံမင်းမင်း ရေးပေးထားခဲ့တဲ့ ခြည်ဖြူဖွဲ့တဲ့ပန်းချီကားကြီးတချပ်ရှိနေတယ်ဆိုတာ Huai Ka Loak ဒုက္ခသည်စခန်းမှာနေခဲ့ဘူးသူတွေ သိကြမှာပါ။ 

ကရင်လူမျိုးတို့၏ အထွဋ်အမြတ်ပွဲတော်တခုဖြစ်သည့် ခြည်ဖြူဖွဲ့ခြင်းနှင့်ပတ်သက်သည့် ပန်းချီကားတချပ်ကို ကရင်
မျိုးဆက်သစ်လူငယ်များအတွက် ရင်သပ်ရှုမောဘွယ်ရာ ရေးဆွဲထားရစ်ခဲ့သည့် ဆရာစံမင်းမင်း၏လက်ရာ အမွေအ
နှစ်သည် မည်သည့်နည်းနှင့်မျှ လွယ်လင့်တကူမေ့ပျောက်၍ရနိုင်မည့်အရာ မဟုတ်ချေ။

ဆရာစံမင်းမင်း ရေးဆွဲပုံဖေါ်ပေးခဲ့သည့် 
Eastern Pwo-Karen Culture and Literature Preservation Committee 
တံဆိပ်တုံး

မိမိကိုယ်တိုင် တည်ထောင်ခဲ့သည့် ဖႜုံယှိုဝ်ၟမူၟထင်း လိက်လဲါဍေဆ်ုဃှီ့လာ ဖံင်းကိုင်ထုဂ်ဖႜဟ်ထင်း ကုံလွဲါ (အရှေ့
ပိုးကရင် စာပေနှင့်ယဉ်ကျေးမှု ဖေါ်ထုတ်မြှင့် တင်ထိန်းသိမ်းရေးကော်မီတီ) Eastern Pwo-Karen Culture and Literature Preservation Committee ၏တံဆိပ်တုံးကို အခကြေးငွေ တပြားတချပ်မျှမယူပဲ ပုံစံဖေါ်ပေးခဲ့သူမှာ
ပန်းချီဆရာ စံမင်းမင်း ပင်ဖြစ်ပါသည်။


ဆရာစံမင်းမင်း၏ နောက်ဆုံးခရီး

ဆရာစံမင်းမင်း၏ နောက်ဆုံးခရီး

ဆရာစံမင်းမင်းသည် သူချစ်မြတ်နိုးသည့် ပန်းချီအနုပညာနှင့်သားသမီးရင်းနှစ်သည်းခြာတို့နှင့်တကွ ခင်မင်ရင်းနှီးသူ
အပေါင်းတို့ကို ထားရစ်ခဲ့ပြီဖြစ်၏။

မိမိ၏ဆရာတဆူဖြစ်သော ဆရာစံမင်းမင်းအား ဤနုံခြာလှသော စာကြောင်းလေးများဖြင့် ဦးညွှတ်ဂုဏ်ပြုခြင်းနှင့် အတူ ကျန်ရစ်သူမိသားစု သူငယ်ချင်းအပေါင်းအသင်းများနှင့် ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပါကြောင်း ရေးသား လိုက်ရပါပေသည်။

ဆရာစံမင်းမင်း ကောင်းရာသုဂတိ လားပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)


အများအတွက် ကိုယ်ကျိုးကို စွန့်လွှတ်ပြီးတော့မှ လုပ်တဲ့လူမှန်သမျှက ဒါ အာဇာနည်ပဲ။ 
တချို့ကတကယ့်ကို သူ့ဘ၀တစ်သက်တာလုံး ကိုယ်ကျိုးစွန့်ပြီးမှ အနစ်နာခံပြီးတော့မှ ခြေပစ်လက်ပစ်တဲ့အထိ လုပ်သွားတာ ရှိတယ်။ 
အဲ့လိုပဲ ရန်သူနဲ့ရင်ဆိုင်ရင်း ကိုယ့်အမျိုးသားအတွက် ဒူးထောက်အညံ့ခံခြင်းမပြုဘဲနဲ့ ဆုံးခန်းတိုင်ခြင်း ပြုသွားတာ က ဒါ အာဇာနည်တွေပဲ။ 
(၀ါရင့် ကရင့်တော်လှန်ရေးသမား ပဒို စောသမိန်ထွန်း)

Source from

ပဒို စောသမိန်ထွန်းနှင့် တွေဆုံမေးမြန်းခြင်း
Thursday, 23 August 2012
Karen Information Center

Sunday, June 17, 2012

အဝေးရောက်သမီး ဖတ်ဘို့

 

