• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, October 30, 2009

ဘာကြောင့်

ဘာကြောင့်
(ဒီပ)

တဘဝ
တခဏ
တစ,တစ, နစ်နေ။ ။

ရေကြည်ပျော်ပါး
ရွှေငါးလေးတွေ
တဖျောက်ဖျောက်
ရေနောက်မှာ ကူးခပ်
တဖျပ်ဖျပ်နဲ့
ငါး.......
ရေနစ်နေသည်။ ။

ဒီပ
July-21-2005
ပဉ္စမ အကြိမ်မြောက် အားမာန်သစ်မဂ္ဂဇင်း
August-01-2005

Wednesday, October 28, 2009

သူယုံကြည်ရာ
Dr, Naw Angelene(သမိုင်းပါမောက္ခ)


ကျမယုံကြည်တာကတော့ သာယာတဲ့ပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်ဘို့ပေါ့နော်
ဘာကြောင့်လဲဆိုရင် ငယ်ငယ်လေးကတည်းက ပြည်တွင်းစစ်ဖြစ်နေတော့ မွေးကတည်းကဗမာပြည်ထဲမှာပြေးလွှားလိုက်ရတာ
စစ်ဒါဏ်ခံရတယ်လေ။
နောက်တခုက ခု သမိုင်းဆရာမ,လုပ်ပြီးနောက်ပိုင်းမှာ လက်ရှိလုပ်နေတဲ့သုတေသန
အလုပ်ကလဲ စစ်ပြေး ဒုက္ခသည်တွေအကြောင်းရေးနေတော့ စစ်ကြောင့်
စစ်ဘေးဒါဏ်ကြောင့် ဒုက္ခရောက်တာတွေများတော့လေ
အဲဒါကြောင့်စစ်မဖြစ်အောင်ပေါ့နော် စဉ်းစားတာတော့
တကမ္ဘာလုံးအတွက်တော့လဲ မလုပ်နိုင်ဘူးလေ
စစ်မဖြစ်အောင်လဲ ဖန်တီးလို့မရနိုင်ဘူးလေ ဒါပေမယ့်လဲ ကိုယ့်ပတ်ဝန်းကျင်မှာပဲ
သာယာပြီးဧချမ်းတဲ့ကမ္ဘာ တည်ဆောက်ဘို့စဉ်းစားတာပါ။
စစ်ဒုက္ခဖြစ်တယ်ဆိုတဲ့ဟာ ဆန်းစစ်ကြည့်တဲ့အခါ ဘာကြောင့်ဖြစ်သလဲဆိုတော့လေ လူတွေဟာကိုယ်အရမ်းကြိုက်
တဲ့ အရမ်းမြတ်နိုးတဲ့ ဥပမာ ဥစ္စာပစ္စည်းပဲဖြစ်ဖြစ် ပိုင်ဆိုင်မှုပဲဖြစ်ဖြစ် တိုင်းပြည်ပဲဖြစ်ဖြစ်
အတွေးအခေါ်ပဲဖြစ်ဖြစ် အရမ်းပဲ အဲဒါကိုအစွန်းထွက်အောင်မြတ်နိုးပြီး အဲဒီနောက်ကို
လိုက်တဲ့လူဆိုရင် အဲဒါပြဿနာတက်တော့တာပဲ
အဲဒါကြောင့် အဲဒီပြဿနာမျိုးမရှိအောင် ပတ်ဝန်းကျင်မှာဘယ်လိုစ,ပြီးတော့ ဧချမ်း
သာယာလာအောင် ပတ်ဝန်းကျင်ကို ဘယ်လိုဖန်တီးယူမလဲဆိုတာ စဉ်းစားကြည့်တာပါ။
ကိုယ့်တယောက်ထဲ အနေနဲ့ပေါ့နော် ဒါပေမယ့် တခြားလူတွေအနေနဲ့
ဘယ်လိုယူဆ,မလဲဆိုတာတော့ မသိဘူးပေါ့
ကိုယ့်အနေနဲ့ကတော့ ကမ္ဘာကြီးတခုလုံးကို ငြိမ်းချမ်းအောင်
မတတ်နိုင်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်ထဲမှာ အကောင်းဆုံး
ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားတဲ့အခါမှာ အရင်ဆုံးချစ်တတ်ဘို့လိုတယ်၊
ဘာလို့လဲဆို လူဟာ ကိုယ့်ကိုယ်ကို မချစ်တတ်ခဲ့လို့ရှိရင် ကိုယ့်ထဲမှာကို
ရန်တွေပွါးနေပြီးတော့ ကိုယ့်ကိုယ်ကိုမကြေနပ် ကိုယ့်ကိုယ်ကိုမချစ်တာနဲ့ကို
ပြဿနာဖြစ်ပြီးတော့ လူများနဲ့တည့်အောင်မဖြစ်နိုင်ဘူးလေ

ဒီတော့ အရင်ဆုံးမေတ္တာထားတဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုချစ်တတ်ဘို့လိုတာပေါ့....နော်
ကိုယ့်ကိုယ်ကိုချစ်ဘို့ဆိုတာက,တဲ့ ခန္ဓာကိုယ်ကျန်းမာပြီးတော့ စိတ်ဓါတ်ရေးရာမှာလဲပဲ
ကံ့ခိုင်မှသာလျှင် ကိုယ့်ကိုယ်ကို ချစ်တတ်မှာပါ ပြီးရင်ကိုယ့်မိသားစုသာယာအောင် ကိုယ့်မိသားစုမှာမေတ္တာပြည့်ဝ,အောင် အရင်ဆုံးအိမ်တွင်းမှာသာယာအောင်
အရင်လုပ်ဘို့ မိသားစုသာယာလို့ရှိရင် ကိုယ်နေတဲ့အသိုင်းအဝိုင်းလေးမှာ သာသာယာယာနဲ့ပျော်ပျော်ရွှင်ရွှင်ဖြစ်တဲ့ ပတ်ဝန်းကျင်
ဖြစ်အောင်လုပ်သလိုဖြစ်ပြီ အဲဒါ မိသားစုတိုင်း တဦးချင်းတိုင်း ပတ်ဝန်းကျင်တိုင်းမှာ
အဲဒီလိုလုပ်သွားနိုင်လို့ရှိရင် ကမ္ဘာကြီးဟာလည်း ပိုသာယာလာမယ်လို့
ယူဆ,တယ်လေ
ခုနပြောသလိုခန္ဓာကိုယ်ကျန်းမာဘို့စိတ်ဓါတ်ရေးရာကြံ့ခိုင်ဘို့ ဆိုတာသင်ဘို့ဆိုရင် အရင်ဆုံးကိုယ့်မိသားစုမှာတော့ ကိုယ့်သားသမီးတွေ ခန္ဓာကိုယ်ကျန်းမာဘို့
သင်ပေးရ,တယ် ကျန်းမာအောင် မှန်မှန်အိပ် မှန်မှန်စား အဲဒါမှ ကျန်းမာပြီးတော့
စိတ်ဓါတ်ခိုင်လာမယ်။
စိတ်ထဲမှာလဲ စိတ်ညစ်တယ် စိတ်ဓါတ်ကျတယ်ဆိုတာမရှိဘူးလေ။
ဒီတော့စိတ်က,ပျော်ရွှင်နေမယ်။ ပြီးရင်ကိုယ့်သားသမီးကိုမေတ္တာတုန့်ပြန်ပေးရ,မယ်၊
ပြီးရင်သူတို့ကို တာဝန်သိအောင်သင်ပေးရ,မယ်
သူတို့အဲဒီလိုတာဝန်သိခြင်းအားဖြင့် သားသမီးတာဝန်၊ မိဘတာဝန်၊ သူငယ်ချင်းတာဝန်
တယောက်နဲ့တယောက် သူငယ်ချင်းဖြစ်ပြီဆိုရင် တယောက်ကိုတယောက်ဘယ်လို
ကူညီဘို့ဆိုတာရှိတဲ့အခါမှာ ဒီတော့မိသားစုသာယာပြီး ပတ်ဝန်းကျင်မှာသာယာအောင်
လုပ်ပေးနိုင်တယ်လေ
အဲဒီလိုမျိုးအတွးအခေါ်နဲ့ ထားပြီးတော့ ပတ်ဝန်းကျင်မှာလဲ ကိုယ်တတ်နိုင်တာကူညီပြီး
မေတ္တာထားတယ်ပေါ့နော်
ဥပမာအားဖြင့် အကူအညီလိုတဲ့လူတွေဆိုရင် တတ်နိုင်သလောက်ကူညီပေးတယ် တယောက်နဲ့တယောက်မေတ္တာနဲ့အပြန်အလှန်ကူညီပြီး အကောင်းဆုံးလုပ်ပေးလို့ရှိရင် အဲဒီတုန့်ပြန်ချက်တွေပြန်ရ,တာ မေတ္တာတယောက်နဲ့တယောက်ပွါးလာပါတယ်။
လူတိုင်းမှာမေတ္တာထားတတ်ဘို့...နော်၊ကိုယ့်ကိုယ်ကိုချစ်တတ်ဘို့၊ ကိုယ့်ကိုယ်ကို
ချစ်တတ်သလို သူများကိုချစ်တတ်ဘို့၊ မာန,မရှိဘို့ ....နော်၊ တာဝန်သိဘို့၊ အထူးသဖြင့်
ကိုယ့်တာဝန်ကို ကိုယ်သိမှသာလျှင် ကိုယ့်ပတ်ဝန်းကျင်ကိုလဲ ကိုယ်ကဘာကူညီတတ်တယ်
ဆိုတာ သိမယ်လေ
အဲဒါကြောင့်မို့လို့ စိတ်ဓါတ်ခိုင်မာဘို့ရယ် ကျန်းမာဘို့ရယ် ပြီးတော့မေတ္တာထားတတ်ဘို့ရယ် ပတ်ဝန်းကျင်နဲ့သင့်မြတ်အောင်နေတတ်ဘို့ ဒီလိုစိတ်ဓါတ်ရေးရော ခန္ဓာကိုယ်ရော နှစ်ခုစလုံး မှန်မှန်ကန်ကန်တွေးတတ်ပြီးတော့ အစွန်းမထွက်တဲ့လူမျိုးကို ဆက်ပြီးတော့ ပတ်ဝန်းကျင်
မှာ ဖန်တီးနိုင်အောင်လုပ်ဘို့လိုတယ် အဲဒါမှသာယာတဲ့ပတ်ဝန်းကျင်တည်ဆောက်နိုင်မယ်လို့
ယူဆ,တယ်။

Dr, Naw Angelene(သမိုင်းပါမောက္ခ)
Judson University
Illinois.
USA

VOA ကနေ Dr, Naw Angelene(သမိုင်းပါမောက္ခ)ပြောသွားတာတွေကို ပြန်ရေးပြထားတာပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ရှောက်သီးသံပုရာသီး သုံးတဲ့နည်း

ရှောက်သီး သံပုရာသီး သုံးတဲ့နည်း
သော်စင်အောင်(ငွေတောင်)

တခါတလေ အလုပ်များနေလို့ပဲဖြစ်ဖြစ် မေ့ပြီး ထမင်းဂျိုင့်၊ ဟင်းအိုး၊ ထမင်းအိုးတွေ
ဒါမှမဟုတ် အသားဟင်း ငါးဟင်းတွေထည့်ထားတဲ့ အိုးခွက်၊ ပန်းကန်တွေကို သုံးလေး
ရက်ကြာတဲ့အထိ မဆေးမကြောမိလို့ အနံ့ဆိုးတွေထွက်ပြီးဆေးကြောရခက်နေရင်
ညှစ်ပြီးသုံးပြီးသား သံပုရာခွံနဲ့တိုက်ချွတ်ဆေးကြောလို့ရှိရင် အနံ့ကင်းစင်ပြီးဖြူလွင်
တောက်ပ,လာပါလိမ့်မယ်။

ကိုယ်ပန်းလက်ပန်းကျပြီး ခေါင်းကိုက်ရင်ပဲဖြစ်ဖြစ် တခြားအကြောင်းတွေကြောင့်
ခေါင်းကိုက်ရင်ပဲဖြစ်ဖြစ် သံပုရာသီး တစိပ်နှစ်စိပ်လောက်ထည့်ပြီးညှစ်သောက်လိုက်ရင်
ခေါင်းကိုက်တာချက်ချင်းလက်ငင်း ပျောက်ကင်းသက်သာပါလိမ့်မယ်။

လက်မှာ ငါးညှီနံ့၊ကြက်သွန်နီနံ့တွေနံနေတယ်ဆိုရင် ညှစ်ပြီးသားသံပုရာခွံတွေနဲ့ ပွတ်တိုက်ပေးလိုက်ရင် ညှီနံ့တွေ အလွယ်တကူ ပျောက်ကင်းသွားပါလိမ့်မယ်။
ဒါပေမယ့် သစ်သီးအစေးတွေ ပေကျံစွန်းထင်းနေရင်တော့ မသုံးရသေးတဲ့ရှောက်သီးကိုထက်ခြမ်းခွဲပြီး စွန်းပေနေတဲ့နေရာကို ပွတ်ပေးလိုက်ပါ။
အဲဒီနောက် ဆပ်ပြာမသုံးပဲ ရေနွေးနဲ့ဆေးလိုက်ပါ။

အဝတ်တွေ ချေး(ဂျီး)ကျွတ်အောင်ဆိုရင်တော့ ပြုတ်လျှော်တဲ့အခါ သံပုရာသီး
သုံးလေးစိပ်လောက်ထည့်ပြီး ပြုတ်လျှော်မယ်ဆိုရင် ပိုပြီးဖြူလာပါလိမ့်မယ်။

စလင်းကြီးမြို့နယ်၊ ထူးကြီးကျေးရွာမှ ဆရာတော် ဦးလာဘိက အား ဤစာစုဖြင့် ဦးညွှတ်ပါ၏။

သော်စင်အောင်(ငွေတောင်)
နက္ခတ္တရောင်ခြည် မဂ္ဂဇင်း
၁၉၉၉၊ မေလ။

သူ

သူ

သူဟာ.....
မကြာခင်
သူကြင်လည်ခဲ့တဲ့
လောက,ကြီးရဲ့အပြင်ဘက်
ထွက်ရတော့မယ်။

သူ့အသက်က
အတော်ရ,နေပြီလေ။

သူ့သားသမီး
အသီးသီးအိမ်ခွဲထွက်ပြီးနောက်
တယောက်ထဲနေရင်း
သူ....စဉ်းစားမိရဲ့လား?

သူဟာ......
အတ္တဆန်စွာနဲ့
သားသမီးတွေရဲ့အပေါ်
မမျှတ,တဲ့ဆက်ဆန်မှု
ပြုခဲ့လေသလား?

သူဟာ......
မိုက်မဲစွာနဲ့
သားသမီးတွေပေးတဲ့အကြံ
အသည်းအသန်
ညင်းဆန်ခဲ့လေသလား?

သူဟာ....
ထိန်းချုပ်ခြင်းတရားနဲ့
စည်းရုံးခြင်းတရားကို
ခွဲခြားနိုင်ခြင်းမရှိပဲ
မှားယွင်းစွာနဲ့
ကျင့်သုံးခဲ့လို့များ
သားသမီးတွေ
ချစ်နေလျှက်က
သူ့ကိုထားရစ်ကြလေသလား?

သူဟာ......
ဒီအချိန်မျိုးမှာ
ဇရာထောင်းနေလေတော့
ရေပူရေချမ်းကမ်းလှမ်းမယ့်သူ
ကူညီဖေးမ,ယုယ,ကြင်နာမှုနဲ့အတူ
မငြူစူဂရုတစိုက်
ရင်လှိုက်သည်းလှိုက်ပြုစုမယ့်သူတွေ
လိုအပ်နေတာအမှန်။

သူဟာ.....
ရင်မှာသိပေမယ့်
နောက်ဆုံးထွက်သက်အထိ
အသိခေါက်ခက်
အဝင်နက်စွာ
လွဲမှားတဲ့မာန,ကိုရင်ထဲထည့်
နောင်တ,တရားမဲ့မှုနဲ့ယှဉ်တွဲ
ရာဇဝင်ကြီးခဲ့တဲ့လောက,ကြီးကို
နှုတ်ဆက်တော့မယ်ထင်ပါရဲ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

Tuesday, October 27, 2009

ခိုလှုံစရာမရှိသော မြန်မာဒုက္ခသည်များဓါတ်ပုံပြပွဲ ကျင်းပ

ခိုလှုံစရာမရှိသော မြန်မာဒုက္ခသည်များဓါတ်ပုံပြပွဲ ကျင်းပ
(ဘစောတင်)


မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော် စင်ထရယ် မားကတ်တွင် “ခိုလှုံစရာမရှိသော မလေးရှားရောက် မြန်မာ ဒုက္ခသည်များ” အမည်ရှိ ဓာတ်ပုံပြပွဲတခုကို မလေးရှားလူ့ အခွင့်အရေး အဖွဲ့ (Suaram) က ကြီးမှူးကာ အောက်တိုဘာ ၁၅ ရက်မှ ၂၅ ရက်နေ့ထိ ကျင်းပခဲ့ကြောင်း ကြားသိရသည်၊

မလေးရှားနိုင်ငံတွင် ဗမာ၊ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီနှင့် ထားဝယ် စသည်ဖြင့် မြန်မာ နိုင်ငံသား ဒုက္ခသည်အဖွဲ့ မျိုးစုံရှိကြပြီး ဒုက္ခသည်အဖြစ်လျှောက်ထားသူ မြန်မာနိုင်ငံသား ၇၅၀၀၀ ခန့် ရှိကြောင်း သိရသည်။

ယခု ပြပွဲကို ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မလေးရှားတွင်ရှိနေသော မြန်မာ ဒုက္ခသည်များ၏ ပကတိ အခြေအနေကို မလေးရှားအစိုးရ၊ မလေးရှားပြည်သူများ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ သိရှိစေရန် ဖြစ်သည်ဟု ပြပွဲကို ဦးဆောင် ကျင်းပသည့် Suram အဖွဲ့ မှ Ms. Tamme က ဆိုသည်။

အဆိုပါပြပွဲသို့ သွားရောက်ခဲ့သော မလေးရှားအခြေစိုက် ပြည်ထောင်စုသတင်းစာ ထုတ်ဝေသူ ကိုအောင်ထွန်းဦး ကလည်း “မြန်မာဒုက္ခသည်တွေဟာ မလေးရှား ရဲတွေရဲ့ အန္တရာယ်ကို ကြောက်ရသလို ထိန်းသိမ်းရေးစခန်း (Camp) တွေကို အပို့ခံရရင် အင်မတန် ဆိုးရွားတဲ့ ငရဲကိုခံစားရတယ်ဆိုတာ ဒီပြပွဲက ဓာတ်ပုံတွေက သက်သေပြနေပါတယ်” ဟု ဧရာဝတီ သို့ပြောသည်၊

အဆိုပါပြပွဲတွင် တိုင်းရင်းသား ဒုက္ခသည်အဖွဲ့ အစည်းများမှ ဓာတ်ပုံများနှင့် ထိန်းသိမ်းရေး စခန်းများမှ ဓာတ်ပုံများကို ပြသထားသည်။ Camp ထဲသို့ ၀င်လျှင်ဝင်ခြင်း ပြစ်ဒဏ်ပေးသည့် အနေဖြင့် တင်ပါးကို ကြိမ်ဒဏ်ပေးလေ့ရှိရာ အမျိုးသားတဦး၏ တင်ပါးမှ ဒဏ်ရာ ဓာတ်ပုံကို ပရိသတ်များက အထူး စိတ်ဝင်စားကြသည်ဟု ကိုအောင်ထွန်းဦးက ပြောပြသည်။

ထို့အပြင် မြန်မာဒုက္ခသည်များသည် မလေး ရှားနိုင်ငံ ဒေသအသီးသီးတွင် ပုံစံမျိုးစုံဖြင့် လုပ်ကိုင်စားသောက် ကြရပုံများ၊ ထိန်းသိမ်းရေးစခန်းများအတွင်းမှ ပုံများ၊ မြန်မာသံရုံးရှေ့တွင် မြန်မာအတိုက်အခံ နိုင်ငံရေး ဒုက္ခသည်များတို့ ဆန္ဒပြနေသည့်ပုံများ၊ ကြိမ်ဒဏ်အပေးခံရသောပုံများ၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘ၀ လုံခြုံရေးဆိုင်ရာ ဓာတ်ပုံများကို အခန်း၂ ခန်းခွဲကာ ပြသာထားသည်၊

ယခုအခါ မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မြန်မာ ဒုက္ခသည် အများအပြားကို လက်ခံမည်ဟု ကြေညာထားသော်လည်း မြန်မာတိုင်းရင်းသားများ ကြားတွင်ပင် ခွဲခြား ဆက်ဆံခြင်း ခံနေရသည်ဟုလည်း ရခိုင်ဒုက္ခသည်တဦးဖြစ်သူ ကိုထွန်းလှိုင်က ဆိုသည်။