ဒီနေ့(အဖေများနေ့)တဲ့။

အလုပ်တွေ လက်စသက် လို့ နားတော့မယ်ဆိုရင်ပဲ...အမှောင်တွေရော့ရဲလာတဲ့ ကောင်းကင်ကို ပြူတင်းတံ
ခါးမှတဆင့်ငေးလိုက်မိတယ်..။
နေ့နဲ့ည သက်မှတ်ချက်ထားပြီးအိပ်လို့မရတဲ့ဘ၀ရောက်တာ၂နှစ်တောင်ပြည့်တော့မှာပဲ...။

မအိပ်ခင် fb လေးဝင် တော်ကီခဏပွါးမယ်ပေါ့...။
fb ပေါ်ရောက်ရောက်ချင်း သတင်းတွေနဲ့အတင်းတွေကြား ဗျာများနေခဲ့မိတယ်.. wall ပေါ်က တတ်လာတဲ့
ပုံတချို့ကြည့်မိတော happy father's day ကဒ်လေးတခုပါလား...။

လူသေတွေ..လူရှင်တွေ ရန်ပွဲတွေ..ဆဲဆိုသံတွေခဏရပ်သွားတယ်... ဒီနေ့ဘာနေ့လဲ..အဖေများနေ့ကဘယ်နေ့လဲ..ဒီနေ့လား.. .လိုင်းပေါ်မှာ ကသူငယ်ချင်းကိုလှမ်းမေးလိုက်မိတယ် .... အေးလေ...တဲ့ သူကအဒိတခွန်းထဲပြန်ဖြေခဲ့တယ်... ။

အိုး..... ကျမ အဖေ ...။
ချက်ချင်းသတိရလိုက်မိတယ်.. ။
ချက်ချင်း လက်တွေက ခပ်သွက်သွက် ဂဏန်းတချို့ကိုနှိပ်လိုက်တယ်...

အန်တီ ကျမ မမလေးပါ အဖေနဲ့ပြောချင်လို့ ခေါ်ပေးပါနော်..
အေးငါခေါ်ထားလိုက်မယ်....... ဆယ့်ငါးမိနစ်နေပြန်ဆက်လိုက်...
ညည်း မဆက်တာကြာပြီ ..
နေကောင်းလား....
ဖုန်းဆိုင်ကအန်တီနှင့် ခဏတာစကားပြောပြီး ဖုန်းပြန်ချကာ၁၅မိနစ်ပြည့်တာကိုဖုန်းလေးကိုင်ကာစောင့်
နေမိတယ်..။

ဖုန်းပြန်ခေါ်လိုက်တယ်.. အန်တီက ခဏကိုင်ထားမလေး တဲ့။
ခဏနေတော့ ဖုန်းထဲကနေသြရှရှ အဖေ့အသံကိုကြားလိုက်မိတယ်။

သမီး..နေမကောင်းလို့လား..
ဘာဖြစ်လို့လဲ... 
အဖေ့ကိုသတိရလို့ပါ..

ဟေ..ဟုတ်ကလား..
ဟုတ်..

ဒီတိုင်းဘယ်လိုသတိရမှာလဲ..
အလုပ်အစဉ်မပြေဘူးလား...
သမီး မမနဲ့စိတ်ဆိုးလာတာလား.. 
မဟုတ်ဖူးအဖေ.. သမီးလွမ်း..
စကားတွေတန်းလန်း လေထဲတင်ရပ်သွားတယ်..

ခပ်ြပင်းပြင်းတံခါးခေါက်သံ... ။

အဖေခဏနော်..သမီးပြန်ခေါ်မယ်...

အမကျနော် ဒီဇိုင်းရပြီလား အခု အရေးကြီးနေလို့..
အမ ရုံးလာတာမစောင့်ပဲ အိမ်အထိလာယူလိုက်တာ..
 ခပ်ဖန်ဖန်မျက်လုံးတွေအသာပွတ်ရင်း အလုပ်တွေထဲပြန်မျောသွားတယ်...။

အိုးး...အဖေ့စီဖုန်းပြန်ခေါ်မှပဲ... ။

အဖေ ..နဲ့ပြောချင်လို့ ပါ..
အဖေလေသမီးလေးပြောပြော.. 

အဖေမပြန်ပဲစောင့်နေတာလား.. 
သမီးပြန်ခေါ်မယ်ဆိုလို့စိတ်ပူလို့ ကွာ...။
ငါ့သမီးဖုန်းဆက်တာဘာတွေများဖြစ်လို့လဲ။
အဖေစိတ်ပူလို့အိမ်ပြန်မနေပါဘူး... ။
သမီးဘာဖြစ်လဲ ပြော။
အားမငယ်နဲ့ပြော အဖေရှိတယ်...။
အဖေ့ကိုပြော .။

.....-xxxxxxxxxxxxxxxxxxxxxxxxxxxxxx............

အဖေ့စကားတွေနားထောင်ရင်း ပြောစရာစကားတွေရှာမတွေ့တော့ဘူး...
အဖေ သမီးသတိရလို့ပါ ..ဒီနေ့...
ကျမစကားတွေရပ်သွားပြီ..။
ကျမ... ပြောမထွက်ဖူး..။
အဖေများနေ့မို့ဆက်တာလို့ ပြောမထွက်ဖူး....။

ကျမဟာ..အဖေများနေ့ အမေများနေ့ရောက်မှ..အိမ်ကိုဖုန်းဆက်လက်ဆောင်လေးပို့တတ်တဲ့ အသုံးမကျတဲ့သမီးမိုက် ဖြစ်နေတာ...ကျမကိုယ်ကျမ ၀န်မခံပရစေနဲ့တော့..။.......။

ချစ်သော ရွှေသခင်မလေး
17/6/2012(2:41AM)

Copy from
http://satekuupuyar.blogspot.com/2012/06/blog-post_8691.html

Wednesday, February 1, 2012

“ အတုများ”

Source Photo from http://www.google.com/images

“ အတုများ”

ခိုင်ထူးသစ်

( မဟေသီမဂ္ဂဇင်း ၂၀၀၂ ဇူလိုင်လ )

အတုများကို သူမုန်းမိသည်။ ဆံပင်အတု၊ သွားအတု၊ ခြေအတု၊ လက်အတုကအစ မုန်းသည်။ အသက်ကြီးလို့ သွားတွေ ကျိုးရင်တောင် ‘သွားတုမစိုက်ဘူး’ လို့ ဆုံးဖြတ်ထားသည်။ သူ့စိတ်အစွဲက အဲသည်လောက်ထိ ကြီးသည်။ ပစ္စည်းတစ်ခု၊ အသုံးအဆောင်တစ်ခု နာမည်ကြီးလာလျှင်၊ လူကြိုက်များလာလျှင် အတုလိုက်လာ တတ်သည်မှာ သဘာဝ။ အလွယ်လိုက်၍ အမြတ်ယူလိုသော စီးပွားရေးသမားများမှာ ခေတ်တိုင်းခေတ်တိုင်း ရှိနေလိမ့်မည်။ ဘယ်လိုပင် တားဆီးတားဆီး လုံးဝ ပျောက်သွားမည်မဟုတ်။ မိမိတို့ ၀ယ်ယူသုံးစွဲသူတွေဘက်က ရှောင်ဖို့ရှားဖို့သာ အရေးကြီးသည်။

အတုတွေကလည်း ပေါမှပေါ။ ဘယ်ပစ္စည်းဝယ်ဝယ် ဈေးသည်ကပင် ‘အစစ်ယုမလား၊ အတုယူမလား’ လို့မေးလာတတ်သည်။ ထင်ယောင်ထင်မှား တံဆိပ်တွေနှင့် ပုံစံတွေကလည်း သေချာကြည့်မှသိရသည်။

ဟိုတစ်လောက သူ့သားလေး နာရီပူဆာ၍ လိုက်ဝယ်ပေးရာ ကောင်တာထဲတွင် RADO နာရီတစ်လုံး ကိုတွေ့လိုက်ရသည်။ နာရီဒီဇိုင်းလေးက လှမှလှ။ အိုးကလေးက အနက်ရောင်။ အထဲကစိန်ပွင့်ကလေးတွေက တလက်လက်။ လက်ပတ်ကြိုး အလယ်မှာလည်း ရွှေရောင်လိုင်းလေးတွေ ပြေးထားသည်။ နာရီကို ထုတ်ကြည့်ပြီး ဈေးမေးလိုက်တော့ ထောင့်နှစ်ရာတဲ့။ သူ အံ့သြသွားသည်။

‘ဟ..ဟုတ်ရဲ့လားကွ၊ ဒီလို ဆွစ်မိတ်နာရီက ထောင့်နှစ်ရာပဲရှိသလား၊ ဈေးများ မှားနေသလား’ ဆိုတော့ ဆိုင်ရှင်ကောင်မလေးက တခစ်ခစ် ရယ်လေသည်။ ပြီးမှ ‘မဟုတ်ဘူး ဦးရဲ့၊ ဒါက RADO အတုကြီး၊ ဆွစ်မိတ်မဟုတ်ဘူး၊ ချိုင်းနားမိတ်’

လက်ထဲတွင် ကိုင်ထားသော နာရီကို ချက်ချင်း ပြန်ချမိသည်။ သူ့သားလေးကတော့ ထိုနာရီကို သဘောကျသွားပြီး ‘ဖေဖေ ဒီနာရီပဲ လိုချင်တယ်၊ ဒီနာရီပဲဝယ်ပေး’ လို့ တဆာဆာ တောင်းဆိုနေသည်။ ဘယ်လို ပြောပြောမရ။ သူကလည်း အစစ်ကို ၀ယ်မပေးနိုင်။ အတုကျ တော့လည်း မသတီ။ သို့သော်လည်း သားလေးကြိုက်နေသောကြောင့် အောင့်သက်သက်နှင့် ၀ယ်ခဲ့ရသည်။ သားလေးလက်ထဲက RADO နာရီကိုကြည့်မိတိုင်း သူ့စိတ်ထဲတွင် အားမလိုအားမရ ဖြစ်မိသည်။