“ဒုက္ခသည်အချင်းချင်း လူမျိုးခွဲခြားမှုလုပ်တာမျိုးတော့ တရားနည်းလမ်း မကျဘူးထင်တယ်။ ဒုက္ခသည် အားလုံးကို လူမျိုးရေး၊ ဘာသာရေး. မခွဲခြားဘဲ အားလုံးကို တန်းတူအခွင့်အရေးပေးရင် အားလုံး ဒုက္ခသည် ဘ၀က အမြန် ဆုံး လွတ်မြောက်နိုင်မယ်လို့ယုံကြည်ပါတယ်” ဟု ရှင်းပြသည်။ ကိုထွန်းလှိုင်သည် ၂၀၀၈ ခုနှစ်က ရခိုင်ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့ (ARRC) ၏ ဥက္ကဋ္ဌ တာဝန်ကို ယူခဲ့ဖူးသူဖြစ်သည်။

ယခုပြသထားသည့် ဓာတ်ပုံများသည် ၂၀၀၇ ခုနှစ်က ပြင်သစ် သတင်းထောက် တဦး၊ စင်္ကာပူ သတင်းထောက်တဦးနှင့် အင်္ဂလိပ် သတင်းထောက်တဦး ရိုက်ကူးထားသည့် ဓာတ်ပုံများဖြစ်သည်ဟု ချင်းဒုက္ခသည် (ARC) ဥက္ကဌ ကိုဂျွန်က ဆိုသည်။

မလေးရှားရှိ ထိန်းသိမ်းရေးစခန်းများ၊ ထောင်များတွင် မြန်မာပြည်သား ဒုက္ခသည် ၁၅၀၀ ခန့် ရှိနေသည်ဟု သိရသည်။ ထိုနေရာများသို့ အပို့ခံရသူအများစုသည် ကြိမ်ဒဏ် အပေးခံကြရ သော်လည်း ဒုက္ခသည် လက်မှတ် ကိုင်ဆောင် ထားသူများကိုမူ ခြွင်းချက် အနေဖြင့် ကြိမ်ဒဏ်မပေးဟု ကိုဂျွန်က ဆက်လက် ပြောဆိုသည်။

ပြပွဲမှဓာတ်ပုံတချို့ကို ရန်ပုံငွေရရှိစေရန်အတွက် ရောင်းချခဲ့ပြီး ရရှိသောရန်ပုံငွေများဖြင့် ဒုက္ခသည်များအား ကူညီပေးမည်ဟုသိရသည်။ ထို့အပြင် ဒုက္ခသည်များ အကြောင်း ရိုက်ကူးထားသော ရုပ်ရှင် ဗီဒီယို များကိုလည်း ပြသခဲ့သည်။

ပြပွဲသို့ လာရောက်ခဲ့သူများထဲမှ ပရိသတ် ၈၀၀ ခန့်သည်လည်း မလေးရှားအစိုးရထံသို့ ဒုက္ခသည်အရေးကို လျစ်လျူ မရှုဘဲ ကူညီဆောင်ရွက်ပေးရန် တောင်းဆိုသည့် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။ ယင်းလက်မှတ်များကို မလေးရှား အစိုးရထံသို့ ပေးပို့သွားမည်ဖြစ်သည်။ မလေးရှားနိုင်ငံသည် ဒုက္ခသည်များနှင့် ဆိုင်သော စာချုပ် (ဂျီနီဗာ ကွန်ဗင်းရှင်း) ကို လက်မှတ်ထိုးထားခြင်းမရှိပေ။
ဧရာဝတီ မှ တိုက်ရိုက်ကူးယူဖေါ်ပြပါသည်။

ယွါကါင်

Monday, October 26, 2009

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား?တန်ပြန်လား?

စာရေးသူ၏အမှာစာ

ဤစာစုသည် ဖဆပလ၊ ပထဆ၊ မဆလ၊ ခေတ်တွေမှာ တော်လှန်တဲ့သူရဲကောင်းစစ်သည်တော်တွေအတွင်း
သေနတ်သံတချက်၊ စစ်မြေပြင်တရက်မှ မရောက်ဘူးပဲပူးကပ်အခွင့်ထူးခံကိုယ်ကျိုးရှာပြီး ဆယ်စုနှစ်များများ ပါဝင်သူတွေရှိတယ်။
ရန်သူ့မျိုးဖြုတ်သုတ်သင်ရေးထိုးစစ်ကြီးတွေ ဆင်လာတဲ့အခါမယ်အလျှိုလျှိုငွေထုတ်ပိုက်ပြီး ရန်သူ့ခြေဖဝါးအောက် ဒူးထောက်ရောက်ခဲ့သူတွေရှိတယ်။
မျက်မှောက်နဝတခေတ်မှာ ဒီလိုသစ္စာဖေါက်လောက်ကောင်တွေ ဆက်လက်မပေါ်ပေါက်လာနိုင်ခြင်းငှါ သတိရှိရှိစစ်သားမျက်စေ့ဖြင့်
အစဉ်စောင့်ကြည့်နေဘို့ စေတနာကောင်းဖြင့်ရေးသားလိုက်ရပါတယ်။
အကယ်၍များ ဤစာစုသည် တစုံတဦး သူတစုံတယောက်ကို မရည်ရွယ်ပါပဲ လေးစားရပါသော စာရှုသူများနှင့်ဆင်တူရိုးမှားအဖြစ်မျိုးရှိခဲ့ပါမူ များစွာဝမ်းနည်းရပါကြောင်း အနန္တမေတ္တာမွန်ဖြင့်
ခွင့်ပန်အပ်ပါတယ်ခင်ဗျား။

မန်း R.ဘဇန်

တော်လှန်ရေးလား? တန်ပြန်လား?
အပိုင်း(၆)
မန်းR,ဘဇန်

ဝဿန္တမိုးလ,ရာသီမို့
လေပြင်းက,တိုက်
ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့
သူရဲကောင်းလေး။

အမ်(မ်)၁၆ ကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လို့
တုတ်တုတ်မျှမလှုပ်ပဲ
တပ်မှူးရဲ့အမိန့်ကိုရင်မှာပိုက်
ရန်သူကိုစိတ်ကြိုက်စောင့်ကြိုနေတာ
အိပ်ပျက်ညများ(၁၀)ခါရှိခဲ့ပြီ။

ကျိန်းစပ်တဲ့မျက်စေ့ကိုပွတ်
အပြွတ်လုပ်အုပ်စုလိုက်
ချီတက်တိုက်ခိုက်လာတဲ့
သဘာဝရန်သူ မှက်
သဘာဝရန်သူ ခြင်
သဘာဝရန်သူ ဖြုတ် တွေကို
ရိုက်ပုတ်ရင်း
ပြည့်လျှံလာတဲ့
ကတုတ်(ခံတုတ်)ကျင်းက,ရေနဲ့
မိမိရဲ့ပုံရိပ်ကိုကြည့်မိတယ်။

ဟောက်ပက်နေတဲ့
မျက်လုံးအိမ်ကြား
မြေသားဆန်တဲ့
လူသားအသွင်ရောက်နေရှာတာ
မင်းမြင်စေချင်တယ်။

ပျိုမြစ်နုနယ်တဲ့
မင်းရဲ့ သားလှရတနာ
ရင်မှာပူလောင်
ရုပ်ပြောင်လိုချင်ကြောင်း
တီတီတာတာပြောလာတော့
အနန္တမေတ္တာနဲ့
မင်းရဲ့အိပ်ဆောင်ထဲက,အသပြာငါးရာ
ရုတ်ချည်းခုန်ဆင်းသွားလေရဲ့။

ဒီသားလှလေး
ပြေးဆော့ကစားရင်း
ဒူးပဲ့သွားလို့
ပြာပြာသလဲနဲ့
မင်း.....
(မက်ကောမစ်)ဆေးရုံပို့ချိန်။

သူရဲကောင်းစစ်သည်တဦးခမျာမှာတော့
ရန်သူနဲ့တိုက်ရင်းကျည်သင့်လို့
သူ့နှလုံးသွေးတွေ
တဖြိုင်ဖြိုင်ပြိုဆင်းလို့
တကိုယ်လုံးစွေးစွေးနီနေတယ်။

ခရီးက,ပြင်း
တောင်တက်တောင်ဆင်းက,များ
လိုရာဆေးရုံကို အချိန်မှီမရောက်
ဒဏ်ရာရသူက,သွေးတဖြိုင်ဖြိုင်
လူနာထမ်းသူက,ချွေးတလှိုင်လှိုင်
သွားရတဲ့ခရီးက,မနီးလှ။

ကျနော့အတွက်
အပင်ပမ်းခံမနေပါနဲ့တော့။

မရတော့ဘူးဆိုတာ
သိတယ်။

သေနတ်သာ
ထားခဲ့ပါ။

တပ်မှူးကို
ပြောလိုက်ပါ။

ကျနော်
တော်လှန်ရေးတာဝန်
ကျေပါတယ်.....လို့။

ယဲ့ယဲ့ကလေးပြုံးရင်း
အသက်ထွက်သွားရ,ရှာတယ်။

ဒီအဖြစ်ကိုကြည့်ရင်း
တို့နှလုံးသားထဲက
လျှံကျလာတဲ့မျက်ရည်တွေနဲ့
သူ့ကို
နောက်ဆုံးဦးညွှတ်ခဲ့လိုက်တယ်။

မင်းကတော့
တော်လှန်ရေးသဘာဝလွန်လူသား။
သူကျတော့
မြေသားဆန်တဲ့လူသား။

ကွာခြားလှတဲ့ဒီကမ္ဘာမှာ
အမ်(မ်)၁၆တလက်
ကျည်တွဲတတွဲ
ပလပ်စတစ်အိပ်နဲ့ထုပ်ထားတဲ့
တို့ချစ်မြတ်နိုးတဲ့
စောဘဦးကြီးရဲ့ပုံနဲ့
ကျမ်းစာအုပ်တအုပ်
ပုဆိုးစုတ်တထည်သာ
မင်းမူနေပါတယ်။

သုံးပေခြောက်ပေသော
နောက်ဆုံးလူသားတွေပိုင်ဆိုင်မှုနဲ့
တော်လှန်ရေးအပေါ်
သစ္စာရှိခြင်း
အမျိုးသားဒီမိုကရေစီအပေါ်
သစ္စာရှိခြင်း
သူ့ရဲ့ပျိုမြစ်နုနယ်တဲ့ဘဝတခုလုံး
နိဂုံးချုပ်ရတာ
တဏှာရမ္မက်ကမ္ဘာရောက်နေတဲ့
မင်း.......
တွေ့မှာမဟုတ်ဘူး သူငယ်ချင်း။

မန်းဘဇန်
တော်လှန်ရေးလား တန်ပြန်လား
အပိုင်း(၆)
ပြီး၏

အပိုင်း(၇)သို့ဆက်လက်ဖတ်ရှုပါရန်။

Sunday, October 25, 2009

အမျိုးသားဒီမိုကရေစီတော်လှန်ရေး အောင်ရမယ်

အမျိုးသားဒီမိုကရေစီတော်လှန်ရေး အောင်ရမယ်
ဖူးဝါးခို(ညောင်တုန်း)

လမ်းစဉ်ကို လက်တွေ့အကောင်အထည်ဖေါ်တဲ့လူတွေဟာ အထက်ခေါင်းဆောင်တွေက,အစ, လုပ်သားရဲဘော်တွေအထိ တော်လှန်တဲ့မျိုးချစ်စိတ်ဓါတ်အတွေးအခေါ်ကို လေးလေးနက်နက် သဘောပေါက်ခံယူပြီး ဒီအရေးဟာ တော်လှန်ရေးအောင်မြင်မှု၊ ဆုံးရှုံးမှုနဲ့အဓိကသက်ဆိုင်တဲ့

အရေးလို့ခံယူပြီး ဦးတည်ချက်ရှိရှိအစီအစဉ်ရှိရှိနဲ့ ကြိုးကြိုးကုတ်ကုတ်ဇောက်ချပြီးလုပ်ဖို့လို
ပါတယ်။
ဒါမှသာ မိမိတို့ချမှတ်ထားတဲ့ လမ်းစဉ်လုပ်ငန်းစဉ်ကို လက်တွေ့အကောင်အထည်ဖေါ်နိုင်ကြမှာ
ဖြစ်ပါတယ်။
ဒီလိုမဟုတ်ပဲ အထက်အမြင့်ဆုံးခေါင်းဆောင်တွေကအစ,အောက်ခြေရဲဘော်တွေအထိ လမ်းစဉ်
က ချမှတ်ထားတဲ့လုပ်ငန်းစဉ်တွေကိုအလေးမထားပဲ၊ လက်တွေ့အကောင်အထည်မဖေါ်ကြပဲ
မိမိကိုယ်ကျိုးစီးပွါးကိုသာ အလေးထားပြီး လုပ်ကိုင်နေကြမယ်ဆိုရင် လမ်းစဉ်ကချမှတ်ထားတဲ့
လုပ်ငန်းတွေဟာ ဘာတခုမှအကောင်အထည်ပေါ်လာမှာမဟုတ်ပါဘူး။
ဒီအတိုင်းသာဆိုရင် တော်လှန်ရေးခေါင်းဆောင်တွေ တော်လှန်ရေးရဲဘော်တွေ အခွင့်ထူးခံတွေ ကိုယ်ကျိုးရှာသမားတွေလို့သာ လူထုတရပ်လုံးက ခံစားတွေ့မြင်နေကြရင် လူထုဟာတော်လှန်
ရေးအပေါ် ယုံကြည်မှုနည်းပါးလာတာနဲ့အမျှ တော်လှန်ရေးတာဝန်ကို မလွှဲသာမရှောင်သာလို့
လုပ်နေရပေမယ့် ဝတ္တရားကျေသာလုပ်ကြမှာဖြစ်လေတော့ တစ,တစ,တော်လှန်ရေးနဲ့ကင်းကွာ သွားမှာဖြစ်ပါတယ်။

လူထုကြီးတရပ်လုံးက တော်လှန်ရေးကိုစွန့်ခွါသွားတဲ့နေ့ဟာ တော်လှန်ရေးနိဂုဏ်းချုပ်သွားတဲ့
နေ့ဖြစ်ပါတယ်။
ဒီတော့ကာ ကရင့်တော်လှန်ရေးအရှုံးနဲ့ရင်မဆိုင်ရအောင် ကရင့်တော်လှန်ရေးခေါင်းဆောင်
များကအစ,လေးလေးနက်နက်ခံယူကြပြီး အောက်ခြေလုပ်သားရဲဘော်တွေကို ကေအင်န်ယူ
(KNU)က ချမှတ်ထားတဲ့အမျိုးသားဒီမိုကရေစီတော်လှန်ရေးလမ်းစဉ်၊ လုပ်ငန်းစဉ်တွေကို လက်တွေ့ အကောင်အထည်ပေါ်အောင်လုပ်ကြရပါမယ်။
ကေအင်န်ယူ(KNU)ကချမှတ်ထားတဲ့ အမျိုးသားဒီမိုကရေစီလုပ်ငန်းစဉ်ကို လက်တွေ့အကောင်
အထည် ဖေါ်ကြမယ်ဆိုရင် ခေါင်းဆောင်စောဘဦးကြီးရဲ့ တော်လှန်တဲ့မျိုးချစ်အတွေးအခေါ်ကို ခံယူလေ့လာဆည်းပူးအတုယူပြီး လက်တွေ့ကျကျကျင့်သုံးကြရမှာဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော်အထူးပြုပြီးပြောလိုတာကတော့ စာစောင်ရဲ့အတွင်းပိုင်းမှာ အမေရိကန်
တော်လှန်ရေးအောင်ပွဲရအောင် ဂျော့ဝါရှင်တန်နဲ့အင်ဗရာဟင်လင်ကွန်း၊ တရုတ်ပြည်နောက်ဆုံး မန်ချူးမင်းဆက်ကို အပြတ်တိုက်ခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်တို့ဟာ ပစ္စည်းမဲ့အလုပ်သမား
လူတန်းစားကို ကိုယ်စားပြုသူတွေမဟုတ်ကြပါဘူး။
သူတို့ဆန့်ကျင်တော်လှန်တိုက်ခိုက်ခဲ့ရတဲ့ ရန်သူတွေဟာ နယ်ချဲ့နဲ့ နယ်ချဲ့လက်ဝေခံ
ပဒေသရာဇ်တွေဖြစ်ပါတယ်၊ သူတို့ချီတက်ခဲ့တဲ့လမ်း ကြောင်းကတော့ အမျိုးသားလွတ်မြောက်ရေး
နဲ့ ဓနရှင်ဒီမိုကရေစီလမ်းကြောင်းဖြစ်ပါတယ်။
တော်လှန်ရေးအစ,ပိုင်းမှာ အမေရိကန်ဂျော့ဝါရှင်တန်နဲ့ တရုတ်ဒေါက်တာဆွန်ယက်ဆင်တို့ဟာ လက်ဝေခံပဒေသရာဇ်တော်လှန်ရေးမှာ အခက် အခဲတွေနဲ့အတော်ကိုရင်ဆိုင်ခဲ့ကြရပါတယ်။
နောက်ဆုံးလူနည်းစုကလေးလောက်သာ ကျန်တော့တဲ့အခြေအနေမျိုးမှာမှတော်လှန်တဲ့မျိုးချစ်
အတွေးအခေါ်ကို ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ပြီး တော်လှန်ရေးကိုလုပ်ရာမှာ တော်လှန်ရေးနဲ့တူအောင် လုပ်နိုင်ကြတဲ့အတွက် သူတို့အောင်ပွဲခံခဲ့ကြပြီးဖြစ်ပါတယ်။
ဒီခေါင်းဆောင်ကြီးတွေဟာ တော်လှန်တဲ့မျိုးချစ်အတွေးအခေါ်ကို ကိုင်စွဲခဲ့ကြတာဖြစ်သလို တော်လှန်ရေးကိုလက်တွေ့လုပ်ကြတဲ့အခါမှာ အကျဉ်းချုပ်ကတော့ အညံ့ခံအရှုံးမပေးတဲ့စိတ်ဓါတ်
တိုက်ရဲ၊သေရဲ အောင်ပွဲခံရဲတဲ့ စိတ်ဓါတ်ကိုစွဲကိုင်ပြီး လက်တွေ့လုပ်ခဲ့ကြသူတွေဖြစ်ပါတယ်။
ကျနော်တို့ခေါင်းဆောင်စောဘဦးကြီးရဲ့ တော်လှန်တဲ့မျိုးချစ်အတွေးအခေါ်တွေကတော့
၁။ အမျိုးသား ပြည်သူတရပ်လုံးရဲ့ ရန်သူကိုခါးခါးသီးသီး မုန်းတီးကြရမယ်။
၂။ အညံ့မခံအရှုံးမပေးတဲ့ စိတ်ဓါတ်ကို စွဲကိုင်ထားရမယ်။
၃။ တော်လှန်ရေး စည်းလုံးညီညွတ်ရေးအတွက် ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုကို ခံယူကျင့်သုံးကြရမယ်။
၎။ အဖိနှိပ်ခံ လူမျိုးစုံသွေးစည်းရေးအတွေးအခေါ်ကို ခိုင်ခိုင်မြဲမြဲ ခံယူထားရမယ်။
၅။ တော်လှန်ရေးအကျိုးအတွက် ကြိုးကြိုးကုတ်ကုတ်လုပ်ကြရမယ်။
၆။ တော်လှန်တဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခံယူကျင့်သုံးကြရမယ်။
၇။ အဆင်းရဲခံနိုင်ရမယ်၊အပင်ပမ်းခံနိုင်ရမယ်၊ကိုယ်ကျိုးစွန့်နိုင်ကြရမယ်။
ခေါင်းဆောင်စောဘဦးကြီးရဲ့ တော်လှန်တဲ့မျိုးချစ်အတွေးအခေါ်တွေကို လေ့လာ၊အတုယူ၊
လက်တွေ့ကျင့်သုံးပြီး အမျိုးသားဒီမိုကရေစီ လမ်းစဉ်ကို လက်တွေ့အကောင်အထည်ဖေါ်နိုင်ရင် လူထုကြီးရဲ့ထောက်ခံကူညီမှုအပြည့်အဝ,ရလာတာနဲ့အတူ အမျိုးသားဒီမိုကရေစီ တော်လှန်ရေး မုချအောင်ပွဲခံမှာသေချာတယ်။

ဖူးဝါးခို
(ညောင်တုန်း)
ဒေါနအောင်ပွဲ စာစောင်
အတွဲ(၁)၊ အမှတ်(၁)
၁၉၉၈ ခုနှစ်၊မေလ။
ပြီး၏

တိတ်ဆိတ်မြေ

တိတ်ဆိတ်မြေ
ဒေါ်အောင်ဆန်းစုကြည်
(၁၉၉၆)

တိတ်ဆိတ်မြေမှာ
ဘယ်သူမှမပျော်နိုင်တာက
တယောက်ယာက်က,များ
ချောင်းနားထောင်လေမလား?
လျှို့ဝှက်ချက်တွေ
ပြန်ရောင်းဘို့လေ....။

သတင်းပေးတို့ကို
နိုင်ငံသွေးနဲ့တန်ဘိုးသင့်ပေး
ဒီတော့........
မင်းတို့မကြိုက်တာကို
ဘယ်သူမှမပြောရဲ။

မြန်မာနိုင်ငံဆိုတဲ့
တိတ်ဆိတ်မြေမှာလေ
ရယ်(ရီ)မောသံတိတ်
အတွေးအမြင်ဆိတ်
ဟောဒီ......
မြန်မာနိုင်ငံဆိုတဲ့တိတ်ဆိတ်မြေမှာ
ဆိတ်ငြိမ်နေတဲ့လူထုကြီးအတွင်းက
တိတ်ဆိတ်ခြင်းအသံကို
ကြားနိုင်။

တိတ်ဆိတ်မြေမှာ
ဘယ်သူမှမပြောနိုင်တာက
စစ်သားတွေဘယ်အချိန်လာပြီး
မ,သွားမလဲ?။

တရုတ်က,လမ်းရ,ချင်
ပြင်သစ်က,ရေနံလိုချင်
ယိုးဒယားက,သစ်ယူ
နဝတ က,ခိုးရာပစ္စည်းတွေယူ
တိတ်ဆိတ်မြေမှာလေ......။

တိတ်ဆိတ်မြေမှာ
ဘယ်သူမှမကြားနိုင်တာက
အသတ်ခံရသူတွေရဲ့
တိတ်သွားတဲ့အသံ
နောက်ပြီး.......
မကြောက်တရားနဲ့
ဖုံးပိတ်ထားတဲ့အသံ။

ဘယ်လိုပင်ဇွတ်အတင်းလုပ်လုပ်
လွတ်လပ်မှုဆိုတဲ့အသံကို
လူလိမ်လူညာတို့
မတုပ,နိုင်
မှိန်ပျောက်သွားအောင်
ဖုံးမပစ်နိုင်ပေါ့........။

ဒေါ်အောင်ဆန်းစုကြည်
(၁၉၉၆)
www.s0wha1.blogspot.com မှကူးယူဖေါ်ပြသည်။

Saturday, October 24, 2009

အမျိုးသားဒီမိုကရေစီတော်လှန်ရေး အောင်ရမယ်

အမျိုးသားဒီမိုကရေစီတော်လှန်ရေး အောင်ရမယ်
ဖူးဝါးခို(ညောင်တုန်း)

တရုတ်ပြည် ပြည်တွင်းစစ်(၁၀)နှစ်ကျော်အကြာလောက်မှာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာပါတယ်။
၁၉၃၂ ခုလောက်မှာပဲဂျပန်တွေဟာ ရေတပ်၊လေတပ်၊ယန္တယားတပ်၊သံချပ်ကာတပ်၊ချေလျင်တပ်
တပ်မ,ပေါင်းများစွာနဲ့ တရုတ်ပြည်ကိုကျူးကျော်တိုက်ခိုက်လာပါတယ်။
ဂျပန်တပ်တွေဟာ တရုတ်ပြည်အတွင်းပိုင်းကို ထိုးဖေါက်ပြီး အချက်အခြာကျတဲ့ မြို့ကြီးတွေ၊ရထားလမ်း
ကားလမ်းတွေနဲ့စက်မှုလက်မှုထွန်းကားတဲ့ နယ်မြေတွေကိုသိမ်းပိုက်ပြီး စက်ရုံကြီးတွေ၊အထည်စက်ရုံကြီး
တွေကိုဖြိုဖျက်ပြီး ဂျပန်ပြည်ကိုသယ်သွားကြပါတယ်။
ဒါ့အပြင်မြေဩဇာကောင်းတဲ့လယ်ယာမြေတွေကိုသိမ်း၊တရုတ်လူမျိုးတွေကိုအခ,မဲ့ခိုင်းစေ၊ထွက်လာသမျှ
ဆန်စပါးပဲတွေကို သိမ်းယူပြီးဂျပန်တပ်တွေအတွက် ရိက္ခာထောက်ပံ့ပါတယ်။
တရုတ်ဓနရှင်ကြီးတွေ၊ကုမ္ပဏီပိုင်ရှင်တွေရဲ့ ရွှေငွေပစ္စည်းတွေကိုလည်း အဓမ္မသိမ်းယူပါတယ်။
ချန်ကေရှိတ်ရဲ့အမြောက်တပ်၊သံချပ်ကာတပ်၊ ခြေလျင်တပ်တွေကတော့ ချန်ကေရှိတ်ရဲ့ အမိန့်အတိုင်း တောတောင်ထူထပ်တဲ့ လွတ်မြောက်နယ်မြေဖြစ်တဲ့ တရုတ်ကွန်မြူနစ်နယ်မြေအထိဆုတ်ပြီး
ကွန်မြူနစ်တွေကို သဲသဲမဲမဲတိုက်ခိုက်ပါတယ်။
တရုတ်ကွန်မြူနစ်ဦးဆောင်တဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ဂျပန်တပ်တွေကို အသည်းအသန်တိုက်ခိုက်ရတဲ့အပြင် ချန်ကေရှိတ်တပ်တွေကိုလည်း တိုက်ရပါတယ်။
နောက်တော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ဂျပန်တပ်တွေကိုသာအဓိက,ထားတိုက်လာကြပါတယ်။
ဂျပန်ဘုရင့်တပ်မတော် တပ်မ,ကြီး(၃)ခုကို သတ်ကွင်းကောင်းတဲ့ တောင်ကြားလမ်းတခုမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်က ချေမှုန်းသုတ်သင်လိုက်တဲ့မင်္ဂလာသတင်းကိုကြားတဲ့ တရုတ်လူထုကြီးဟာ စိတ်အားတက်ကြွလာကြပြီး တရုတ်ပြည်သူ့တပ်မတော်ကို ဘက်ပေါင်းစုံကနေပြီး အားပေးထောက်ခံကြပါတော့တယ်။

ချန်ကေရှိတ်တပ်တွေကိုတော့ သစ္စာဖေါက်တွေလို့သတ်မှတ်ပြီး ဘာတခုမှကူညီအားပေးခြင်း
မရှိတော့ပါဘူး။
ဒီလိုအခြေအနေမျိုးမှာ ချန်ကေရှိတ်ခါးပိုက်ဆောင်တပ်အချို့ဟာချန်ကေရှိတ်ရဲ့အမိန့်ကို
နာခံခြင်းမရှိတော့ပဲ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းလာကြပါတယ်။
တချို့တပ်တွေကတော့ မဟာမိတ်ဖွဲ့ပြီးဂျပန်တွေကိုတိုက်ပြတယ်၊ ဒီလိုနဲ့ ချန်ကေရှိတ်တပ်ဟာ အဓိကတိုက်ရမယ့်ရန်သူဟာ ဂျပန်တပ်ဖြစ်တယ်ဆိုပြီးတရုတ်ကွန်မြူနစ်ပါတီကိုမတိုက်တော့ပဲ သူတို့ရဲ့တိုက်ခိုက်ရေးနည်းဗျူဟာကိုပြောင်းလိုက်ပါတော့တယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကိုလည်း တရုတ်အမျိုးသားလွတ်မြောက်ရေး
တပ်မတော်အဖြစ်ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။
ဒီနေ့လက်ငင်းကာလ,မှာ တရုတ်တမျိုးသားလုံးအတွက် သေရေးရှင်ရေးနီးပါး အရေးကြီးနေချိန်
ဖြစ်တယ်။
ဒီလိုအချိန်မျိုးမှာ တရုတ်အချင်းချင်းတိုက်နေတဲ့ပြည်တွင်းစစ်ကို ရပ်ပစ်ရမယ်။ တရုတ်အမျိုးသားညီညွတ်ရေးညွန့်ပေါင်းအစိုးရဖွဲ့စည်းရမယ်။
ကွန်မြူပါတီဦးဆောင်တဲ့ တရုတ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ချန်ကေရှိတ်ဦးဆောင်
တဲ့ ကိုမင်တန်တပ်တွေပူးပေါင်းပြီးဂျပန်တွေကိုအဓိကဦးတည်တိုက်ကြမယ်။
ဂျပန်ကိုဆန့်ကျင်တဲ့ မြေရှင်ကြီးတွေကို မျိုးချစ်မြေရှင်လို့သတ်မှတ်မယ်၊ အဲဒီအတွက်မြေရှင်တွေ
ကို သီးစားခ,ပေးရမယ်၊သီးစားခ,ပေးတဲ့နေရာမှာ လျှော့ပေါ့တဲ့သတ်မှတ်ချက်အတိုင်းပေးရမယ်။
အမျိုးသားဓနရှင်စက်မှုလုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားတွေကို လခ,တိုးပေးရမယ်။
ဒီလမ်းစဉ်လုပ်ငန်းစဉ်တွေကို အမျိုးသားဒီမိုကရေစီတော်လှန်ရေးလမ်းစဉ်လို့သတ်မှတ်ခေါ်ဆိုရ
မှာဖြစ်တယ်။
နိုင်ငံတကာမှာ အမျိုးသားဒီမိုကရေစီတော်လှန်ရေးလမ်းစဉ်ဆိုတာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊
ဘယ်ပါတီ၊ ဘယ်တော်လှန်ရေး၊ ဘယ်အဖွဲ့စည်း မျိုးကမှ မရှိသေးတဲ့အခြေအနေမျိုးမှာ တရုတ်ပြည်ကိုဂျပန်တွေကျူးကျော်နယ်ချဲ့တဲ့အချိန်ကစ,ပြီး တရုတ်ပြည်တရုတ်ကွန်မြူနစ်ပါတီက
ချ မှတ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီလမ်းစဉ်လုပ်ငန်းစဉ် ဖြစ်ပေါ်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ကေအင်န်ယူ(KNU)အမျိုးသားအစည်းအရုံးအနေနဲ့ လူတန်းစား(၄)ရပ်ကိုအခြေခံပြီး တော်လှန်တဲ့ တပ်ပေါင်းစုအတွင်း မျိုးချစ်မြေရှင်(ချွင်းချက်မြေရှင်)များကိုပါထည့်သွင်းစည်းရုံးထားတဲ့အတွက် အမျိုးသားဒီမိုကရေစီဟာ တော်လှန်ရေးတပ်ပေါင်းစုအသွင်နဲ့ကိုက်ညီတဲ့အတွက်၊ မှန်ကန်တယ်လို့ ယုံကြည်ထားကြပါတယ်။
ဒါဖြင့် ကရင့်တော်လှန်ရေးမအောင်မြင်သေးတာ ဘာကြောင့်လဲလို့ မေးစရာရှိပါတယ်၊ ဒီမေးခွန်းဟာမေးသင့်မေးထိုက်တဲ့မေးခွန်းပါ၊
တော်လှန်ရေးတရပ်မှာ မှန်ကန်တဲ့တော်လှန်ရေးလမ်းစဉ် လုပ်ငန်းစဉ်တရပ်သတ်မှတ်နိုင်
ရေးဟာ သိပ်အရေးကြီးပါတယ်။
ဒါထက်ပိုအရေးကြီးတာကတော့ မှန်ကန်တဲ့လုပ်ငန်းစဉ်ကို လက်တွေ့အကောင်အထည်ဖေါ်
ရာမှာ ပိုလို့တောင်အရေးကြီးပါတယ်။
လက်နက်ကိုင်တော်လှန်ရေးက ချမှတ်ထားတဲ့အမျိုးသားဒီမိုကရေစီလမ်းစဉ်တွေဟာ
မှန်ကန်ပါတယ်။
လမ်းစဉ်လုပ်ငန်းစဉ်တွေကို အကောင်အထည်မဖေါ်နိုင်ကြသေးလို့ပါ။
ပိုပြီးတိကျအောင်ပြောရရင် လမ်းစဉ်ကချမှတ်ထားတဲ့ သေနင်္ဂဗျူဟာပိုင်းဆိုင်ရာမှာအဓိကလည်းကျ
အရေးလည်းကြီးတဲ့ လူတန်းစား(၄)ရပ် နဲ့ မျိုးချစ်မြေရှင်တို့ရဲ့အကျိုးစီးပွါးတွေကို တိုးတက်
တောင်းမွန်အောင် မလုပ်ကြသေးလို့ဖြစ်ပါတယ်။
ဒီကိစ္စဟာ မူနဲ့မဆိုင်ပဲ လူနဲ့သာဆိုင်တဲ့ကိစ္စလို့ပြောရမှာဖြစ်ပါတယ်။

ဖူးဝါးခို(ညောင်တုန်း)
ဒေါနအောင်ပွဲ စာစောင်
အတွဲ(၁)၊အမှတ်(၁)
၁၉၉၈ ခုနှစ်။

ဆက်လက်ဖေါ်ပြပါမည်။

Friday, October 23, 2009

အမျိုးသားဒီမိုကရေစီတော်လှန်ရေး အောင်ရမည်

အမျိုးသားဒီမိုကရေစီတော်လှန်ရေး အောင်ရမယ်
ဖူးဝါးခို(ညောင်တုန်း)

ဒီနေ့အရင်းရှင်ဒီမိုကရေစီနဲ့ အမျိုးသားဒီမိုကရေစီတွေဟာ အလုပ်သမားလူတန်းစားပါတီ
ခေါင်းဆောင်မှုရှိရင် ပြည်သူ့ဒီမိုကရေစီအဆင့်ကို ချီတက်သွားနိုင်ပါတယ်။
အလုပ်သမားလူတန်းစားပါတီခေါင်းဆောင်မှု မရှိရင် ဓနရှင်လူတန်းစား အာဏာနိုင်ငံရေး
ခေါင်းဆောင်မှုနဲ့ဆိုရင် ဓနရှင်ကြီးကနေတဆင့်လက်ဝါးကြီးအုပ်ဓနရှင် ဗျူရိုကရက်
(ဓနရှင်၊အာဏာရှင်)စနစ်စီ ချီတက်သွားမှာဖြစ်ပါတယ်။
ဒါဟာနိုင်ငံတကာအတွေ့အကြုံအရ ဖြစ်ပါတယ်။
ကျနော်တင်ပြချင်တာကတော့ ပစ္စည်းမဲ့ဒီမိုကရေစီအကြောင်းမဟုတ်သလို၊ ပြည်သူ့ဒီမိုကရေစီအကြောင်းမဟုတ်ပါဘူး။
အဲဒီလိုပဲ ဓနရှင်ဒီမိုကရေစီ၊ ဓနရှင်ကြီးမှတဆင့်လက်ဝါးကြီးအုပ်ဓနရှင်၊ ဗျူရိုကရက်ဓနရှင်တွေရဲ့ အကြောင်းလည်းမဟုတ်ပါဘူး။ု
ကျနော်တို့ ကေအင်န်ယူ(KNU)ကရင့်တော်လှန်ရေးဟာ အမျိုးသားဒီမိုကရေစီတော်လှန်ရေး
လမ်းစဉ်ကို ချမှတ်ကျင့်သုံးတဲ့အတွက် အမျိုးသားဒိမိုကရေစီတော်လှန်ရေးအတွက် အမျိုးသား
ဒီမိုကရေစီ တော်လှန်ရေး အကြောင်းကိုသာ တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအကြောင်းတင်ပြမယ်ဆိုရင် အမျိုးသားဒီမိုကရေစီတော်လှန်ရေးလမ်းစဉ်ဟာ
ဘယ်လူမျိုး၊ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့၊ ဘယ်ပါတီတွေကနေ စ,ခဲ့တယ်ဆိုတာကို တစေ့တစောင်း
သိထားဘို့ လိုလိမ့်မယ်လို့ထင်ပါတယ်။
ပုံစံအားဖြင့် အမေရိကန်အမျိုးသားပြညပင်ပမ်းဆင်းရဲဒုက္ခတွေကို မညီးမညူခံရင်း ပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် ဗြိတိသျှနယ်ချဲ့သမားတွေကို မစေ့စပ်တမ်း၊ အညံ့မခံအရှုံးမပေးပဲ
ကိုယ်ကျိုးစွန့် အနစ်နာခံကြတယ်။
ဒီလူတွေဟာ ကမ္ဘာမှာထင်ရှားကျော်ကြားတဲ့ ဂျော့ဝါရှင်တန်၊ အင်ဗရာဟန်လင်ကွန်းတို့ဖြစ်
ကြပါတယ်။
သူတို့ရဲ့ တော်လှန်တဲ့မျိုးချစ်သဘောတရားအတွေးအခေါ်ကို မိမိရရကိုင်စွဲပြီး ဗြိတိသျှနယ်ချဲ့ကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး အဖိနှိပ်ခံအမျိုးသားတွေကို ဒီမိုကရေစီအပြည့်အဝ,ကျင့်
သုံးကြပါတယ်။ဒီနည်းနဲ့ တော်လှန်ရေးအောင်ပွဲခံစေခဲ့ပါတယ်။
ဒါကိုနိုင်ငံတကာက ဓနရှင်ဒီမိုကရေစီတော်လှန်ရေးလို့ သတ်မှတ်ကြသလိုဒီလိုခေါင်းဆောင်
ကြီးတွေဟာ တော်လှန်တဲ့မျိုးချစ် အတွေးအခေါ်ပိုင်ရှင်ဖြစ်တယ်လို့နိုင်ငံတကာက,အသိအမှတ်
ပြုကြပါတယ်။
နောက်တခုကတော့ တရုတ်ပြည်နယ်ချဲ့လက်ဝေခံ နောက်ဆုံးမန်ချူးမင်းဆက်ကို ဒေါက်တာဆွန်ယက်ဆင်ခေါင်းဆောင်တဲ့ ကိုမင်တန်အဖွဲ့ဟာ ဓနရှင်ဒီမိုကရေစီတော်လှန်ရေး
နည်းစနစ်နဲ့ တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။
အဲဒီဒေါက်တာဆွန်ယက်ဆင်ဟာလည်း တော်လှန်တဲ့မျိုးချစ်သဘောတရားအတွေးအခေါ်ပိုင်ရှင်
လို့ နိုင်ငံတကာက,အသိအမှတ် ပြုကြပါတယ်။
တရုတ်ပြည် နယ်ချဲ့လက်ဝေခံနောက်ဆုံးမန်ချူးမင်းဆက်ပြုတ်ကျသွားပြီးတဲ့နောက် ဒေါက်တာ
ဆွန်ယက်ဆင် ခေါင်းဆောင်တဲ့ ကိုမင်တန်အဖွဲ့ဟာ ပြည်သူ့ဒီမိုကရေစီစနစ်ကျင့်သုံးကြတယ်။ တရုတ်အမျိုးသားဓနရှင်၊ ဓနရှင်ပေါက်စ၊ အလုပ်သမား၊လယ်သမားနဲ့
လူတန်းစား(၄)ရပ်ရဲ့အကျိုးစီးပွါးကို ဦးတည်ချက်ရှိရှိလက်တွေ့အကောင်အထည်ဖေါ်ခဲ့တဲ့
အတွက် တရုတ်အမျိုးသားအတွင်း အများ စုရဲ့ထောက်ခံမှုကိုရခဲ့ပါတယ်။
ဒေါက်တာဆွန်ယက်ဆင်ကွယ်လွန်ပြီးနောက် ချန်ကေရှိတ်အစိုးရဟာ နိုင်ငံတော်လက်ဝါးကြီး အုပ်စနစ်ကိုကျင့်သုံးလာပါတယ်။
အမျိုးသားဓနရှင်ပေါက်စ၊ အလုပ်သမားလယ်သမားတွေကို ရက်ရက်စက်စက်ဖိနှိပ်သွေးစုတ်
တဲ့အတွက် ချန်ကေရှိတ်ခေါင်းဆောင်တဲ့ ဖေါက်ပြန်တဲ့ကိုမင်တန်အဖွဲ့နဲ့ ဒေါက်တာဆွန်ယက်ဆင် လမ်းကိုလိုက်တဲ့ တော်လှန်တဲ့ကိုမင်တန်ဆိုပြီး နှစ်ခြမ်းကွဲသွားရခြင်းဖြစ်ပါတယ်။
မော်စီတုံးခေါင်းဆောင်တဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ တော်လှန်တဲ့ကွန်မင်တန်ပါတီနဲ့ပေါင်းပြီး လက်နက်အားကိုးနဲ့အကြမ်းဖက်ဖိနှိပ် တိုက်ခိုက်နေတဲ့ ဖေါက်ပြန်တဲ့ချန်ကေရှိတ်အစိုးရကို မလွှဲသာပဲ လက်နက်စွဲကိုင် ခုခံတော်လှန်ခဲ့ကြတဲ့အတွက် တရုတ်ပြည်တွင်းစစ်ကြီးဖြစ်လာပါတော့တယ်။
တရုတ်ပြည်တွင်းစစ်မှာ နယ်ချဲ့သမားပေါင်းစုံက ဖေါက်ပြန်တဲ့ချန်ကေရှိတ်အစိုးရကို လက်နက်၊ခဲယမ်း၊ ငွေကြေးကအစ,အားပေးကူညီထောက်ခံကြတယ်၊ တော်လှန်တဲ့ကိုမင်တန်နဲ့ကွန်မြူနစ်တွေကိုတော့ တရုတ်လူထုကြီးကအစွမ်းကုန်ကူညီအားပေးကြပါတယ်။
ဒါကြောင့်တရုတ်ပြည်တွင်းစစ်ပွဲကြီးဟာ အလွန်ပြင်းထန်လှပါတယ်။
နှစ်ဘက်စလုံးမှာ ကြီးမားတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့မတူတဲ့ နယ်မြေမျိုးဖြစ်ပေါ်လာပါတော့တယ်။
နယ်မြေတမျိုးကတော့ ချန်ကေရှိတ်ချုပ်ကိုင်ထားတဲ့နယ်မြေမှာ အာဏာရှင်ဗျူရိုကရက်တွေလွှမ်းမိုးပြီး လက်ဝါးကြီးအုပ်ချန်ကေရှိတ် (၄)ဦးဂိုဏ်းတို့ဟာ တရှိန်ထိုးကြွယ်ဝ,ချမ်းသာလာကြပါတော့တယ်။
နောက်နယ်မြေတမျိုးကတော့ တော်လှန်တဲ့ကိုမင်တန်ပါတီနဲ့ ကွန်မြူနစ်ပါတီတို့ဟာ လူတန်းစား(၄)ရပ်အာဏာစိုက်ထူပြီး လူတန်းစား (၄)ရပ်ရဲ့အကျိုးစီးပွါးကို တစထက်တစ ဖွံ့ဖြိုးတိုးတက်လာစေတဲ့
အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ တစတစ ကြီးထွားအားကောင်းလာပြီး ပြည်သူ့စစ်တပ်ဖွဲ့တွေ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ဘက်ပေါင်းစုံက,ကူညီဘို့အသင့်
ဖြစ်နေကြတာနဲ့အမျှ လွတ်မြောက်ရေးနယ်မြေဟာလည်း ပိုမိုကျယ်ပြန့်လာပါတော့တယ်။