‘ထီပေါက်လို့ကတော့ ဒီနာရီကို ပေါက်ခွဲပြီး အစစ်တစ်လုံး ၀ယ်ပေးမည်’ ဟုစိတ်ကူးမိသည်။ မသိနားမလည်သော သားလေးကတော့ ပျော်နေရှာသည်။

သို့သော်လည်း သားလေးကြာကြာ မပျော်နိုင်ပေ။ တစ်လလောက် ကြာတော့ လက်ထဲက နာရီမှာ ရွှေရောင်တွေ ကျွတ်လာသည်။ အထဲက စိန်ပွင့်ကလေး တွေကလည်း အရောင် သိပ်မလက်တော့ပေ။ လက်ပတ်ကြိုးမှာလည်း ခပ်မည်းမည်း ခပ်မွဲမွဲနှင့် အကြည့်ရ ဆိုးလာသည်။ ပြုံးပျော်နေသော သားလေး၏ မျက်နှာမှာလည်း နာရီကြည့်မိတိုင်း ရှုံ့မဲ့မဲ့ ဖြစ်သွားလေသည်။

‘တောက်…အတုတွေကတော့ အကုန်လုံး မီးရှို့ပစ်ဖို့ကောင်းတယ်၊ အတု လိုက်လုပ်တဲ့ ကောင်တွေကိုလည်း အရေးယူရမယ်။ ’သူ့စကားကြောင့် မိန်းမ၏ မျက်နှာမှာ တွန့်လိမ် သွားသည်။

“အိုတော်..ကျုပ်တို့လိုလူလတ်တန်းစား တွေအတွက်တော့အတုရှိမှပေါ့၊ရတဲ့ငွေကလေးနဲ့ အစစ်ကိုဘယ်ဝယ်နိုင်ပါ့မလဲ၊တချို့အတုတွေကျတော့ လည်းအစစ်နီးပါးကောင်းပါတယ်။ဒါနဲ့ နေပါဦး၊ အစစ်ကို ၀ယ်ရအောင် တော်ကရောငွေ ဘယ်လောက် ရှာပေးနိုင်လို့လဲ”

မိန်းမစကားကြောင့် သူငြိမ်သွားသည်။ ခေါင်းကိုကုပ်၍ မကြားချင်ယောင်ဆောင်ကာ အိမ်အ ပြင် ထွက်လာခဲ့သည်။ အရက်ဆိုင်သို့ ဦးတည်နေသော သူ့ခြေလှမ်းများကို ငုံ့ကြည့်ရင်း ထပ်၍ ဒေါသထွက်မိပြန်သည်။ ခြေလှမ်းတိုင်း… ခြေလှမ်းတိုင်း သူ့ခြေထောက်တွင် စီးထားသော ဖိနပ်မှာ ကျွတ်ချင်သလိုလို ကွာချင်သလို လိုဖြစ်လာသည်။ တကယ်တော့ သည်ဖိနပ်က အစစ်မဟုတ်။ ‘အော်’ ကိုတု၍ ချုပ်ထားသော မိတ် ‘အင်’ ဒီတွင် သာဖြစ်သည်။ ထို့ကြောင့်လည်း တာရှည်မခံ။ ချုပ်ကြောင်းရာတွေ ကွာလိုက်လာသည်။ ဖိန်ပိုမပြတ်အောင် ထိန်းစီးရင်း တောက် တခေါက်ခေါက်ဖြင့် အတုများကို ဆဲရေးနေမိသည်။ အရက်ဆိုင်ထဲ ရောက်သွားတဲ့အထိ တဖျစ်တောက်တောက်နှင့်။

“ဟ..ဆရာခိုင်၊ မျက်နှာကြီးကလည်း စူပုပ်နေတာပဲ၊ မိန်းမနဲ့ ရန်ဖြစ်လာတာလား၊ လာပါဦးဗျ”

လျှပ်စစ်ပစ္စည်း ရောင်းသော ခင်မောင်ဝင်းက အရက်ခွက်ထဲ ရေငှဲ့ရင်း သူ့ကိုလှမ်းခေါ်သည်။ သူလည်း ခင်မောင်ဝင်းတို့ ၀ိုင်းမှာပဲ ၀င်ထိုင်လိုက်သည်။