ဖူးဝါးခို(ညောင်တုန်း)
ဒေါနအောင်ပွဲ စာစောင်
အတွဲ(၁)၊ အမှတ်(၁)
၁၉၉၈ ခုနှစ်၊ မေလ။

ဆက်လက်ဖေါ်ပြပါမည်။

Thursday, October 22, 2009

သာအေအှ်

Wednesday, October 21, 2009

ဆေးမြီးတို

ဆေးမြီးတို

ဆေးနည်းလေးတခု ရေးပြချင်ပါတယ်။
BBC Burmese Section. ကဦးလေးဦးနေဝင်းပြောသွားတဲ့ ဆေးနည်းလေးပါ။


သံပုရာသီးလတ်လတ်ဆတ်ဆတ် တလုံးကို အလည်တည့်တည့်ကနေထက်ခြမ်းခွဲလိုက်ပါ။ ပန်းကန်လုံးတလုံးထဲမှာထည့်ထားပါ။ ပွက်ပွက်ဆူနေတဲ့ရေနွေးကိုလောင်းထည့်လိုက်ပါ။
အငွေ့မပျံနိုင်အောင် ပန်းကန်လုံးပေါ်မှာတခြားဖုံးစရာတခုခုနဲ့ ဖုံးထားလိုက်ပါ။
ခံနိုင်လောက်တဲ့ အပူချိန်ကိုရောက်ပြီဆိုရင် သံပုရာသီးကိုညှစ်ချပြီးမွှေသောက်လိုက်ပါ။

သွေးတိုးရောဂါမရှိသေးရင် သွေးတိုးရောဂါ ဖြစ်မလာနိုင်ပါဘူး။
သွေးတိုးရောဂါရှိနေရင် ပျောက်ပါတယ်။

ဦးလေးဦးနေဝင်းကတော့ သံပုရာခွံကိုပါ ဝါးစားပစ်တယ်လို့ပြောပါတယ်။
ကျုပ်ကတော့ အရည်ပဲသောက်တယ်။ ခါးလွန်းလို့။

သတိထားစရာတခုက တချို့လူတွေနဲ့မတည့်ပါဘူး။(အနည်းစု) ကျုပ်အဘိုးအဘွားတွေပြောတာက ဆေးမြီးတိုကိုဖေါ်စပ်သုံးစွဲတဲ့အခါ တွေ့ကရာ ပုဂံ၊ခွက်၊ယောက် ကိုမသုံးပါနဲ့တဲ့။
အထူးသဖြင့်သတ္တုခွက်တွေ၊ ကော်ခွက်တွေ၊သတ္တုဇွန်း၊ကော်ဇွန်းတွေမသုံးပါနဲ့တဲ့။
မြေခွက်၊ကြွေခွက်၊ဖန်လ်ခွက်တွေနဲ့၊သစ်သား၊ဝါးတွေနဲ့လုပ်ထားတဲ့ ခွက်၊ယောက် မျိုးကိုသာသုံးပါတဲ့။
ဆေးရဲ့အာနိသင်တွေ ပျက်ပြယ်သွားနိုင်တယ်လို့ပြောပါတယ်။
သိပြီးသားဆိုရင်တော့ သည်းခံပါဗျာ။
ကျုပ်လူတတ်ကြီးလုပ်ပြီးရေးပြနေတာမဟုတ်ပါဘူး။
ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

Tuesday, October 20, 2009

မှတ်တမ်းမှတ်ရာ



ဒီပုံကိုမြင်လိုက်ရုံနဲ့ သူဟာဘယ်လိုလူလဲဆိုတာလူတိုင်းသိကြမှာပါ။
ရုပ်ရှင်ကားတွေထဲမှာတော့ သူ့ကို Bruce Lee လို့သိကြပါတယ်။
သူ့ရဲ့ကိုယ်ရေးရာဇဝင်ထဲမှာတော့ Lee Xiao Loong နောက်တမျိုးကတော့ Lee Jun Fan လို့ခေါ်ပါတယ်။
အမေရိကားကိုပြောင်းလွဲပစ်လိုက်သည့် ပုဂ္ဂိုလ်(၁၀၀)စာအုပ်ထဲမှာတော့သူ့ကို Lee Hsiao Lung ဆိုတဲ့ စာလုံးပေါင်းနဲ့ရေးထားတာကိုဖတ်ရပါတယ်။
သူဟာ အမေရိကန်ပြည်ထောင်စု ကာလ်ဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ်စကိုမြို့မှာ မွေးခဲ့ပေမယ့် ဟောင်ကောင်မှာကြီးတာပါ။
သူငယ်ငယ်တုန်းက အပေါင်းသင်းသူငယ်ချင်းမရှိသလောက်ဖြစ်ပြီး အမြဲတမ်းလိုလို ထိုးကြိတ်သတ်ပုတ် တတ်တဲ့အတွက် သူစိတ်ကိုပြန်ထိန်းဘို့ ကိုယ်ခံပညာကိုသင်ကြားတာလို့ဆိုပါတယ်။
နောက်ဆုံးတော့ သူဟာ ကမ္ဘာကျော်ခဲ့ပါတယ်။
အနောက်နိုင်ငံကို ထိုးဖေါက်ဝင်ရောက်လာတဲ့ နာမည်ကျော်ဇာတ်ကားနာမည်က Enter the Dragon
ဆိုတဲ့ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။
၁၉၄၀ပြည့်နှစ်နိုဝင်္ဘာလ ၂၇ရက်နေ့မှာ မွေးတဲ့(အများသိတဲ့)Bruce Lee ဟာ ၁၉၇၃ခုနှစ်ဇူလိုင်လ ၂၀ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
ဒါကတော့ ကမ္ဘာက,သိတဲ့ ကိုယ်ခံပညာအားကစားသမားတယောက်အကြောင်းပါ။

ကျုပ်တို့ကရင်လူမျိုးထဲမှာကော ကမ္ဘာမကျော်ပေမယ့် နာမည်ကြီးကိုယ်ခံပညာအားကစားသမားတွေ
မရှိခဲ့ဘူးလား?။
သူတို့တွေက ဘယ်သူတွေလဲ?။
ကျုပ်လည်းကောင်းကောင်းမသိပါဘူး။
ကျုပ်သိသလောက်ဆို ထိုင်းဗမာနယ်စပ်ကို ရောက်လာတဲ့ပုဂ္ဂိုလ်နှစ်ယောက်ပဲရှိတယ်။
ဆရာအောင်သိန်းလေးနဲ့သမန်းကျား။
သူတို့တတွေဟာ ကျုပ်တို့ကရင့်လက်ဝှေ့လောက,မှာ လျှမ်းလျှမ်းတောက်အကျော်အမော်တွေ
ဖြစ်ခဲ့ရဲ့သားနဲ့ ဘယ်သူတဦးတယောက်ကမှ မှတ်တမ်းတင်ထားတာမရှိပါဘူး။

ဆရာအောင်သိန်းလေးက ကိုယ်လုံးကိုယ်ထည်ငယ်ပေမယ့် အင်မတန်လျှင်တဲ့မြန်တဲ့လက်သီးပြင်းတဲ့
လက်ဝှေ့ သမားကောင်းတယောက်ဖြစ်ပါတယ်။

သမန်းကျားကတော့ တတောင်အင်မတန်ပြင်းပါတယ်။
သူ့တတောင်ကို ပြိုင်ဘက်တွေရှောင်လို့မရ,သလို အဲဒီတတောင်ကိုမိတာနဲ့အားလုံးပွဲသိမ်း
သွားရတာချည်းပဲလို့ ပြိုင်ဘက်တွေက ဆိုစမှတ်ပြုကြပါတယ်။

သူ့တတောင်ကောင်းလွန်းတဲ့အတွက် ကရင်တေးသံရှင် စ,လင်းလင်း(စလေါင်းလေါင်း)က
သမန်းကျားကို ဂုဏ်ပြု သီဆိုခဲ့တဲ့တေးသီချင်းခွေ(Tape)ထွက်ခဲ့ပါသေးတယ်။
(ခုနှစ်အတိအကျမမှတ်မိတော့ပါ)

သမန်းကျားရဲ့ နာမည်အရင်းကိုလည်းကျုပ်မသိပါဘူး။
သူဟာ၁၉၈၈ အရေးအခင်းကာလမှာ ဗမာကျောင်းသားတွေကို ကရင့်တော်လှန်ရေးနယ်မြေထဲ
ရောက်အောင် သက်စွန့်စံဖျား ကူညီခဲ့တဲ့သူဖြစ်ပါတယ်။(ငွေအား၊ လူအား၊ အရှိန်အဝါ)

သူနဲ့တွေ့တော့ သူပြောပြတာတချို့ပြန်ရေးပြချင်ပါတယ်။
"ငါအဖြိုရ,အခက်ဆုံးက သထုံဘနှစ်ကွ၊ သူက ငါ့ထက်ကိုယ်လုံးကြီးတယ်၊ အရပ်လည်းမြင့်တယ်၊ တော်ရုံနဲ့မလဲဘူး။
နောက်တယောက်က တရုတ်လူမျိုး အဲဒီလူကဘယ်လောက်သန်သလဲဆိုရင်ငါနဲ့ယှဉ်ဘို့ကြိုးဝိုင်းပေါ် တက်လာတော့ အောက်က,သူ့လူတွေက နို့ဆီနှစ်ဗူးပစ်တင်ပေးလိုက်တယ်။ သူကအဲဒီနို့ဆီဗူး
တဗူးစီကို လက်တဖက်စီနဲ့ပြိုင်တူညှစ်ချလိုက်တာ နို့ဆီတွေပမ်းထွက်ကုန်တယ်။
င့ါမျက်လုံးတွေပြူးကုန်တယ်။ သူ့ပြိုင်ဘက်တွေဆိုရင် ဘိုက်တွေပေါက်ထွက်မတတ်ခံရတယ်ဆိုတာ ငါကြားထားတာကိုး။
ငါ့ဆရာဝန်ကို ဘယ်လိုလဲဆိုတဲ့ပုံစံမျိုးနဲ့မျက်စ,ပစ်လိုက်တော့ ငါ့ဆရာဝန်က ဘာပြောလဲသိလား?
ကျားလေး မင်းဘာမှတွေးပူမနေနဲ့ သာမာန်လူတွေထက်ထူးခြားတာက မင်းရဲ့ဘိုက်မှာ အထပ်သုံးထပ်
ရှိတယ်။ မင်းမှာအားသာချက်တွေရှိတယ် ဆိုတော့ ငါလည်းသေသေရှင်ရှင်ကွာဆိုပြီး တီးတော့တာပဲ။
ပထမအချီမှာ သူ့လက်ဝါးစောင်းစာမိပြီးငါ သတိလစ်သွားတယ်။ ခြောက် ဆိုတဲ့အသံကြားမှငါပြန်ထ,
နိုင်တယ်။

နောက်တချီမှာတော့ သူကငါ့ကို နောက်ဘက်ကနေ ဖမ်းချုပ်ဘို့အရှိန်နဲ့ပြေးအလာ ငါလည်းတတောင်နဲ့ ရှိတဲ့အားတွေအကုန်သုံးပြီးကျွေးလိုက်တာ ဒီကောင်ညာဘက်မျက်လုံးကွဲထွက်သွားတယ်။
သွေးတွေဆိုတာကွာ ကြည့်မကောင်းရှုမကောင်းပဲ။
သူ့ခွင်(ဂွင်)ဆိုတော့ ဒီလူတော်တော်အခံရ,ခက်သွားပုံပဲ။ ဆရာဝန်က သူ့မျက်လုံးကိုစစ်ဆေးတော့ လုံးဝ,ထိုးခွင့်မပေးတော့ပဲ ရပ်လိုက်တယ်။
သူကမကြေနပ်ဘူး ထပ်ယှဉ်မယ်ဆိုပြီးပွဲကြမ်းလိုက်သေးတယ်။

အဲဒီအချိန်မှာ လော်စစ်ဟန်(ခွန်ဆာ)က,ဝင်ပြီးပြောတော့မှ အဲဒီလူငြိမ်သွားတယ်။
နောက်တချီဆိုရင် ငါတော့ ဘဝပျက်ပြီထင်တာပဲ။

လက်ဝှေ့ထိုးတယ်ဆိုတာ ထိုးတဲ့နေရာမှာကြွမ်းကြင်ရမယ်၊ အရှောင်အတိမ်းမှာမြန်ရမယ်၊ အဲဒီလိုပဲ သူများထိုးတာကိုလည်း ခံနိုင်ရတယ် အဲဒီသုံးမျိုးစလုံးပိုင်နိုင်မှ၊ မဟုတ်ရင်နာမည်မကျော်ပဲမသာ
ပေါ်သွားမယ်"
"လက်ဝှေ့ထိုးတာ ပိုက်ဆံတော့ရသားပဲ၊ ဒါပေမယ့်ကွာ ဆရာဝန်ကိုပေးရတာနဲ့ ဟိုလူတွေကိုပေးရ
တာနဲ့ လေ့ကျင့်စာရိတ်တွေ ဟိုနှုတ်ဒီနှုတ်နဲ့ ကိုယ့်အတွက်မကျန်ပါဘူး"

အဲဒါကတော့ သမန်းကျားကိုယ်တိုင်ပြောခဲ့ဘူးတဲ့စကားတွေပါ။
သူထိုးခဲ့တဲ့ နိုင်ငံကိုတော့ကျုပ်ကိုပြောပြပေမယ့် ကျုပ်မမှတ်မိတော့လို့ပါ။
Hong Kong ဒါမှမဟုတ် Taiwan တခုခုလို့ထင်ပါတယ်။

စကားစပ်မိလို့ တဆက်တည်းပြောပြချင်တာက ဗမာ့လက်ဝှေ့ဆိုတာမရှိပါဘူးတဲ့၊ ကရင့်လက်ဝှေ့ ဆိုတာပဲရှိပါတယ် ဆိုပြီးရှေးမှီနောက်မှီ ဗမာအမျိုးသားတယောက်ကျုပ်ကို ပြောဘူးပါတယ်။
ဘာကြောင့်လည်းဆိုတော့တဲ့ ဗမာတွေက လက်ဝှေ့ကို နန်းတွင်းမှာပဲကျင်းပ,လေ့ရှိတော့ ပဒေသရဇ်စနစ်နဲ့အတူ ဗမာ့လက်ဝှေ့ဆိုတာလည်း တိမ်ကောသွားရတာပါတဲ့။
ကရင်တွေကျတော့ မြေဝိုင်း(မြေကြီးပေါ်)မှာထိုးနေကြတော့ဒီနေ့အထိဆက်လက်ရှင်သန်နေနိုင်တာ ဖြစ်ပါတယ်တဲ့။ ဟုတ်၏မဟုတ်၏ဆိုတာကိုတော့ စာဖတ်သူတို့သာ စဉ်းစားဆုံးဖြတ်ကြပါ။

လက်ရှိကရင့်လက်ဝှေ့အကျော်အမော်များကို မှတ်တမ်းတင်ထားနိုင်ကြစေရန် ရည်ရွယ်ချက်ဖြင့်


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး



တစိမ့်စိမ့်တွေးမယ်

တစိမ့်စိမ့်တွေးမယ်
ဆရာတော် ဦးဇောတိက
(မဟာမြိုင်တောရ)

1. I have no parents.
I make the heavens and earth my parents.
ငါ့မှာ မိဘမရှိပါဘူး။
ငါဟာ ကောင်းကင်နဲ့မြေကြီးကို(သဘာဝတရားကို)မိဘသဖွယ်လုပ်ထားပါတယ်။

2. I have no home.
I make awareness my home.
ငါ့မှာ အိမ်မရှိပါဘူး။
ငါဟာ သတိကိုအိမ်လုပ်ပြီးတော့နေပါတယ်။

3. I have no life or death.
I make the tides of breathing my life and death.
ငါ့မှာ မွေးဖွါးခြင်း သေဆုံးခြင်းမရှိပါဘူး။
ထွက်လေ၊ဝင်လေကိုပဲ မွေးဖွါးခြင်း သေဆုံးခြင်းလို့ သဘောထားပါတယ်။

4. I have no divine power.
I make honesty my divine power.
ငါ့မှာ တန်ခိုးမရှိပါဘူး။
ငါ့မှာ ရိုးသားမှုကို ငါ့ရဲ့တန်ခိုးအဖြစ်လုပ်ထားပါတယ်။

5. I have no friend.
I make my mind my friend.
ငါ့မှာ မိတ်ဆွေသူငယ်ချင်း အပေါင်းသင်းမရှိပါဘူး။
ငါဟာ ငါ့စိတ်ကိုမိတ်ဆွေအဖြစ် လုပ်ထားပါတယ်။

ဆရာတော် ဦးဇောတိက
(မဟာမြိုင်တောရ)
တစိမ့်စိမ့်တွေးမယ်
1999- December.

တစိမ့်စိမ့်တွေးမယ်

တစိမ့်စိမ့်တွေးမယ်
ဆရာတော် ဦးဇောတိက
(မဟာမြိုင်တောရ)

6. I have no enemy.
I make carelessness my enemy.
ငါ့မှာ ရန်သူမရှိပါဘူး။
ငါဟာ သတိမပါဉာဏ်မပါ ပေါ့ပေါ့တန်တန် ဖြစ်သလိုနေတတ်လုပ်တတ်တာကို
ငါ့ရန်သူလို့သဘောထားပါတယ်။

7. I have no armour.
I make benevolence my armour.
ငါ့မှာ သံချပ်ကာအင်္ကျီမရှိပါဘူး။
ငါ့ဟာ သူတပါးကောင်းကျိုးကိုလိုလားတယ်ဆိုတဲ့စိတ်ကိုပဲ သံချပ်ကာအင်္ကျီသဖွယ်
လုပ်ထားပါတယ်။

8. I have no castle.
I make immovable mind my castle.

ငါ့မှာ ရဲတိုက်ကြီးမရှိပါဘူး။
ငါဟာ မလှုပ်မရှားမယိမ်းမယိုင်တဲ့စိတ်ကိုပဲ ရဲတိုက်လုပ်ထားပါတယ်။

9. I have no sword.
I make absence of self my sword.
ငါ့မှာ ဓါးရှည်မရှိပါဘူး။
ငါဟာ အတ္တမရှိခြင်းကို လက်နက်ဖြစ်တဲ့ဓါးရှည်ကြီးအဖြစ်လုပ်ထားပါတယ်။
ဆရာတော် ဦးဇောတိက
(မဟာမြိုင်တောရ)
တစိမ့်စိမ့်တွေးမယ်
1999- December.

Monday, October 19, 2009

ဟင့်အင်း ဆိုရင်တော့

"ဟင့်အင်း" ဆိုရင်တော့

ဆိုကြပါစို့.......
ငါတို့အိမ်ဟာ
ပြိုကျတော့မယ်
ပြင်ဆောက်ရ,မယ်ဆိုတာ
မင်း...ငါ....အားလုံး
အသိဆုံးပါ။

အိမ်ပြင်ဆောက်တဲ့နည်းနာ
မြောက်များစွာထဲက
ဘယ်ဟာကိုသုံးဘို့များး
ငါတို့....စဉ်းစားထားလဲ?

အိမ်ဟောင်းကိုဖြိုပစ်
အိမ်အသစ်ဆောက်မယ်ဆိုရင်
အိမ်အိုထဲက,ပစ္စည်းကောင်းတွေ
မပျက်မဆီးရအောင်
မပျောက်မရှရအောင်
ထိန်းသိမ်းတတ်ရတယ်။

အိမ်အိုထဲက
သုံးလို့မရ,တော့တဲ့ဟာတွေထုတ်
မလိုအပ်တော့တဲ့ဟာတွေဖြုတ်ပစ်
အကောင်းအသစ်တွေနဲ့အစားထိုး
အင်း.....
ဒီနည်းလဲမဆိုးပါဘူး။

ဘယ်နည်းပဲသုံးသုံး
နောက်ဆုံးအရေးကြီးတာက
ငါတို့ပြင်ဆောက်မယ့်အိမ်အတွက်
လိုအပ်တဲ့အရာမှန်သမျှ
စဉ်းစားထားပြီးကြပြီလား?

စဉ်းစားထားတာမှန်သမျှ
စုဆောင်းထားပြီးကြပြီလား?

"ဟင့်အင်း" ဆိုရင်တော့.....။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

Sunday, October 18, 2009

မရူးနဲ့တော့

မရူးနဲ့တော့

မင်းအခွင့်အရေးကို
သူများပေးမှ
ယူမလို့လား?။

မသေမချင်းမှတ်ထား
သူများပေးမှ
ရတဲ့အခွင့်ဆိုတာ
ဘာမှလွမ်းလောက်စရာမရှိဘူး။

အာဏာရူးတွေစီက
ဘာအခွင့်မှမရနိုင်ဘူးဆိုတာ
မင်းသိလာတဲ့တနေ့
အဲဒီနေ့ဟာမင်းအတွက်
ပြဿဒါးရက်ပဲ။

ဒါကြောင့်
အခွင့်အရေးဆိုတာ
တိုက်ယူဘို့လိုတယ်
စောင့်ယူလို့မရဘူး
မင်းရူးမနေနဲ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား? တန်ပြန်လား?
အပိုင်း(၆)
မန်းR,ဘန်

ရှုမငြီးတဲ့ မင်းရဲ့ချစ်သမီး
အလှဖရားမ,လေး
သိန်းကျော်တန်စန္ဒယားကို
လှလှပ,ပ,ငြိမ့်ငြိမ့်ညောင်းညောင်း
သွယ်ပြောင်းတဲ့
စိန်စီလက်ချောင်းတွေနဲ့
လှုပ်ရှားမှုတွေကြာင့်
ထွက်ပေါ်လာတဲ့ဂီတ,သံဟာ
မင်းအဘို့
နားဝင်ပီသ,
ချိုမြိန်လှပေမယ့်။

ရန်သူ့ဗုံးခွင်းလို့
မျက်စေ့နှစ်ကွင်း
အလင်းမရရှာတော့တဲ့
သူရဲကောင်းစစ်သည်တော်ရဲ့
သောတ,အာရုံထဲမှာတော့
စစ်မြေအသီးသီးမှာ
ကျဆုံးခဲ့ရရှာတဲ့
သူရဲကောင်းစစ်သည်တွေကြောင့်
သားမယားတွေရဲ့ ငိုရှိုက်သံလို
မိဘတွေရဲ့ ငိုရှိုက်သံလို
ဆွေမျိုးတွေရဲ့ ငိုရှိုက်သံလို
ခါးသည်းလှတယ်။

အိစက်ညက်ညောတဲ့
ဖဲမွှေ့ယာထက်
တပြည်သူသက်ထားကလျာကို
ချော့မြှူကလူကျီစယ်ရင်း
မောမောနဲ့အိပ်ပျော်သွားချိန်မှာ။

ဆက်လက်ဖေါ်ပြပါမည်။

Friday, October 16, 2009

အဖြေ

၁၉၉၄ ခုနှစ်မတိုင်မှီကာလ တိုက်ပွဲသတင်း
မဆလ(နအဖ)နဝတ ဘက်မှ......ဦးသေဆုံး၊.........ဦးဒါဏ်ယာရ
..........ဦးလက်ရဖမ်းဆီး။
မိမိတို့ဘက်မှ ........ဦးတိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးပြီး၊
.............ဦးဒါဏ်ရာရ။

၁၉၉၄ခုနှစ်နောက်ပိုင်းကာလ တိုက်ပွဲသတင်း
ဒီကေဘီအေဘက်မှ..........ဦးသေဆုံး၊.........ဦးဒါဏ်ယာရ
..........ဦးလက်ရဖမ်းဆီး။
မိမိတို့ဘက်မှ......ဦးတိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးပြီး၊
......ဦးဒါဏ်ရာရ။

ပြုပြင်နိုင်ရင်
ပြောင်းလွဲမယ်ဆိုတော့
ဘာတွေကိုဘယ်က,စ,
ဘယ်လိုပြုပြင်ကြတာလဲ?
ဘာတွေက အဓိက
ပြောင်းလွဲရမှာလဲ?

စည်းရုံးနိုင်ရင်
ညီညွတ်မယ်ဆိုတော့
ဘယ်သူတွေကိုဘယ်သူက,စ,
ဘယ်လိုစည်းရုံးကြတာလဲ?
ဘယ်သူတွေက အဓိက
ညီညွတ်ရမှာလဲ?

အခုကျမှ
ဟန်ရေးပြ
သတ်ကြသေကုန်မယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

Thursday, October 15, 2009

လူထုဦးလှ ရာပြည့်ပွဲ

လူထုဦးလှ ရာပြည့်ပွဲ

ဂျပန်ရောက်ဗမာလူငယ်တွေ ပြင်ဆင်နေတဲ့ လူထုဦးလှရာပြည့်ပွဲအကြောင်းသတင်းကို
ဦးဦးဖျားဖျားပြောပြချင်ပါတယ်။
လူထုဦးလှဟာ ၁၉၈၂ ခုနှစ် သြဂုတ်လ ၇ရက်နေ့မှာ ကွယ်လွန်ခဲ့တာဆိုတော့ အခုဆိုရင်
၂၇နှစ်ရှိခဲ့ပါပြီ။
လူထုဦးလှကို ၁၉၁၀ပြည့်နှစ်ဇန္နဝါရီ ၁၉ရက် နေ့မှာမွေးခဲ့တာဆိုတော့ လာမယ့်နှစ်မှာ
နှစ်၁၀၀ပြည့်တော့မှာပါ။
ဦးလေးလှဟာ အသက်နှစ်ဆယ်အရွယ်မှာ ဆယ်တန်းအောင်ခဲ့ပေမယ့်၊ တက္ကသိုလ်ကိုဆက်
မတက်ပဲ လူငယ်များကြီးပွါးရေးအသင်းကိုတည်ထောင်ပြီး ပရဟိတလုပ်ငန်းများနဲ့စာပေလုပ်
ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါတယ်။


ရန်ကုန်မြူနီစပါယ်ဘောလုံးအသင်းမှာ ဝင်ကစားရင်း၊ လမ်းလျှောက်အသင်း၊ အလေးမ,အသင်း၊
ခြင်းလုံးအသင်းများနဲ့လူငယ်ကလောင်မိတ်ဆွေများအသင်းတို့ကို တည်ထောင်ဖွဲ့စည်းပြီးတော့
ဗမာလူငယ်များဗလငါးတန် ကြီးပွါးတိုးတက်ရေးကို ရှေ့ဆုံးကနေအားထုတ်ဆောင်ရွက်ခဲ့ပါတယ်။
ကြီးပွါးရေးမဂ္ဂဇင်း၊ လူထုဂျာနယ်၊ လူထုသတင်းစာတို့ကိုထုတ်ဝေပြီး နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်
စနစ်ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းလှုပ်ရှားမှု
တို့ကိုအားကြိုးမာန်တက်ဆောင်ရွက်ခဲ့ပါတယ်။
ဖက်ဆစ်တော်လှန်ရေးကို ဗိုလ်ဗထူး၊အာဇာနည် ဦးရာဇတ်တို့နဲ့အတူ သက်စွန့်စံဖျားဆောင်ရွက်ခဲ့ပါ
တယ်။
မြေပေါ်မှာ ဖဆပလ အဖွဲ့ကိုပထမဦးဆုံးဖွဲ့စည်းခဲ့သူတဦးဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက အရက်၊ လောင်းကစား၊ ဆေးလိပ် စသည်လုံးဝရှောင်ခဲ့ပြီး၊ ထိပ်တန်းဥပဒေများကို
အထူးလေးစားလိုက်နာခဲ့ပေမယ့်၊ ထောင်ငါးကြိမ်ကျခဲ့ဘူးပါတယ်။
ထောင်ထဲမှာလည်း အားကစားနဲ့စာပေအသင်းများကိုဖွဲ့စည်းလှုပ်ရှားခဲ့ပါတယ်။
ထောင်ကထွက်တော့ ထောင်တွင်းကရခဲ့တဲ့ တိုင်းရင်းသားပုံပြင်တွေ ပေးစာတွေနဲ့ အကျဉ်းသား
အထုပ္ပတ္တိတွေကို ရေးသားထုတ်ဝေပါတယ်။
ထောင်ဝတ္ထုတအုပ်ဟာ UNESCO စာပေဆုရခဲ့ပါတယ်။
စာအုပ် ၁၀၀လောက်ထုတ်ဝေခဲ့တဲ့အထဲမှာ တိုင်းရင်းသားပုံပြင်တွေက ၅၀လောက်ရှိပါတယ်။
အကြီးကျယ်ဆုံးထောင်ဝတ္ထုရေးဆရာ၊ အကြီးကျယ်ဆုံး ပုံပြင်ရေးဆရာ၊ အကြီးကျယ်ဆုံး ပေးစာ
ရေးဆရာဖြစ်ခဲ့ပါတယ်။
လူထုသတင်းစာအပိတ်ခံရတော့ သတင်းစာများသည်သမိုင်းကိုပြောနေကြသည် စ,တဲ့ခေတ် အဆက်ဆက်သတင်းစာတွေထဲက ဖတ်သင့်သိသင့်တာတွေကို ဖြတ်ယူစုပေါင်းပြီးစာအုပ်တွေ ထုတ်ဝေခဲ့ပါတယ်။
ဗမာ့လူမှုဘဝထဲက ကျွန်တော်လှေသူကြီး၊ ကျွန်တော်ဗျူရိုကရက်၊ ကျွန်တော်သတင်းထောက်
စ,တဲ့ ကျွန်တော်စာအုပ်တွေကိုလည်း အများကြီးထုတ်ဝေခဲ့ပါတယ်။
ဦးလေးလူထုဦးလှမှတပါး ဒါမျိုး ဘယ်သူမှမလုပ်နိုင် မလုပ်ခဲ့ပါဘူး။
ပါမေက္ခချုပ်ဦးကျော်ရင် သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းတို့နဲ့အတူ လူငယ်စာရေးဆရာများကိုရှေ့ဆောင်ပြီး ဗမာစာရေးသားချက်အပေါ်
စကားပြောသလိုရေးခြင်းကိုလည်း လမ်းသစ်ဖေါက်ခဲ့ပါတယ်။
ဦးလေးလူထုဦးလှဟာ ဗမာပြည်မှာအကြီးဆုံး ပရဟိတသမား၊ နယ်ချဲ့ဆန့်ကျင်ရေး
ဖက်ဆစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးသမားကြီးတဦးအဖြစ် အများကအသိအမှတ်ပြု
ခံရသူဖြစ်ပါတယ်။
လူထုဦးလှရာပြည့်ပွဲကို လှိုက်လှဲုစွာကြိုဆိုလိုက်ရပါကြောင်း။
မောင်စွမ်းရည်

VOA ကနေပြီးဆရာမောင်စွမ်းရည်အသံလွှင့်ပြောသွားတဲ့ စကားတွေကို ပြန်ရေးထားတာပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

Tuesday, October 13, 2009

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား? တန်ပြန်လား?
အပိုင်း(၅)
မန်းR,ဘဇံ

ရေက,ရှား
မျှင်ငါးပိကိုအကောင်းထားပြီး
ရက်ရှည်လ,များစားနေကြတော့
တို့ရဲ့မွေးရာပါအရည်ပြားဟာ
အသွင်ပြောင်းသွားရရှာတယ်။

တို့ရဲ့ ပေါင်ခြံနဲ့ဖင်ပါမကျန်
ငယ်ပါနဲ့မအားတွေမှာ
ကိုရွှေပွေးဟာ
တကွက်ပြီးတကွက်
နယ်ချဲ့ရင်း
ရောက်ချင်တိုင်းရောက်
ပေါက်ချင်တိုင်းပေါက်တော့တယ်။

ဒီအဖြစ်ကိုကြည့်ပြီး
ရန်သူက
ငါတို့ကို ကရင်ငပွေး.....တဲ့။

ကိုယ့်ကိုယ်ကို
ဘဝင်နားထင်ရောက်နေသူတွေ
ပြည်ထောင်စုဘွား
ညီနောင်များအပေါ်
နာမ်နှိမ်ခေါ်တဲ့
လက်သုံးစကားတွေပဲ။

အမျိုးနဲ့ချီစော်ကားလာတဲ့
ဒီအသုံးအနှုန်းကို
မင်း......စိတ်မနာဘူးလား?
ဘယ်လိုမှ မခံစားရဘူးလား?

တကယ်တော့....။
မင်းလို......
ကောင်းကောင်း....စား
ကောင်းကောင်း....သွား
ကောင်းကောင်း.....ဝတ်
ကောင်းကောင်း.....နေရ,ရင်
မင်းရင်က,ဖြစ်တဲ့
မင်းရဲ့သားသမီးတွေလို
ချောလို့လှလို့ပေါ့။

အခုတော့.....
တော်လှန်သူတွေနဲ့မင်းဘဝက
နတ်ပြည်နဲ့ကြွက်သိုက်လို
အလင်းနှစ် သန်း,တထောင်လောက်
ကွာနေတော့
ဒီဖြစ်စဉ်ဟာ သဘာဝကျပါတယ်။

မင်းစားနေကြ
နတ်သုဒ္ဒါလိုထမင်းဝိုင်းမျိုး
အကြိမ်တရာစားစေတော့
ပြောစရာမရှိ
ဝေဘန်စရာနတ္ထိ။

ဒါပေမယ့်.......
မင်းရဲ့တနေ့တာဘဝရဲ့
သုံးဖြုဉ်းစည်းစိမ်ယူမှုကို
တွက်ချက်လို့
ကျသင့်တဲ့အသပြာနဲ့
တကြိမ်တခါလောက်
Boldတို့ရဲဘော်တွေအတွက်
ကျွေးမွေးဒါန,ပြုခဲ့ရင်
တို့မသေခင်
မင်းကို....
သာဓုအကြိမ်တရာခေါ်လိုက်မယ်ဆိုတာ
မင်းမမေ့နဲ့။

အပိုင်း(၆)သို့ ဆက်လက်ဖတ်ရှုပါရန်။

ဆရာကြီးမို့လို့

ဆရာကြီးမို့လို့
ဆူလါင့်ဖ၀့်အွါ လိက်အုဂ်
(ဖလံတောင်ပန်းဖြူ စာစောင်)
အမှတ်စဉ်(၂)၊ အတွဲ(၁) ဒီဇင်္ဘာလ ၂၀၀၄
ဒီအကြောင်းအရာလေးကို ကရင်လိုရေးပြပြီးသွားပါပြီကရင်လိုနားမလည်တဲ့ ကရင်တွေအတွက်
ဗမာလိုရေးပြရ,ရင်ကောင်းမှာပဲလို့စဉ်းစားမိတာနဲ့ အခုလိုဘာသာပြန်ပေးလိုက်တာပါ။
တတ်လို့ရေးတာမဟုတ်ပါဘူး၊ မတတ်တခေါက်ဗမာစာကို မေ့သွားမှာစိုးလို့ပါ။
ဗမာဘာသာနဲ့ဖြစ်ဖြစ်၊ အင်္ဂလိပ်ဘာသာပဲ ဖြစ်ဖြစ်၊ ထိုင်းလိုပဲဖြစ်ဖြစ် ဒီအကြောင်းအရာလေးကို
ဖတ်ပြီးသွားတဲ့ မိတ်ဆွေတို့အနေနဲ့ စိတ်အနှောင့်ယှက်ဖြစ်စရာ ဖြစ်သွားမယ်ဆိုရင် နားလည်
ခွင့်လွှတ်ပေးဘို့ ကျုပ်တောင်းပန်ပါတယ်။

ဆရာကြီးမို့လို့

စည်ကားလှတဲ့ဈေးတခုမှာ အိမ်မွေးတိရိစ္ဆာန်တွေကိုရောင်းတဲ့ ဈေးသည်တယောက်ဟာ ဈေးဝယ်သူတယောက်ကို ရှင်းလင်းပြောပြနေပါတယ်။

ဈေးသည်။ ။ကျုပ်မှာ သာလိကာသုံးကောင်ကျန်နေတယ်။ အပြာရောင်အကောင်က,
ဘာသာစကားလေးမျိုးပြောတတ်တယ်၊ရောင်းဈေးက အသပြာတထောင်။
အနီရောင်အကောင်ကဘာသာစကားခြောက်မျိုးပြောတတ်တယ်၊ရောင်းဈေးက
အသပြာနှစ်ထောင်။
အဲဒီလိမ္မော်ရောင်အကောင်က,တော့ဘာစကားမှမတတ်ဘူး၊ရောင်းဈေးက
အသပြာခြောက်ထောင်။

ဈေးဝယ်။ ။ ဟိုက် ဘာစကားမှမတတ်တဲ့အကောင်ကိုဒီလောက်ဈေးတင်ထားတာ ဘာကြောင့်လဲ?

ဈေးသည်။ ။ လိမ္မော်ရောင်အကောင်က,ဘာတွေတတ်သလဲဆိုတာကျုပ်မသိဘူး။
အဲဒီကျန်နေတဲ့ သာလိကာနှစ်ကောင်က,သူ့ကို ဆရာကြီး....ဆရာကြီး လို့
ခေါ်နေတာမို့ပါ။

စာဖတ်သူတို့ အတွေးနယ်ချဲ့ချင်သလောက် ချဲ့နိုင်ကြောင်းပါခင်ဗျား။

တဆက်တည်းပြောပြချင်တာက ကရင်စာသင်ပေးနိုင်တဲ့ဆရာကောင်းကို တကယ်လိုချင်တယ်
ဆိုရင် အောက်ကလိပ်စာအတိုင်း ဆက်သွယ်မယ်ဆိုရင် ရ,နိုင်စရာရှိကြောင်းပါ။

ဆက်သွယ်ရန်
Karen Youth Endavour Group
P.O Box67
Mae Sot, Tak, Thailand
Phone 06-201-2709
Fax 055-544-655
E-mail kyeg@yahoo.com

Sunday, October 11, 2009

ဆေးမြီးတို

ဆေးမြီးတို

အရက်သောက်တာများလို့ ရင်ညွန့်ထဲအောင့်နေတာကို အရက်သမားတိုင်း ခံစားဘူးမှာပါ။
ဆေးမြီးတိုမရေးခင်ကျုပ်သူငယ်ချင်းတွေ အရက်သောက်ပုံလေးရေးပြမယ်။
အရက်ဦးရည်တပုလင်း(ပုလင်းကြီး)ကို တရှိန်ထိုးသောက်နိုင်တဲ့သူရှိသလို နှစ်ရှိန်(နှစ်ကြိမ်) သောက်တဲ့လူတွေရှိတယ်။
အရက်ဦးရည်ဆိုတာက အရက်ချက်တဲ့အခါ ပထမဆုံးကျလာတဲ့ အရက်နှစ်ပုလင်းကိုပြောတာပါ။
အရက်ပျံလောက်ကတော့ သနားတယ်။ မီးတောက်တာမှ ဟုန်းကနဲပဲ။
တချို့သူငယ်ချင်းတွေကတော့ ခုံပေါ်ကိုမျက်နှာအပ်လိုက်တဲ့အထိသောက်ကြပါတယ်။
အဲဒီလိုသောက်ဖန်များလာတော့ ရင်ညွန့်အောင့်တာတို့ အရက်မြင်ရင်အောက်ကလီဆန်
(ပျို့အံချင်သလိုလို) တာမျိုးဖြစ်လာပါတယ်။

အဲဒီလိုဖြစ်လာပြီဆိုရင် ကြက်ချေး(ချီး)လတ်လတ်ဆပ်ဆပ်တတုံးကိုယူ၊ ပျားရည်ထမင်းစားဇွန်း
သုံးဇွန်းနဲ့ရောပြီးသောက်ချလိုက်ပါ။ ယူပစ်သလိုပျောက်ပါတယ်။
မွေးမြူရေးခြံက ကြက်ချေးမဟုတ်ပါဘူး။ အိမ်မွေးခြံပေါက်ကြက်ချေးမျိုးဖြစ်ပါတယ်။
အထူးသဖြင့် တောထဲမှာသဘာဝအတိုင်း အစာစားပြီးပါတဲ့ကြက်ချေးမျိုးဖြစ်ရမယ့်အပြင်
အခုချက်ခြင်းပါချ,လိုက်တဲ့ ချေးမျိုးဖြစ်ရပါတယ်။

သူငယ်ချင်းတွေထဲက အရက်ကြောင့်ရင်ညွန့်အောင့်တာဆိုရင် သောက်ကြည့်စေချင်ပါတယ်။
ပျားရည်နဲ့ရောထားတဲ့ ကြက်ချေးရဲ့အရသာလေး ဘယ်လိုနေသလဲဆိုတာ သိသွားတာပေါ့။
ကျုပ်တော့ အဲဒီဆေးမြီးတိုကို မသောက်ရဲဘူး။ ပျောက်တဲ့သူက ပြောလို့ရေးပြလိုက်တာ။
ထိုင်းနိုင်ငံထဲမှာနေတဲ့ တောင်ပေါ်ကရင်ရွာလေးတရွာက, ကရင်အဘိုးအိုကြီးပေးလိုက်တဲ့
ဆေးနည်းပါတဲ့ဗျား။
ကျန်းမာကြံ့ခိုင်ကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

တစိမ့်စိမ့်တွေးမယ်

တစိမ့်စိမ့်တွေးမယ်
ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)

လူပီသ,တဲ့လူတယောက်အနေနဲ့ မတရားမှု၊မမျှတ,မှုတွေကို မြင်နေကြားနေရ,တာကို
ဘာမှမဖြစ်သလို၊ ကိုယ့်နဲ့မဆိုင်သလိုနေလို့ရ,ပါ့မလား?