ဟေ့…၀ီစကီနှစ်ပက်ပေးကွာ’ သူ့အမှာကြောင့် ခင်မောင်ဝင်း အနည်းငယ် အံ့အားသင့်သွားသည်။ ဆရာခိုင်၊ အရင်က ရမ်ပဲသောက်တာနော်၊ အခုဝီစကီ ပြောင်းသောက်နေပြီလား’ ‘အေးကွ၊ ရမ်ကအတုပေါလို့ ၀ီစကီပြောင်း သောက်နေတာ၊ ဟိုတစ်လောက လှတောရွာဘက်မှာ ရမ်အတုသောက်မိလို့ လူသုံးယောက် ဆေးရုံတက်ရတာ မင်းလည်းကြားမှာပါ၊ အတုသမားတွေ တော်တော်ဆိုးတယ်ကွာ၊ ပစ္စည်းအတုလုပ်တာက တော်သေးတယ်၊ အစားအသောက်အတု၊ ဆေးဝါးအတု လုပ်တာကတော့ ဆိုးဝါးလွန်းပါတယ်၊ အဆိုးဆုံးကတော့ အရက်အတုကွအရက်အတု၊ ငါတို့ကို ထိခိုက်တယ်၊ ပိုက်ဆံသာ ရှိလို့ကတော့ ဂျော်နှီဝါကာတွေ၊ ဘလက်လေဗယ်တွေပဲ သောက်မယ်မောင်ရေ၊’ သူ့စကားကြောင့် အရက်ခွက်ကိုမော့ရန် ဟန်ပြင်နေသော ခင်မောင်ဝင်းမှာ တုံ့ဆိုင်းသွားသည်။

‘မထင်နဲ့ ဆရာခိုင်ရေ့၊ အဲ့ဒီဂျော်နီဝါကားတွေ၊ ဘလက်လေဗယ်တွေက ပိုပြီးအတုပေါတယ်။ ခင်မောင်ဝင်းက အရက်ခွက်ကို မော့ချလိုက်ပြီး အမြည်းခွက်ကို နှိုက်ရင်း ဆက်ပြောပြန်သည်။‘ တန်ဖိုးကြီးတော့ ပိုပြီး အတုလုပ်တာပေါ့ဗျာ၊ ပုလင်းအဖုံးကို ဆေးထိုးအပ်စိုက်လိုက်တယ်၊ ပြီးတော့ ပုလင်းကို မှောက် ဆေးထိုးအပ်ကိုဆွဲပြီး အထဲက အရက်အစစ်ကို နည်းနည်းချင်းဆွဲထုတ်တယ်။ ပြီးမှ အရက်အတုကို ဆေးထိုးအပ်နဲ့ ပြန်ထည့်ပြီး အဖုံးပေါ်က အပ်စိုက်ရာကို ပြန်ဖုံးတယ်၊ တကယ်ပိရိတယ်ဗျာ၊ နောက်ထုတ်ထားတဲ့ အစစ်ကိုဆိုင်မှာ ပက်ချင့်ရောင်းပြီး အတုကို တခြားပြန်သွင်းတယ်၊ ကိုယ့်ဆိုင်လာသောက်တဲ့ သူကတော့ အစစ်သောက်ရတာပေါ့ဗျာ၊ တရုတ်နယ်စပ်မှာ ဒီလိုလုပ်နေတဲ့ သူတွေအများကြီးပဲ’

ခင်မောင်ဝင်း ပြောတာတွေက စိတ်ဝင်စားစရာ ကောင်းလှသည်။ ပြီးတော့ ဈေးရောင်းနေသူဖြစ်သောကြောင့် အတုတွေနှင့်ပိုပြီး ရင်းနှီးသည်။ ထို့ကြောင့် သူလည်း ခင်မောင်ဝင်းနှင့် စကားကောင်းနေမိသည်။

‘မင်းတို့ လျှပ်စစ်ပစ္စည်း လောကမှာလည်း အတုပေါမှာပေါ့’ ‘ပေါတာပေါ့ ဆရာခိုင်ရယ်၊ လျှပ်စစ်ပစ္စည်း လောကမှာလည်း အတုတွေ၊ ပုံမှားရိုက်တာတွေ အများကြီးပဲ၊ ကျွန်တော်ဆိုရင် ဆိုင်မဖွင့်ခင်က ခဏခဏခံရတယ်၊ အဲ့ဒီတုန်းက တီဗွီအင်တင်နာဝယ်တာ အမျိုးအစားက TOSHIBUဗျ။ ကျွန်တော်လည်း တိုရှီဘာက ဈေးချောင်လှချည်လားဆိုပြီး၊ ၀ယ်လာတာ အိမ်ရောက်မှ တိုရှီဘာမဟုတ်ဘဲ တိုရှီဘူ ဖြစ်နေမှန်းသိရတယ်။ တိုအိုအက်စ်အိတ်(ခ်ျ)အိုင်ဘီအေ (TOSHIBA) ကိုမသိမသာနဲ့ တိုအိုအက်စ်အိတ်(ခ်ျ)ဗွီယူ (TOSHIBU) လို့လုပ်ထားတယ်။ ‘A’နဲ့ ‘U’ ကို မသိမသာ ပုံမှားလုပ်ထားတယ်။ သေချာ ကြည့်မှ တိုရှီဘူမှန်း သိရတယ်’