ကြောက်စိတ် စိုးရိမ်စိတ် လိုချင်မက်မောတဲ့စိတ်ဟာ မသန့်ရှင်းအောင် ညစ်နွမ်းအောင်
ပုံပျက်အောင်လုပ်တယ်။
ကြောက်စိတ် စိုးရိမ်စိတ်မရှိ၊ လိုချင်မက်မော လွှမ်းမိုးခြယ်လှယ်ချင်တဲ့စိတ်မရှိတဲ့သူ၊
တည်ငြိမ်ဧချမ်းတဲ့သူဟာ အမှန်အတိုင်းမြင်တယ် သဘာဝကျကျ မျှမျှတ,တ,မြင်တယ်။

ကိုယ့်အကြောင်းကို ကိုယ်သိအောင် အများကြီးကြိုးစားသင့်တယ်။
ပြီးမှသူတပါးအကြောင်းကိုသိအောင် ကြိုးစားသင့်တယ်။
သူများအကြောင်းကိုသိချင်ရင် အရင်ဆုံးကိုယ့်အကြောင်းကို ကိုယ်သိအောင်လုပ်ရ,တယ်။

ဘီလူးကိုနိုင်အောင်တိုက်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်က ဘီလူးဖြစ်မသွားအောင်
သတိထားဖို့လိုတယ်။

မတ်မတ်ရပ်ပြီးသေရ,တာက ဒူးထောက်ပြီးအသက်ရှင်နေရ,တာထက်ပိုကောင်းပါတယ်။

လူတယောက်ကို ဒုက္ခကောင်းကောင်းရောက်စေချင်ရင် သူ့အမှားတွေကိုအမှန်တွေပါလို့
ယုံအောင်ပြောပါ။


အငြင်းအခုံမလုပ်ချင်တဲ့သူကို နိုင်အောင်ငြင်းရ,တာ တော်တော်ခက်ပါတယ်။

လူကြီးနဲ့ရင်းရင်းနှီးနှီးမဆက်ဆံတဲ့ကလေးဟာ လေးနက်တဲ့၊ရင့်ကျက်တဲ့အသိဉာဏ်ကိုမရ,နိုင်ဘူး။

ငြိမ်းချမ်းနေတယ်၊ ပျော်ရွှင်နေတယ်၊ ကြည်လင်ရွှင်လန်းနေတယ်၊ ကိုယ်လုပ်ချင်တဲ့အလုပ်ကို
လုပ်နေတယ်ဆိုရင် သင်ဟာအောင်မြင်နေတဲ့သူပါ။

ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)
တစိမ့်စိမ့်တွေးမယ်
၁၉၉၉ ခုနှစ်၊ ဒီဇင်္ဘာလ

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား? တန်ပြန်လား?
အပိုင်း(၅)
မန်းR,ဘဇန်

မင်း..........
သန်းကျော်ကားစီးပြီး
သက်ထားကလျာ
မျက်နှာပေါင်းတင်ဘို့
ရေဘင်မျက်မှန်စတိုင်ကျကျတတ်ရင်း
ကားမောင်းပို့နေချိန်မှာ။

မင်းရဲ့ခေါင်းဆောင်မှုကို
အကြွင်းမဲ့ခံယူပြီး
အမြောက်၊ ဒုံး၊ ဗုံး တွေ
ပလူပျံနေချိန်မှာ
နင်းမိုင်း၊ တိုက်မိုင်း၊ ဆွဲမိုင်းကို
ဖျာလိုခင်းထားတဲ့
မိုင်းကွင်းကိုဖြတ်ကျော်
တစာစာအော်လာတဲ့
၇.၆၆ မမနဲ့ .၃၀မမကျည်တွေ။

တဝုန်းဝုန်းကျကွဲနေတဲ့
၄၀,မ,မ ၆၀,မ,မ ၈၁,မ,မ ၁၂၀,မ,မမော်တာတွေ
၅၇,မ,မ ၇၅,မ,မ ဒုံးကျည်တွေကိုမမှုပဲ
ရန်သူ့ကတုတ်(ခံတုတ်)ကိုမင်းညွှန်ကြားမှုနဲ့
အနိုင်တိုက်ခိုက်
သိမ်းပိုက်လိုက်တယ်။

တော်လှန်စစ်
အသီးအပွင့်တွေဖြစ်တဲ့
ရန်သူ့လက်နက်
ရန်သူ့ကျည်
ရန်သူ့ရိက္ခာတွေ
ရန်သူ့အရာရှိ
ရန်သူ့စစ်သည်တွေပါ
သုံ့ပမ်းအဖြစ်
လက်ရ,ဖမ်းဆီးနိုင်လိုက်တယ်။

ဒီအောင်ပွဲရဲ့ရ,လာဒ်အဖြစ်
မင်း....
သူရ,ဘွဲ့တို့ ဂုဏ်ထူးတို့
တသီကြီးရ,လိုက်ပြီး
ရာထူးပါတက်သွားတယ်။

ဒါပေမယ့်.....
တယောက်သောရဲဘော်ခမျာမှာတော့
ကျည်သင့်လို့
သူရဲကောင်းတို့ကွန်းခိုရာ
ဗိမ္မာန်မှာကွန်းခိုလို့
အနားယူလိုက်ပြီး
တခြားတယောက်မှာတော့
ဗုံးခွင်းလို့
ခြေတဖက်ယွင်းသွားရှာလေရဲ့။

မင်းရဲ့သက်ထားကလျာ
ဆံပင်ကောက်ဘို့
ချစ်သမီးနဲ့သား
ကျောင်းပို့ဘို့
ခယ်မ,
ဈေးသွားဘို့
သန်းကျော်ကားကြီးစီးပြီး
ခြေစင်္ကြာဖြန့်နေချိန်။

မင်း....ရာထူးတက်ဘို့
ပါရမီဖြည့်ရင်း
ဖြေတဖက်ယွင်းသွားရှာတဲ့
သူရဲကောင်းခမျာ
ချိုင်းထောက်တဖက်နဲ့
သောင်ရင်းမြစ်ထဲ
ဘယ်လိုခက်ခဲစွာ
ရေချိုးနေရရှာတယ်ဆိုတာ
မင်း...မြင်မှမြင်ပါလေစ။

မင်းရဲ့ဘော်ဒါတစုနဲ့
အနုအညက်အချောအလှလေးတွေ
စုပြုံလို့
စုံလင်တဲ့ဟင်းလျာ
စုံလင်တဲ့အဖျော်ယမကာ
ဖိုမ,ချော့မြှူသံတွေနှောတဲ့
မဟာစားသောက်ဆိုင်ကြီးမှာ
တော်လှန်တဲ့ဘဝလွန်ကမ္ဘာသစ်တခုကို
နယ်ကျွံရောက်နေချိန်
စားသောက်နေချိန်
ပျော်မြူးနေချိန်
ရှေ့တန်းစစ်မျက်နှာအသီးသီးက
ပြည်သူ့သားလှရတနာတွေခမျာမှာ
ယင်ကောင်မသန်းတဲ့ မျှင်ငါးပိ
ည,ကတည်းကထုပ်ထားလို့
သိုးနံ့ထွက်နေတဲ့ထမင်းထုပ်ကို
နတ်သုဒ္ဒါလိုသဘောထားပြီး
မြိန်ရည်ယှက်ရည်စားနေလိုက်ကြတာ။

ဆက်လက်ဖေါ်ပြပါဦးမည်။

Saturday, October 10, 2009

KNUအပေါ် ကျွန်တော့်အမြင်နှင့် သဘောထား

KNU အပေါ် ကျွန်တော့်အမြင်နှင့် သဘောထား
ဖူးဒို(ကရင်အမျိုးသားတဦး)
ဒီစာကတော့ Online ပေါ်မှာ ကရင့်ရေးရာဆွေးနွေးချက်များကိုဖတ်ပြီး ညီအကိုများနှင့်အတူ ပါဝင်ဆွေး
နွေးခြင်းဖြစ်ပါတယ်။

အားတက်သရော ၀ိုင်းဝန်းဆွေးနွေးကြတဲ့ နိုင်ငံတကာရောက်ကရင်ညီအကိုမောင်နှမများကို အထူးဘဲကျေးဇူးတင်ပါတယ်။
အထူးသဖြင့် ဒိုင်ခံဆွေးနွေးပေးကြတဲ့ ဝေါ်လီ၊ Hey၊ Lazy Boy၊ AZ၊ သောသီခို၊ ကညီသွံ၃်၊ ဝptimist ၊
Khu Khu၊ KK နှင့်ကျန်ညီအကိုများအားလုံးကိုလေးစားမိပါတယ်။
ထူးခြားမှုတစ်ခုကတော့ ကရင်အမျိုးသမီးများပါဝင်လာတဲ့အတွက် အရမ်းဝမ်းသာအားတက်မိပါတယ်။
Hey ရဲ့ Blog ကိုသွားလည်တော့သီချင်းနားထောင်ရင်း နှစ်ရှည်လများ ကရင်ဒေသနှင့်ဝေးနေရတဲ့ဘဝ
အတွက် အရမ်းဘဲခံစားရပါတယ်။

ဒီနေရာမှာ KNU KNLA နဲ့ပတ်သက်ပြီး ကျွန်တော့်ရင်တွင်းဖြစ် ခံစားချက်နှင့် သဘောထား အမြင်ကို
တင်ပြခွင့်ပြုဖို့ပန်ကြားအပ်ပါတယ်။
နအဖဟာ နိုင်ငံရေး (ပြည်တွင်း)မှာ NLD ကိုအကြီးဆုံးရန်သူ ဟု သတ်မှတ်ပြီး နိုင်ငံရေး စစ်ရေးမှာဆိုရင်
KNU ကို အကြီးဆုံးရန်သူလို့ သတ်မှတ်ပါတယ်။
နအဖစစ်တက္ကသိုလ်မှာ KNU နှင့်ပတ်သက်ပြီး ဆန်းစစ်ဖေါ်ပြချက်တစ်ခုမှာ တချိန်ကမြို့တော်ရန်ကုန်နှင့်
ဧရာဝတီတိုင်းအထိ စစ်ဆင်ရေးကစားနိုင်ပြီး သက်တမ်းအရှည်ဆုံးလက်နက်ကိုင်တော်လှန်ရေးအဖွဲ့
ဖြစ်သလို စစ်ရေးအတွေ့ကြုံရှိတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ဆွေးနွေးတာတွေ လေ့လာမယ်ဆိုရင် KNU ကိုနောက်ဆုံးထားပြီးမှ ဆွေးနွေးတာတွေ့ရပါတယ်။
နိုင်ငံတကာအမြင်မှာ မကောင်းတတ်လို့ အဖြစ်သဘောဆွေးနွေးခြင်းဖြစ်ပါတယ်။
တိုင်းရင်းသားစည်းလုံရေးကို ချစ်မြတ်နိုးလို့ဆွေးနွေးတာမဟုတ်ပါဘူး။
အဲဒီလိုမဆွေးနွေးခင် နှစ်အနည်းငယ်အတွင်းမှာဘဲ နိုင်ငံခြားစစ်သံမှုးတွေရှေ့မှာ KNU ကို (၃) နှစ်
အတွင်း အမြစ်ပြတ်တိုက်မယ်လို့ ကြေညာခဲ့ပါသေးတယ်။
အချို့နအဖ စစ်ဗိုလ်ချုပ်တွေတောင် “ နောင်ဆိုရင် ကရင်လူမျိုးကို ပြတိုက်ထဲမှာဘဲတွေ့ရတော့မယ်” လို့ပြည်သူတွေရှေ့မှာဂုဏ်ယူပြီး ပြောပါသေးတယ်။ ပြီးခဲ့တဲ့လအနည်းငယ်က KNU ရဲ့တပ်မဟာ (၇)
ကိုမတိုက်ခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို “ KNU နှင့်ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း၊ထိုင်းနိုင်ငံ
အနေဖြင့်၎င်းကိစ္စကိုဝင်ရောက်ကူညီရန် နအဖ ဥာဏ်ဝင်းမှတဆင့် မေတ္တာရပ်ခံခဲ့ပါတယ်” ထိုင်းနိုင်ငံ
အစိုးရကလည်း KNU ခေါင်းဆောင်တွေကိုခေါ်တွေ့ပြီး ငြိမ်းချမ်းရေးတွက်တိုက်တွန်းတယ်။
KNU ဖက်ကလည်း ဆွေးနွေးဖို့အသင့်ရှိကြောင်းပြောဆိုခဲ့ပါတယ်။ အဲဒါလည်း ပြီးရော တပ်မဟာ
(၇) ကို စစ်ထိုးတော့တာဘဲ။ ထိုင်းအစိုးရလည်း မျက်နှာပျက်ရတဲ့ ပြင် ကရင်ဒုက္ခသည် ၆၀၀၀ ကျော် ရဲ့ပြသာနာကို ဖြေရှင်းရတော့တာဘဲ။ ဒါဟာ နအဖ က KNUကို နည်းမျိုးစုံသုံးပြီးတိုက်တဲ့ သာဓက တစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတာ မိတ်ဆွေတို့စဉ်းစားကြည့်ပါ။

ဒါဟာ KNU ရဲ့အရည်အချင်းသည် အတိုင်းအတာတစ်ခုထိ ရှိနေ တဲ့သာဓကဘဲ။ နောက်သာဓက
တစ်ခုကိုကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေစုစည်းပြီး ခေါင်းဆောင်
အနေနဲ့ဦးဆောင်နိုင်ခြင်းဟာ နအဖကိုအင်မတန်ခြောက်ခြားစေပါတယ်။
အဲဒီတုန်းက ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်တဲ့ထောက်လှမ်းရေးအဖွဲ့၊ စစ်မဟာဗျုဟာ လေ့လာရေးဌာန ၊ စိတ်ဓါတ်စစ်ဆင်ရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနများနှင့် နအဖ ဗိုလ်ချုပ်တွေ ခေါင်းခြင်းရိုက်ခဲ့ပါတယ်။ အဲဒီကထွက်လာတဲ့စကားတစ်ခွန်းကို ဗိုလ်ချုပ်ခင်ညွန့်က ကရင့်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဘိုမြနဲ့ တွေ့တဲ့အချိန်မှာပြောခဲ့တယ်။
ဖထီး ကရင်ဟာ ကရင်အတွက်ဘဲလုပ်ပါ။ ကရင်အတွက်ဘဲပြောပါ။အခြားလူမျိုးတွေအတွက်
မပြောပါနဲ့”
ဗိုလ်ချုပ်ခင်ညွန့်စကားရဲ့ရည်ရွယ်ချက်ကို တကယ်ဘဲမသိတာလား၊
မသိယောင်ဆောင်တာလားတော့မသိဘူး၊ အဲဒီစကားကိုထောက်ခံပြီးတော့လိုက်ပြောနေတဲ့
ကရင်ညီအကိုတွေရှိတော့ အရမ်းဝမ်းနည်းရပါတယ်။
ဟုတ်တာပေါ့၊ ကရင်တွေဟာ သူ့ကိစ္စမှသူမနိုင်တာ အခြားလူမျိုးတွေအတွက်ပြောစရာမလိုဘူးလေ

တဖက်ကကြည့်ရင် တခြားတော်လှန်ရေးအဖွဲ့က KNU ကိုလေးစားတယ်၊ ဦးဆောင်ဦးရွက်ပြုတာကို
လက်ခံတယ်၊ ဒါဟာ KNU အရည်အချင်းရှိလို့ဘဲ။ ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာက အခြားသော
ကရင်ညီအကိုတွေရဲ့မတူညီတဲ့အမြင် နဲ့ KNU ကို ပုတ်ခတ်နေခြင်းဘဲ။
တကယ်ဘဲမမြင်တတ်တာလား၊ ဒါမှမဟုတ် အခြားသောအကျိုးအတွက် မမြင်ဟန်ဆောင်တာလား၊ မိတ်ဆွေတို့ဘဲပြန်လည်သုံးသပ်လိုက်ပါ။ ညီအကိုတော်တစ်ဦးက “ အတိုက်ခံ” ဆိုတဲ့စကားလုံးနဲ့ ဆွေးနွေးထားတာတွေ့ရပါတယ်။ ဒါဟာ လွတ်လပ်တဲ့ဒီမိုကရေစီတိုင်းပြည်ထူထောင်တဲ့အခါ
မရှိမဖြစ်လိုအပ်တဲ့ တန်ဖိုးရှိဆောင်ရွက်မှုပါ။
ဒီမိုကရေစီ တိုင်းပြည်မှာ ကျင့်သုံးနေတဲ့ “ အတိုက်ခံ” ရိုးရာဓလေ့တစ်ခုကိုတင်ပြချင်ပါတယ်။
သြစထြေးလျရဲ့ပါလီမန်ကို ကြည့်ကြပါစို့။

ဘာလို့လဲဆိုတော့ ပါလီမန်အစည်းအဝေးအား အများပြည်သူကို လေ့လာခွင့်ပေးထားလို့ဘဲ
အစည်းအဝေးထဲမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ညင်းခုံတာ၊ စကားနာထိုးတာ ကြောက်ဖို့ကောင်းတယ်။
အချေအတင်ညင်းခုံကြပြီး အစည်းအဝေးဆုံးဖြတ်ချက်ကိုဖေါ်ဆောင်တဲ့အချိန်မှာ အားလုံးတက်ညီ
လက်ညီအညင်းအခုံမရှိတော့ဘဲဆောင်ရွက်လေ့ရှိတယ်။
တစ်ဖွဲ့နှင့်တစ်ဖွဲ့ မိတ်မပျက်ဘဲ ကောင်းကောင်း မွန်မွန်ဆက်ဆံလေ့ရှိတယ်။ ဒါဟာ ကျွန်တော်တို့
ကရင်တွေအတုယူသင့်တဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။

ကျွန်တော်မသိသေးတဲ့ ကိစ္စတစ်ခုကိုမေးချင်ပါတယ်။ စစ်ဆင်ရေးကာလ၊ တော်လှန်ရေးကာလမှာ အဖွဲ့တစ်ဖွဲ့တည်းကအတိုက်အခံထားပြီး တော်လှန်ရေးတိုက်ပွဲအောင်မြင်ခဲ့တဲ့ နိုင်ငံရှိရင် ကျွန်တော်တို့
ကို ပြောပြစေချင်ပါတယ်။တကယ်မသိသေးကြောင်းဝန်ခံပါရစေ။

နိုင်ငံတကာရောက် ကရင်များနေနှင့် တော်လှန်ရေးနဲ့ပတ်သက်ပြီး KNU ကို အကြံအညံများပေးလေ့
့ရှိပါတယ်။ ဒါဟာ ၀မ်းသာစရာကောင်းပါတယ်။
ဥပမာတစ်ခုပေးရမယ်ဆိုရင် လူအများနေမယ့်အိမ်တစ်လုံးကို ၀ိုင်းဝန်းတည်ဆောက်တာနဲ့
တူပါတယ်။
KNU က ကျွန်တော်တို့နေဖို့ ကြိုးစားဆောက်နေတာပါ။
ဘာလို့ ဒီလိုပြောရသလဲဆိုရင် KNU ဟာ သူတို့ကိုယ်ကျိုးတွက်မဟုတ်ဘဲ တိုက်ပွဲဝင်နေခြင်းဖြစ်ပါတယ်။
သူတို့ ကိုယ်ကျိုးတွက် တိုက်နေတာဆိုရင် ငြိမ်းချမ်းရေးယူ စီးပွါးတွေလုပ်ပြီးကောင်းစားနေမှာဖြစ်တယ်။
တစ်ခုထူးခြားတာက တော်လှန်ရေးဆိုတဲ့ လူအများနေမည့်အိမ်ဆောက်ရာမှာ လူအများဆီမှလုပ်အားခ မရတာဘဲ။
အိမ်ဆောက်ရင်းနဲ့ ထိခိုက်ဒဏ်ရာရ၊ ဖျားနာရင်လည်းအဲဒီလူထုတွေက ဆေးကုပေးဖို့မရှိဘူး။
ဒ့ါပြင်လူထုတစ်ချို့က ဒီလိုဆောက်ပါလား၊ ဟိုလိုဆောက်ပါလားဆိုပြီး တစ်ယောက်တစ်မျိုးပြောတော့ အိမ်ဆောက်တဲ့လူက အလုပ်ဆက်လုပ်ဖို့ အခက်အခဲဖြစ်နေတယ်။
သူတို့မသိသေးတဲ့အကြံအညံကောင်းလာပေးလို့ဆောင်ရွက်နိုင်သလို အကြံအညံကောင်းဖြစ်ပေမဲ့ ပြောတဲ့အတိုင်းလိုက်ဆောက်ဖို့ပစ္စည်းမရှိတာနဲ့ လိုက်မလုပ်နိုင်တာလဲရှိနေတယ်။
တချို့ကျတော့လည်း လက်သမားလောက်တောင် အတွေ့အကြုံမရှိ၊ ဘာမှလည်းမကူညီဘဲနဲ့
အိမ်ဆောက်နေတဲ့ အင်ဂျင်နီယာကို ပြောဆိုအကြံပေးတာလည်းရှိတယ်
။ တချို့ကလည်းမိမိဆီမှာ
ရှိတဲ့ အုပ်တစ်ချပ်သစ်တစ်ပိုင်း လာလှုတာလည်းရှိတယ်။
တချို့ကလည်း အိမ်ဆောက်တာ ဒီလောက်ဘဲလက်ရာညံ့သလားဆိုပြီး အကြံပေးသလိုလိုနဲ့ဝေဖန်
နေပါတယ်။ အများစုကတော့ဘာမှမပြောဘူး၊ ၀ိုင်းလည်းမလုပ်ဘူး ပြီးမှဘဲတက်နေကြတာပေါ့ ဆိုပြီးမသိသလိုနေကြတယ်။
ဒါပေမဲ့ အိမ်ဆောက်နေတဲ့သူတွေဟာ အနေဆင်းရဲ၊ အစားဆင်းရဲဖြစ်နေတာကို သိနေတဲ့သူ
ရှိသလို၊ မသိတဲ့လူတွေလည်းရှိနေပါတယ်။
သို့သော်လည်းလူအများသတိမထားမိတာက လူတစ်ထောင်နေရမည့်နေရာကို လူတစ်ယောက်
အားနဲ့တည်ဆောက်နေခြင်းဘဲ

(လက်ရှိကရင်လူဦးရေ ÷ KNU အင်အားအရေအတွက် )။
ဒီဟာတွေကို မိတ်ဆွေတို့စဉ်းစားမိပါသလား။
ကျွန်တော်ရဲ့အဆိုပြုချက်ကို ကရင်လူမျိုးတွေအနေနှင့်စဉ်းစားသင့်ပါသလား။
KNU မှာရှိတဲ့ကျွန်တော်တို့ရဲ့ညီအကိုတွေဟာ ရှိသင့်တဲ့ဝန်တွေထက်ပိုပြီး မနိုင်ဝန်ထမ်းနေရလို့ ရှိသင့်သလောက်ခရီးမပေါက်ဖြစ်နေတာမိတ်ဆွေတို့ သတိထားမိရဲ့လား။
တချို့တွေဆို ညှပ်ဖိနပ်စီးပြီးစစ်တိုက်နေရသလို၊ ပလပ်စတစ်တစ်ပိုင်းကို မိုးကာအနေဖြင့်သုံးပြီး
မိုးမလုံလေမလုံ တစ်ညလုံးမိုးရေထဲမှာငုတ်တုတ်ကင်းစောင့်နေရတဲ့ အနေဆင်းရဲအစားဆင်းရဲ
ဘ၀အတွက် သူတို့ကိုအပြစ်တင်ချင်ပါသလား။
နိုင်ငံတကာ ထောက်ပံ့ကြေးလည်းမရှိ၊ ပြည်သူတွေကလည်းမထောက်ပံ့ဘဲနှင့် KNU ဘယ် လို စခန်းသွားနေရတယ်ဆိုတာ ကျွန်တော့်ကရင်ညီအကိုများစဉ်းစားပြီး ကိုယ်ချင်းစာဘူးပါသလား။
အနှစ် (၆၀) ကျော် အလံမလဲ လှေမမြုပ်ဘဲခရီးကြမ်းနှင်ခဲ့တဲ့ KNU ကို နိုင်ငံတကာ အကြမ်းဖက် သမားစာရင်းထဲမထည့်ဘဲ နိုင်ငံတကာက လေးလေးစားစားဆက်ဆံပြီး အခြားတော်လှန် ရေးအဖွဲ့၊တခြားလူမျိုးတွေက လေးစားနေတဲ့ KNU အဖွဲ့ကို ကျွန်တော်တို့ ပြည်ပရောက်ကရင်ညီအကို
တွေကဘာလို့ ဝေဖန်ပုတ်ခတ်ချင်ကြတာလဲ ???
အပြုသဘောဆောင်ဆွေးနွေးချက် နဲ့ အဖျက်သဘောဆောင် ဆွေးနွေးချက်ကို ခွဲခြားတတ်ဖို့အရမ်း
အရေးကြီးသလို တော်လှန်ရေးကာလကို တည်ဆောက်ရေးကာလနဲ့ ခွဲခြားတတ်ဖို့လိုပါတယ်။

လစာမရ ဆင်းရဲနေတဲ့ ကျွန်တော်တို့ ရဲဘော် ဘ၀အတွက် KNU ခေါင်းဆောင်တွေ အသုံးမကျတာလား၊ ဒါမှမဟုတ် ကျွန်တော်တို့ကရင်ပြည်သူတွေတာဝန်မဲ့တာလားဆိုတာ အလေးအနက်ထားပြီး
စဉ်းစားစေချင်ပါတယ်။

နားလည်ခြင်းမှ ညီညွတ်ခြင်းသို့၎င်း

ညီညွတ်ခြင်းမှ ပန်းတိုင်ဆီသို့၎င်း

ချီတက်အောင်ပွဲယူကြပါစို့လား။

ချစ်သော

ဖူးဒို (ကရင်တိုင်းရင်းသား)

ဒီစာကြောင်းလေးတွေကို http://www.karenunited.com/ မှ တိုက်ရိုက်ကူးယူဖေါ်ပြပါတယ်။

မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

တစိမ့်စိမ့်တွေးမယ်

တစိမ့်စိမ့်တွေးမယ်
ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)

စိတ်ရဲ့ငြိမ်းချမ်းမှုဟာ အပျော်အပါးတွေထက်ပိုပြီး
ကျေနပ်စရာကောင်းတယ်။

ငြိမ်းချမ်းတဲ့စိတ်ဟာ လွတ်လပ်တယ်။

ငြိမ်းချမ်းတဲ့စိတ်ဟာ အမှန်ကိုလိုလားတယ်။

ငြိမ်းချမ်းတဲ့စိတ်ဟာ တန်ဘိုးအရှိဆုံးဖြစ်တယ်။

ငြိမ်းချမ်းတဲ့စိတ်ဟာ ကျေနပ်တဲ့စိတ်ဖြစ်တယ်။

ငြိမ်းချမ်းနေတဲ့စိတ်မှာ ဂုဏ်သိက္ခာရှိတယ်။
စာနာမှုရှိတယ်။ သတ္တိတွေ အင်အားတွေပြည့်နေတယ်။


ငြိမ်းချမ်းတဲ့သူဟာ မိတ်ဆွေကောင်းဖြစ်တယ်။

ငြိမ်းချမ်းတဲ့သူဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်။

ငြိမ်းချမ်းတဲ့သူဟာ အောင်မြင်တဲ့သူဖြစ်တယ်။

ငြိမ်းချမ်းတဲ့သူဟာ မြင့်မြတ်တဲ့သူဖြစ်တယ်။
မြင့်မြတ်တဲ့သူဟာ သဘောထားကြီးတဲ့သူဖြစ်တယ်။
သဘောထားကြီးတဲ့သူဟာ ခွင့်လွှတ်တတ်တဲ့သူဖြစ်တယ်။

ငြိမ်းချမ်းတဲ့သူဟာ ကိုယ့်ကိုယ်ကိုလေးစားတဲ့သူဖြစ်တယ်။
ကိုယ့်ကိုယ်ကိုလေးစားတဲ့သူဟာ သူတပါးကိုလည်းလေးစားတဲ့သူဖြစ်တယ်။


ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)
တစိမ့်စိမ့်တွေးမယ်
၁၉၉၉ ခုနှစ်၊ ဒီဇင်္ဘာလ

Friday, October 9, 2009

တစိမ့်စိမ့်တွေးမယ်

တစိမ့်စိမ့်တွေးမယ်
ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)

You will receive a body.
You may like it or hate it but it will be yours for the entire peroid this time around.

သင်ဟာ ခန္ဓာတခုကိုရ,မယ်။
အဲဒီခန္ဓာကိုယ်ကို သင်ကြိုက်ချင်လည်းကြိုက်မယ်၊ မုန်းချင်လည်းမုန်းမယ်၊
ဒါပေမယ့် ဒီဘဝအတွက်တော့ ဒီခန္ဓာကိုယ်ဟာ သင့်ခန္ဓာကိုယ်ပဲ။

You will learn lessons.
You are enrolled in a full time infomal school called life.
Each day in this school you will have the oppotunity to learn lessons.
You may like the lessons or think them irrelevant or stupid.

ရောက်သွားတဲ့ဘဝမှာ သင်ဟာ သင်ခဏ်းစာတွေအများကြီး ဆည်းပူးရ,လိမ့်မယ်။
ဘဝလို့ခေါ်တဲ့ သင်ရိုးသတ်မှတ်ချက်မရှိတဲ့ အချိန်ပြည့်ကျောင်းကြီးမှာ သင့်ကို
စာရင်းသွင်းထားပြီ။
ဒီကျောင်းမှာ နေ့စဉ်ပဲ သင့်ဘဝအတွက် သင်ခဏ်းစာတွေဆည်းပူးခွင့်ရ,လိမ့်မယ်။
ဒီသင်ခဏ်းစာတွေကို သင်သဘောကျချင်လည်းကျမယ်။
အရေးမပါဘူးလို့ ထင်ချင်လည်းထင်မယ်။
အဓိပ္ပါယ်မရှိဘူးလို့ ထင်ချင်လည်းထင်မယ်။

There are no mistckes, only lessons.
Growth is a process of trial and error, experimantation.
The failed experiments are as much a part of the precess as the
experiments that ultimately works.

အမှားမရှိပါဘူး၊ သင်ခဏ်းစာတွေချည်းပါပဲ။
လုပ်ကြည့်ရင်း မှားမှန်းသိရင်း ပြင်လိုက်ရင်းနဲ့ပဲ ဥာဏ်ပညာကြီးတဲ့လူဖြစ်လာတာပဲ။
မအောင်မြင်တဲ့စမ်းသပ်မှုဟာ အောင်မြင်တဲ့စမ်းသပ်မှုလိုပဲ အသိဥာဏ်ကြီးပွါးမှုကို
အထောက်အကူပြုပါတယ်။

ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)
တစိမ့်စိမ့်တွေးမယ်
၁၉၉၉ ခုနှစ် ဒီဇင်္ဘာလ

တစိမ့်စိမ့်တွေးမယ်

တစိမ့်စိမ့်တွေးမယ်
ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)

Without honesty is no real growth.
ရိုးသားမှုမရှိရင် စစ်မှန်တဲ့ကြီးပွါးမှု တိုးတက်မှုမရှိဘူး။

Without honesty there no freedom.
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိဘူး။

Without honesty there is no hope.
ရိုးသားမှုမရှိရင် ဘာမျှော်လင့်ချက်မှမရှိဘူး။

Without honesty nothing is real.
ရိုးသားမှုမရှိရင် ဘယ်ဟာမှ အစစ်အမှန်မဟုတ်ဘူး။

Without honesty nothing is.
ရိုးသားမှုမရှိရင် ဘာမှမရှိဘူး။

ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)
တစိမ့်စိမ့်တွေးမယ် ၁၉၉၉ ခု ဒီဇင်္ဘာလ

န,အ,ဖ, စစ်ခွေးများသို့

philtre said...
န.အ.ဖ အသုံးချခံ စစ်ခွေးများသို့….

ကျီးမိုက်က ဒေါင်းယောင်ဆောင်။

အကြွင်းအကျန် စားရရုံနဲ့
အားပါးတရ သခင်ကျေနပ်အောင်
လှည့်ပတ်လို့ဟောင်။

ခွေးလေလွင့် ဖြစ်တာတောင်
အသိခေါင် အခြေမဲ့။

ဒင်းနှမ အမျိုးပါအောင်
အရိုးမပါ အတံမျိုးနဲ့
ထိုးလိုက်ချင်ရဲ့ ။

9/04/2007 1:41 PM
မေဓါဝီ Blog မှ ကူးယူဖေါ်ပြပါသည်။
ကဗျာရှင်ကိုမသိပေမယ့် သိနေတာတခုရှိလို့ အခုလိုကူးယူတင်ပြလိုက်တာပါ။
ကျုပ်ကတော့ စစ်အာဏာရှင်တွေတိုင်းရဲ့ ခိုင်းဘတ်တိုင်းကို ဒီကဗျာနဲ့ ဆဲချင်တယ်။
ရိုင်းပေမယ့် ခွင့်လွှတ်ပါဗျာ။ စိတ်နာလွန်းလို့ပါ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

Thursday, October 8, 2009

မီးတောင်

မီးတောင်
(နိုင်းနဒီ)

ပေးဆပ်ပြီးတိုင်း ပြန်ရ,ချင်တာကိုက
လူ့သဘာဝ,ပဲလေ...။

မျှော်လင့်ချက်တို့ ရိုက်ချိုးခံရရင်
ဘာတွေဖြစ်တတ်သလဲ?

လူထဲက လူတစ်ယောက်မို့
သည်းခံစိတ်က မမြင့်မားသေးဘူး

မြိုသိပ်ထားရသမျှ
မကျေနပ်ချက်တွေကို
ချော်ရည်ပူတွေလို ဖေါက်ခွဲပစ်ဖို့
အင်အားအပြည့်ရှိတဲ့
မီးတောင်ရှင်လို
ငါ... ဖြစ်ချင်တယ်... ။

နိုင်းနဒီ




ခံစားတင်ပြသူ --- နိုင်း
at 1:29 PM

နိုင်းနဒီ Blog မှကူးယူဖေါ်ပြပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ပြောချင်လို့(ရဲအရာရှိတဦး)

Thursday, October 8, 2009

ပြောချင်လို့ ... (ပေးစာ)
(ဒေါက်တာလွဏ်းဆွေ)

မင်္ဂလာပါ ...

ကျနော်လည်း ရဲအရာရှိတယောက်ပါ။
ခုတလော ရဲအကြောင်းတွေ ပါပါလာတော့ ကျနော်လည်းပြောချင်လာတယ်။

၁။ မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်လွင်သတင်း အင်တာနက်မှာပါလာပြီးတော့ စစ်ဆေးရေးအဖွဲ့ ရောက်လာတယ်။
စစ်တာက ကရင် ပယက အတွင်းရေးမှူး ဦးဇော်လင်းထွန်း (စစ်တပ်ကလာတာ ဗိုလ်မှူးအဆင့်နဲ့)၊
စသုံးလုံးက လက်ထောက်ညွှန်မှူး ဦးညိုဝင်း၊ နောက်တဦးက CID က ဒုရဲမှူးကြီးတဦး ပေါင်း (၃) ဦး
ဝန်ကြီးက ဖွဲ့ပေးလိုက်တယ်။ မပေါ်ပေါ်အောင် စစ်ခိုင်းတယ်ဆိုပဲ။
ဘာလို့လဲဆိုတော့ ဦးခင်မောင်လွင်က ရဲချုပ် ရဲ့လူ ဖြစ်နေလို့ပါ။
အပေါ်မှာလည်း ရန်စောင်နေကြတယ်။
ဝန်ကြီးတပည့်၊ ရဲချုပ်တပည့်နဲ့ ရှုပ်နေကြတယ်။
အဲဒီတော့ လာစစ်တဲ့အဖွဲ့ကလည်း ဆီလိုအပေါက်ရှာတော့တာပဲ။
ဒါပေမယ့် မပေါ်ဘူးဖြစ်နေတယ်။
ကံကောင်းချင်တော့ လိုင်စင်မဲ့ကားကမပေါ်ဘဲ ဒုရဲမှူးကြီးတင်မြင့် (စစ်တပ်က) လက်ထက်က ပိုင်ရှင်မဲ့သိမ်းထားတဲ့ ကားတစီးရှိတယ်။
သူပြောင်းတော့ ဒုရဲမှူးကြီးကြည်ညွန့် (ရဲစစ်စစ်) ကိုလွှဲတယ်။
နောက် ဒုရဲမှူးကြီး ကျော်မိုးကြည် (စစ်တပ်က) အဲဒီကနေမှ အခု ဦးခင်မောင်လွင်ကိုလွှဲတာ။
တရားဝင်လွဲတာ မဟုတ်ဘူးနော်။ အားလုံးက နားလည်မှုနဲ့လွှဲတာ။
အလွတ်လွှဲတာဆိုပါတော့။ သူ့လက်ထက်လည်းရောက်ရော ရောင်းစားပစ်လိုက်တယ်လေ။
အဲဒါနဲ့ ၀န်ကြီးက,ဘယ်သူ့ကို တင်ပြခဲ့သလဲဆိုပြီးကိုင်တာ (လူခင်ရင် မူပြင်တယ်၊ လူမုန်းရင် မူသုံးမယ်ပေါ့)။ အခုနေပြည်တော်ကို ခေါ်တွဲထားတယ်။ သူ့နေရာကို ပြည်နယ်က ရဲမှူးတယောက် ပို့ထားတယ် ယာယီပေါ့။
ရဲမှာက တွဲရင်တွယ်တာပဲလို့ ဆိုရိုးစကားရှိတယ်။

၂။ ရဲမှူးကြီး ၀င်းနိုင်သတင်းကိုလည်း နေပြည်တော်မှာနေတဲ့ ကြောင်တောင်တောင်ရဲမှူးကြီးတွေက မဟုတ် ဘူးလို့ ငြင်းနေပေမယ့် တိတ်တိတ်လေးစုံစမ်းခိုင်းနေတယ်။
ဦးဝင်းနိုင် ဘယ်မှာတွေ့မိသလဲဆိုပြီး ထိုင်းမှာလိုလို တရုတ်မှာလိုလို သတင်းတွေက,ဖြစ်နေတယ်လေ။ သူ့အမျိုးသမီးက လှိုင်းဘွဲ့သူလေ ဦးဝင်းနိုင်က အရင်ရှမ်းမြောက်ရဲမင်းကြီးပေါ့။
ဆင်းရွှေလီစပါးအစိုက်ကောင်းလို့ သူတို့ပဲနေရာပေးခဲ့တာ။
ရဲမှာ ဘယ်လိုဖြစ်နေသလဲဆိုတော့ ရဲလုပ်ငန်းက,လွဲပြီး အကုန်လုပ်နေရတယ်။

ရဲမှာလည်း နှစ်ပိုင်းကွဲနေတယ်။
စစ်တပ်ကလာတဲ့သူကို စစ်ပုလိပ်လို့ခေါ်ကြတယ်။
နောက်တမျိုးက ရဲစစ်စစ် ပေါ့။
တကယ်သနားစရာကောင်းတာက ရဲစစ်စစ်တွေပါ။
သူတို့က အလွန်ဆုံး ဒုရဲမှူး၊ ရဲမှူးလောက်ပဲဖြစ်ကြတာလေ။
စစ်တပ်ကသူတွေပဲ နေရာရ,ကြတာပါ။
တိုင်း/ပြည်နယ် ရဲတပ်ဖွဲ့မှူး စုစုပေါင်း (၁၇) ဦးရှိပေမယ့် ရဲစစ်စစ်က ကရင်၊ မွန်၊ မန္တလေး၊ ရန်ကုန်၊
ရှမ်းတောင် ဒီ (၅) ရောက်ပဲရှိတယ်လေ။
ကျန်တာ စစ်တပ်ကချည်းပဲ။
ဒီစစ် ပုလိပ်တွေက ပိုက်ဆံကို ငန်းငန်းတက်ရှာကြတယ်။
ဘယ်လိုနည်းနဲ့ ရ,ရ,ဆိုပါတော့။
ဒါကြောင့် ပြုတ်ရင် သူတို့တတွေပဲလေ။ ... နောက်ဆက်ပါဦးမယ်။