ခင်မောင်ဝင်းက ပြောပြီး တ၀ါးဝါးရယ်လေသည်။ သူလည်းမနေနိုင်တော့ ဘဲခွက်ထိုးခွက်လန် ရယ်လေတော့သည်။ အရက်ဆိုင် တစ်ဆိုင်လုံးမှာ ရယ်သံများ ဆူညံသွားသည်။

‘ဟ..ရယ်လှချည်လား၊ ဘာတွေများ သဘောကျနေကြတာလဲ’

‘အသံကြား၍ နောက်လှည့်ကြည့်လိုက်တော့ ပိန်ပိန်ရှည်ရှည်နှင့် လူတစ်ယောက်။ ထိုလူက ပြုံးဖြီးဖြီးနှင့် သူ့ပခုံးကို ကိုင်လျှက်။ ‘ဆရာ….ကျွန်တော့်ကို မှတ်မိလား’တဲ့။ သူလည်း စားပွဲခုံပေါ်က အရက်ခွက် ဘေးရှိမျက်မှန်ကို ကောက်တပ်၍ ကြည့်လိုက်သည်။ သို့သော်လည်း အရက်ရှိန်ကြောင့် ၀ါးတားတား။

‘ဆရာ့တပည့် သဘောင်္သား ဖိုးထောင်လေ’ ‘ဟ..ဖိုးထောင်ကြီးပါလား။ ပိန်ပြီးအသားတွေ ဖြူလို့ မှတ်တောင် မမှတ်မိဘူးကွာ၊ မင်းဘယ်တုန်းက ပြန်ရောက်တာလဲ’ ‘ရောက်တာ ကြာပြီဆရာ၊ ဆရာနဲ့ မတွေ့ဖြစ်လို့၊ လကုန်ရင်ပြန်ထွက်မှာပါ”

ဖိုးထောင်က ထိုင်လက်စ ၀ိုင်းက သောက်လက်စ အရက်ခွက်ကိုသွားယူပြီး သူတို့ ၀ိုင်းထဲပြောင်းလာသည်။ ခင်မောင်ဝင်းကလည်း ခုံကိုချဲ့၍ နေရာပေးသည်။ ကျွန်တော်ဒီမှာ တစ်ယောက်တည်း ထိုင်နေတာကြာပြီ၊ ရယ်သံတွေကြားလို့ ကြည့်လိုက်မှ ဆရာတို့မှန်းသိရတယ်၊ ဘာတွေများ သဘောကျ ပြီးရယ်နေကြတာလဲ’

‘သြော်…ဒီခေတ်ကြီးထဲ အတုတွေပေါတဲ့ အကြောင်းပြောရင်းရယ်မိတာပါကွာ၊ ဒါနဲ့မင်းတို့နိုင်ငံခြား သဘောင်္လောကမှာရော အတုတွေ မပေါဘူးလား’ ဖိုးထောင်က ချက်ချင်းပြန်မဖြေ။ စီးကရက်တစ်လိပ်ကို ကောက်ယူ၍ မီးညှိလိုက်သည်။ ပြီးမှရှိုက်ထားသော မီးခိုးများကို ဖွာထုတ်ရင်းပြောသည်။

‘ဘယ်လိုပြောလိုက်တာလဲ ဆရာရယ်၊ ကျွန်တော်တို့ နိုင်ငံခြားသင်္ဘောလောက၊ ရှိုးဂျော့ လောကတွေမှာ အတုတွေ အများကြီးပဲ၊ အလုပ်ခန့်စာအတု၊ စပွန်ဆာအတု၊ ပတ်(စ်)ပို့အတု၊ ဟောကျွန်တော်တို့ နိုင်ငံခြားသင်္ဘောတွေပေါ်မှာ မိန်းမအတု’

‘ဘယ်လိုဘယ်လို၊ မိန်းမအတုဟုတ်လား’

ဖိုးထောင်စကားပင် မဆုံးသေး၊ သူနှင့်ခင်မောင်ဝင် အံသြစွာဝင်ပြောလိုက်သည်။ ‘ဟုတ်တယ်ဗျ။ သင်္ဘောပေါ်မှာ မိန်းမအတုတွေရှိတယ် ’ဟာကွာ..မင်းကလည်း အတုတပ်ထားတဲ့ မိန်းမနေမှာပါ၊ မိန်းမအတုတော့မဟုတ်ပါဘူး’ နားမလည်သော ခင်မောင်ဝင်းက ၀င်ပြောတော့ ဖိုးထောင်ကရယ်သည်။