ရဲအရာရှိတဦး

Posted by ဒေါက်တာလွဏ်းဆွေ at 5:34 PM

Wednesday, October 7, 2009

ကဗျာဝါသနာရှင်တဦး၏ ဆုတောင်း

ကဗျာဝါသနာရှင်တဦး၏ ဆုတောင်း
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ကျုပ်က
ကဗျာဝါသနာ
စာဝါသနာပါတော့
ပြောရင်ကြွားရာကျမလားမသိ
ကလောင်သွားလည်းထက်
စိတ်ကူးဥာဏ်လည်းသွက်
ရေးလိုက်တာနဲ့
ကွက်ကနဲပဲ။

ဒါပေမယ့်
ကျုပ် ကလောင်မကိုင်ခဲ့တာ
နှစ်များစွာတိုင်ခဲ့ပေါ့။

လူထုအတွက်ဆိုပြီး
လူတစုလုပ်ထားတဲ့
ရုပ်မြင်သံကြားကိုကြည့်
ရေဒီယိုကိုနားထောင်
ဥပဒေဘောင်ကိုလှည့်
မိသားစုအတွက် ရ,သလောက်ယူ
လူထုကိုဘေးချိတ်
ဘာမှမသိသလိုတိတ်တိတ်နေ
ဆိတ်ငြိမ်စွာနဲ့။

ရုပ်မြင်သံကြားထဲကဝါဒ
ရေဒီယိုမှာကြားသမျှ
ဟုတ်လှချည်ရဲ့လို့ယုံပြီး
အပြင်ကိုထွက်မကြည့်မိဘူး။

အခုမှသတိရ,လို့
ရေးချလိုက်တဲ့ကဗျာ
ဘယ်လိုဟာတွေလဲ?
ကာယံမပီ ရသ,မမည်နဲ့
ကျုပ်ရဲ့ကဗျာ
ကျုပ်ရေးတာမှဟုတ်ရဲ့လား?
ဦးဏှောက်အဖေါက်ခံရတဲ့ကျုပ်
တုန်လှုပ်ချောက်ခြား
ဖျားသွားတယ်။

ဒါကြောင့်မို့
ကျုပ်လိုကဗျာဝါသနာရှင်တွေ
ဥပဒေနဲ့ဝါဒရေး
ဘာသာရေးနဲ့စီးပွါးရေးမကျန်
ထိန်းချုပ်ခံရ,ယုံမက
ဦးဏှောက်အဖေါက်ခံရ,တဲ့အပြင်
ကျဉ်းမြောင်းတဲ့အမြင်ကိုအစားထိုး
ကိုယ်ကျိုးကြည့်တဲ့လူတစုအတွက်
နောက်လိုက်ကောင်းမဖြစ်ပါစေနဲ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

အဝေးရောက် ကရင်ဒုက္ခသည်လူမှုစောင့်ရှောက်ရေးအသင်း မှထုတ်ဝေသည်
အတွဲ(၁)။ အမှတ်(၁)
၁၉၉၉ခု နိုဝင်္ဘာလ
ခေါင်းစဉ်နဲ့စာလုံးတချို့ကိုပြောင်းလိုက်ပါတယ်။

ပန်းဆန္ဒ

ပန်းဆန္ဒ
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

စိုပြေလန်းဆန်းတဲ့
ပန်းရင်ပြင်မှာ
အရောင်အသွေးစုံလင်ပြီး
မွှေးယနံ့ခြင်းယှဉ်ပြိုင်ရင်း
ပန်းတွေဝေလှိုင်လို့
အပွင့်ချင်းဆိုင်နေကြတယ်။

ဖူးငုံဖွေးလွ
နုရွအိစက်
လှပတဲ့ပန်း ရ,ချင်ရင်
စေတနာရှင်
ပညာတတ်ပန်းစိုက်သမားကို
နေရာပေးထားဘို့လိုတာပေါ့။

ခက်တာက
ပန်းမစိုက်တတ်တဲ့လူတွေက
ပန်းခင်းကို အရ,လုယူ
ပန်းစိုက်သမားကိုဘေးချိတ်
ဖိနှိပ်လို့ချိုးနှိမ်ထား
ဘေးရောက်သွားအောင်လုပ်
ပန်းတွေကိုခုတ်ရောင်း
အဆီပျံပြည့်ဖေါင်းတဲ့မျက်နှာနဲ့
ဆရာကြီးလုပ်
ကိုယ်ကျိုးအတွက်အမြတ်ထုတ်နေကြတယ်။

ဒီထက်မက
ပန်းဘဝရပ်တည်စေရေး
ရေလောင်းပေါင်းသင်
အပင်ရှင်အောင်မလုပ်လေတော့
ရောင်စုံပန်းတွေညှိုးလျ
ပန်းတွေရဲ့ဘဝ
ပျက်ကြရပြီ။

ယနံ့ထုံမွှေးကြိုင်သင်း
လှပ,တဲ့ပန်းခင်းဖြစ်ဖို့အတွက်
ပန်းမစိုက်တတ်တဲ့လူတွေ
ငတေကြီးလုပ်နေမယ့်အစား
ပန်းစိုက်သမားရဲ့နေရာ
ပြန်ပေးလိုက်စမ်းဗျာ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

အဝေးရောက် ကရင်ဒုက္ခသည်များ လူမှုစောင့်ရှောက်ရေးအသင်း မှ ထုတ်ဝေသည်။
အတွဲ(၁) အမှတ်(၁)
၁၉၉၉ခုနိုဝင်္ဘာလ

Tuesday, October 6, 2009

ထိုင်းနိုင်ငံရှိ ကရင်စစ်ပြေးဒုက္ခသည်များ ပြန်ပို့ခံရမည်ကိုစိုးရိမ်နေကြ

ထိုင်းနိုင်ငံရှိ ကရင်စစ်ပြေးဒုက္ခသည်များ

ပြန်ပို့ခံရမည်ကိုစိုးရိမ်နေကြ


ကျော်ခ
အင်္ဂါနေ့၊ အောက်တိုဘာလ 06 ရက် 2009 ခုနှစ် 19 နာရီ 50 မိနစ်


မဇ္ဈိမ (ချင်းမိုင်)။ ။ ထိုင်း-မြန်မာနယ်စပ် တပ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ ယာယီဒုက္ခသည် စခန်းများတွင် ထိုင်းအာဏာပိုင်များက နေ့စဉ် စစ်ဆေးနေသဖြင့် နေရပ်ရင်း ပြန်ပို့ခံရမည်ကို ဒုက္ခသည်များ စိုးရိမ်နေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

နိုဘိုးနှင့် အူသူးထ စခန်းများရှိ ကရင်စစ်ပြေး ဒုက္ခသည်များအား ဒေသခံ ထိုင်းနယ်ခြားစောင့်တပ်က ပြီးခဲ့သည့်လ ၂၅ ရက်နေ့မှ စတင်၍ ဒုက္ခသည် ဟုတ်မဟုတ် နေ့စဉ် စစ်ဆေးမေးမြန်းခြင်းနှင့် စစ်ဆေးစဉ် ပိုင်ရှင်မတွေ့သည့် တဲ-နံပါတ်များကို ဖြုတ်သိမ်းခြင်းများ ပြုလုပ်နေရာမှ စိုးရိမ်နေကြရခြင်း ဖြစ်သည်။

“အိမ်နံပါတ်တွေ ဖြုတ်သွားတာကတော့ ၂၀ လောက် ရှိနေပြီ။ တချို့လူတွေကတော့ လန့်ပြီးတော့ ထွက်ပြေး သွားတာတွေ ရှိတယ်။ သူတို့ (ထိုင်းနယ်ခြားစောင့်တပ်) ကလည်း သူတို့သဘောနဲ့သူတို့ ဝင်သွားတယ်။ စစ်သွားတယ်။ ပြန်ထွက်သွားတယ်။ နောက်တနေ့ လာတယ်။ ဖြုတ်သွားတယ်။ ကျနော်တို့ကိုလည်း ဘယ်နှအိမ်ဖြုတ်သွားတယ်။ ဘယ်နှအိမ်ထွက်တယ်။ ဘယ်အိမ်က ဒုက္ခသည် မဟုတ်ဘူးဆိုတာ သူတို့ မပြောဘူး” ဟု နိုဘိုး ဒုက္ခသည်စခန်း အတွင်းရေးမှူး စောဂျစ်ပစီက မဇ္ဈိမကို ပြောသည်။

ယင်းယာယီစခန်းများတွင် စစ်ပြေးဒုက္ခသည်မဟုတ်ဘဲ ထိုင်းနိုင်ငံတွင် နေထိုင်၍ မြန်မာနိုင်ငံဘက်ခြမ်းတွင် စိုက်ပျိုးမွေးမြူ လုပ်ကိုင်နေသူများ လည်း ဝင်ရောက်စာရင်းပေးသွင်းထားကြောင်း ထိုင်းနယ်ခြားစောင့်တပ်က သတင်းရသဖြင့် ယခုကဲ့သို့ စစ်ဆေးနေခြင်း ဖြစ်သည်။

“ထိုင်းနိုင်ငံမှာနေတဲ့ ကရင်တွေပဲ။ ဟိုးဘက် (မြန်မာနိုင်ငံ) က လာတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ဒီဘက် (ထိုင်း) မှာ နေပြီးတော့ ဟိုဘက်မှာ အလုပ်သွားလုပ်ကြတာပေါ့နော်။ တိုက်ပွဲတွေဖြစ်တဲ့ အခါကျတော့ ဒီဘက်မှာ ပြန်လာနေတယ်ပေါ့နော်။ ကျနော်တို့ကြားထဲကို သူတို့လာဝင်ပြီးတော့ ဒုက္ခသည်အနေနဲ့ သူတို့နေတယ်။ အဲဒါကို ထိုင်းဘက်က လူတွေက စုံစမ်းပြီးတော့ အပြင်ပြန်ထွက်ခိုင်းတယ်ပေါ့'' ဟု စောဂျစ်ပစီက ပြောသည်။

အူသူးထ ဒုက္ခသည်စခန်းတွင်လည်း အလားတူ စစ်ဆေးတားမြစ်မှုများကြောင့် ဒုက္ခသည်များ စိတ်သောက ရောက်နေကြရပြီး နေရပ်သို့ ပြန်ပါကလည်း အခက်အခဲများနှင့် ထပ်မံရင်ဆိုင်ရဦးမည်ကို ကြောက်လန့်နေကြကြောင်း အူးသူးထစခန်း စခန်းတာဝန်ရှိသူက ပြောသည်။

“ထိုင်းအာဏာပိုင်တွေ လာတိုင်းလည်း ရပ်ရွာကို ပြန်ရဖို့အရေးပဲ ဖိအားပေးနေတဲ့ အခါကျတော့ ဒုက္ခသည်တွေကတော့ ကြောက်နေကြတာပေါ့။ ပိုက်ဆံကလည်း ဘာမှမရှိဘူး။ ကျွဲ၊ နွားတွေကလည်း ဘာမှလည်း မရှိတော့ဘူး။ ဟိုမှာက စစ်တပ်က ပေါ်တာဆွဲတယ်လေ။ ရိက္ခာ၊ လက်နက်၊ ခဲယမ်းမီးကျောက်တွေ သွားထမ်းပို့နေရတာကလည်း နေ့စဉ်လိုပေါ့” ဟု အူသူးထစခန်း တာဝန်ခံဟောင်း စောဘာတီဖိုးက မဇ္ဈိမကို ပြောသည်။

နိုဘိုး ဒုက္ခသည်စခန်းတွင် သြဂုတ်လအထိ ဒုက္ခသည် ၂၀၀၂ ဦး ရှိရာမှ နီးစပ်ရာ အခြားနေရာများသို့ ထွက်ခွာသွားကြရပြီး ယခုအခါ ၁၁၉၀ ဦးသာ ကျန်ရှိတော့သည်။ အူသူးထစခန်းတွင်မူ လက်ရှိ အိမ်ထောင်စု ၃၀၄ စုမှ ၁၉၈၈ ဦး ရှိနေကြောင်း သိရသည်။

၎င်းဒုက္ခသည်များသည် KNU တပ်မဟာ ၇ နယ်မြေ ဘားအံခရိုင်အတွင်းရှိ ပိုင်ကျုံနှင့် လှိုင်းဘွဲ့မြို့နယ်များမှ မဲ့လာအားခီး၊ မဲ့လာအားထာ၊ ဝါ့မီကလား၊ ထီးကဟော အစရှိသည့် ကျေးရွားများမှ ဒေသခံ ကရင်တိုင်းရင်းသားများ ဖြစ်ကြပြီး ယခုနှစ် ဇွန်လအစပိုင်းက စစ်အစိုးရနှင့် DKBA ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် လာရောက် ခိုလှုံနေကြခြင်း ဖြစ်သည်။

ယခင်လ ၁၈ ရက်နေ့ကလည်း အူသူးထစခန်းအတွင်းမှ ဒုက္ခသည် ၂ ဦး “မယ်ဥစု” ထိုင်းရွာသို့ ဈေးဝယ် သွားရာ လမ်းခရီးတွင် နယ်ခြားစောင့် တပ်မှ ဖမ်းဆီး၍ မြဝတီ လူဝင်မှုကြီးကြပ်ရေး - လဝကရုံး အချုပ်ခန်းမှတဆင့် တဖက်ကမ်း မြဝတီသို့ ပိုဆောင်ခံခဲ့ရသေးကြောင်း သိရသည်။

ကရင်ဒုက္ခသည်ကော်မတီ KRC အတွင်းရေးမှူး (၁) ဆရာဂျော့က ယာယီစခန်းများ၌ ယင်းသို့ ဖြစ်ပျက်နေသည်ကို သတင်း မရရှိသေးသော် လည်း ဒုက္ခသည်များကို နေရပ်ရင်းသို့ ပြန်နေခိုင်းရန်မှာ နယ်ခြားစောင့်တပ်များ၏ သဘောတခုတည်းနှင့် မဖြစ်နိုင်ဘဲ ထိုင်းနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန၏ သဘောတူညီချက် လိုအပ်သည်ဟု မဇ္ဈိမကို ပြောသည်။

KNU အတွင်းရေးမှူး - ၁ ဗိုလ်မှူးစောလှငွေကမူ ထိုင်းနယ်ခြားစောင့်၏ ယခုလုပ်ရပ်မှာ ဒုက္ခသည်များအား နေရပ်ရင်း ပြန်စေရန် ဖိအားပေးပုံ ပေါက်နေကြောင်း ပြောသည်။ ထို့အပြင် ပွင့်လင်းရာသီ ထိုးစစ်အသစ်များ မဖြစ်ပေါ်မီ လတ်တလော အနေအထားတွင် ယင်းဒေသများမှ ဒုက္ခသည်များ အလုံးအရင်းဖြင့် ထပ်မံရောက်လာရန် အခြေအနေ မရှိသေးကြောင်း သူက ဆက်ပြောသည်။

ယင်းစခန်းများရှိ ဒုက္ခသည်များသည် ယာယီစခန်းများတွင် ဖြစ်သလို နေထိုင်ကြရပြီး Thailand Burma Border Consortium-TBBC (ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်များကို အကူအညီပေးနေသည့်အဖွဲ့) က စားသောက်ရေးအတွက် စီစဉ်ပေးသည်။

ကျန်းမာရေး ကုသစောင့်ရှောက်မှုကို အစိုးရမဟုတ်သော အဖွဲ့များ၊ ထိုင်းနှင့် မယ်တော်ဆေးခန်းမှ ကျန်းမာရေး ဝန်ထမ်းများက ကူညီပေးနေ ကြောင်း သိရသည်။


မဇ္ဈိမသတင်းဌာနမှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

ပုံသေနည်းမရှိသော သင်္ချာ

ပုံသေနည်းမရှိသော သင်္ချာ

ကြက်ပေါင်ကိုက်ရင်း
စစ်တိုက်မယ့်အထဲမှာ
မင်း….မပါပေမယ့်
တော်လှန်သူတို့ရဲ့အရိုး
အရှေ့ရိုးမ,လိုပုံခဲ့ရင်
အရိုးအားလုံးရဲ့
အပေါ်ဆုံးက,ထိပ်ဆုံးအရိုးဟာ
မင်းအရိုးဖြစ်စေရမယ်...ဆိုကွ။

တို့ရင်ဘတ်မှာ
နေဝင်းမသေရွာမပြန်
တယောက်တပြန်
သံချွန်နဲ့
ရေးထိုးခဲ့တဲ့စာသား
နေဝင်းသေသွားတာ
နှစ်,လ,များစွာ
ကြာလာပေမယ့်
ငါတို့တတွေ
ရွာပြန်မနေနိုင်ကြပါဘူး။

ဘာသာရေးတခုတည်းရှိရင်
တော်လှန်ရေးအောင်မြင်မယ်ဆိုတော့
ရာထူးလိုချင်တဲ့.....မင်း
ဘာသာဖျက်ပြီးလို့မကြာလိုက်
သင်္ဘောပျက်ကြီးကိုပြင်ဘို့
ငါတို့နဲ့အဝေးကြီးခွဲခွါ
အမေရိကားမှာ ဆိုပါလား။

သူငယ်ချင်းရေ
နေဝင်းသေလို့
နှစ်တွေအတော်ကြာခဲ့ပေမယ့်
တို့တတွေရွာမပြန်နိုင်သေးသမျှ
ရင်ဘတ်ပေါ်က
ရေးထိုးထားခဲ့တဲ့စာတမ်းကို
သတိရ,သေးတယ်ဆိုရင်
တို့စီကိုတခါတခေါက်
အလည်ရောက်စေချင်ပါရဲ့။
ဒါပေမယ့်
မင်းရဲ့ရင်ဘတ်ပေါ်က,စာသား
လေဆာရောင်ခြည်နဲ့
စားပစ်လိုက်ပြီဆိုမှတော့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

Monday, October 5, 2009

မိတ်ဆွေကြီး တိုင်းဂါးဝုဒ်အတွက် သဝဏ်လွှာ


မိတ်ဆွေကြီး တိုင်းဂါးဝုဒ်အတွက် သဝဏ်လွှာ


(ခင်လွန်း)

မိုးကောင်းပုံများ
အကျယ်ချုပ်ထဲက
တဲမိုးကုပ်ကုပ်အောက်မှာ
ခြေချုပ်ထပ်ကျသလို
ဟိုသွားမရ ဒီသွားမရ
ငါ့နဲ့ ....။

ရေဒီယိုလေး
အိုလှပြီ
မပီမသ တဂျီဂျီတဂျဂျနဲ့
ငါ့မိတ်ဆွေလေးပြောသဗျ။

ဆူမားတြားမှာ
ငလျင်ဝါးသွားပြန်ပြီ
လူရာချီသေ သိန်းချီအိုးမဲ့အိမ်မဲ့
လာအို ဗီယက်နမ် ကမ္ဘောဒီးယား
ငါတို့ အိမ်နီးချင်းများ အဖြစ်စုံကြားရ
ဖိလစ်ပိုင်မှာ နှစ် ၄၀ အတွင်း
မိုးပြင်းထန်ပုံများ
လူတွေသေကြကျေကြ
အိုးအိမ်စွန့်ခွာ ပြေးကြရသတဲ့
အရှေ့တောင်အာရှ
ကြားကြားရသမျှ
ဒုက္ခတွေချည်းပါလား။

ဒုက္ခသည်စခန်းထဲမှာ
ငါနေပါတယ်
ငါ့ဒုက္ခထက်ကြီးမားမှုတွေ
ငါကြားနေရ
မကူနိုင်မကယ်နိုင်တဲ့ ဘ၀နဲ့။

တော်ပေသေးရဲ့
မစ္စတာ တိုက်ဂါးဝုဒ်ခင်ဗျား
FedEx Cup မှာ
ခင်ဗျားဗိုလ်စွဲ
ချန်ပီယံစစ်စစ်ပေပဲဗျား

အားကစားလောကမှာ
ပထမဆုံးဘီလျံနာ
ခင်ဗျားသာမဖြစ်ခဲ့ရင်
ဒီမနက်သတင်းတွေထဲ
သက်ပြင်း တချချ
ရင်ဘတ် တမမနဲ့
ဒုက္ခသည်စခန်းထဲက
ဒုက္ခသည်တယောက်ရဲ့ဘဝ
အသက်ရှူလို့တောင် မ၀တ၀။

ထိုင်းသွေးပါတဲ့
မိတ်ဆွေကြီး မစ္စတာ တိုက်ဂါးဝုဒ်ခင်ဗျား
ခင်ဗျားအောင်မြင်မှုသတင်း ကြားရတဲ့အတွက်

ခြံခတ်ထားခံနေရတဲ့ ထိုင်းနိုင်ငံတနေရာ
ဒုက္ခသည်စခန်းကနေ
ကျနော် ဂုဏ်ပြုသ၀ဏ်လွှာ ရေးသားပေးပို့ပါကြောင်း။ ။
(ခင်လွန်း)


နေ့ - ၂း ၄၅ နာရီ
အောက်တိုဘာလ ၂ ရက်၊ ၂၀၀၉ ခုနှစ်။
☻FedEx Cup- ဂေါက်သီးပြိုင်ပွဲ


မဇ္ဈိမ မှ တိုက်ရိုက်ကူးယူဖေါ်ပြပါသည်။