‘အတုတပ်ထားတာမဟုတ်ဘူး၊ တစ်ကိုယ်လုံးအတု ဖြစ်နေတဲ့ လေထိုးထားတဲ့ မိန်းမပုံ ရာဘာရုပ်ကြီးတွေကိုပြောတာ’ ထိုအခါကျမှ တ၀ါးဝါး ရယ်လေသည်။ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲသွားရင် သင်္ဘောပေါ်မှာ မိန်းမအတုတွေပဲရှိတယ်ဗျ၊ ကျွန်တော် ကတော့ အတုကို အစစ်ထက် ပိုပြီးကြိုက်တယ်’ သည်တစ်ခါတော့ သူရော ခင်မောင်ဝင်းရော ခေါင်းခါမိသည်။

‘မင်းကလည်းကွာ အစစ်ကို ဘယ်မီပါ့မလဲ၊ မင်းရူးများ ရူးနေလား’ ဖိုးထောင်ကတော့ သူတို့ကိုကြည့်၍ လေးနက်တည်ငြိမ်စွာ ပြုံးသည်။ ‘ဆရာတို့ တကယ်မကြုံသေးလို့ အတုရဲ့တန်ဖိုးကို မသိကြတာပါ’ သူလည်း အတော်လေးမူးနေသော ဖိုးထောင်နှင့် ဆက်၍ အတိုက်အခံ မပြောလိုသောကြောင့် စကားလမ်းကြောင်း လွှဲလိုက်သည်။ မတွေ့ရတာ ကြာပြီ ဖြစ်သောကြောင့် စကားတွေက မဆုံးနိုင်။ တောင်ရောက် မြောက်ရောက်နှင့် ပြောလိုက်ကြသည်မှာ ညမိုးချုပ်သည်အထိ။ သူရော၊ ခင်မောင်ဝင်းရော၊ ဖိုးထောင်ရော စကားတွေ လေးလံလာပြီး ခေါင်းငိုက်စိုက်ပင် ကျလာသည်။

* * * * * * * * * * * * * *

အရက်ဆိုင်မသွားဖြစ်တာလည်း အတော်ကြာသွားပြီ။ မိန်းမက သူအပြင်ထွက်သည်ကို မကြိုက်သောကြောင့် ညနေရောက်တိုင်း အိမ်ထဲမှာပဲ တစ်ယောက်တည်း သောက်ဖြစ်သည်။ ဖိုးထောင်လည်း ပြန်ထွက်သွားပြီဟုကြားရသည်။ အရက်ဆိုင်တွင် ကြုံခဲ့သော ညက ဖိုးထောင် ပြောခဲ့သော အကြိုက်ကတော့ တွေးမိတိုင်း အံ့သြ၍ မဆုံးနိုင်။ တော်တော်ထူးတဲ့ ကောင်၊ အတုမှ ကြိုက်ရတယ်လို့’ ဟု ဆိုညဉ်းမိသည်။

သူကတော့ အရက်မူးတိုင်း အိမ်ထဲရှိ အတုမှန်သမျှကို ရိုက်ခွဲပစ်ချင်သည်။ သို့သော်လည်း မိန်းမက သူ့ကိုရိုက်ခွဲမည် စိုးသောကြောင့် အသာငြိမ်နေမိသည်။ တစ်နေ့တော့ သူ့အိမ်ကို လူတစ်ယောက် ကပျာကယာနှင့် ပြေးလာသည်။

‘ဆရာ..ဆရာ…၊ ဆုံးခါနီးလူနာတစ်ယောက်က ဆရာနဲ့ တွေ့ချင်တယ်ဆိုလို့၊ အမြန်လိုက်ခဲ့ပါဆရာ၊’ သူ ရုတ်တရက် အံ့အားသင့်သွားသည်။

“ဗျာ..ဘယ်သူများလဲ’

‘ဟိုရောက်မှ တွေ့လိမ့်မယ်ဆရာ၊ လူနာကဆရာ့ကို အရမ်းတွေ့ချင်နေတယ်၊ အခုလိုက်ခဲ့ပါ၊’

သူလည်း နားမလည်နိုင်ဘဲ ထိုလူလာခေါ်သော ကားလေးနှင့် လိုက်သွားလေသည်။ ခြေတံတိုအိမ်လေးတစ်လုံး ရှေ့ရောက်မှ ‘ကျွိ’ခနဲ့ ရပ်သွားသည်။ သူလည်း သိလိုစိတ်ဖြင့် အိမ်ပေါ်ပြေးတက်သွားတော့ ခုတင်ပေါ်တွင် မျက်တွင်းဟောက်ပက်ပက်နှင့် လူတစ်ယောက်။ ကိုယ်အနှံ့မှာ အနာစိုများနှင့်။ ဆရာ…ဆရာ၊ ကျွန်တော်ဖိုးထောင်ပါ’

ကြက်သီးများပင် တဖြန်းဖြန်းထသွားသည်။

‘ဟင်…ဖိုးထောင်၊ မင်းပြန်ထွက်သွားပြီဆို’ ‘ဟုတ်တယ်ဆရာ၊ ကျွန်တော်လူတွေကို ပြန်ထွက်သွားပြီလို့ လိမ်ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ဘယ်လိုမှ ပြန်ထွက်လို့ မရတော့ဘူး။ ကျွန်တော့်မှာ AIDSရှိနေတာကြာပြီ။ ရှက်လို့ ထွက်ဟန်ဆောင်ပြီး ဒီမှာ တိတ်တိတ်ကလေး နေခဲ့တာ၊ ကျွန်တော့်အဖြစ်က ဆိုးလွန်းပါတယ် ဆရာရယ်။’

ပြောရင်း..ပြောရင်း မျက်ရည်များပင် လိမ့်ဆင်းလာသည်။ ‘အစစ်ကြောင့်ဆရာ၊ အစစ်ကြောင့် ကျွန်တော်ဒီလိုဖြစ်ရတာ၊ သင်္ဘောပေါ်မှာ မိန်းမအတုတွေနဲ့ပဲ ကျေနပ်ခဲ့မယ်ဆိုရင် ဒီလိုဖြစ်မှာမဟုတ်ဘူး၊ အခုတော့ သင်္ဘောဆိပ်ကမ်းမှာ ကပ်တိုင်း အစစ်တွေနဲ့ တွေ့ခဲ့ လို့ ဒီလိုဖြစ်ရတာပါ၊ ဒါကြောင့်မို့ အတုတွေက တန်ဖိုးရှိတယ်လို့ ကျွန်တော်ပြောခဲ့တာပေါ့ ဆရာရယ်၊’

စကားပြောရင်း ဖိုးထောင်မောလာသည်။ ‘စကားတွေ သိပ်မပြောပါနဲ့ ဖိုးထောင်ရယ်’ ဖိုးထောင်ကို ဖြေသိမ့်ရင်း အားပေးစကားတွေ ပြောခဲ့ရသည်။ သို့သော်လည်း ဖိုးထောင်၏ နောက်ဆုံးထွက်သက်ကို မကြားလိုသောကြောင့် ဖိုးထောင်ကို နာနာကျင်ကျင် နှုတ်ဆက်၍ အိမ်ပြန်လာခဲ့သည်။ အိမ်အပြန်သူ့ခြေလှမ်းများမှာ လေးလံပြီး သူ့စိတ်မှာ ထိုင်းမှိုင်းနေ၏။

* * * * * * * * * *

ထိုညက တစ်ညလုံး အိပ်မပျော်ပေ။ ခြင်ထောင် မျက်နှာကြက်ကို မော့ကြည့်ရင်း တွေဝေနေသည်။ ညဉ့်နက်သည်အထိ သူ့စိတ်မှာ ချောက်ချားနေသည်။ လူ့လောက၏ အဖြစ်အပျက်တရားများကို စဉ်းစားရင်း ထိတ်လန့်နေမိသည်။ သူ့ကိုယ်မှာ ခုတင်ပေါ်တွင် ပက်လက်လန်လျှက်။ ဘေးမှာတော့ အအိပ်ကြီး၍ အအိပ်ကြမ်းသော သူ့ မိန်းမက တခေါခေါအိပ်နေရာမှ သူ့ဘက်လိမ့်လာသည်။ ခြေထောက်က သူ့ပေါင်ပေါ်လာခွပြီး လက်က သူ့ရင်ဘတ်ပေါ် လာတင်သည်။ သူ ချွေးများပြန်လာပြီး ခြေထောက်နှင့် လက်ကို သူ့ကိုယ်ပေါ်မှ အလျှင်အမြန်ဖယ်ချလိုက်သည်။

‘အစစ်ကြောင့်ဆရာ.. အစစ်ကြောင့်’ ဆိုသည့်ဖိုးထောင်၏ စကားများကို ကြားယောင်လာသည်။ ထိတ်ထိတ်လန့်လန့် ဖြစ်လာပြီး အိပ်ရာမှ ‘ငေါက်’ ခနဲ့ ထထိုင်လိုက်သည်။

“မဖြစ်ဘူး..မဖြစ်ဘူး၊ ဒီညကစပြီး ဒီမိန်းမနဲ့ ခွဲအိပ်ရတော့မယ်’ ခြင်ထောင်ထဲမှ ထွက်လိုက်ပြီး စောင်တစ်ထည်ကို ဆွဲယူကာ ဧည့်ခန်းထဲ ထွက်လာခဲ့သည်။ ပြီးတော့ သူ့စိတ်ထဲတွင် စိတ်ကူးတစ်ခု ပေါ်လာသည်။ ‘အင်း….ဖိုးထောင်ပြောတဲ့ အတုတစ်ခုလောက်တော့ ရှာဝယ်ရဦးမယ်’

ခိုင်ထူးသစ်

( မဟေသီမဂ္ဂဇင်း ၂၀၀၂ ဇူလိုင်လ )

Copy from http://www.mingalarpar.org/2011/09/blog-post_29.html